Skip to main content

နေပြည်တော် ဧပြီ ၅

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဘေးသင့်မြန်မာ့ကျောက်မျက်ပြတိုက် သို့သွားရောက်၍ ပြတိုက်အတွင်း ဘေးအန္တရာယ်ကင်းစွာ ဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက်နေမှုနှင့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရွှေနှင့် လက်ဝတ်ရတနာများ၊ အဖိုးတန်ဓာတ်သတ္တုများ ခင်းကျင်းပြသထားရှိရာ ပြတိုက်အပေါ်ထပ်အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြတိုက်အပေါ်ထပ်မှ ခင်းကျင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရွှေနှင့် လက်ဝတ်ရတနာများ၊ အဖိုးတန်ဓာတ်သတ္တုများ ရွှေ့ပြောင်းသယ်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး လူအန္တရာယ်မဖြစ်စေရေးနှင့် ပစ္စည်းများပျောက်ဆုံးမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အထူးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ယမန်နေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများအား ပြောင်းရွှေ့နေရာချထားမှု၊ ကူညီထောက်ပံ့ရေးဆောင်ရွက်ထားရှိမှုနှင့် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံးများသို့ သွားရောက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကာ ရွှေ့ပြောင်းနေရာချထားသော ဝန်ထမ်းမိသားစုများအား သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off