Skip to main content

နေပြည်တော် မတ် ၃၀

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် နေပြည်တော်၌ ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်ငလျင်ဘေးသင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား ယာယီခိုလှုံစခန်းများတွင် နေရာချထားပေးနိုင်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မတ် ၃၀ ရက်တွင် ကံ့ကော်အိမ်ရာ၌ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်ရေးနှင့် ရေ၊ မီးသုံးစွဲနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

ဖွင့်လှစ်ပေးသွားမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ပြင်းထန်ငလျင်ဘေးသင့်ဝန်ထမ်းများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံကျောင်းဝင်းတို့အတွင်း ယာယီကူညီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းများသို့ ကွင်းဆင်းစစ်ဆေး၍ ဝန်ထမ်းများ အား တွေ့ဆုံအားပေးစကားပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်းထန်ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း ရာပြည့်ရှေးဟောင်းအဆောက်အအုံနှင့် စာသင်ဆောင်များကို ကြည့်ရှု စစ်ဆေးပြီး စနစ်တကျ ရှင်းလင်းဖယ်ရှားနိုင်ရေးနှင့် ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်သည့် အဆောက်အအုံများကို ကျွမ်းကျင်သူများအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့သည်။ 

ဆွေးနွေး

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဆင်သေရေလွှဲဆည်သို့သွားရောက်၍ ပြင်းထန်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေလွှဲဆည်ပြန်လည်ပြုပြင်ရမည့် လုပ်ငန်းအဆင့်ဆင့်နှင့် မူလရေသောက်ဧရိယာ ၁၁၆၅၉ ဧကအတွင်းရှိ သီးနှံများ စိုက်ပျိုးရေရရှိရေးအစီအမံများကို တာဝန်ရှိသူများနှင့် အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပြင်းထန်ငလျင်ဒဏ် ခံခဲ့ရသည့် ပေါင်းလောင်းရေလှောင်တမံ၏ အတွင်းပိုင်းကြံ့ခိုင်မှုများအား ဘူမိရူပတိုင်းတာသည့် စက်များဖြင့် တိုင်းတာစစ်ဆေးနေမှုကိုလည်းကောင်း၊ တမံထိပ်ပြင်ပေါ်ရှိ အက်ကွဲကြောင်းများအား မျက်မြင်တူးဖော်စစ်ဆေးနေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆက်လက်စောင့်ကြည့်စစ်ဆေးရမည့်အခြေအနေများကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းနှင့် ရေလှောင်တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။ 

သတင်းစဉ်

Off