Skip to main content

အောင်သံမြေမိုး (သို့မဟုတ်) ညီညွတ်သော ပြည်ထောင်စုသရုပ်

“ဂြီသက္ကရာဇ် တစ်ထောင်သုံးရာကိုးခု

နှစ်ပြာသိုလဆုတ်ကိုးရက်တနင်္ဂနွေနေ့အား

ဤငါတို့မြန်မာပြည်လုံးဝ

လွတ်လပ်သော အချုပ်အချာအာဏာပိုင်

ပြည်ထောင်စုသမက မြန်မာနိုင်ငံတော်ကြီးအဖြစ်

ကောင်းစွာရောက်သတည်း”

တိုင်းရင်းသားများနှင့်

စုစည်းဖွဲ့စည်းထားခြင်း လက္ခဏာ

၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့၊ မန္တလေးနေပြည်တော်မှ သီပေါဘုရင် ပါတော်မူပြီး ၆၂ နှစ် ပြည့်မြောက်သော ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ နိုင်ငံတော်အဖြစ် ကြေညာနိုင်ခြင်း ဖြစ်သည်။ လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံတော် အဖြစ် ကမ္ဘာသိ ကြေညာနိုင်ခဲ့သောကြောင့် နှစ်ပေါင်း ၁၀၀ ကျော်၊ မြန်မာ့မြေပေါ်တွင် အပိုင်စီး လွှင့်ထူခဲ့သော ဗြိတိသျှအင်ပါယာယူနီယံဂျက် အလံကို လျှောချပြီး အလယ်ကောင်ရှိ ကြယ်ကြီးကို ကြယ်ငါးလုံးရံသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတော် သီချင်းနှင့်အတူ ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူ၊ အလေးပြုနိုင် ခဲ့ကြသည်။ အလယ်ကောင်ရှိ ကြယ်ဖြူကြီးက လွတ်လပ်ရေး တိုက်ပွဲအမှတ်အသား တော်လှန်ရေး၏ အမှတ်လက္ခဏာ ဖြစ်သည်။ အရံကြယ်ဖြူ ကြယ်ငါးလုံးက ပြည်ထောင်စု၏ အမှတ်လက္ခဏာဖြစ်သည်။ တိုင်းရင်းသားများနှင့် စုစည်း ဖွဲ့စည်းထားခြင်း လက္ခဏာဖြစ်သည်။ ထို့ကြောင့် အလယ် ကောင်ကြယ်ကြီးကို ကြယ်ငါးလုံးရံထားသည့် အထိမ်း အမှတ်သည် ပြည်ထောင်စု နိုင်ငံတော်ကြီးဟူသည့် အမှတ် အသားဖြစ်သည်။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့၌ တစ်ပြည်လုံး အတိုင်းအတာဖြင့် လွတ်လပ်ရေး ကြေညာရန် စိုင်းပြင်းပြင်ဆင်နေကြပါပြီ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ လွှင့်တင်သည့်အချိန်

အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို မကျဆုံးမီ ကပင် ဆရာကိုယ်တိုင်ဦးစီးပြီး လွတ်လပ်သော သမ္မတ နိုင်ငံတော်အတွက် နိုင်ငံတော်သီချင်း နိုင်ငံတော်အလံနှင့် နိုင်ငံတော်တံဆိပ်များကို အတည်ပြုသတ်မှတ်နိုင်ရန် စီစဉ်ခဲ့သည်။ ဆရာဒီးဒုတ်ဦးဘချို ကျဆုံးပြီးနောက် ထို ကိစ္စများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ အတော်အတန် ခရီးရောက်နေပါပြီ။ နိုင်ငံတော်အလံနှင့် နိုင်ငံတော် တံဆိပ် တို့အား အတည်ပြုသတ်မှတ်နိုင်ခဲ့ကြ၏။ နိုင်ငံတော်သီချင်း အတွက် ရန်ကုန်မြို့ရှိ “တူရိယာဂီတ အဖွဲ့ချုပ်” က ဂီတ ပညာရှင်များက သီချင်းအပုဒ်ပေါင်းများစွာ ရေးသားတင်ပြ ခဲ့ရာ၌ နှစ်ခြိုက်သဘောကျ အဆင်ပြေမှုမရှိသေး ...။ ထို့ကြောင့် လွတ်လပ်ရေးတိုက်ပွဲကာလ တစ်လျှောက်လုံး သီဆိုစွဲမြဲခဲ့သော ဝိုင်အမ်ဘီ သခင်တင်၏ “ဒို့ဗမာ” သီချင်း မှ ဒုတိယအပိုဒ်နှင့် သံပြိုင်အပိုဒ်မှ တေးသွားကိုယူ၍ လိုချင်သော စာသားများ ထည့်သွင်းကြသည်။ သီချင်းကို အားလုံးက သဘောကျလက်ခံခဲ့ကြ၏။

