Skip to main content

နေပြည်တော် ဧပြီ ၄

မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နိုင်ငံ၏အဓိကလေဆိပ်ကြီးနှစ်ခုဖြစ်သော နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရထားလမ်းပိုင်းအချို့နေရာများ၌ ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့သောကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ ယာယီရပ်တန့်နေမှုနှင့် ဆက်သွယ်ရေးကွန်ရက်များ ယာယီချို့ယွင်းနေမှုတို့အပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လူအင်အား၊ အရန်ပစ္စည်းများ၊ စက်ယန္တရားအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်မှုများကို အသုံးပြု၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ရထားပို့ဆောင်ရေးကဏ္ဍ၌ ရန်ကုန်-မန္တလေးရထားလမ်း ပိုင်းအတွင်း ထိခိုက်ပျက်စီးခဲ့သော ရထားလမ်းတာပေါင် နေရာ ၆၀ နှင့် ရထားတံတား ၁၁ စင်းတို့အား မြန်မာ့မီးရထားက မြန်ဆန်စွာပြုပြင်ဆောင်ရွက် နိုင်ခဲ့ပြီးနောက် ဧပြီ ၃ ရက်တွင် ပဲခူး-တောင်ငူလမ်းပိုင်းနှင့် နေပြည်တော်-သာစည်လမ်းပိုင်းတို့အတွင်း စာပို့ရထားတွဲဆိုင်းတစ်ဆိုင်း၊ ကုန်ရထားတွဲဆိုင်း လေးဆိုင်းတို့အသုံးပြု၍ လမ်းကြံ့ခိုင်ရေးအခြေအနေစမ်းသပ်ခြင်းကို ဆောင်ရွက်ထားပြီးဖြစ်သည်။ ဆက်လက်၍ ဧပြီ ၄ ရက် ယနေ့တွင်လည်း နေပြည်တော်၊ တောင်ငူဘူတာများမှ လူစီးအစုန်ရထားတွဲဆိုင်းသုံးဆိုင်းတို့ဖြင့် ရန်ကုန်ဘက်သို့လည်းကောင်း၊ တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်းဘူတာများမှ အဆန်လူစီးရထားတွဲဆိုင်းများဖြင့် မန္တလေးဘက်သို့လည်းကောင်း ရထားအမြန်နှုန်းမောင်းနှင်နိုင်မှုအခြေအနေများကို ပြေးဆွဲစမ်းသပ်ခဲ့ပြီး လမ်းပိုင်းများအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသောကြောင့် ဧပြီ ၅ ရက်မှစ၍ ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲပေးနေသော လူစီးရထားများဖြစ်သည့် အမှတ် ၇ အဆန် DEMU ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီတွင်ထွက်ခွာ၍ နေပြည်တော်သို့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ အမှတ် ၈ အစုန် DEMU ရထားသည် နေပြည်တော်မှ မွန်းလွဲ ၁၂ နာရီခွဲတွင်ထွက်ခွာ၍ ရန်ကုန်သို့ ည ၇ နာရီခွဲတွင်လည်းကောင်း၊ အမှတ် ၂၈ အစုန်လေအိတ်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင်ထွက်ခွာ၍ နေပြည်တော်သို့ မွန်းလွဲ ၁၂ နာရီတွင်လည်းကောင်း၊ အမှတ် ၂၇ အဆန်လေအိတ်ရထားသည် နေပြည်တော်မှ မွန်းလွဲ ၁ နာရီခွဲတွင်ထွက်ခွာ၍ မန္တလေးသို့ ည၇ နာရီခွဲတွင်လည်းကောင်း၊ အမှတ် ၁၁ အဆန်ရထားသည် ရန်ကုန်မှ နံနက် ၅ နာရီတွင်ထွက်ခွာ၍ မန္တလေးသို့ ည ၈ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ ၁၂ အစုန်ရထားသည် မန္တလေးမှ နံနက် ၅ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ ည ၉ နာရီခွဲတွင်လည်းကောင်း စတင်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်များကို ဘူတာရုံများ၊ လက်မှတ်အရောင်းနေရာများတွင် ကြိုတင်ရောင်းချပေးလျက်ရှိသည်။

လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ချို့ယွင်းပျက်စီးသည့် လေယာဉ်ပြေးလမ်းအား ပြုပြင်မွမ်းမံမှုအမြန်ဆုံး ဆောင်ရွက်ခဲ့ပြီးနောက် ဧပြီ ၂ ရက်မှစတင်၍ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များအတွက် ပြန်လည်အသုံးပြုနေပြီဖြစ်သကဲ့သို့ ပြည်တွင်းလေကြောင်းခရီးစဉ်များကိုလည်း ဧပြီ ၄ ရက်တွင် ပြန်လည်ခွင့်ပြုပြီးဖြစ်သောကြောင့် ယနေ့တွင် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ် ၁၂ ခေါက်ဖြင့် စတင်ပို့ဆောင်ပေးနိုင်ပြီဖြစ်သည်။ အလားတူပင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် လေကြောင်းထိန်းသိမ်းရေးစနစ်နှင့် လေကြောင်းဆက်သွယ်ရေးစနစ်ဆိုင်ရာ လိုအပ်ချက်များကို ပြန်လည်တပ်ဆင်မှုပြီးစီးပြီဖြစ်သောကြောင့် မတ် ၂၉ ရက်မှစ၍ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များအတွက် ပြန်လည်ဖွင့်လှစ်အသုံးပြုနေပြီဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက ဧပြီ ၄ ရက် တွင် လေယာဉ်ကွင်းရှိ ခရီးသည်ဆိုင်ရာ Facilities လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေးထားပြီးဖြစ်၍ ဧပြီ ၅ ရက် နံနက်ပိုင်းမှစတင်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များကိုလည်း ပြန်လည်စတင်ပြေးဆွဲပေးနိုင်တော့မည်ဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေးကဏ္ဍအနေဖြင့် မန္တလေး-စစ်ကိုင်းလမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ)၏ ခုံးတံတားသံပေါင်အချို့ ပြိုကျပျက်စီးခဲ့သောကြောင့် သွားလာမှု ယာယီပြတ်တောက်နေခြင်းအား တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် မန္တလေး(ရွှေကြက်ယက်)ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းသို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင်ရေယာဉ်များ၊ ပုဂ္ဂလိကပိုင် ကုန်တင်တွဲဆွဲရေယာဉ်ကြီးများဖြင့် ကုန်တင်မော်တော်ယာဉ်ကြီးများနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံးယန္တရားကြီးများအား အခမဲ့မြစ်ကူးပို့ဆောင်ခြင်းကို မတ် ၃၁ ရက်မှ ဧပြီ ၃ ရက်အထိ လေးရက်အတွင်း စုစုပေါင်းခရီးသည် ၈၆၉ ဦး၊ ကုန်တင်ယာဉ်ကြီး/ယန္တရား စီးရေ ၄၆၁ စီး၊ မော်တော်ယာဉ်ငယ် ၂၂၂ စီးနှင့် ဆိုင်ကယ် ၁၂ စီးတို့အား သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။

ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ငလျင်ဒဏ်ထိခိုက်ခံခဲ့ရသည့် နယ်မြေများအတွင်း၌ ငလျင်ဒဏ်ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၇၃၀ တို့ ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရာ မိုဘိုင်းအော်ပရေတာများမှ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နေမှုကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်း ၄၅၀၀ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးနယ်မြေတို့အတွင်း အရေးကြီးနေရာများ၌ ယာယီရွေ့လျားဆက်သွယ်ရေးတိုင်များ စီစဉ်ပေးခြင်း၊ မတ် ၂၉ ရက်မှ ဧပြီ ၁၀ ရက်အထိ ကာလအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတူညီသည့် မိုဘိုင်းဖုန်းအချင်းချင်းအခမဲ့ပြောဆိုခွင့်နှင့် အခမဲ့စာတိုပေးပို့ခွင့်တို့ကို စီစဉ်ဆောင်ရွက်ထားရှိသည်။

သို့ဖြစ်ပါ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အမြန်ဆုံးပုံမှန် ပြန်လည်လည်ပတ်နိုင်ရေး အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Off