Skip to main content

နေပြည်တော် မတ် ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြိုကျပျက်စီးသည့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးသည်။

ဦးစွာ ခရေအိမ်ရာ တိုက်အမှတ် (၁၃၂)၊ (၁၃၃)၊ (၁၃၄) ၌ ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

ထို့နောက် ဧက ၁၀၀၀ တိုက်အမှတ် (၁၃၂၂)၊ (၁၃၂၇) ၌ ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးသည်။ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကြုံတွေ့ခဲ့ရသည့် ပြင်းထန်သောငလျင်မှာ မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမအကြိမ်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ရုံးများ၊ အိမ်ရာများ၊ လမ်းတံတားများ ပျက်စီးမှု များပြားခဲ့ကြောင်း။

နိုင်ငံတော်က ရွက်ဖျင်တဲများ၊ ယာယီအိမ်သာများ ဖြန့်ခွဲပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ပိုင်ပစ္စည်းများအနီး အရိပ်အာဝါသကောင်းသောနေရာတွင် နေရာယူထားကြခြင်းဖြစ်သော်လည်း ယခုရက်အတွင်း အားကစားကွင်းကဲ့သို့ ကျယ်ပြန့်သောနေရာတွင် ယာယီတဲများ ဆောက်လုပ်နေရာချထားပေးမည်ဖြစ်ကာ ဆေးဝါး၊ ရိက္ခာများလည်း ဖြည့်ဆည်းပေးထားမည်ဟု သိရှိရကြောင်း၊ သဘာဝဘေးသည် တားဆီး၍မရနိုင်သဖြင့် ကြောက်ရွံ့နေစရာမလိုဘဲ အားတင်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ထက် အခြေအနေဆိုးရွားသောနေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် လက်ရှိဝန်ထမ်း အိမ်ရာအများစုမှာ ဆက်နေရန် အခက်အခဲများ ရှိနေသည်ကို တွေ့မြင်ရကြောင်း ပြောကြားပြီး ဝန်ထမ်းများ တင်ပြသည့် သုံးရေ၊ ယာယီအိမ်သာ၊ တယ်လီဖုန်း အားသွင်းရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုက်ပြိုကျမှု ပြင်းထန်ပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့သည့် တိုက်အမှတ် (၁၃၀၇) ကို သွားရောက်ကြည့်ရှုပြီး ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

သတင်းစဉ်

Off