ထိုသီချင်းကိုပဲ နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ် အတည်ပြုပြီး ဇန်နဝါရီ(၄)ရက်နေ့ အရုဏ်တက် အာဏာ လွှဲပြောင်းရေးအခမ်းအနားမှာ ယူနီယံဂျက် အလံချပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ လွှင့်တင်သည့်အချိန် ၌ တီးမှုတ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားသည်။ တေးသွားကို မြန်မာ့အသံဦးခင်ဇော်က ရေးပြီး အတွဲအဖက်သံစဉ် အဖွဲ့ အစည်းများအား “အက်စ်အက်စ် ဘာမင်ဂန်” စစ်သင်္ဘော မှာ ပါရှိသော ဘင်ခရာအဖွဲ့ခေါင်းဆောင်က ရေးသားပေး ခဲ့သည်။ ထိုအဖွဲ့ပဲ တူရိယာအစုံဖြင့် အလံတော်ကို လွှင့်တင်ခဲ့သည်။

မန္တလေးလွတ်လပ်ရေးနေ့ အခမ်းအနား

မန္တလေး၌လည်း လွတ်လပ်ရေးနေ့ အခမ်းအနား မတိုင်မီကပင် ထိုအခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ခဲ့ကြ၏။

၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့ မန္တလေးနေပြည်တော်မှ သီပေါဘုရင် ပါတော်မူပြီး ၆၂ နှစ် ပြည့်မြောက်သောနှစ်တွင် တစ်နိုင်ငံလုံး လွတ်လပ်ရေး ရခြင်း ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ နိုင်ငံတော်အဖြစ် ကြေညာနိုင်ခြင်းဖြစ်သည်။ ထိုနေ့တွင် မြန်မာတို့၏ သက်ဦးဆံပိုင် နောက်ဆုံးဘုရင် ပါတော်မူခဲ့ရာ မန္တလေး၌ လွတ်လပ်ရေးနေ့အတွက် လွတ်လပ်ရေးစာတမ်း ကြေညာခြင်း၊ လွတ်လပ်ရေး အဓိဋ္ဌာန် (၉) ချက် ဖတ်ကြားခြင်း၊ လွတ်လပ်ရေးမော်ကွန်း ကျောက်တိုက် ပန္နက်ချခြင်းများနှင့်အတူ နန်းတော်တောင် ဥယျာဉ်တော်အတွင်း အင်္ဂလိပ်တို့ စိုက်ထူထားခဲ့သော သီပေါမင်းအညံ့ခံလက်နက်ချ ပါတော်မူကျောက်တိုက် ကိုပါ ထိုစဉ်က မန္တလေးမြူနီစီပယ် ဥက္ကဋ္ဌ ဗိုလ်စောမောင်က အမြစ်အရင်းက တူးဖြိုဖျက်ဆီးပစ်ခဲ့သည်။

