Skip to main content

နေပြည်တော် ဧပြီ ၄

မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဦးဆောင်၍ ကျင်းပသည်။

အဆင့်သုံးမျိုး ခွဲခြားစစ်ဆေးပေးရန်လို

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်(၇၈)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ယခုအခါ ငလျင်လှုပ်ခတ်မှုအကြိမ်အရေအတွက်နှင့် ပြင်းအားလျော့ကျလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၆၅၃ ဦး အသက်ရှင်လျက်ကယ်ဆယ်နိုင်ပြီး Dead Body ၆၄၀ ရှာဖွေနိုင်ခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့် ၅၊ Level -5 ကြေညာထားကြောင်း၊ ဝန်ထမ်းများနှင့် ပြည်သူများ နေထိုင်တာဝန်ထမ်းဆောင်ရန် အခက်အခဲရှိသဖြင့် မိုးမကျမီယာယီအမိုးအကာအောက်သို့ ရောက်ရှိရေး အမြန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဆောက်အအုံများကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အနီရောင်၊ အဝါရောင်နှင့် အပြာရောင်ဟူ၍ အဆင့်သုံးမျိုး ခွဲခြားစစ်ဆေးပေးရန်လိုကြောင်း၊ ယာယီအဆောက်အအုံများအဖြစ် Assembled Board House - ABH များ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံ၊ လမ်းတံတားကဏ္ဍအလိုက် ပြုပြင်ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ပေးကြစေလိုကြောင်း မှာကြားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)က ရုံးအဆောက်အအုံ၊ ဆေးရုံများနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီတို့က ဦးဆောင်၍ ချက်ချင်းစစ်ဆေးပေးရန်လိုကြောင်း၊ နိုင်ငံတကာအကူအညီများနှင့် အလှူပစ္စည်းစာရင်းများကို စနစ်တကျဖြန့်ခွဲနိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အစည်းအဝေးအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ဝဏသိဒ္ဓိ၊ သုခသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဗလသိဒ္ဓိမြို့နယ်တို့အတွင်းရှိ အားကစားကွင်း(၅)ကွင်း၌ ယာယီတဲများတည်ဆောက်နေမှု၊ ရေမီး၊ မိလ္လာကိစ္စများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေး၍ အမြန်ပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off