Skip to main content

ပထမ မြန်မာသင်္ချာပါမောက္ခ ဆရာကြီး ဦးအောင်လှ

ရန်ကုန်တက္ကသိုလ်ကြီး   နှစ်တစ်ရာပြည့် အချိန်အခါသမယတွင်  ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ တာဝန်ထမ်းဆောင် သွားသော ဆရာကြီးများအနက် မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး သင်္ချာပါမောက္ခ တာဝန်ယူရသည့် ကျွန်မ၏ ဆရာ တစ်ဦးဖြစ်သော ဆရာကြီး ဦးအောင်လှကို ဂုဏ်ပြုသောအားဖြင့် ယခုစာစုကို ရေးသားဖော်ပြအပ်ပါသည်။

ဆရာကြီး၏ဘဝဖြစ်စဉ်

ဆရာကြီးဦးအောင်လှကို အမိန့်တော်ရ ရှေ့နေကြီး ဦးဖိုးစစ်နှင့် ဒေါ်ငွေနှုံးတို့က ပဲခူး တိုင်း သာယာဝတီမြို့တွင်  ၁၈၉၆ ခုနှစ် ဧပြီလ ၁၈ ရက်   စနေနေ့၌   မွေးဖွားခဲ့ပါသည်။ သားယောက်ျားလေး ၁၀ ဦးအနက် သတ္တမ မြောက် သားဖြစ်သည်။ ဆရာကြီး၏ အဘိုးသည်   နယ်ချဲ့ကို   တော်လှန်သောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ ဆွေကြီးမျိုးကြီးမှ ဆင်းသက် လာ သူဖြစ်သည့်    အားလျော်စွာ အဆင့်မြင့်ခေတ်ပညာများကို     ဆရာကြီး ကောင်းစွာ ဆည်းပူးခွင့်ရခဲ့သည်။
အသက် ငါးနှစ်မှ ခုနစ်နှစ်အရွယ်အထိ သာယာဝတီမြို့   မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် အသက် ၁၄ နှစ်အထိ A.B.M.  (American Baptist Mission)      အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင် ယူသည်။  ထိုကျောင်းရှိ ဆရာ အများစုမှာ အမေရိကန်နိုင်ငံသားများ ဖြစ်ကြသည်။   ဆရာကြီးသည်  သတ္တမတန်း၌ Scholarship   ဆုရခဲ့ရာ   သာယာဝတီခရိုင် တစ်ခုလုံးအတွက်  တစ်ခုတည်းသော ပညာ သင်ဆုဖြစ်သည်။  အထက်တန်းပညာကိုမူ ရန်ကုန်  စိန်ပေါလ်  (St.Paul)  ကျောင်းသို့ ပြောင်းရွှေ့သင်ယူပြီး ၁၉၁၄ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ   ကလကတ္တား   (Calcutta)  မက်ထရစ် စာမေးပွဲ (ဆယ်တန်းစာမေးပွဲ)ကို ရန်ကုန်မြို့မှ ဝင်ရောက်ဖြေဆိုရာ         ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သည်။
