Skip to main content

တရုတ်စံကားပန်းများပွင့်ရာ အမိရန်ကုန်တက္ကသိုလ်နှင့် လွမ်းမောဖွယ်အမှတ်တရများ

ရန်ကုန်တက္ကသိုလ်  ကြည့်မြင်တိုင်နယ်မြေ   (ယခင်အခေါ် RC 3)  ကို ပထမနှစ် စတင်တက်ရောက်ခဲ့တဲ့ ၁၉၉၃ ခုနှစ် အမှတ်တရပါပဲ။  မြန်မာနိုင်ငံ  စာရင်းကိုင် သင်တန်းမှာ ခင်ခဲ့တဲ့ ကျွန်မတို့သူငယ်ချင်းသုံးယောက်က တစ်ယောက် မေဂျာ တစ်ခုစီ။  ကျွန်မက  ရူပဗေဒအဓိက၊ မျိုးမျိုးဆိုတဲ့ သူငယ်ချင်းက သင်္ချာအဓိက၊ နောက်ရတနာကိုဆိုတဲ့ သူငယ်ချင်း က ဓာတုဗေဒ အဓိကယူထားကြပါတယ်။
စတိုင်ကျကျ ကျောင်းတက်ခဲ့
ကျွန်မတို့ကျောင်းရဲ့  ကင်န်တင်းက    ကျောင်းရဲ့ အရှေ့ဘက်ရော အနောက်ဘက်မှာပါ ရှိပါတယ်။ ကျွန်မ တို့ သူငယ်ချင်း သုံးယောက်      အဓိကဘာသာမတူပေမယ့် နေ့လယ်စာဆင်းချိန်တူတာမို့ တစ်ယောက်အတန်း လွှတ် နောက်ကျလည်း စောင့်ပြီး  ကင်န်တင်းအတူတူ  ဆင်းခဲ့ တယ်။ ကျွန်မတို့တက္ကသိုလ်တက်ချိန်တုန်းက အဝတ် အစား     ကန့်သတ်ချက် မရှိခဲ့တာကြောင့်    ခေတ်မီမီ ဝတ်ကြပါတယ်။       မြန်မာအမျိုးသမီးလေးတွေဆိုတော့  လျှပ်ပေါ်လော်လည်တာတော့  မဝတ်ကြ ပါဘူး။  ကျွန်မက  ဂါဝန်၊   စကတ်နှစ်သက်စွာ  ဝတ်ဆင်တတ်သူ၊   ဓာတု သူငယ်ချင်းက စတိုင်ဘောင်း ဘီရှည်၊  သင်္ချာသူငယ်ချင်းက  မြန်မာဆန်ဆန်ဝတ်တတ်တယ်။    ကျွန်မရဲ့ဆံပင်က  ခါးကျော်အရှည်ဖားလျားချတတ်ပြီး ကျွန်မတို့တုန်းက ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူခေတ်ဆိုတော့      အမွေးပွ လွယ်အိတ်လေးလွယ်ပြီး စတိုင်ကျကျ ကျောင်းတက်ခဲ့ တာ အမှတ်တရပါပဲ။
ကျောင်းမှာ  ကျွန်မအတွက် ဒီထက်  အမှတ်တရ ကတော့  ဓာတုဗေဒ  လက်တွေ့ဖြေဆိုရတဲ့အချိန်ပါပဲ။ ကျွန်မတို့ လက်တွေ့လုပ်ရင် လွယ်အိတ်တွေကနောက်မှာ တစ်နေရာတည်း   စုပုံထားရတယ်။  မှတ်မှတ်ရရ  ‘ဆား’ ထုတ်ဖော်ပုံကို ဆရာမရှေ့ ကိုယ်တိုင်သွားပြီး လက်တွေ့ လုပ်ပြရတယ်။ ထုတ်ဖော်ပုံ မှန်သွားရင် နှုတ်ဖြေ ဖြေဆိုရ ပါတယ်။  နောက်ဆုံးချိန်ဆိုတော့  နှုတ်ဖြေ  ဖြေပြီးတဲ့သူ တွေက လွယ်အိတ်ယူ၊ အခန်းထဲကထွက် အိမ်ပြန်ကြတယ်။
