Skip to main content

နေပြည်တော် ဧပြီ ၄

မတ် ၂၈ ရက်က အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ငလျင်ဒဏ်သင့်ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများအား ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ စစ်ကိုင်းမြို့ ဇက်ဆိပ်ကမ်းရှိ ကုန်ကားများ သွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှု၊ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးသွားသော မြတ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မန္တလေးမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းများပျက်စီးနေမှု၊ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ရှိ နေမင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် အမှတ်(၂၅)YEC ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ရောက်ရှိနေသော ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အာယုဒါနဆေးရုံတော်၌ နိုင်ငံတကာဆေးအကူ အညီပေးရေးအဖွဲ့များနှင့်ပူးပေါင်းကာ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆရာတော်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးရန် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ခေတ္တရောက်ရှိနေသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ အရှင်ဆေကိန္ဒအားလည်းကောင်း၊ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမရွှေကျင်သာသနာပိုင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအားလည်းကောင်း သွားရောက်ဖူးမြော်ပြီး ဆရာတော်ကြီးများ၏ ဩဝါဒများကို ခံယူခဲ့ကြသည်။

ထို့နောက် မန္တလေးနန်းမြို့ရိုးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မြို့ရိုးတစ်လျှောက်တွင် အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နေသည်များကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဘူတာကြီးသို့ ရောက်ရှိပြီး တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ဆက်လက်ထွက်ခွာမည့် အထူးအမြန်ရထား (DEMU) ကြီး၏ ကြံ့ခိုင်မှုအခြေအနေများနှင့် မီးရထားလမ်းကြံ့ခိုင်မှုအခြေအနေများကိုလည်းကောင်း၊ မြေငလျင်ဒဏ်သင့်၍ ပျက်စီးခဲ့သည့် တောင်ငူတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)သို့ လည်းကောင်း၊ ခပေါင်းတံတားပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် ခပေါင်းတံတားကြီးပေါ်၌ မော်တော်ယာဉ်ကြီး၊ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဝန်ကြီးရုံးများ၊ ဝန်ထမ်းအိမ်ရာများနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေရာများ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ရွှေညောင်မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ မဟာမုနိဘုရားကြီးဝင်း၊ မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးကျောင်း၊ ဂရိတ်ဝေါဟိုတယ်၊ ဦးလှသိန်းဓမ္မဗိမာန်၊ Sky Villa နှင့် အခြားအပျက်အစီးများရှိသည့်နေရာများသို့လည်းကောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စားသောက်ဖွယ်ရာများပေးအပ်ခြင်းများကို ဆောင်ရွက်ကြသည်။

ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများကလည်း ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အစားအသောက်များချက်ပြုတ်၍ ထမင်း၊ ဟင်းများလှူဒါန်းခြင်း၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Off