ထိုနှစ်တွင်ပင်      ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာသင်ကြားခဲ့ရာ  ၁၉၁၈ ခုနှစ် တွင်  သင်္ချာဂုဏ်ထူးတန်းစာမေးပွဲကို   ပထမ ဆင့်မှ  အောင်မြင်သဖြင့်  ရန်ကုန်ကောလိပ်၌ ၁၉၁၈ ခုနှစ်မှ ၁၉၂ဝ ပြည့်နှစ်အထိ သင်္ချာ လက်ထောက်ကထိက တာဝန်ထမ်းဆောင်ခဲ့ သည်။  ထိုစဉ်က   သင်္ချာပါမောက္ခသည် အိုဝင် (L.G.Owen) ဖြစ်ပြီး ဆရာကြီးအိုဝင်၏ အကြံ ပြုချက်အရ ၁၉၂၀ တွင်  အင်္ဂလန်(England)ရှိ ကင်းဘရစ်တက္ကသိုလ်(Cambridge Univ-ersity) ၌ ဆက်လက်ပညာသင်ရာ သင်္ချာမဟာ ဘွဲ့ ရရှိခဲ့သည့်အပြင် ဥပဒေပညာဘွဲ့လည်း ရရှိခဲ့သည်။
ဆရာကြီးသည်   ပြင်သစ်နိုင်ငံ  ဆိုဗုန်း (Sorborne) တက္ကသိုလ်တွင်လည်းကောင်း၊ ဂျာမနီနိုင်ငံ၏  ထင်ရှားသော တက္ကသိုလ်အချို့ တွင်လည်းကောင်း  အချိန်အတန်ကြာ သင်္ချာ ပညာကို လေ့လာဆည်းပူးခဲ့ပြီး ၁၉၂၉ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။ ထိုအခါ   အမျိုးသားပညာရေးကောင်စီတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် မန္တလေးဥပစာကောလိပ်၌    တစ်နှစ်နီးပါး သင်္ချာကထိက တာဝန်ထမ်းဆောင်ပြီး ၁၉၃၁ မှ ၁၉၃၄ အထိ ရန်ကုန်မြို့ မြို့မအထက်တန်း ကျောင်းတွင် ကျောင်းအုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည်။ တစ်ဖန် ၁၉၃၄ မှ ၁၉၃၈ ခုနှစ်အချိန်အထိ  ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်းတာဝန်ကို   ထမ်းဆောင်ပြီး ၁၉၃၈ ခုနှစ်၌ မန္တလေး ဥပစာကောလိပ်  သင်္ချာ ကထိက တာဝန်ထမ်းဆောင်သည်။ ထို့နောက် ၁၉၃၉ ခုနှစ်တွင် တက္ကသိုလ်ဆရာဘဝမှ ထွက် ကာ     ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှု ဝန်ကြီးဌာန  စာရင်းအင်းဆိုင်ရာ     ညွှန်ကြား ရေးဝန်အဖြစ် ၁၉၄၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်သည်။ ထို့ကြောင့်  ဆရာကြီးသည်  လုပ်ငန်းမျိုးစုံမှ အတွေ့အကြုံပေါင်းများစွာ ကို ရရှိခဲ့ ပါတော့ သည်။
ဆရာကြီး၏မိသားစု
ဆရာကြီး၏ အိမ်ထောင်ဘက်မှာ ရုပ်ရှင် မင်းသမီးကြီး  အေဝမ်းမေသန်း (ဒေါ်မေသန်း)ဖြစ်သည်။   ဆရာကြီးနှင့်  ဒေါ်မေသန်းတို့ ၁၉၃၈ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။ ဆရာ ကြီးတို့ ဇနီးမောင်နှံတွင် တူညီသော အနုပညာ ဝါသနာ အခြေခံများရှိ၍  အိမ်ထောင်ရေးဘဝ သာယာဖြောင့်ဖြူးခဲ့ပြီး သားယောက်ျားလေး တစ်ဦးနှင့် သမီးမိန်းကလေးတစ်ဦး ထွန်းကား သည်။ သားကြီးဦးမြသန်းသည် အမျိုးသား မှတ်တမ်းများ   မော်ကွန်းတိုက်   ဒုတိယ ညွှန်ကြားရေးမှူးဖြစ်ပြီး စန္ဒရားနှင့် ပတ္တလား တီးမှုတ်မှုအပြင်   အဆိုပညာလည်း  တတ် မြောက်သည်။ သမီးငယ်  ဒေါ်လှလှမြင့်သည် သီချင်းကြီးနှင့်      ကာလပေါ်  အဆိုတော် ခိုင်သန့်ဇင်ဖြစ်သည်။ မိဘများ၏ ဂီတအမွေ ကို ဆက်ခံနိုင်သော   သားသမီးများ ဖြစ်ကြ သည်။ ဇနီး ဒေါ်မေသန်းသည် ၂၀၀၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် အသက် ၈၄ နှစ်အရွယ် ၌ ကွယ်လွန်ပြီး  သားကြီး    ဦးမြသန်းသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ဆရာကြီး၏ ဝါသနာ
ဆရာကြီးသည်  ငယ်စဉ်ကပင် ပြေးခုန်ပစ်      အားကစားနည်းများ၊   ဘောလုံး၊ ဘတ်စကက်ဘော၊ ပင်ပေါင် ကစား နည်းများ ကို ကစားခဲ့သူဖြစ်သည်။ အထူးသဖြင့် မြန်မာ့ ခြင်းလုံးခတ်ကစားနည်းကို ဝါသနာပါ၍ ခြင်းခတ်   ကစားလေ့ ရှိခဲ့သည်။ လူကောင်းဖြစ်ရန် ကျန်းမာရမည်၊ အားကစားစိတ်ဓာတ်ရှိရမည် ဟူသော အချက်များကို ဟောပြောပွဲများတွင် ထည့်သွင်းဟောပြောလေ့ရှိသည်။
ဂီတနှင့် ပတ်သက်၍လည်း ငယ်စဉ်ကပင် ဝါသနာပါခဲ့သူ   တစ်ဦးဖြစ်သည်။ A.B.M. ကျောင်းနေစဉ်     ကိုးနှစ် အရွယ်ခန့်မှစ၍ ပတ္တလားတီးခတ်မှုကို သင်ယူခဲ့သည်။ ၆ တန်း ၇ တန်းရောက်သောအခါ ပလွေကိုလည်း မှုတ် တတ်လာ ခဲ့သည်။  ဖခင်ဖြစ်သူ  သုံးဆယ်သွား စဉ် ထီပေါက်ခဲ့၍ လက်ဆွဲဘာဂျာဝယ်ပေးပြီး တီးမှုတ်စေရာ   ဆရာကြီးသည်   ချက်ချင်း တီးမှုတ်နိုင်ခဲ့သည်။ Mouth organ ဝယ်ပေး သည့်အခါ၌လည်း    ကောင်းစွာတီးမှုတ်နိုင်ခဲ့ သည်။ ဂီတ အနုပညာကို ဝါသနာပါ၍ မြန်မာ့ ဂီတဖြစ်သော  ဆိုင်းပညာကိုလည်း   ကြိုက် နှစ်သက်ခဲ့သည်။   ရုပ်သေးပညာကိုလည်း နှစ်ခြိုက်စိတ်ဝင်စားသည်။
ဆရာကြီးသည်   စောင်းပညာကိုလည်း ဝါသနာပါသည့်အပြင် ကျွမ်းကျင်စွာ တီးခတ် တီထွင်နိုင်ခဲ့သည်။         သင်္ချာဘာသာရပ်ရှိ ဗက်တာသင်္ကေတများကို သုံးပြီး စောင်း၏ ဂီတသင်္ကေတများအဖြစ် ပြင်ဆင်ရေးသားခဲ့ ရာ မြန်မာတေးဂီတအပုဒ် ၂၅၀ ကျော်ခန့် ရေးသားပြီးခဲ့ကြောင်း  မှတ်တမ်းများ  တွေ့ရှိရ သည်။ ဗြိတိန်နိုင်ငံသို့ ပညာသင်သွားစဉ်က လည်း ဆရာကြီးသည် မိမိနှင့်တစ်ပါတည်း စောင်းကောက်ကို        ယူဆောင်သွားခဲ့သူ    ဖြစ်သည်။
