မြန်မာ့သိုင်းပညာနှင့် ရန်ကုန်တက္ကသိုလ်မြန်မာ့သိုင်းပညာအသင်း
မြန်မာ့သိုင်းပညာရပ်၏ သမိုင်းစဉ်ကို မတင်ပြမီ သိုင်း ဟူသော ဝေါဟာရကို ရှေးဦးမဆွ ကြံဆထုတ်ဖော်လိုပေ သည်။ မြန်မာဘုရင်များ လက်ထက် က အသုံးပြုခဲ့ကြသော တုတ်တစ်မျိုးကိုလည်းကောင်း၊ လက်နက်ဖြင့်ဖြစ်စေ၊ လက်နက်မဲ့ ဖြစ်စေ ဘေးရန်ကာကွယ်သည့် အတတ် ပညာတစ်မျိုး ကို လည်းကောင်း ရုတ်ခြည်းသတိရမိ ကြမည် ဖြစ်ပေသည်။
မြန်မာ့သိုင်းပညာစာအုပ်
ထိုအကြောင်းရပ်များသည် တစ်ခုနှင့်တစ်ခုလည်း ဆက်စပ်နေကြ၏။ တစ်စုံတစ်ခုဖြင့် ဝန်းဝိုင်းရစ်ပင့်သည့် သဘောကို “သိုင်းသည်”ဟု ခေါ်ကြရာမှ ဝေ့ကာဝိုက်ကာ၊ ဝန်းကာပင့်ကာ အမျိုးမျိုးလှုပ်ရှား ရိုက်နှက်နိုင်သည့် တုတ်တစ်မျိုးကို “သိုင်း” ဟုပင် ခေါ်လာခဲ့ခြင်း ဖြစ်လေ ပြီလားဟု တွေးဆရ၏။ ထိုမှတစ်ဖန် “သိုင်း”ဖြင့် ရိုက်နှက်ကွယ်ကာသည့် ပညာတစ်မျိုးကို သိုင်းအတတ်၊ သိုင်းပညာဟု ခေါ်ဝေါ်အသုံးပြုခဲ့ကြဟန် တူပေသည် ဟူ၍ အစပြုပြီး ရန်ကုန်တက္ကသိုလ် မြန်မာ့သိုင်းပညာ အသင်းမှ ထုတ်ဝေသော မြန်စာဂုဏ် ကျော်မြင့်ရေးသည့် မြန်မာ့သိုင်းပညာစာအုပ်တွင် တွေ့ရှိနိုင်ပေသည်။
မြန်မာ့စွယ်စုံကျမ်းတွင် “သိုင်း”ဟူသော ဝေါဟာရ ကိုလည်းကောင်း၊ “ဗန်တို”နှင့် “ဗန်ရှည်” ဟူသော စကားရပ်များ ကိုလည်းကောင်း တွေ့ရှိနိုင်ပါသည်။
မြန်မာ့ရိုးရာသိုင်းပညာသမိုင်းကို မြန်စာဂုဏ် ကျော်မြင့်က ပြုစုရေးသားထုတ်ဝေခဲ့ရာ ၁၉၆၄ ခုနှစ် စာပေဗိမာန် ကကျင်းပသော ယဉ်ကျေးမှုအနုပညာ ဆိုင်ရာ တတိယဆုကို ရရှိခဲ့ပါသည်။ ယင်းစာအုပ်၌ မြန်မာ့သိုင်းပညာ သမိုင်း ကို ပုဂံခေတ်ဦးလောက်မှစ၍ ခေတ်အဆက်ဆက် ပြန့်ပွားလာခဲ့ပြီးနောက် လွတ်လပ်ရေး ရပြီးခေတ်အထိ မည်သို့မည်ပုံ လက်ဆင့်ကမ်းပြန့်ပွား လာပုံများကို ခိုင်မာသော အချက်အလက်များဖြင့် တင်ပြထားခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်မီး တောက်လောင်လာသည့် အခါတွင်မူ မြန်မာတို့သည် ဗြိတိသျှနယ်ချဲ့တို့အား မြန်မာနိုင်ငံမှ မောင်းထုတ်နိုင်ခဲ့သည်။ နယ်ချဲ့တို့ကို မောင်းနှင်ထုတ်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) တပ်သားများအား နီးစပ်ရာသိုင်းပညာရှင်များက သိုင်းပညာသင်ကြားပေးနိုင်ခဲ့သည်။ ဂျပန်တို့၏ ကင်ဒိုခေါ် ဓားသိုင်းပညာနှင့် ဂျူဂျစ်ဆုခေါ် လက်သိုင်းပညာတို့ကို တွေ့မြင်ရသော မြန်မာ့နိုင်ငံရေးနှင့် တပ်မတော်ခေါင်းဆောင် များသည် “ငါတို့ မြန်မာနိုင်ငံ၌လည်း ရိုးရာသိုင်းပညာရှိပြီး ဖြစ်၍ အားပေးဖော်ထုတ်ကြရမည်”ဟူသော အသိမျိုး ထိုစဉ်က ဝင်လာကြပြီး အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံးမှတစ်ဆင့် တစ်ပြည်လုံးရှိ သိုင်းဆရာကြီး များကို ဖိတ်ခေါ်ဆွေးနွေးခဲ့ကြပေသည်။
