
နေပြည်တော် ဧပြီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် မတ် ၂၈ ရက်တွင် အင်အားပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေတို့အား ဧပြီ ၃ ရက် ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့သည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံအမှတ်(၈)သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံဆက်စပ်ပစ္စည်းများ ပြန်လည်ပြင်ဆင်၍ ဓာတ်အားအမြန်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများအား ပြန်လည်ပြုပြင်ပြင်ဆင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အမြန်ပြုပြင်ပြီးစီးရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးသွားပါက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရိုးအထူးကုဆေးရုံ၊ ကလေးအထူးကုဆေးရုံ၊ မျက်စိအထူးကု ဆေးရုံနှင့် သားဖွားဆေးရုံတို့အား ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်သည်။
ဓာတ်အား ပြန်လည်ပို့လွှတ်ပေး
မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံ ပျက်စီးချို့ယွင်းမှုများဖြစ်ပေါ်ခဲ့၍ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။ ဓာတ်အားအမြန် ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မတ် ၂၉ ရက်မှစ၍ ငလျင်ဘေးဒဏ်အများဆုံးခံစားခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ ပို့လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ပင်မခွဲရုံများ၏ ပျက်စီးမှုများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၄ ဦးဖြင့် ပြင်ဆင်ခဲ့ရာ မတ် ၃၀ ရက်တွင် အမျိုးသားဓာတ်အားကွန်ရက် (National Grid)ဖြင့် ဓာတ်အားပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၆၀ တို့ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၉၀ တို့ ဖြင့်လည်းကောင်း၊ စစ်ကိုင်းမြို့အတွင်း ပျက်စီးမှုများအား လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၈၀ တို့ဖြင့်လည်းကောင်း စုစုပေါင်းလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၃၀ တို့ဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိပြီးစီးမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် ၇၅ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၅၈ ဒသမ ၃၈ ရာခိုင်နှုန်း၊ စစ်ကိုင်းမြို့တွင် ၂၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး၍ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများကို အမြန်ပြီးစီးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်