ဆရာကြီးသည်   ဂီတအနုပညာ သာမက ပန်းချီပညာရပ်ကိုလည်း   ဝါသနာပါသည်။ ဘုန်းကြီးကျောင်းတွင် နေထိုင်သော ပန်းချီ ပညာရှင်များထံမှ ပန်းချီပညာကို သင်ယူခဲ့ပြီး ပန်းချီရုပ်ပုံများစွာ  ရေးဆွဲခဲ့သည်။ တံဆိပ် ခေါင်း     စုဆောင်းခြင်း ကိုလည်း      ဝါသနာ အလျောက်  ဆောင်ရွက်ခဲ့ရာ   မြန်မာနိုင်ငံ အပျော်တမ်း    တံဆိပ်ခေါင်းစု အသင်းကြီး ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊      မြန်မာနိုင်ငံ တံဆိပ်ခေါင်းအသင်းချုပ်      ဥက္ကဋ္ဌအဖြစ် လည်းကောင်း ၁၉၃၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။   ဗြိတိန်နိုင်ငံမှ   တံဆိပ် ခေါင်းဆိုင်ရာ F.R.P.S(London) တော်ဝင်ဘွဲ့ ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။
ဆရာကြီး၏ အောင်မြင်မှု
ဆရာကြီး၏ လုပ်ငန်းအောင်မြင်မှုရလဒ် အဖြစ်      ရန်ကုန်တက္ကသိုလ်    သင်္ချာဌာန၌ ပါမောက္ခ ဖြစ်လာခဲ့သည်။ ဆရာကြီး ပါမောက္ခ ဖြစ်လာပုံကို မဖော်ပြမီ  ရန်ကုန်တက္ကသိုလ် ၏ နောက်ခံသမိုင်းကို ဦးစွာဖော်ပြလိုပါသည်။
မြန်မာနိုင်ငံတွင်  ကောလိပ်ပညာရေးကို ၁၈၈၁ ခုနှစ်တွင်မှ စတင်နိုင်ခဲ့သည်ဟု သမိုင်း အချို့က ဆိုပါသည်။ ထိုစဉ်က အိန္ဒိယနိုင်ငံ  ကလကတ္တား (ယခု Kolkata) တက္ကသိုလ်၏  လက်အောက်ခံ      တက္ကသိုလ်များအဖြစ် ရန်ကုန် ကောလိပ် နှင့်    ဂျပ်ဆင်   (Judson) ကောလိပ်တို့   ဖွင့်လှစ်ထားရှိပါသည်။  ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင်မူ တက္ကသိုလ် ဥပဒေပြဋ္ဌာန်းလိုက်သဖြင့်    ထိုအက်ဥပဒေ အသစ်အရ    ရန်ကုန်ကောလိပ်ကို  ရန်ကုန် တက္ကသိုလ်အဖြစ် တိုးမြှင့် ဖွင့်လှစ်လိုက်သည်။
ရန်ကုန်တက္ကသိုလ် စတင်မွေးဖွားချိန်တွင်  သင်္ချာဘာသာရပ်   ပါမောက္ခမှာ   L.G.Owen (MA, Oxan) ဖြစ်ပြီး     ကျန်ဆရာများမှာ နိုင်ငံခြားသားဆရာ ရှစ်ဦးဖြစ်သည်။ မြန်မာ နိုင်ငံသားဆရာများအဖြစ် ၁၉၃၁ ခုနှစ်တွင် ကထိက ဆရာကြီးဦးကာ၊ ၁၉၃၆ ခုနှစ်တွင် လက်ထောက်ကထိကဆရာကြီး  ဦးဖိုးသုန် တို့    တာဝန်ထမ်းဆောင်ကြသည်။ ၁၉၃၉ ခုနှစ်တွင် ဆရာကြီးဦးနက်က လက်ထောက် ကထိကအဖြစ်လည်းကောင်း၊ဆရာကြီး ဦးအောင်လှက ခေတ္တ လက်ထောက်ကထိကအဖြစ်လည်းကောင်း  တာဝန်ယူပြီး  သင်္ချာ ဘာသာပို့ချခဲ့ကြသည်။ ၁၉၄၀-၁၉၄၁ ပညာ သင်နှစ်   ပြီးဆုံးခါနီးတွင် ပါမောက္ခဆရာကြီး အိုဝင်   အငြိမ်းစားယူသွားခဲ့သဖြင့်    ဆရာ လူးဝစ်  (Mr.E.G.Lewis)  သည်    တာဝန်ခံ ပါမောက္ခ (acting professor) အဖြစ်  ယာယီ ထမ်းဆောင်ရသည်။ ၁၉၄၁-၄၂ စာသင်နှစ် ရောက်သောအခါ ဆရာကြီး ဦးအောင်လှသည် ရန်ကုန်တက္ကသိုလ်တွင်    သင်္ချာပါမောက္ခ ဖြစ်လာခဲ့သည်။
