Skip to main content

နေပြည်တော် ဧပြီ ၄

ကမ္ဘောဇဖောင်ဒေးရှင်းနှင့်ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက်တို့၏ နာယက ဦးအောင်ကိုဝင်းနှင့်အဖွဲ့သည် ငလျင်ဒဏ်သင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ရှမ်းပြည်နယ်တောင်ကြီးမြို့မှ သွေးလှူရှင်များဖြစ်သည့် သံဃာတော်များ၊ သီလရှင်များ၊ ဒေသခံစေတနာရှင်ပြည်သူများ၊ ကမ္ဘောဇဘဏ်မှဝန်ထမ်းများ၊ ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ သွေးလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အရေးပေါ်သွေးပုလင်းပေါင်း ၂၂၉ ပုလင်းအား လှူဒါန်းခြင်း၊ ဆေးရုံတက်ရောက်ကုသနေကြသော လူနာ ၉၅၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၈၅ သိန်းကျော်၊ ဆေးရုံကြီးမှ ဝန်ထမ်း ၁၂၅၂ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၂၆ သိန်း၊ ဆေးရုံတက်ရောက်ကုသနေကြသော ငလျင်ဒဏ်သင့်လူနာများနှင့် ဆေးရုံကြီးအတွက် အရေးပေါ်လိုအပ်ချက်များကို လွယ်ကူလျင်မြန်စွာစီမံသုံးစွဲနိုင်ရန် ငွေကျပ်သိန်းပေါင်း ၅၀၀၀ စုစုပေါင်းငွေကျပ် ၅၉၁၁ သိန်းကျော်အားဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ တာဝန်ရှိ ဆရာဝန် ဆရာမများနှင့် လူနာများထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ဖောင်ဒေးရှင်းနာယကနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေကြသော လူနာ ၁၀၀ အတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၅၀၊ ဆေးရုံကြီးမှ ဝန်ထမ်း ၄၉၀ တို့အတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၄၅ သိန်း၊ ဆေးရုံတက်ရောက်ကုသနေကြသော ငလျင်ဒဏ်သင့်လူနာများနှင့် ဆေးရုံကြီးအတွက် အရေးပေါ်လိုအပ်ချက်များကို လွယ်ကူလျင်မြန်စွာ စီမံသုံးစွဲနိုင်ရန် ငွေကျပ်သိန်းပေါင်း ၅၀၀၀ စုစုပေါင်း ငွေကျပ် ၅၂၉၅ သိန်းအား ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်ကျော်၊ တာဝန်ရှိဆရာဝန်များ၊ ဆရာမများနှင့် လူနာများထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ဖောင်ဒေးရှင်းနာယကနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသမှုနှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇဖောင်ဒေးရှင်းနေရာတွင် ၂၄ နာရီကွပ်ကဲမှု ရုံးခန်းတည်ဆောက်၍ အများပြည်သူလိုအပ်သော ရေ၊ မီး၊ အစားအသောက်နှင့် ဆေးဝါးများ ဖြန့်ဖြူးထောက်ပံ့ပေးမည့် “ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာ (KBZ Center Mandalay)” တည်ဆောက်ရေး၊စင်တာတွင် အခမဲ့ဆေးကုသနိုင်ရေး၊ အခမဲ့ထမင်းစားဆောင်တည်ဆောက်ရေးနှင့် ထမင်းဟင်းချက်ပြုတ်ကျွေးမွေးရေး၊ ယာယီချက်ပြုတ်ရန် အခမဲ့ဂက်(စ်)မီးဖိုဆောင်များ တည်ဆောက်ပေးရေး၊ သောက်ရေသန့်များ အခမဲ့ဖြန့်ဝေနိုင်ရေး၊ အခမဲ့ ကျား/မ ရေချိုးခန်းများ တည်ဆောက်ပေးရေးနှင့် အခမဲ့ ကျား/မ သန့်စင်ခန်းများ တည်ဆောက်ပေးရေးတို့အတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသည်။

ကမ္ဘောဇဖောင်ဒေးရှင်းသည် မန္တလေးမြို့တွင် တည်ဆောက်မည့် KBZ Center Mandalay အား ကမ္ဘောဇဘဏ်မှ ငွေကျပ် ၁၅ ဘီလီယံ၊ ကမ္ဘောဇ Group မှ ငွေကျပ် ၁၅ ဘီလီယံစုစုပေါင်းငွေကျပ် ၃၀ ဘီလီယံ ကနဦးမတည်လှူဒါန်းထားရှိကြောင်း။

ထို့အပြင် ကမ္ဘောဇဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်းက နေပြည်တော် ခုတင် -၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသနေကြသော လူနာ ၃၁၀ အတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၅ သိန်း၊ ဆေးရုံကြီးမှကျန်းမာရေးဝန်ထမ်း ၈၈၈ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၄၄၄ သိန်း၊ ဆေးရုံတက်ရောက် ကုသနေကြသော ငလျင်ဒဏ်သင့်လူနာများနှင့် ဆေးရုံကြီးအတွက် အရေးပေါ်လိုအပ်ချက်များကို လွယ်ကူလျင်မြန်စွာ စီမံသုံးစွဲနိုင်ရန် ငွေကျပ်သိန်းပေါင်း ၅၀၀၀ စုစုပေါင်းငွေကျပ် ၅၅၉၉ သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off