တိုင်းရင်းသားတို့ ညီညွတ်သိမှတ်ကာ

မန္တလေးမြို့ရှိ စာရေးဆရာများ အနုပညာရှင်များက လည်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားအတွက် ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်တွင် စုဝေးကာ ကြိုတင် ပြင်ဆင်ကြသည်။ ထို့နောက် မန္တလေးမြို့က ဂီတစာဆိုကြီး ရှစ်ဦးတို့က တစ်ယောက်တစ်ပိုဒ်စီ ပူးပေါင်းပြီး “လွတ်လပ် တဲ့ မြန်မာပြည်” ဟူသော သီချင်းကို စုပေါင်းရေးစပ်ခဲ့ကြ သည်။ ထိုပညာရှင် ရှစ်ဦးမှာ ဆရာထာ၊ ဆရာခင်၊ မြို့မ ငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတာ ဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့ဖြစ်ကြ၏။ ဤသို့ရေးဖွဲ့ရာတွင် အငြိမ့်သီချင်းများရေးဖွဲ့ရာတွင် ကျော်ကြားသော တေးရေး ဆရာထာက “အောင်သံမြေမိုး၊ ဝေဖြိုးခြိမ့်ခြိမ့်ညံ၊ ကိုယ်ပိုင်ရတာ” ဟု အဖွင့်ရေးစပ်ပြီး နန်းတော်တောင် ဆရာခင်ဟု အမည်ရသည့် တေးရေးဆရာခင်က “တိုင်း မြန်မာ ကမ္ဘာလုံး၊ ဥဒါန်းကြွေးလူရေးသာ၊ တိုင်းပြည်တော် သစ် တည်ဆောက်ဖြစ်မြောက်လာ၊ ပျော်ရွှင်ချမ်းသာ၊ စိုးပိုင်လာ၊ အောင်သောနေ့ကြီးပါ၊ ခိုင်မြဲစွာ” ဟု ဆက်လက် စပ်ဆိုသည်။ ထို့နောက် မြို့မတူရိယာအသင်း၏ ခေါင်းကိုင်ဖခင်ကြီး တစ်ဦးဖြစ်သူ ဆရာမြို့မငြိမ်းက “လွတ်လပ်သော တိုင်းကြီးသား၊ ဒို့ဂုဏ်မောက်လို့ကြွား၊ မြင့်မြတ်သော စိတ်ဓာတ်ထား၊ ရဲရင့်ကြစေသား၊ တိုင်းရင်းသားတို့ ညီညွတ်သိမှတ်ကာ၊ ပြည်ထောင်စုထဲမှာ လူဖြစ်ရသောငါ၊ မာန်ဝင့်ကာ” ဟူသော စာသားကို စပ်ဆို ပြီးနောက် နာမည်ကျော် တေးရေးဆရာ နန်းတော်ရှေ့ ဆရာတင်က “ကမ္ဘာကြီးပေါ်မှာ၊ လူမျိုးတိုင်းက ကောင်းချီး ဩဘာ၊ လွတ်လပ်တဲ့ မျိုးမြတ်မဟာသမတပါ၊ ဒို့ပြည်ထောင်စုမှာ၊ အောင်ဆုဖြာ၊ သော်တာပေါ်လာ၊ မြူးလို့သာ လွတ်လပ်တဲ့ဗမာ ” ဟု ဆက်လက် စပ်ဆိုသည်။