အဲဒီနေ့က အားလုံးမှန်တော့ ကျွန်မပျော်တာပေါ့။ အပျော်လွန်တဲ့ကျွန်မဆီ အဆိုးကြုံတွေ့ရမယ်လို့ ထင်မထား ခဲ့ဘူးလေ။   ကျွန်မအိမ်ပြန်ဖို့  ကားမှတ်တိုင်ရောက်တော့ ၃၃   ဘတ်စ်ကားစီးဖို့    ပိုက်ဆံထုတ်တဲ့အခါမှ   ကျွန်မ လွယ်အိတ်ထဲ ပိုက်ဆံအိတ်မရှိတော့တာ သိလိုက်ရတယ်။ ကျွန်မကျောင်းကိုပြန်ပြီး     လက်တွေ့ဖြေတဲ့အခန်းမှာ ပြန်ရှာပေမယ့်   မတွေ့တော့ဘူး။    ကျွန်မပိုက်ဆံအိတ် လေးက အမေရိကန်နိုင်ငံလုပ် ယောက်ျားကိုင်လည်သာ ခေါက်အိတ် ကလေး။  ကျွန်မပိုက်ဆံအိတ်ထဲ   ငွေသား တစ်သောင်းငါးထောင်ပါပါတယ်။ ကျွန်မ ပိုက်ဆံမနှမြော ပေမယ့် ပိုက်ဆံအိတ်ထဲထည့်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် နေဆန်း  မင်းသားဖြစ်ခါစဓာတ်ပုံမှာ    ကျွန်မနာမည် ရေးထိုးပြီး  လက်မှတ်ထိုးပေးထားတာကို နှမြောလို့ငိုပြီး မော်ကွန်းထိန်းဆရာဦးလှမြင့်ထံ တက်ရောက်တိုင်ကြား ခဲ့ပေမယ့် ပြန်မရခဲ့ပါ။  နောက်ဆုံး   ကျွန်မငယ်သူငယ်ချင်း မျိုးမျိုးသွယ်ဆီကနေ  အိမ်ပြန်ဖို့  ငွေကျပ် ၄၀၀ ယူသုံးခဲ့ ရတဲ့ ကျွန်မဘဝအမှတ်တရပါပဲ။  နောက်ထပ်  အမှတ်တရ ကတော့ ကျွန်မက ကျောင်းရဲ့ အနုပညာအသင်းသား တစ်ဦးမို့  ဆရာမတက္ကသိုလ်လဲ့လဲ့ဆီမှာ  အဆိုသင်တန်း တက်ရောက်နေချိန် ကျွန်မအမေရဲ့မောင်၊ ကျွန်မအချစ်ဆုံး ဦးလေး  ရုပ်ရှင်  သရုပ်ဆောင်သမန်းကျားဝင်းလှိုင် အရေး ပေါ်ဆေးရုံတက်ရလို့   ဆရာမဆီမှာခွင့်ပန်ပြီး   ဆေးရုံကို  အပြေး သွားခဲ့ပေမယ့်  ဦးလေးရဲ့အခြေအနေက လက်လွှတ် ရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အမိတက္ကသိုလ်မှာ ပညာဆည်းပူးခွင့်ရ
ကျွန်မ    ဒုတိယနှစ်ရောက်တဲ့အခါ  သူငယ်ချင်းက ယောက်ျားလေးသူငယ်ချင်းများတယ်။ သူငယ်ချင်းအသစ် တွေနဲ့ အတူစား၊  အတူသွားကြပေမယ့်  ကျွန်မက  စာပေ လောဘကြီးသူမို့   သူငယ်ချင်းတွေ  ရန်ကုန်တက္ကသိုလ် (ပင်မ) ကို သွားလည် ရင်တော့ အတန်းပျက်မှာစိုးလို့ ကျွန်မ မလိုက်ဖြစ်ခဲ့ဘူး။    ကျွန်မတို့    ဒုတိယနှစ်သင်တန်းမှာ သင်ကြား ပို့ချတဲ့   ဆရာကြီးဦးတင်လှိုင်၊    ဆရာမကြီး ဒေါ်ခင်ဆွေလှတို့ရဲ့    သင်ကြားပို့ချမှုကို   သေချာလိုက် နားထောင်၊ လက်ချာ လိုက်မှုကြောင့် ဘာသာရပ်ကို ပိုမို တတ်ကျွမ်းနားလည်လွယ်ခဲ့ရပါတယ်။   ကျွန်မကတော့ အတန်းလစ် တဲ့သူငယ်ချင်းတွေကို       စာပြန်ပို့ချပေးပေါ့။ ကျွန်မတို့အဖွဲ့ထဲက  ဝင်းကိုကိုဆိုတဲ့သူငယ်ချင်းနဲ့  ကျွန်မ နှစ်ယောက်ပဲ  ဂုဏ်ထူးတန်း တက်ခွင့်ရခဲ့တယ်။  ရန်ကုန် တက္ကသိုလ် (ပင်မ) ဆိုတဲ့ အမိတက္ကသိုလ်မှာ ပညာဆည်းပူး ခွင့်ရတော့မှာမို့ ကျွန်မပျော်ခဲ့ရတယ်။