ဆရာကြီးသည်      မြန်မာလူမျိုးထဲက ပထမဦးဆုံး        သင်္ချာပါမောက္ခဖြစ်ခဲ့သူ       ဖြစ်သည်။   ထိုအချိန်က    အတွင်းဝန် ဦးတင်ထွတ်သည်           ရန်ကုန်တက္ကသိုလ်   ဒုတိယအဓိပတိ တစ်ဦးအနေဖြင့်   တက္ကသိုလ် ဖွဲ့စည်းပုံတွင်   မြန်မာမှုပြုရေးကို  ဦးစားပေး ဆောင်ရွက်ရန်    ပြင်ဆင်နေချိန်ဖြစ်သည်။ ထို့ကြောင့်  ဝါရင့်အင်္ဂလိပ်လူမျိုး   ဆရာကြီး အချို့ကိုကျော်၍     မြန်မာစစ်စစ်ဖြစ်သော ဆရာကြီး   ဦးအောင်လှကို  ခေါ်ယူလျက် ပါမောက္ခရာထူးသို့ တိုးမြှင့်ခန့်ထား လိုက်ခြင်း ဖြစ်သည်။ ဆရာကြီးသည် ပါမောက္ခရာထူးနှင့် ထိုက်တန်သော ပညာရပ် ဘွဲ့များနှင့်အတူ  ပညာရည်ပြည့်ဝ သူတစ်ဦးဖြစ်သည့်အတွက်ကြောင့်လည်း  ထိုရာထူးကို  ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆရာကြီးသည် သင်္ချာပါမောက္ခတာဝန်ကို ၁၉၅၈    ခုနှစ်အထိ     အချိန်ပြည့်တာဝန် ထမ်းဆောင်ပြီးနောက် အငြိမ်းစား ယူခဲ့သည်။ အငြိမ်းစားယူပြီးနောက်တွင်လည်း အချိန်ပိုင်း တာဝန်ဖြင့်  ဂုဏ်ထူးဆောင် ပါမောက္ခ (Emeritus Professor)   အဖြစ်   ရန်ကုန် တက္ကသိုလ်သင်္ချာဌာနတွင် ပြန်လည်တာဝန် ထမ်းဆောင်ခဲ့သည်။
ဆရာကြီး၏ လုပ်ဆောင်ချက်များ
ဆရာကြီး ပါမောက္ခတာဝန်ထမ်းဆောင် နေစဉ်ကာလတွင် ဒုတိယကမ္ဘာစစ်မီး မြန်မာ ပြည်သို့ ကူးစက်လာမှုကြောင့် ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်  ရန်ကုန်တက္ကသိုလ် ရပ်ဆိုင်းခြင်း ဥပဒေကို  အတည်ပြု   ပြဋ္ဌာန်းခဲ့ သည်။  ထို့ကြောင့်        ဆရာကြီးတို့မိသားစုလည်း ပြည်မြို့သို့   စစ်ဘေးရှောင်ခဲ့ကြသည်။ ထို အချိန်တွင်       ဂုဏ်ထူးတန်း    နောက်ဆုံးနှစ် ကျောင်းသားများကို သက်ဆိုင်ရာဘာသာရပ် ပါမောက္ခရှိရာသို့ သွားရောက်စာမေးပွဲ ဖြေဆို ခွင့်ပေးလိုက်သဖြင့်    ဆရာကြီး   ဦးဘတုတ် အပါအဝင် ကျောင်းသား  လေးဦးကို   ပြည်မြို့ တွင်ပင် စာမေးပွဲစစ်ဆေးပေးခဲ့သည်။