ရောက်ရှိလာသော သိုင်းဆရာများ၏ ပညာစွမ်းကို ပြစေကာ ဂျပန်အရာရှိများနှင့် ဗမာစစ်ဘက်၊ နိုင်ငံရေးဘက် ခေါင်းဆောင်များက အကဲဖြတ်ကြသည်။ ခေါ်ယူတွေ့ဆုံ သော ဆရာများအနက်မှ ဆရာဦးပြည်သိမ်းနှင့် ဦးချစ်သန်း တို့အား နှစ်ခြိုက်သဘောကျသဖြင့် ရွေးချယ်ကာ အမိမြန်မာနိုင်ငံအတွက် ယင်းတို့၏ ပညာများကို ဖြန့်ဖြူး ပေးပါ ရန် အနူးအညွတ်တောင်းပန်သည့်အလျောက် ဦးပြည်သိမ်းနှင့် ဦးချစ်သန်းတို့သည် မိမိတို့၏ ကိုယ်ရေး ကိစ္စများကို အနစ်နာခံကာ ဂျပန်ခေတ်တစ်ခေတ်လုံး သုံးနှစ်တိုင်တိုင် တစ်ပြည်လုံးရှိ လူငယ်လူရွယ်များ၊ ဗမာ့ တပ်မတော်သားများ၊ ရဲအဖွဲ့ဝင်များနှင့် မျိုးချစ်ပြောက်ကျား တပ်သားများအား သိုင်းပညာသင်ပေးခဲ့ကြပေသည်။
၁၉၄၂ ခုနှစ်မှ ၁၉၄၄ ခုနှစ်အတွင်း အချိန်ကာလသည် သိုင်းပညာကို ထင်ထင်ပေါ်ပေါ် သင်ကြားခွင့် ပြန်လည် ရရှိသည့်ကာလ ဖြစ်သည်။ အစိုးရရော ပြည်သူပါ မြန်မာ့ရိုးရာသိုင်းပညာကို အားပေးခဲ့သော အချိန်အခါ သည်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်အခါပင် ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် ဒေါက်တာဘမော်အစိုးရက ကြီးမှူး၍ မြန်မာပြည်လုံးဆိုင်ရာ သိုင်းပြိုင်ပွဲကြီးကို ကေဘိုတိုင်ကျွန်း (ယခုဗိုလ်ချုပ်ပန်းခြံနေရာ)တွင် ကျင်းပ ပြုလုပ်နိုင်ခဲ့ ပေသည်။
ဗမာ့တပ်မတော် (BDA) စံပြတပ် (ပဲခူး) တွင် သိုင်းပညာပြသပေးရန် ဦးပြည်သိမ်းကို တာဝန်ပေး ခန့်ထားခဲ့ သည်။ ဂျပန်ခေတ်က အစိုးရကြီးမှူးသော ကာယဗလအတတ်သင်ကျောင်းရှိခဲ့ရာ ထိုကျောင်း အတွက် ဆရာ ဦးပြည်သိမ်း ၏ ညွှန်ကြားထောက်ခံချက် ဖြင့် ဘီးလင်းမြို့မှ ဆရာပွားကို ပင့်ခေါ်၍ သင်ကြား စေသည်။
တစ်ဖန် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တစ်ပြည်လုံးအုံကြွ၍ ဖက်ဆစ်တို့ကို တော်လှန်ချေမှုန်း ကြသည်။ တပ်မတော်နှင့် ပြည်သူလူထုလက်တွဲ၍ ဓားကိုတစ်ဖက်၊ သေနတ်ကိုတစ်ဖက် ကိုင်ဆွဲကာ တော်လှန် တိုက်ခိုက် ကြသည်။ မြန်မာတိုင်းရင်းသားတို့ သည် ရာဇဝင်ပြောင်မြောက်သော ဖက်ဆစ်တော်လှန်ရေး အတွက် သေနတ် မကိုင်မီက ဓားကို ကိုင်ခဲ့ကြရ၏။ ဓားကိုကိုင်လည်း ကိုင်တတ်၊ ခုတ်လည်းခုတ်တတ်ရန်နှင့် မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည် ချစ်စိတ်ဓာတ်၊ တော်လှန်ရေးစိတ်ဓာတ်များကိန်းအောင်းကြီးထွားလာစေရန် သိုင်းပညာကို ပထမသင်ကြရပေ သည်။
ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ ပြီးဆုံးစအချိန်တွင် အာရှလူငယ်အစည်းအရုံးမှ အသွင်ပြောင်းလာသော ဗမာနိုင်ငံ လုံးဆိုင်ရာ လူငယ်များအစည်းအရုံး (ဗလစ) က ကြီးမှူး၍ သိုင်းပေါင်းစုံပြပွဲကြီးကို ရန်ကုန်မြို့ နေသူရိန်ရုံ (ထိုခေတ်က နာမည်အကြီးဆုံးရုံ) ကြီးတွင် ကျင်းပပြုလုပ်ခဲ့၏။ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်ကာလသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို မရရသည့်နည်းဖြင့် ရယူရန် ကြိုးပမ်းပြင်ဆင်နေသည့်ကာလ ဖြစ်သည်။ ဖက်ဆစ်ဆန့်ကျင် ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အတွက် သိုင်းပညာရှင်များသည် မိမိတို့တတ်သော သိုင်းပညာကို နယ်အသီးသီး သို့ဆင်း၍ သင်ကြားပေးရင်း ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ သွင်းပေး ခဲ့ကြ၏။ စည်းရုံးဆောင်ရွက် ပေးခဲ့ကြ၏။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့်အခါ အစိုးရက ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးကို တာဝန် ယူစေကာ သိုင်းပြိုင်ပွဲများ၊ ပြပွဲများကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ခြိမ့်ခြိမ့်သဲမျှ ကျင်းပပြုလုပ်စေခဲ့ ပေသည်။ ထိုစဉ်က တုတ်ရှည်နှင့် ဓားနှစ်လက် ယှဉ်ပြိုင်ပွဲ တွင် ကိုခင်မောင် (လူငယ့်ရေးရာဌာန သိုင်းဦးခင်မောင်)က လည်းကောင်း၊ ဓားတစ်လက်ယှဉ်ပြိုင်ပွဲတွင် ကိုမောင်မောင်ကြီးကလည်းကောင်း တံခွန် စိုက်ဆု အသီးသီးရရှိခဲ့ပါသည်။ အမှတ် (၈) ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ဖဆပလအဖွဲ့ချုပ်ဝင်းအတွင်းတွင် သိုင်းအက ပြိုင်ပွဲ၊ သိုင်းယှဉ်ပြိုင်ပွဲများကို သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်ပေးခဲ့၏။ အောင်ဆန်းအား ကစားပြိုင်ပွဲကွင်းကြီး ထဲတွင်လည်း သိုင်းပညာပြပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ ၏။ လွတ်လပ်ရေးအောင်ပွဲနှင့်အတူ သိုင်းပညာပြပွဲ၊ ပြိုင်ပွဲများကို ပူးတွဲကျင်းပရန် ညွှန်ကြားသဖြင့် တစ်ပြည်လုံး နေရာများတွင် ကျင်းပပြုလုပ်ခဲ့ကြ၏။ သိုင်းသမားများ သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိသည့်နှစ် အောင်ပွဲ သဘင်တွင် ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပေသည်။