ဒီလိုနဲ့ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ်  (ပင်မ)  မှာ ရန်ကုန်တက္ကသိုလ်နယ်မြေခွဲ  (ဗိုလ်တထောင် RC 1 ၊ လှိုင် RC 2 ၊ ကြည့်မြင်တိုင် RC 3)က ဂုဏ်ထူးတန်းဝင်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရပြီး            သူငယ်ချင်းအသစ်တွေတိုးခဲ့တော့ ပျော်စရာပေါ့။  ဒါပေမဲ့  ရီဂျင်နယ်အလိုက်  တွဲတာတော့ များတယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ  စတင်ကျောင်း တက်ခဲ့ရစဉ်အခါမှာတော့  ရီဂျင်နယ်တုန်းကလို  ဝတ်စား ဆင်ယင်မှုမျိုး မဟုတ်တော့ဘဲ  ခြေသလုံးအလှ  ပေါ်လွင် အောင်   ထဘီတိုတိုဝတ်ပြီး  ကျောပိုးအိတ်လွယ်တဲ့ခေတ် စတိုင်မို့ အဲဒီပုံစံအတိုင်း ဝတ်ဆင်ခဲ့တာ ပြန်လည်လွမ်းဆွတ် မိပါသေးတယ်။ အမိတက္ကသိုလ်ရဲ့ သာယာလှပတဲ့  ဆွဲငင်မှု ကြောင့်  ရုပ်ရှင်လာရိုက်ကြတာများတာမို့ ကိုယ်ကြိုက်တဲ့ အနုပညာသမား  ရုပ်ရှင်လာရိုက်တာပြေးကြည့်၊  အော်တို သွားထိုးခိုင်း၊ အတန်းပြေးတက်လိုက်နဲ့ အင်မတန်မှပျော်ဖို့ ကောင်းခဲ့တယ်။
တစ်မူလှပနေပြန်
ကျွန်မတို့ကျောင်းတက်ခဲ့စဉ်တုန်းက Recreation Center (RC) ပုံစံလေးက ပိုမိုလှပတယ်လို့ ကျွန်မကတော့ ထင်မြင်မိပါတယ်။ RC ထဲမှာ ကျောင်းသား ကျောင်းသူတွေ ဘတ်စကက်ဘောလေ့ကျင့်နိုင်ဖို့နေရာ၊  စာတိုက်၊  အနု ပညာခန်း၊ စာရေးကိရိယာပစ္စည်းအရောင်းဆိုင်ခန်းတွေ၊ ရောင်းတဲ့ပစ္စည်းတွေကလည်း   အစုံအလင်ရှိတာမို့  အမိ ရန်ကုန်တက္ကသိုလ်မြေက  လိုတိုင်းတ  ရနိုင်တဲ့နေရာကြီး ပါပဲ။   ဒါ့အပြင်  အမိတက္ကသိုလ်ဝင်းထဲမှာ   ကျောင်းသား ကျောင်းသူတွေ   ဆက်သွယ်ရေးလွယ်ကူစေဖို့  မှန်အိမ် လေးတွေနဲ့   အကြွေစေ့ထည့်သုံးရတဲ့    ဆက်သွယ်ရေး ဖုန်းရုံလေးတွေနဲ့ အမိတက္ကသိုလ်ဟာ  တစ်မူလှပနေပြန် ပါသေးတယ်။
အဲဒီအချိန်ကာလတုန်းက အင်းလျားကန်ပေါင်က ဘူးသီးကြော်ဆိုင်၊ ခေမရဌ်က ရှမ်းခေါက်ဆွဲဟာ မနက် တိုင်း   သူငယ်ချင်းတွေနဲ့အတူ  မုန့်သွားစားခဲ့တဲ့နေရာ တွေပါ။ အတန်းချိန် မနက်၇ နာရီအမီ ပြေးတက်ခဲ့ရချိန် တွေဟာလည်း  အင်မတန်မှ  ပျော်ရွှင်ဖွယ်ကောင်းလှ ပါတယ်။ ဒီလို ပျော်ရွှင်စရာကောင်းလှတဲ့ အမိတက္ကသိုလ် မှာ ကျွန်မဟာ  ပထမနှစ်ဂုဏ်ထူးတန်းနဲ့ ဒုတိယနှစ် ဂုဏ်ထူးတန်း၊  တတိယနှစ်ဂုဏ်ထူးတန်းကို  ကျော်ဖြတ် ခဲ့ပြီး မဟာသိပ္ပံ တက်ရောက်ဖို့ တစ်နှစ်စောင့်ခဲ့ရပါတယ်။
                                

