
နေပြည်တော် ဧပြီ ၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဘေးသင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများဖြစ်သည့် ဓနသိဒ္ဓိရပ်ကွက်တိုက်အမှတ် (၁၂၀၃၊ ၁၃၂၈၊ ၁၃၂၁၊ ၁၃၇၂၊ ၁၃၇၇၊ ၁၃၉၅) ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ တိုက်အမှတ် (၁၀၇) တို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများအား ယာယီပြောင်းရွှေ့မည့်နေရာများသို့ တပ်မတော်သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်မိသားစုများအား ယာယီပြောင်းရွှေ့နေထိုင်မည့်နေရာများတွင် နေရာချထားမည့်အခြေအနေ၊ သောက်သုံးရေစီစဉ်ဆောင်ရွက်ပေးမည့် အခြေအနေ၊ သန့်စင်ခန်းများဆောင်ရွက်ပေးမည့်အခြေအနေနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်ထမ်းဆောင်နိုင်ရေး ကြို/ပို့စီစဉ်ဆောင်ရွက်ပေးမည့်အခြေအနေတို့ကို နွေးထွေးစွာ ရင်းရင်းနှီးနှီးပြောကြားပြီး သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြောင်းရွှေ့နေထိုင်မည့်ဝန်ထမ်းမိသားစုများ၏ အသုံးအဆောင်ပစ္စည်းများကို တပ်မတော်သားများနှင့် ဝန်ထမ်းမိသားစုများက မော်တော်ယာဉ်များပေါ်သို့ စနစ်တကျတင်ဆောင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်