၁၉၄၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမှတ် (၆၄) ကိုယ့်မင်းကိုယ့်ချင်းလမ်း၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ သိုင်းသမားများ အစည်းအရုံးကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၎င်းအစည်းအရုံးကြီးတွင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ပါဝင်ခဲ့သော သိုင်းဆရာကြီးများ အားလုံးလိုလို ပါဝင်ခဲ့သည်။ ထင်ရှားသော ဆရာကြီးများ မှာ ရှမ်းတရုတ်ဆရာကြီး ဦးဘရင်၊ ဦးပြည်သိမ်း၊ ဦးဘသွင်၊ ဦးချစ်သန်းတို့ဖြစ်သည်။ ဦးပြည်သိမ်းက ဒါရိုက်တာချုပ်အဖြစ် ဆောင်ရွက်ပြီး ဦးချစ်သန်းက အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဖန် ၁၉၅၁ ခုနှစ် လွတ်လပ်ရေးအောင်ပွဲ သဘင်တွင် ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ သိုင်းပြိုင်ပွဲကြီးကို အောင်ဆန်းအားကစားပြိုင်ကွင်း (ယခင် ဘီအေအေဝင်းအတွင်း) ဗလစကပင် ကျင်းပ ပေးခဲ့ပြီး သိုင်းပြပွဲကြီးကိုမူ ဂျူဗလီဟော၌ ကျင်းပပေးခဲ့ ပေသည်။
ရန်ကုန်တက္ကသိုလ် မြန်မာ့သိုင်းပညာအသင်း
ခေတ်ပညာတတ် ဗလစ သိုင်းသင်တန်းဆင်း လူငယ်တစ်စုသည် တိမ်မြုပ်၍နေသော မြန်မာ့သိုင်း ပညာ၏ ရှေ့ရေးကို ရင်လေးမိကြသည့်အလျောက် ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် မြန်မာ့သိုင်း ပညာအသင်းကို ရည်ရွယ်ချက် (၃) ရပ်ဖြင့် တည်ထောင်ခဲ့ကြ၏။ ရည်ရွယ်ချက်များမှာ-
(၁) မြန်မာ့သိုင်းပညာကိုထိန်းသိမ်း၍ တိုးတက် ပြန့်ပွားအောင် ဆောင်ရွက်ရန်၊
(၂) ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များ ဘေးရန်ကာကွယ်မှု အတတ်ပညာ များကိုတတ်ကျွမ်း နားလည်၍ ရန်အပေါင်းမှ ရှောင်ကွင်းနိုင်စေရန်၊
(၃) မြန်မာ့သိုင်းပညာဖြင့် ကာယဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ အင်အားကို အစွမ်းကုန် ဖြည့်ဆည်း ပေးရန်တို့ ဖြစ်ကြပါ သည်။