စစ်ပြီးချိန်တွင်     ရန်ကုန်တက္ကသိုလ် ပြန်လည်ထူထောင်ရန်     ကြားဖြတ်ကာလ အဖြစ် ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ သတ် မှတ်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှစတင်၍   ရန်ကုန် တက္ကသိုလ် တွင်  ပညာရေးမဟာဌာနများအဖြစ်    ဆေးပညာ မဟာဌာန၊    အင်ဂျင်နီယာပညာ မဟာဌာန၊ ပညာရေးမဟာဌာန၊ စိုက်ပျိုးရေး ပညာမဟာဌာန၊   ဥပဒေပညာမဟာဌာန၊ ဝိဇ္ဇာပညာ သိပ္ပံပညာမဟာဌာန၊ လူမှုရေးသိပ္ပံ မဟာဌာန၊ သစ်တောပညာ   မဟာဌာနများကို   ဖွင့်လှစ် ခဲ့ရာ   ဆရာကြီး လည်း   သင်္ချာဘာသာ ရပ် ပါမောက္ခတာဝန်         ဆက်လက်ထမ်းဆောင် သည်။
၁၉၅၀  ပြည့်နှစ်တွင်   အမေရိကန်နှင့် ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်ကြီးများ၌ အထက် တန်း သင်္ချာဘာသာရပ်များနှင့် နက္ခတ္တဘာသာ ရပ်များကို လေ့လာဆည်းပူးခွင့်ရခဲ့ပြီး F.B.I.S. (London) နှင့် F.R.A.S.(London) တော်ဝင်ဘွဲ့ များ ချီးမြှင့်ခြင်းခံရသည်။
ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်သင်္ချာ ပါမောက္ခတာဝန်ကို   ၁၉၅၈   ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး သင်္ချာဘာသာ ရပ်သင်ကြား ရေး အအထောက်အကူအဖြစ် Gray & Smith ရေးသားသော New Sequence Geomety စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုခဲ့သည်။
ထို့ပြင် မန္တလေးမစိုးရိမ်တိုက် ပထမကျော် ဆရာတော်   ဦးဉာဏ၏   အကြံပြုချက်အရ လယ်တီဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းဒီပနီ ကျမ်းကိုလည်း    ပါဠိဘာသာမှ   အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုရေးသားပေးခဲ့သည်။
ဆရာကြီးနှင့်ဆုံစည်းခြင်း
ဆရာကြီးနှင့် ကျွန်မ ပထမဆုံး ဆုံစည်းခဲ့ သောနှစ်မှာ ၁၉၆၁ ခုနှစ်ဖြစ်သည်။ ထိုအချိန် က ကျွန်မ  ရန်ကုန် တက္ကသိုလ်သင်္ချာဌာနတွင် ပထမနှစ် သင်္ချာအထွေထွေ   ဂုဏ်ထူးတန်း တက်ရောက်စဉ်ဖြစ်သည်။ အတန်းသစ်စတက် ရချိန်၌ အချိန်ဇယားအရ   လာရောက်သင်ပြ ပို့ချမည့်ဆရာများသည် မည်သို့သော ဆရာ များ ဖြစ်သည်ကို  သိလို၊ တွေ့မြင်လိုဇောဖြင့် စောင့်ဆိုင်းခဲ့ရချိန်များကို ပြန်လည်အမှတ်ရ လျက်ရှိပါသည်။      ကျွန်မတို့အတန်း၌ Astronomy ဘာသာရပ် သင်ကြားပို့ချမည့်နေ့ တွင်   