Skip to main content

နေပြည်တော် မတ် ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ငလျင်ဒဏ်သဘာဝဘေးကြောင့် ပျက်စီးသွားသည့် မန္တလေးတက္ကသိုလ်အတွင်းရှိ အဆောက်အအုံများနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ဒုဋ္ဌဝတီတံတားသို့ သွားရောက်၍ ပျက်စီးမှုများနှင့် လတ်တလောပြုပြင်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ တာရှည်ခိုင်ခံ့အောင် ပြင်ဆင်ဆောင်ရွက်မည့်အခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိကြရာ တက္ကသိုလ်မှ တာဝန်ရှိသူများက မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်ရှိ အဆောက်အအုံများ ပျက်စီးမှုအခြေအနေ၊ တစ်ဆက်တည်း လျှပ်စစ်ဝါယာရှော့ဖြစ်၍ မီးလောင်ပျက်စီးခဲ့ရသည့်အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မန္တလေးတက္ကသိုလ်အတွင်းရှိ ပျက်စီးသွားသော အဆောက်အအုံများကို ပြင်ဆင်နိုင်ရန်အတွက် အသေးစိတ်လာရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း၊ ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာစံသတ်မှတ်ချက်ဖြစ်သည့် အမြန်မျက်မြင် ဆန်းစစ်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ် (Rapid Visual Screening Procedures) အဆင့်များအတိုင်း စနစ်တကျစစ်ဆေးဆောင်ရွက်ပြီးမှသာ Detail Structure အသေးစိတ်တွက်ချက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်နှင့်အတူ မီးလောင်ပျက်စီးခဲ့သော ပင်မဆောင်အဆောက်အအုံသည် ၁၉၂၄ ခုနှစ် မန္တလေး တက္ကသိုလ် စတင်ဖွင့်လှစ်စဉ်ကတည်းက အဆောက်အအုံဖြစ်၍ နှစ်ပေါင်း ၁၀၀ ရှိသော ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံဖြစ်ကြောင်း။

အဆောက်အအုံများကို ပြန်လည်ပြုပြင်ရာတွင် အရည်အသွေးပြည့်မီစေရေးနှင့် ဆောလျင်စွာပြီးစီး၍ ပြန်လည်အသုံးပြုနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြပ်မတ်မှုဖြင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) တို့ ပူးပေါင်း၍ တာဝန်ခွဲဝေပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ဦးစားပေးအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အဆောက်အအုံများ၏ လက်ရှိပျက်စီးမှုများအား ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့်စပ်လျဉ်း၍ အန္တရာယ်ကင်းရှင်းအောင် စက်ယန္တရားများ အသုံးပြုဆောင်ရွက်ရန်တို့ကို ဖြည့်စွက်မှာကြားကာ ပျက်စီးသွားသော အဆောက်အအုံများအား အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မန္တလေးမှ နေပြည်တော်သို့ လမ်းပိုင်းအတိုင်း ငလျင်ဒဏ်ကြောင့် လမ်းတစ်လျှောက် ကွန်ကရစ်လမ်းသား မျက်နှာပြင်များ တွန့်ခေါက်မြင့်တက်၍ ပျက်စီးခဲ့သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတား ပျက်စီးသွားသည့်အခြေအနေကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ဒုဋ္ဌဝတီတံတားသည် အရှည်ပေ ၇၀၀ ရှိပြီး ငလျင်ဒဏ်ကြောင့် တံတားတိုင်များနှင့် ရက်မများ ပြိုကျပျက်စီးခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်တိုင်အမှတ် (၃၅၈/၂)ရှိ ဒုဋ္ဌဝတီတံတားနေရာ၌ လက်တလောတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိသော်လည်း တံတားအဝိုင်းမှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းမကြီး (လမ်းဟောင်း)အတိုင်း ခရီးသွားယာဉ်များနှင့် ကုန်တင်ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိပါကြောင်း သိရသည်။

သတင်းစဉ်

Off