ကျွန်မတို့ မဟာသိပ္ပံကို စတင်တက်ရောက်ရစဉ် Nuclear (section A) နဲ့ Electronics (section B) ဆိုပြီး အတန်း ခွဲပါတယ်။ ကျွန်မက  Nuclear  (section  A)  ရရှိပေမယ့် တီထွင်ချင်သူမို့  Electronics  (section B)  ပြောင်းဖို့ ကျွန်မတို့ရဲ့ Head of Professor ဆရာဒေါက်တာ စိန်ထွန်းထံ ဝင်ရောက်တွေ့ဆုံခဲ့ရပါတယ်။
အထောက်အကူဖြစ်စေခဲ့
Electronics  (section  B)  ကို  ပြောင်းချင်တဲ့ ကျောင်းသား    ကျောင်းသူအရေအတွက်    အနည်းငယ် များတာမို့ Nuclear၊ Electronics  မခွဲခြားဘဲ နှစ်ဘာသာ စလုံး ကျောင်းသား  ကျောင်းသူတွေ တတ်မြောက်အောင် M.Sc (Engineering) ဆိုပြီး ဖွင့်ပေးလိုက်ပါတယ်။ ရူပ ဘာသာရပ်ခွဲတိုင်းကို တတ်မြောက်ကျွမ်းကျင်စေချင်တဲ့ ဆရာကြီးရဲ့စေတနာကို  လေးစားဖွယ်  အထင်းသား တွေ့မြင်ခဲ့ရပါတယ်။ M.Sc (Engineering) ပထမနှစ်၊ M.Sc (Engineering) ဒုတိယနှစ်ဆိုပြီး နှစ်နှစ်တက်ခဲ့ရ တယ်။ တစ်နှစ်မှာ အနည်းဆုံး Project တစ်ခု တင်သွင်း ရပါတယ်။ ကျွန်မကတော့  နှစ်နှစ်စလုံး  Project ကို Electronics တင်သွင်းခဲ့ပါတယ်။  M.Sc (Engineering)မှာ အထူးအောင်မြင်သူတွေကို Master of Research (MRes)  ဆက်လက်ပြုလုပ်ခွင့်ပြုခဲ့ပါတယ်။  MRes  ကို ဆက်လက်ပြုလုပ်ခွင့်ရသူထဲမှာ ကျွန်မအပါအဝင်ပေါ့။ ကျွန်မ Master  of  Research မှာလည်း Electronics အပိုင်းကိုပဲ Research ပြုလုပ်ခဲ့တယ်။ ကျွန်မတို့ရဲ့ M.Sc တန်းကို သင်ပြခဲ့တဲ့ဆရာတွေက ဒေါက်တာစိန်ထွန်း၊ ဒေါ်မေစု၊   ဒေါက်တာသန်းဝင်း၊    ဒေါက်တာကိုကိုဦး၊ ဒေါက်တာဖိုးကောင်း၊ ဒေါက်တာကိုကိုကျော်စိုး၊ ဦးလှဝင်း တို့ဖြစ်ပါတယ်။ ကျွန်မရဲ့ Supervisor က ဆရာ ဦးလှဝင်း ပါ။  ဆရာက  ကျွန်မတို့ကို  တကယ့်ကို စေတနာအရင်းခံပြီး    သင်ကြားပြသပေးပါတယ်။ ကြေးပြားပတ်လမ်းဆွဲနည်း၊ ကြေးပြားပတ်လမ်းကို Maga Plate နဲ့အုပ်ကာ   မလိုတဲ့ကြေးသားတွေကိုဖယ်ရှားနည်း၊  ရလာတဲ့ပတ်လမ်း ပြားကို   Electronics   ပစ္စည်းတွေ တပ်ဆင်ဖို့ Drill အပ်အမျိုးမျိုးနဲ့ ဖောက်တတ်အောင်  ကြေးပြားအောက်ခံ ထားရတဲ့ပစ္စည်းကအစ  စနစ်တကျ သင်ကြားပြသပေး ပါတယ်။   ခဲဆော်နည်းကအစ   သင်ကြားပေးတာမို့  