
နေပြည်တော် ဧပြီ ၄
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ၉ နာရီတွင် ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ဝန်ကြီးဌာနက ငလျင်ဘေးသင့်ဝန်ထမ်းများအား ယာယီပြောင်းရွှေ့နေရာချပေးထားသည့် ကယ်ဆယ်ရေးစခန်းနေရာများသို့ သွားရောက်ပြီး အားပေးစကားပြောကြားသည်။ အားပေးစကားပြောကြားရာတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ဒဏ်ကြောင့် ဝန်ကြီးဌာနမှ ဝန်ထမ်းနှင့် မိသားစုများထိခိုက်သေဆုံးမှု တစ်ဦးတစ်ယောက်မှ မရှိသော်လည်း အဆောက်အအုံများ ထိခိုက်မှုရှိသဖြင့် ယခုလိုယာယီရွှေ့ပြောင်းနေထိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ယာယီနေထိုင်ရာတွင် အဆင်ပြေစေရေးအတွက် စီစဉ်ထားသော်လည်း ထပ်မံစီစဉ်နိုင်ရန်အတွက် လိုအပ်ချက်များ လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ ရုံးတက်ရောက်ရန်အတွက် ဖယ်ရီကားများလည်း စီစဉ်ထားကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများအား ဆန် ၁၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငွေကျပ် တစ်သိန်းစီကို ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ရှိ ဝန်ကြီးဌာန ဆရာဒကာ ကျောင်းများဖြစ်သည့် ဘုရားကြီး တောရဘုန်းတော်ကြီးကျောင်း၊ မြို့သစ်ဘုန်းတော်ကြီးကျောင်း၊ သဒ္ဓမပါလဘုန်းတော်ကြီးကျောင်း၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများကို ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက် အလှူငွေကျပ် ၂၅ သိန်းစီနှင့် ဆွမ်းဆန်တော် ၁၀ အိတ်၊ ဆီ ၁၀ ပိဿာစီ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်