အရပ်ထောင်ထောင်မောင်းမောင်းနှင့် ရင့်ကျက်သော   ဥပဓိရုပ်ရှိသည့်  ဆရာကြီး ဦးအောင်လှ ရောက်ရှိလာပါသည်။ ဆရာကြီး သည်    ကုတ်အင်္ကျီ      ဘောင်းဘီရှည်နှင့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်လာပါသည်။    စာသင်နှစ် တစ်လျှောက်လုံး  ဆရာကြီးသည်   ဝတ်စားဆင်ယင်ပုံ   မပြောင်းလဲခဲ့ပါ။ အတန်း ချိန်တိုင်းတွင်လည်း အချိန်မှန်လာရောက်၍ သင်ခန်းစာများ  ပို့ချသည်မှလွဲပြီး     အခြား စကားများ ပြောလေ့မရှိဘဲ   ကျောက်သင်ပုန်း အပြည့် နေရာလပ်မကျန် ဆရာကြီးရေးသား ထားသော   သင်ခန်းစာများ ကိုသာ   ရှင်းလင်း ပြောပြလေ့ ရှိပါသည်။ ထိုအချိန်က ဆရာကြီး သည် အငြိမ်းစားယူပြီး၍    သင်္ချာဌာနတွင်   အချိန်ပိုင်း  လာရောက်  သင်ပြပို့ချပေးနေခြင်း ဖြစ်ပါသည်။   အပိုစကား    ပြောလေ့မရှိ၊ ခပ်အေးအေးနေတတ်သော   ဆရာကြီးနှင့် ကျွန်မသည် ချစ်ကြောက်ရိုသေရသော ဆရာ တပည့်ဆက်ဆံရေးဖြင့် တွေ့ဆုံသိကျွမ်းခဲ့ရ ခြင်း ဖြစ်ပါသည်။
ကျွန်မ  အထွေထွေဂုဏ်ထူးတန်းတက် ရောက်သည့်      နှစ်နှစ်တာ   ကာလအတွင်း ဆုံတွေ့ခဲ့ရသော     ဆရာကြီးကို      ဆရာကြီး     ကွယ်လွန်ချိန် ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နေ့အထိတိုင်  ထပ်မံဆုံတွေ့ခွင့်   မရတော့ပါ။
ဆရာကြီး ထံမှ သင်္ချာပညာအမွေဆက်ခံ ခွင့်ရခဲ့သော    ကျေးဇူးတရားကို     နှလုံးသွင်း လျက်   ဤဂုဏ်ပြုမှတ်တမ်း ဆောင်းပါး ဖြင့် ဆရာကြီးကို      ရိုသေစွာ      ဂါရဝပြုအပ် ပါသည်။
ကျမ်းကိုးစာရင်း
၁။  ရန်ကုန်တက္ကသိုလ်   သင်္ချာဌာန  ရာပြည့် ခရီး မှတ်တိုင်များ (သင်္ချာဌာန)
၂။  စောင်းဆရာကြီး        သင်္ချာပါမောက္ခ ဦးအောင်လှ၏ ဘဝနှင့်ဂီတ (မသဲဖြူထွန်း ဘွဲ့ယူစာတမ်း)
၃။ သင်္ချာပါမောက္ခ  ဦးဘတုတ်    ဖြတ်ကျော် ခဲ့သောဘဝခရီး (တက္ကသိုလ်မောင်သင်္ချာ)
၄။  မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၄
(ကျေးဇူးတင်လွှာ
စာရေးသူသိလိုသည်များကို   ဖြေကြားပေး သော ဆရာကြီး    ဦးကိုကိုလေး၊   ဆရာ ဦးကြည်ဝင်း၊   ဒေါ်ကြင်ကြင်  (မမကြင်)၊ ဒေါ်မြင့်ဉာဏ်   (အမ  Ruby)   တို့နှင့်တကွ လိုအပ်သည့် စာရွက်စာတမ်းများ     ရယူပေး သော   ဒေါက်တာ ဒေါ်ဝင်းကြည်ကို အထူး ကျေးဇူးတင်ကြောင်း    မှတ်တမ်းတင်အပ် ပါသည်။ ။)