ကိုယ်တိုင်ခဲဆော်တတ်ခဲ့ပါတယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားပြသမှုက   စနစ်ကျလွန်းပြီး   အသေးစိတ် သင်ကြားပေးခဲ့တဲ့အတွက်  အခုကျွန်မရဲ့ တပည့်တွေကို         ပြန်လည်သင်ကြားပို့ချတဲ့အခါမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ကျွန်မ M.Sc  တက်တုန်းအမှတ်တရတစ်ခုကတော့ Practical  ခန်းထဲမှာ   ကျွန်မရဲ့အင်္ကျီကြယ်သီးလေး ပြုတ်ပြီး ပျောက်သွားတာပါပဲ။ ကြယ်သီးက ကွင်းကြယ်သီး ဆိုတော့  ကျွန်မအတွက်  အခက်အခဲတွေ့ရတာပေါ့ရှင်။ ကျွန်မရဲ့သူငယ်ချင်း   ကျွန်မအပေါ်    အနွံတာခံခဲ့တဲ့ သူငယ်ချင်းဝင်းကိုက ဌာနနဲ့ဆို  အတန်ငယ်ဝေးတဲ့  RC ကို  အပြေးအလွှားသွားပြီး   ချိတ်သွားဝယ်ပေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်   အဲဒီနေ့က  ကျွန်မသူငယ်ချင်းက သူ့ကောင်မလေးနဲ့ ချိန်းထားတာမို့ နောက်ကျတဲ့အတွက် သူ့ကောင်မလေး စိတ်ဆိုးပြေအောင် တော်တော်ချော့လိုက် ရတယ်ဆိုတော့လည်း သူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်ရသေးတယ်။   ဒါကလည်း   အမိတက္ကသိုလ်မြေမှာ ကျောင်းတက်ခဲ့ကြတဲ့  သူငယ်ချင်းတွေရဲ့  ချစ်ခင်မှု အမှတ် ရစရာတစ်ခုပါပဲ။
ဘယ်အရာနဲ့မှ တုနှိုင်းမီနိုင်မယ်မထင်ပါ
၂၀၀၂  ခုနှစ်မှာ  ကျွန်မ  မဟာသုတေသနပြီးခါနီး တက္ကသိုလ်ဆရာမအလုပ်ခေါ်တော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ  ရေးဖြေ  ဖြေရပါတယ်။  ရေးဖြေ အောင်ပြီး  နှုတ်ဖြေ ဖြေရပါတယ်။  ပြီးမှတာဝန်ကျရာနေရာ (ဟင်္သာတတက္ကသိုလ်) ကို သွားရောက်တာဝန်ထမ်းဆောင် ရပါတယ်။ ၂၀၀၃  ခုနှစ်မှာ ဗဟိုအဆင့်ကမ္ဘာ့ဆရာများနေ့ ဆောင်းပါး ပါဝင်ရေးသားယှဉ်ပြိုင်ဖို့ ကျွန်မရဲ့ လုပ်ငန်းခွင် Head of Professor (ဟင်္သာတတက္ကသိုလ်) ဆရာမကြီး ဒေါ်ခင်ဖြူရဲ့  တိုက်တွန်းအားပေးမှုကြောင့်  ကမ္ဘာ့ဆရာ များနေ့  ဆောင်းပါးကို  ကျွန်မပါဝင်ရေးသားယှဉ်ပြိုင်ခဲ့ရာ တတိယဆုကို  ဆွတ်ခူးရရှိခဲ့ပါတယ်။  ဆောင်းပါးရေးစဉ် ကာလက   ကျွန်မ    ဟင်္သာတတက္ကသိုလ်မှာ    တာဝန် ထမ်းဆောင်ဆဲပါ။ ဆောင်းပါးဆုချီးမြှင့်ချိန်မှာတော့ ကျွန်မ ပါရဂူကျမ်းပြုစုဖို့   ဟင်္သာတတက္ကသိုလ်ကနေ  ရန်ကုန် တက္ကသိုလ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့စိတ်ထဲမှာ ကျွန်မကို ပညာ ရည်အပြည့်အဝပေးခဲ့တဲ့၊    