ရန်ကုန်တက္ကသိုလ် မြန်မာ့သိုင်းပညာအသင်းတွင် ဆရာဦးဖိုးကျော်မြင့်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးငြိမ်းအောင် နှင့် ဒေါ်မာလာတင်တို့က ဒုတိယဥက္ကဋ္ဌများ အဖြစ်လည်းကောင်း၊ ဦးသန်းဦးက အထွေထွေအတွင်း ရေးမှူး အဖြစ်လည်းကောင်း၊ ဆရာမ ဒေါ်မေမေခင်က ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ စာရေးဆရာ တက္ကသိုလ် ကြိုင်သင်းက ပြန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ စာရေးသူက ပညာပိုင်းဆိုင်ရာ တာဝန်ခံအဖြစ်လည်းကောင်း၊ ဆရာမ ဒေါ်မာလေး (ဦးဖိုးကျော်မြင့်၏ဇနီး) (တွဲဖက် ပါမောက္ခ မြန်မာစာ-ငြိမ်း)က စည်းရုံးရေးမှူးတစ်ဦးအဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ရန်ကုန်တက္ကသိုလ် မြန်မာ့သိုင်းပညာအသင်း ဖြစ်ပေါ် လာစေရန် ကြိုးစားခဲ့ရသည်မှာ လွယ်မယောင်နှင့် ခက်ပါသည်။ ၁၉၆၃ ခုနှစ်ဝန်းကျင်၌ ဆရာငြိမ်းမှာ ရန်ကုန် တက္ကသိုလ်၏ အားကစားတာဝန်ခံဖြစ်ပါ၍ ဆရာ ဦးဖိုးကျော်မြင့်၊ ဆရာဦးသန်းဦး (ဘောဂဗေဒဌာန၊ မေမြို့ စစ်တက္ကသိုလ်)နှင့် စာရေးသူတို့က ရန်ကုန်တက္ကသိုလ် မြန်မာ့သိုင်းပညာအသင်း ဖွဲ့စည်းလိုကြောင်း တင်ပြရာ ဆရာငြိမ်းက အလွယ်တကူသဘောမတူဘဲ ဆရာ ဦးဖိုးကျော်မြင့်၏ ကြိုးစားအားထုတ်မှုကြောင့် အသင်း ဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။
ထိုစဉ်ကာလက စစ်ကိုင်းကျောင်းဆောင် အဆောင် မှူးမှာ ဦးတင်မောင်ဆွေ (ကျောက်ဘီလူး တင်မောင်ဆွေ) ဖြစ်ပါသည်။ သူက “ကိုမြသိန်းခင်ဗျားက မြို့တော်ခန်းမမှာ မောင်ဗမာ ကိုဘကွန်းနဲ့ မယ်ဗမာ နော်လွီဇာဘင်ဆင်တို့ရဲ့ ကာယဗလအလှပြပြိုင်ပွဲမှာ ဓားစကြာကစားတာ တွေ့ခဲ့ပါ တယ်။ အဲဒီသိုင်းပညာဟာ တကယ်လက်တွေ့ကာကွယ် လို့ရသလား၊ အလှအကပညာပဲလား”ဟု မေးပါသည်။ “ကျွန်တော်က အစ်ကိုတင်မောင်ဆွေရေ ကရုံသက်သက် နဲ့တော့ ကျွန်တော် ဒီပညာကိုဘယ်သင်ပါ့မလဲ တကယ် ခုခံကာကွယ်လို့ရလို့ပါ”ဟု ဖြေကြားလိုက်ပါသည်။
“ဒါဖြင့် ခင်ဗျားကို စမ်းချင်တယ်၊ ကျုပ်အဆောင်ကို လိုက်ခဲ့”ဟုခေါ်ရာ လိုက်သွားခဲ့ရပါသည်။ အဆောင် ရောက်တော့ သူ့အခန်းကျဉ်းလေးထဲမှာ ကျွန်တော့်ကို ဓားမြှောင်နှင့် အကြိမ်ကြိမ်ထိုးပါသည်။ ကျွန်တော်က အကြိမ်တိုင်းတွင် သူ့အား ကာကွယ်ပြီး ချုပ်နှောင်နိုင်ခဲ့ ပါသည်။ ထိုသို့ လက်တွေ့ပြနိုင်သောကြောင့် ဦးတင်မောင် ဆွေက ဆရာကြီး ဦးချစ်သန်းနှင့် စာရေးသူတို့အား စစ်ကိုင်းဆောင်၏ မျက်နှာစာ မြက်ခင်းပြင်တွင် မြန်မာ့သိုင်း ပညာကို စတင်သင်ကြားခွင့်ပြုခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့ရှိ တက္ကသိုလ်ပေါင်းစုံတွင် မြန်မာ့သိုင်းပညာ အသင်းများ အသီးသီးဖွဲ့စည်းနိုင်ခဲ့ပြီး ကျွန်တော်က ပင်တိုင်သင်ပြပို့ချပေးနိုင်ခဲ့ပါသည်။