ဒို့ပြည်ထောင်စုမှာ အောင်ဆုဖြာ

ထပ်မံ၍ မြို့မအသင်းသားကြီး တစ်ဦးလည်းဖြစ်သူ၊ နောင်တွင် သင်္ဂဟ၊ သီရိမွန်စသည့် တူရိယာအသင်းများကို ဦးဆောင်တည်ထောင်ခဲ့သူ မန္တလေး  ဦးဘသိန်းဟု အမည် တွင်မည့် ဂီတာဘသိန်းက “ရဲသွေးနဲ့ ရင့်အပြာ ၊ ကြယ်စု ပေါင်းကာ၊ မားမားဝင့်ဝင့် အလံတော်ကြီးပါ၊ ကျက်သရေ ဖြာ လွှင့်ထူကာ၊ အလေးပြုကာ၊ ထွန်းကားတိုးတက် အခြေတည်လို့လာ၊ ဒို့ပြည်ထောင်စုမှာ အောင်ဆုဖြာ၊” ဟု ရေးဖွဲ့လိုက်ပြီး နာမည်ကျော်တေးရေး ပညာရှင် ဆရာညှာ က ဗမာတိုင်းရင်းသားတို့ ညီအစ်ကိုများမှာ၊ ဖိနှိပ်ချုပ်ခြယ် ခြင်း လွတ်ကင်းခဲ့ကြတာ၊ ဒို့လိုတာ ပြည့်စုံလာတာ၊ စိတ် ချမ်းသာအခါ၊ စိုင်းပြင်းကြလို့ ဒီအချိန်ရောက်လာ၊ လေးစားခဲ့ကြတာ၊ ညီညွတ်လို့ ဝမ်းသာ၊ ဒို့တာဝန် ဒို့ကျေပြွန်အောင် ဆောင်ရွက်လာ..” ဟု ဆက်လက် ရေး ဖွဲ့သည်။ ဆက်လက်၍ အငြိမ့်သီချင်းများကို အစဉ်တစိုက် ရေးသားခဲ့သော တေးရေးဆရာရိုက်က “အားတိုက် အင်တိုက် အစဉ်တစိုက် ပခုံးချင်းယှဉ်ကာသာ၊ ခင်မင် ပေါင်းသင်း၊ တိုင်းရင်းသားတို့ စီးပွားရေး ကြီးပွားရေး ထူထောင်၊ အောင်ကြောင်းသာ..” ဟု ရေးဖွဲ့ခဲ့သည့်စာသား ကို တေးရေးဆရာလှိုင်က “တိုင်းသစ်ပြည်သစ် ဒီခေတ် နည်းလမ်း၊ ရှာဖွေကာ ပညာတိုးတက် ၊ စက်မှုလက်မှု (ကြိုးစားကြ)၂ ၊ ကမ္ဘာမှာ ထင်ရှားစရာ ၊ ပြည်ထောင်စု လူထုချစ်ကြည်စွာ၊ စိတ်ဝမ်းမကွဲဘဲ၊ တည်မြဲကြပေတာ၊ အဲဒါကြောင့် ဒို့ဗမာပြည်ကြီးမှာ လွတ်လပ်ခြင်းဟာ အဓွန့်ရှည်ကြာ၊ ၀ပြောသာ” ဟု လက်စသပ်လိုက်သည်။

အဆိုပါစာသားများကို တေးသွားသံစဉ်နှင့် ဂီတ သင်္ကေတနုတ်(စ်)များအား ဆရာမြို့မငြိမ်းက ရေးဖွဲ့ပေးပြီး မြို့မတူရိယာအဖွဲ့ တီးမှုတ်ခဲ့သည်။

“အောင်သံမြေမိုး” သီချင်းဖြင့် တီးမှုတ်ဖွင့်လှစ်

လွတ်လပ်ရေး အကြိုည [၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ည]၌ မန္တလေးလက်ဆည်ကန်ရပ်ရှိ ဝင်းလိုက် ရုပ်ရှင်ရုံရှေ့တွင် မြို့မအဖွဲ့က မြို့လူထုကို “အောင်သံ မြေမိုး” အစချီ “လွတ်လပ်တဲ့ မြန်မာပြည်” သီချင်းကို စတင်သီဆို တီးမှုတ်ဖျော်ဖြေသည်။ ကမ္ဘာသင်္ကေတနည်း ပညာ(music notes)ကို သင်တန်းပို့ချ တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ရှေ့တွင် သင်္ကေတစာရွက်များ ချထားကာ လွယ်လင့်တကူ မြိုင်မြိုင် ဆိုင်ဆိုင် တီးမှုတ်သွားနိုင်ခဲ့သည်။ ထိုနေ့ညက သီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်ဖြစ်၏။ တီးမှုတ် ကြသည့် မြို့မအဖွဲ့သားများမှာ တယော ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ် ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်း ဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန်တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန္ဒရား မပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို solo ကို တောင် မြို့ ဦးကိုလေးက မှုတ်ပြီး ကိုတင်အေးတို့က ဘယ်သံစက္ကင်း (second) မှုတ်ကြရသည် ဆို၏။ ထို့ကြောင့် “အောင်သံမြေ မိုး” သီချင်းမှာ ဆရာမြို့မငြိမ်း ဦးဆောင်ပြီး သံစုံဝိုင်းဖွဲ့ ပုံစံအဆင့်မီ တီးမှုတ်ခဲ့ကြခြင်းဖြစ်သည်။