အေးချမ်းမှုတွေပေးတဲ့    အမိ  တက္ကသိုလ်မှာ တာဝန်ပြန်ထမ်းခွင့်ရတဲ့   ပျော်ရွှင်ရမှုတွေ၊ ကျွန်မရဲ့သင်ဆရာတွေအောက်မှာ        ပြန်လည်တာဝန် ထမ်းဆောင်ခွင့်ရရှိခဲ့လို့ ပျော်ရွှင်ရတာတွေက ဘယ်အရာနဲ့မှ တုနှိုင်းမီနိုင်မယ်မထင်ပါ။ ဒီအပြင် နိုင်ငံတော်ကချီးမြှင့်တဲ့ ကမ္ဘာ့ဆရာများနေ့   ဆောင်းပါးဆုကတ်နဲ့    ငွေသား တစ်သောင်းကျပ်ကို  ရရှိတဲ့အတွက်  အတိုင်းမသိ  ဝမ်းသာ ခြင်းပီတိကို    ခံစားခဲ့ရတယ်။   ကျွန်မဆုယူပြီးတာနဲ့ တက္ကသိုလ်များဆေးရုံမှာ   တက်ရောက်ဆေးကုသမှုခံယူ နေတဲ့    ကျွန်မရဲ့ဆရာ   ဒေါက်တာစိန်ထွန်းကို   ကျွန်မ ပထမဦးဆုံးရရှိခဲ့တဲ့ ချီးမြှင့်ဆုငွေနဲ့  ဂါရဝပြုခဲ့ပါတယ်။ ကျွန်မရဲ့မွေးသမိခင်နဲ့   ကျွန်မကို    ဆောင်းပါးရေးဖို့ တိုက်တွန်းဆော်သြခဲ့တဲ့   ဆရာမကြီးကိုပါ    ဂါရဝပြုခဲ့ ပါတယ်။
ကျွန်မက  နယ်မှာတာဝန်ကျတာမို့   ပါရဂူတန်းကို Intensive နဲ့တက်ခဲ့ရပါတယ်။ Intensive  ဆိုတာက နှစ်လ တာဝန်ထမ်း၊  တစ်လကျောင်းတက်ရတာပါ။   ကျွန်မဘဝ တစ်လျှောက်မှာ  ဆရာကြီးရဲ့စေတနာထား  သင်ကြားမှုမျိုး ဟာ  ဆရာကြီးတစ်ယောက်တည်းသာရှိတယ်လို့  ခံယူမိ ပါတယ်။ တပည့်များအပေါ် မမောနိုင် မပန်းနိုင်ဘဲ ရုံးလုပ်ငန်း တာဝန်များကတစ်ဖက်၊ သင်ကြားရေးကတစ်ဖက် လုပ်ရ ပေမယ့် မနက် ၇ နာရီ အတန်းချိန်ယူပြီး မွန်းတည့် ၁၂ နာရီထိ တစ်ကြိမ်၊ ညနေ ၅ နာရီမှ  ည  ၁၂ နာရီထိ  တစ်ကြိမ် စာသင်ပေးနိုင်ခဲ့တာ   ဆရာကြီးတစ်ယောက်သာရှိပါလိမ့် မယ်။   သင်ကြားရေးပိုင်းရော   စည်းကမ်းပိုင်းမှာပါ  စံနမူနာ ယူသင့်ပါတယ်။
ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့အချိန်
Ph.D  တန်းမှာ   ကျွန်မတို့ကို   သင်ကြားပေးခဲ့တဲ့ ဆရာတွေကတော့    ဒေါက်တာစိန်ထွန်း၊     ဒေါက်တာ တင်မောင်ထွန်း၊ ဒေါက်တာဖိုးကောင်း၊ ဒေါက်တာသန့်စင် နိုင်၊   ဒေါက်တာကိုကိုကျော်စိုး၊    ဒေါက်တာသန်းဝင်း၊ ဒေါက်တာဒေါ်ခင်ရီတို့ ဖြစ်ကြပါတယ်။ ကျွန်မရဲ့ Ph.D ကျမ်းခေါင်းစဉ်က Quantum Mechanics Theory ပိုင်း ဖြစ်ပေမယ့်  လာစစ်မယ့်  External  နိုင်ငံခြားသားတွေက  Nuclear ပိုင်းမို့ ကျွန်မ Field ပြောင်းခဲ့ရပါတယ်။ ကျွန်မရဲ့ Ph.D ကျမ်း  Supervisor  ကတော့  ဆရာ ဒေါက်တာ ဝင်းဆင်ဖြစ်ပါတယ်။  ကျွန်မတို့တုန်းက  နိုင်ငံခြားသား