
နေပြည်တော် မတ် ၃၀
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့တွင် ငလျင်ဒဏ်သင့် ပြည်သူများအတွက် မလေးရှား၊ ထိုင်းနှင့် ရုရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိကြသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ၊ ထိုင်းနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများနှင့် ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေး ခွေးလေးကောင်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ ရောက်ရှိကြသည်။
ဆောင်ရွက်ပေးသွားမည်
ယနေ့ရောက်ရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး အဆိုပါအဖွဲ့များသည် အဖွဲ့များခွဲ၍ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညပိုင်းတွင်လည်း တရုတ်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်