တက္ကသိုလ်အပန်းဖြေရိပ်သာ အပေါ်ထပ်တွင် လည်းကောင်း၊ သမိုင်းကျောင်းဆောင်များတွင် လည်းကောင်း၊ စီးပွားရေးတက္ကသိုလ်တွင်လည်းကောင်း၊ စက်မှုတက္ကသိုလ် တွင် လည်းကောင်း အနှံ့အပြား လိုက်လံသင်ကြားပေးနိုင် ခဲ့ပါသည်။ သိပ္ပံနည်းကျသော မြန်မာ့သိုင်းပညာကို စာရေးသူက တက္ကသိုလ်ကျောင်းသားများအား သရုပ်ပြ ဟောပြောပို့ချပေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် ပင်မဆရာကြီးများကိုလည်း မြန်မာ့သိုင်း ပညာသည် သိပ္ပံနည်းကျသော ပညာရပ်ဖြစ်ကြောင်း သင်တန်းပို့ချပေးခဲ့ပါသည်။
ထိုအထဲတွင် ထင်ရှားသော ရန်ကုန်တက္ကသိုလ် သိုင်းပညာရှင်များမှာ နိုင်ငံတော်သမ္မတကြီး (ငြိမ်း) ဦးထင်ကျော်၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးသင်းမောင် (အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်-ငြိမ်း)၊ ဦးဇော်မြင့်ဖေ (ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး)နှင့် စီးပွားရေးတက္ကသိုလ် ဆရာမဒေါ်သစ်သစ်လွင် (ငြိမ်း) တို့ ဖြစ်ပါသည်။ ဒေါ်သစ်သစ်လွင်မှာ နိုင်ငံတော်စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဒေါက်တာမြင့်၏ဇနီး ဖြစ်ပါသည်။
ရန်ကုန်မြို့ပြည်လမ်းရှိ ယခင်အင်ဂျင်နီယာကျောင်း နေရာတွင် ဆရာဦးပြည်သိမ်းနှင့် ဆရာဦးချစ်သန်းတို့ ဓားသိုင်းကစားဟန် ငါးပေအမြင့် နံရံကပ်ဖောင်းကြွရုပ်တု ၁၀ ခုအနက် ငါးခုကို နိုင်ငံတော်ပန်းပုဆရာကြီး ဦးဟန်တင်က ထုလုပ်ခဲ့ပြီး ကျန် ငါးရုပ်ကို ပန်းချီ၊ ပန်းပု ဆရာကြီး ဦးလွင်က ၁၉၅၁ ခုနှစ်ဝန်းကျင်တွင် ထုလုပ် ခဲ့ကြောင်း အေးသိန်းရေးသည့် “ပန်းပုဆရာကြီး ဦးဟန်တင်” စာအုပ်တွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရှိနိုင် ပါသည်။
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ကို ၁၉၆၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ထိုစဉ်က ရဲချုပ်ဦးရွှေသန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဆရာကြီး ဦးချစ်သန်းက အတွင်းရေးမှူးအဖြစ် စတင် ဆောင်ရွက်ခဲ့ကာ စာရေးသူသည် ယခုတိုင် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်၏ နာယကဖြစ်ပါကြောင်း မှတ်တမ်းတင် လိုက်ရပါသည်။
“မြန်မာတိုင်း သိုင်းတတ်ရမည်”
ဦးမြသိန်း B.A, B.L