မြင့်မြင့်ခိုင်


စာရေးသူ၏ ကိုယ်ရေးအကျဉ်း
-------------------------------
အမည် - မြင့်မြင့်ခိုင်
မွေးနေ့သက္ကရာဇ် - ၁၉၄၄ ဇူလိုင် ၂၇၊
 ကြာသပတေးနေ့
မွေးရပ် - ဟင်္သာတမြို့၊
 ယုံသလင်းရွာ
မိဘ - အဘ အာဇာနည်
 ခေါင်းဆောင်ကြီး
 ဝန်ကြီးမန်းဘခိုင်၊
 အမိဒေါ်ခင်နီ
ယခင်အလုပ်အကိုင် - ပါမောက္ခ ဌာနမှူး၊   ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ယခု အလုပ်အကိုင် -  ရန်ကုန်တက္ကသိုလ် သင်္ချာဘာသာရပ် ပါရဂူဘွဲ့သင်တန်း
 ဦးစီးကော်မတီဝင်၊ မြန်မာနိုင်ငံ တက္ကသိုလ်များ သင်္ချာဘာသာ
 သင်ကြားရေး အဖွဲ့ - အဖွဲ့ဝင်၊ အခြေခံပညာအဆင့် သင်္ချာ
 ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီဝင်။
ပညာအရည်အချင်း - B.Sc.(General Honors), M.Sc., D.A.C.(Diploma in
 Automatic Computing)
အမှုထမ်းသက်မှတ်တမ်း- ၁၉၆၃ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှစ၍ ရန်ကုန်တက္ကသိုလ်၊
ပညာရေးတက္ကသိုလ်   (ယခု ရန်ကုန်ပညာရေးတက္ကသိုလ်)၊  ပုသိမ် ကောလိပ်(ယခု ပုသိမ်တက္ကသိုလ်)၊ ရန်ကုန်စက်မှု  တက္ကသိုလ်၊   ပဲခူးဒီဂရီကောလိပ်   (ယခုပဲခူးတက္ကသိုလ်)၊
အဝေးသင်တက္ကသိုလ်(ယခု  ရန်ကုန်အဝေးသင် တက္ကသိုလ်)  နှင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တို့တွင်  တာဝန်ထမ်းဆောင်ခဲ့သည်။
သင်ကြားရေးတာဝန် - တက္ကသိုလ်  ပထမနှစ် သင်တန်းများမှစ၍ မဟာဘွဲ့ သင်တန်းများအထိ အတန်းစုံ၌  သင်္ချာဘာသာ သင်ပြခဲ့သည်။ မဟာဘွဲ့
 ကျမ်း ကြီးကြပ်သူတာဝန်နှင့်  ပြင်ပစာစစ်၊ အတွင်း စာစစ်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
ရေးသားထုတ်ဝေမှု -  တက္ကသိုလ်ပြဋ္ဌာန်းစာအုပ် သုံးအုပ်နှင့် သင်္ချာဗဟုသုတဆိုင်ရာ စာတမ်းများ၊ ဆောင်းပါးများ ၃၀ ကျော် ပြုစုရေးသားခဲ့သည်။
အငြိမ်းစားယူမှု -  ဝန်ထမ်းမှတ်တမ်းအရ ၂၀၀၄ ခုနှစ်  ဇန်နဝါရီ  ၂၇ ရက်နေ့တွင် သက်ပြည့် အငြိမ်းစားယူရန်   အချိန်စေ့ရောက်ခဲ့သော်လည်း   နိုင်ငံတော်၏ လိုအပ်ချက်အရ နှစ်နှစ်တိုး၍ ဆက်လက်တာဝန်ပေးအပ်ခြင်းခံရသဖြင့်   လစာပြည့်ခွင့်   လေးလခံစားလျက် ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် သက်ပြည့်အငြိမ်းစား ယူခဲ့ပါသည်။