ဇန်နဝါရီလ (၄)ရက်နေ့ ပထမဆုံး လွတ်လပ်ရေး အောင်ပွဲ အခမ်းအနားကို မန္တလေးမြို့၌ နန်းတွင်းရှိ (ယခု ကျောက်တိုက်ကွင်းနေရာ) ကွင်းပြင်ကြီး၌ ကျင်းပခဲ့သည်။ အောင်ပွဲအခမ်းအနားကြီးအား မြို့မတူရိယာအသင်းက “အောင်သံမြေမိုး” သီချင်းဖြင့် တီးမှုတ်ဖွင့်လှစ်ခဲ့၏။ ထိုနေ့တွင်တော့ တီးမှုတ်သူ အသင်းသားများ ဝိုင်းအပြည့် အစုံအလင် ပါဝင်လာသည်။ မနေ့ညက အသင်းသားများ အပြင် စန္ဒရား ကိုတူ၊ တယော ကိုအောင်ကြီး၊ ကိုဘသိန်း လေး (သခင်)၊ ကိုစံဒွန်း၊ ထရမ်ဘုံး ကိုတင်ကြီး၊ ဖလုကိုဖူးဝှမ်း၊ စပင်းနစ်ဂီတာ မောင်မောင်ကြီးတို့လည်း အားဖြည့်ပါဝင် လာကြ၏။

ညီညွတ်သော ပြည်ထောင်စုသရုပ်

တကယ်တော့ တစ်ဦးကောင်းတစ်ယောက်ကောင်း မဟုတ်ဘဲ အားလုံးစုစည်းညီညွတ်မှုဖြင့် လွတ်လပ်ရေးရယူကာ တိုင်းရင်းသား ညီနောင်များဖြင့် ဖွဲ့စည်းတည် ထောင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဖြစ် ပထမဆုံး ကမ္ဘာသို့ ကြေညာသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မန္တလေးမြို့မိမြို့ဖများနှင့် ပညာရှင်များ က တစ်ဦးကောင်းတစ်ယောက်ကောင်း မဟုတ်ဘဲ ပညာရှင်အများ ပါဝင်စုစည်းရေးဖွဲ့ကာ ညီညွတ်မျှမျှတစေ သော တေးသွားသံစဉ်ဖြင့် သီဆို ဝိုင်းဖွဲ့တီးမှုတ် ဂုဏ်ပြု ခြင်းဖြင့် ညီညွတ်သော ပြည်ထောင်စုသရုပ်ကို ဖော်ထုတ် ပြသခဲ့ခြင်း ဖြစ်သည်။

လွတ်လပ်တဲ့မြန်မာပြည်ဟု အမည်ပေးကာ “အောင်သံမြေမိုး” ဟု မှတ်သားခဲ့ကြသော မန္တလေးလွတ်လပ်ရေး သီချင်းကား တိမ်မြုပ်ပျောက်ကွယ်ခဲ့ သည်မှာ ကြာချေပြီ။ အဆိုပါသီချင်းကို ၂၀ဝ၀ ပြည့်နှစ်က ကျင်းပပြုလုပ်ခဲ့သည့် မြို့မစိန်ရတုပွဲတော်တွင် ပြန်လည်ဖော်ထုတ်ရန် ထိုစဉ်က မြို့မ တူရိယာ အသင်း ဥက္ကဋ္ဌ ဦးရွှန်းမြိုင်နှင့် ဂီတမှူး ဦးရဲထွေးတို့က တီးလုံးတိုက်ခဲ့ကြသော်လည်း အခွင့်မသာ ခဲ့ပေ။ သို့သော် ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီ လ ၄ ရက် (၇၂) နှစ် မြောက် လွတ်လပ်ရေးနေ့က မန္တလေးအမျိုးသားဇာတ်ရုံ တွင် ကျင်းပသော “မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်း ချမ်းလို့ မဖြစ်ဘူး ဂီတပွဲတော်” တွင် ဂီတမှူး ဦးရွှန်းမြိုင်၊ ပါရမီရွှန်း (ဂီတမိတ်)တို့က မန္တလေးအခြေစိုက် တိုင်းရင်း သား ယဉ်ကျေးမှုအဖွဲ့၊ မန္တလေးမြို့ခံ ဂီတ ပညာရှင် အဆို ပညာ ရှင်များနှင့်အတူ အမှတ်တရ ပြန်လည်ဖော်ထုတ်နိုင် ခဲ့ပါ၏။ ။

ဆူးငှက်