
နေပြည်တော် ဧပြီ ၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးအမှတ်(၁၄)၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားတွေ့ဆုံပြီး မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်မှုအပေါ်နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဝန်ထမ်းများအား ရှင်းပြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနရုံးအတွင်း ယာယီရုံးခန်းဖွင့်လှစ်ပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုများနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် နေပြည်တော် အားကစားလေ့ကျင့်ရေးကွင်းသို့ သွားရောက်ပြီး နေအိမ်အခန်းများ ယာယီနေရာချထားပေးမှုများ၊ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်နှင့် နိုင်ငံတကာမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် ကူညီပေးအပ်သောပစ္စည်းများ၊ အလှူရှင်များက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ပေးအပ်သော လှူဒါန်းငွေများနှင့် ပစ္စည်းများကို ဝန်ထမ်းများအား စနစ်တကျ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်