External  တွေက  လာရောက်စစ်ဆေးတာ  ဖြစ်ပါတယ်။ Internal ကတော့ ဆရာကြီး ဒေါက်တာတင်အောင် ဖြစ်ပါ တယ်။ ရူပဗေဒဘာသာရပ်ရဲ့ အဓိကဆရာကြီး ဒေါက်တာ တင်အောင်ရယ်၊   External   နိုင်ငံခြားသားတွေရယ်နဲ့ Defence ထိုင်ရတာတော့   ဘဝမှာအတော်လေး    ရင်ခုန် စိတ်လှုပ်ရှားခဲ့ရတဲ့အချိန်တွေ ဖြစ်ခဲ့ပါတယ်။
အမိတက္ကသိုလ်ရဲ့အောက်မှာ  မိမိကိုယ်တိုင်  ပညာ ထပ်ဆင့်ယူရင်း EC (Electronics) တန်းတွေနဲ့ M.Sc တွေမှာ ကျောင်းသား  ကျောင်းသူတွေကို  Computer Training သင်ကြားပြသရေးမှာ ပါဝင်သင်ကြားပြသပေးခဲ့ရတာတွေ ကို   သတိရမိသလို   သင်ယူတဲ့တပည့်တွေရဲ့   ဝတ်စား ဆင်ယင်မှုကလည်း  အမှတ်ရစရာဖြစ်ခဲ့ပါတယ်။   ကလေး ဆိုတာ အတုမြင်အတတ်သင်ဆိုတဲ့ သဘောအတိုင်း အဲဒီ ခေတ်အချိန်ကာလမှာ  အောင်မြင်မှုစန်းရရှိခဲ့တဲ့  ရုပ်ရှင် သရုပ်ဆောင်ရာဇာနေဝင်းရဲ့   အင်္ကျီတွေဟာ   ရယ်ဒီမိတ် ချုပ်ရိုးဖော်တီရှပ်တွေ ဝတ်တာမို့ တချို့ကျောင်းသားတွေက ဝယ်ဝတ်နိုင်ပေမယ့်  တချို့ကျောင်းသားတွေက   တီရှပ်ကို ပြောင်းပြန်လှန်ဝတ်လာခဲ့တာတွေက   အဲဒီခေတ်အချိန် တက္ကသိုလ်ကျောင်းသားလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံကို လည်း ပြန်ပြောင်းသတိရမိပါသေးတယ်။
ကျွန်မတို့   မဟာသိပ္ပံတက်ခဲ့ချိန်   Nuclear Specialization၊ Electronic Specialization မရှိဘဲ ရူပဘာသာခွဲအားလုံးသင်ကြားခွင့်ရရှိခဲ့တာမို့   ကျွန်မတို့ရဲ့ မှတ်ဉာဏ်ထဲမှာ ဘယ်ရူပဘာသာအခွဲကို လေ့လာလေ့လာ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ကျွန်မ ပါရဂူဘွဲ့ကို ၂၀၀၅ ခုနှစ်မှာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။  ကျွန်မ    ပါရဂူ ကျမ်းပြုရင်းတစ်ဖက်နဲ့  ရန်ကုန်တက္ကသိုလ်  အင်္ဂလိပ်စာ ဌာနကဖွင့်လှစ်တဲ့   Global   English  ကိုပါ ဆည်းပူးခဲ့ ပါတယ်။ ဒီမှာလည်း  ကျွန်မအတွက် အမှတ်ရစရာတစ်ခု ရှိခဲ့ပါသေးတယ်။ ကျွန်မပါရဂူဘွဲ့ယူတဲ့ရက်က  မနက် ပိုင်း ၉ နာရီ၊  Global  English   စာမေးပွဲဖြေရတဲ့ အချိန်က မနက် ၇ နာရီကနေ ၉ နာရီ၊ ရက်က တိုက်ဆိုင် ခဲ့တဲ့အတွက်   သူငယ်ချင်းတွေလို အလှပြင်ဆိုင်မှာ မပြင် နိုင်ဘဲ  ကျွန်မတို့  ရူပဗေဒဌာနစာကြည့်တိုက်ခန်းမှာပဲ  အလှပြင်ဆင် ဘွဲ့ဝတ်ရုံဝတ်ပြီး   ဘွဲ့တက်ယူခဲ့ ရပါတယ်။  ကျွန်မတို့  