Skip to main content

နေပြည်တော် မတ် ၃၀

အလွန်အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး အထူးအစည်းအဝေးတစ်ရပ်ကို ယနေ့နံနက်အစောပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်း၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက် ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ နိုင်ငံတကာက ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး အထောက်အကူပြုအဖွဲ့များနှင့် ဆေးအဖွဲ့များ စေလွှတ်ပေးနိုင်ရေး ကမ်းလှမ်းလာခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြိုကျပျက်စီးသွားသောအဆောက်အအုံများနှင့် အပျက်အစီးများအား ရှင်းလင်း ဖယ်ထုတ်ခြင်းအပိုင်း၊ ပြိုကျပျက်စီးနေဆဲ အဆောက်အအုံများအား ဘေးအန္တရာယ် မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်း၊ ပြန်လည်တည်ဆောက်ခြင်း အပိုင်းဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ငွေကြေးအင်အား၊ လူအင်အား၊ ယာဉ်ယန္တရားအင်အားများစွာကို သုံးစွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ထောက်ပံ့ပေးရန် လိုအပ်မည်ဖြစ်သဖြင့် နိုင်ငံတကာက အကူအညီများတောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်း ထည့်သွင်းတောင်းခံသွားရန်လိုကြောင်း၊ အဆောက်အအုံအာမခံလုပ်ငန်းများတွင် အာမခံထားရှိမှုများကိုလည်း စနစ်တကျစိစစ်၍ အာမခံငွေကြေးများရရှိရေးအတွက်လည်း ဆောင်ရွက် ပေးသွားရန် လိုကြောင်း။

နိုင်ငံတကာမှ လာရောက်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် နေရေး၊ စားရေးအဆင်ပြေစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးယခင်အခြေအနေအတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စစ်ကိုင်း-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား (အင်းဝ) ရထားလမ်းကူး တံတားပြိုကျပျက်စီးနေမှုအား အမြန်ဆုံး ပြန်လည်ဆယ်တင်ဆောင်ရွက်သွားရန်လိုပြီး ရေလမ်းကြောင်းအမြန်ပြန်ပွင့် အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ယင်းရထားလမ်းအပြင် အခြားငလျင်ဘေးဒဏ်ကြောင့် ယိုယွင်း မှုများဖြစ်ပေါ်ခဲ့ရသည့် ရထားလမ်းများကိုလည်း အမြန်ဆုံးပြန်လည်ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လေယာဉ်ပြေးလမ်းများကိုလည်း အမြန်ဆုံး ပြန်လည်ပြုပြင်ဖွင့်လှစ်ပေးသွားရန် လိုကြောင်း၊ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လမ်းတံတားများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်တန်ချိန်များစွာကို မတင်နိုင်သည့် ကရိန်းကားများကိုလည်း ငလျင်ဘေးဒဏ်သင့်ဒေသများသို့ အမြန်ဆုံး စေလွှတ်ဆောင်ရွက်သွားစေ လိုကြောင်း။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးနန်းမြို့ရိုးတစ်လျှောက် ထိခိုက်ပျက်စီးမှုသည် ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပျက် ဆောင်ရွက်သွားရန်နှင့် အုတ်ရိုးပြုပြင်မှုအား အရည်အသွေးမြင့်၊ စံချိန်မီအုတ်များကို အသုံးပြု၍ မိုးမကျမီပြုပြင်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးမြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် အဆောက်အအုံနေရာအနည်းငယ်အတွင်း သံဃာတော်များ အများအပြား သီတင်းသုံး နေထိုင်လျက်ရှိသဖြင့် သံဃာတော်များအားလုံး၏ ဆွမ်းကွမ်းနှင့် ဝေရာဝစ္စကိစ္စရပ်များအားလုံးအဆင်ပြေစေရေး သင့်လျော်သည့်စီမံမှုများ ဆောင်ရွက်ပေးသွားရန် လိုကြောင်း။

ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို သင်ခန်းစာယူ၍ လမ်းတံတားနှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်စံနှုန်း များကို စနစ်တကျတွက်ချက်ဆောက်လုပ်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလှုပ်ခတ်ခဲ့သည့် ငလျင်ဆိုင်ရာအချက်အလက်နှင့် ဖြစ်ပေါ်မှုများကိုလည်း စနစ်တကျမှတ်တမ်းပြုစု ထားရှိရန်နှင့် ထုတ်ပြန်မှုများဆောင်ရွက် ပေးသွားရန် လိုကြောင်း။

ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအားလုံး၊ ရသင့်ရထိုက်သူများအားလုံး ရရှိစေရေး စနစ်တကျစာရင်းပြုစု ဆောင်ရွက်သွားရန်လိုပြီး စားရေး၊ သောက်ရေး အဆင်ပြေ အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စာရင်းများ မထပ်စေရေးနှင့် ကျန်နေခဲ့ရသူများ မရှိစေရေး မျှမျှတတ ဖြစ်စေရေး တာဝန်ရှိသူများအားလုံးက ကြပ်ကြပ်မတ်မတ်ဖြင့် စနစ်တကျစာရင်း ကောက်ယူပြုစုဆောင်ရွက်သွားရန် လို ကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို များစွာဆောင်ရွက်သွားရမည်ဖြစ်ပြီး ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်ပေးသွားရန် လိုကြောင်း မှာကြားသည်။

သတင်းစဉ်

Off