ပါရဂူဘွဲ့ရရှိစဉ်နှစ်မှာ  ဆရာကြီး  ဆရာမကြီး တွေနဲ့ ပါရဂူဘွဲ့ရရှိသူတွေကို အမိတက္ကသိုလ်ရဲ့ အလှအပ တစ်ရပ်ဖြစ်တဲ့    ဝိဇ္ဇာခန်းမမြက်ခင်းပြင်မှာ     ကျင်းပ ပေးတာမို့  အတိုင်းမသိပျော်ရွှင်မှုတွေ   ရရှိခဲ့ပါတယ်။   ဒီလိုပျော်ရွှင်မှုတွေပေးတဲ့ အမိတက္ကသိုလ်ကြီးမှာ  ပညာ ရည်သောက်သုံးခဲ့ရတာဟာ  ဘယ်အရာနဲ့မှ   လဲလို့မရ ခဲ့ပါ။
ပျော်ရွှင်မှုက ကွာဟချက်ရှိခဲ့
၂၀၁၈ခုနှစ် ကျွန်မမော်လမြိုင်တက္ကသိုလ်ကနေ ရန်ကုန်တက္ကသိုလ်ကို    ဒုတိယအကြိမ်   ပြန်လည်တာဝန် ထမ်းဆောင်ခဲ့ရာ  ယခင်  ကျွန်မ  ၂၀၀၃  ခုနှစ် တာဝန် ထမ်းဆောင်ခဲ့စဉ် အချိန်အခါနဲ့တော့ ပျော်ရွှင်မှုက ကွာဟ ချက်ရှိခဲ့ပါတယ်။  ၂၀၀၃  ခုနှစ်  တာဝန်ထမ်းဆောင်ခဲ့စဉ် အချိန်က ပညာရည်အပြည့်အဝပေးခဲ့တဲ့ ဆရာ ဆရာမ တွေရဲ့အောက်မှာ    အလုပ်တာဝန်ကို    ပျော်ရွှင်စွာ ထမ်းဆောင်ခဲ့တာ   ပြန်လည်သတိရမိပါတယ်။   ခုဆိုရင် ကိုယ့်ရဲ့ဆရာ ဆရာမတွေ သင်ကြားပြသပေးခဲ့တဲ့ အခန်း တွေ၊ ဆရာ ဆရာမတွေအလုပ်တက်ခဲ့တဲ့  အခန်းရှေ့ ဖြတ်ရတိုင်း    ဖော်မပြတတ်လောက်အောင်   ကျေးဇူးရှင် ဆရာ ဆရာမတွေကို သတိရမိပါတယ်။
ကျွန်မရင်ထဲမှာ ကျေးဇူးရှင်ဆရာ ဆရာမတွေကို လွမ်းဆွတ်သတိရနေပေမယ့်        အမိတက္ကသိုလ်ကြီး ကတော့ မပြောင်းလဲတဲ့အလှတရားနဲ့ လှမြဲလှလျက်ပါ။ ကျောင်းသား    ကျောင်းသူတွေကိုလည်း   ပညာရည် တိုက်ကျွေးမြဲ  တိုက်ကျွေးပေးနေဆဲပဲ   ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ကျွန်မအုပ်ချုပ်ရေးပိုင်း ပြောင်းရွှေ့တာဝန် ထမ်းဆောင်ဖို့ ဆရာ ဒေါက်တာစိန်ထွန်းထံ သွားရောက် တိုင်ပင်ရာ  ဆရာပြောခဲ့၊  တားခဲ့တဲ့  စကားတစ်ခွန်းက “ဆရာတို့သင်ပေး ခဲ့တဲ့ပညာကို  ပြန်လည်ဖြန့်ဝေနိုင်တာ မင်းတို့ပဲရှိတယ် မပြောင်းပါနဲ့”တဲ့။  ဆရာဖြစ်စေချင်တဲ့ ဆန္ဒ၊ ဆရာ့စကားကို နားထဲအမြဲကြားယောင်ရင်း ဆရာ့ စကားကို မြေဝယ်မကျနားထောင်ကာ ဒုတိယအကြိမ် အမိတက္ကသိုလ်မှာ  ပြန်လည်တာဝန်ထမ်းဆောင်လျက် ရှိတာ  ဆရာတမလွန်ကနေ  တွေ့မြင်နေမှာပါ။   အမိ တက္ကသိုလ် ကြီးက အခုဆို နှစ်တစ်ရာတိုင်ခဲ့ပြီဆရာ။
အမိရန်ကုန်တက္ကသိုလ်ကြီးလည်း သက်ရှည် ကျန်းမာပါစေ။ အမှတ်တရများစွာလည်း မွေးဖွားပေးနိုင် ပါစေလို့  ဆုတောင်းရင်း  ရာပြည့်သဘင်ကို ဂုဏ်ပြုလိုက် ပါသည်။ ။

ဒေါက်တာဝင့်ရွှေဝါလှိုင်