Skip to main content

ပါမောက္ခချုပ်ဦးခင်မောင်တင့် သို့မဟုတ် စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်

ရန်ကုန်တက္ကသိုလ်ကြီးကား သက်တမ်း နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီ။ ရန်ကုန်တက္ကသိုလ်  နှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ် စာပေ၊ ပန်းချီ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများအပြင် မြန်မာ့ရုပ်မြင်သံကြားမှ  တက္ကသိုလ် အလွမ်းပြေသီချင်း အပုဒ်ရေ တစ်ရာကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်လွှင့်ပေးခြင်းနှင့်  နေ့စဉ်ထုတ်လွှင့်ပေးခဲ့သလို  နိုင်ငံပိုင် သတင်းစာများကလည်း တက္ကသိုလ်အကြောင်း ဆောင်းပါးများကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ယနေ့တိုင် ဖတ်ရှုနေရ ဆဲဖြစ်ပါသည်။
ကျွန်တော်လည်း  အများနည်းတူ၊ အများ ကို အားကျ၍   တက္ကသိုလ်အကြောင်း အလွမ်း ပြေဆောင်းပါး   တစ်ပုဒ် တလေ   ရေးသားလိုခဲ့ သော်လည်း     ကျွန်တော်သည်     ရန်ကုန် တက္ကသိုလ်လက်အောက်ခံ  ပုသိမ်ကောလိပ် တွင်သာ  တက်ခဲ့ရသော ကျောင်းသားတစ်ဦး ဖြစ်သည့်အတွက်    အမှတ်တရအလွမ်းပြေ ရေးသားစရာအကြောင်းက  ရှာမရခဲ့ပါ။ ၁၉၇၃ ခုနှစ်က   ဓာတုဗေဒ   အဓိကဘာသာရပ်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီး မဟာသိပ္ပံတက်ရောက် ခွင့်   ရရှိခဲ့သဖြင့်   ရန်ကုန် တက္ကသိုလ်တွင် ဆက်လက်         တက်ရောက်ခဲ့သော်လည်း မှတ်မှတ်ရရဖြစ်စရာ  မကြုံတွေ့၊ မခံစားခဲ့ရပါ။
ထိုစဉ်က   မြန်မာနိုင်ငံအနေဖြင့်   ဓာတုဗေဒ အဓိကဘာသာရပ်လေးခုအပြင်    ဘာသာခွဲ များအတွက်ပါ   တစ်ဘာသာ လျှင် ပြဋ္ဌာန်းစာအုပ်နှစ်အုပ်သာရှိကြောင်းနှင့်   ထိုစာအုပ်များ ကို   တက္ကသိုလ်စာကြည့်တိုက်တွင်   ငှားရမ်း ဖတ်ရှုနိုင် ကြောင်း   သိရှိရပါသည်။ ထို့ကြောင့် စာအုပ်များငှားရမ်းဖတ်ရှုရန် စာကြည့်တိုက် သို့    သွားသောအခါတွင်လည်း    နေ့စဉ်ပင် မိန်းကလေးကျောင်းသူများက     အများစုဖြစ် နေပြီး   ကျွန်တော်တို့    ယောက်ျားလေးများမှာ အနားသို့ပင်   မကပ် နိုင်သဖြင့်   လက်လျှော့ခဲ့ရ ပါသည်။
ထို့အပြင်    စာသင်ချိန်မှာလည်း    ညနေ ၅ နာရီမှ ည ၈ နာရီ၊ ၉ နာရီခန့်အထိ  ဖြစ်သည့် အတွက်   ဗဟန်းရှိ ကြီးတော် အိမ်တွင်   နယ်မှ လာရောက်နေထိုင်ပြီး    ကျောင်းတက်ရသည့် ကျွန်တော့်အတွက်    (အိမ်အပြန်မိုးချုပ်ခြင်း သည်)  အဆင်မပြေလှပါ။  နောက်တစ်ချက်မှာ ကျွန်တော်၏   ဖခင်သည်      အစိုးရဝန်ထမ်း တစ်ဦးဖြစ်ပြီး  မကြာမီ ပင်စင် ယူတော့မည်ဖြစ် သည့်အတွက်   ကျွန်တော်၏   ကျောင်းဆက် တက်ရေးသည်လည်း  မရေရာ မသေချာလှပါ။ ထိုထို သော   အကြောင်းများကြောင့်   ရန်ကုန် တက္ကသိုလ်တွင်   ကျောင်းတက်ချင်လှသော ကျွန်တော်သည်   ကျွန်တော် ချစ်သော ရန်ကုန် တက္ကသိုလ်ကြီးကို    ဝမ်းနည်းကြေကွဲစွာဖြင့် ညမှောင်မှောင်တွင်   ကျောခိုင်းထွက်ခွာခဲ့ရပါ တော့ သည်။
အဆိုတော်ကြီး  ဆရာဦးမြသိန်း   သီဆိုခဲ့ သော ကြင်ကြင်နာနာ  ဆယ်ကမ္ဘာသီချင်း၏ “စိုးထိတ်မရွှင်  မောင်မနှင်ဘဲ  ပြန်သွားခဲ့ရရှာ သူရေ” ဟူသော သီချင်းစာသားမှာ ကိုယ့်ကို များ  ရည်ရွယ်လေသလားဟု ထင်မှတ်မှားပြီး ယနေ့တိုင်   ကျွန်တော်၏ ရင်ထဲတွင်   စူးရှစွာ တိုးဝင်ဆဲပင်ဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့် ရန်ကုန်တက္ကသိုလ် သည်   အမှတ်တရဖြစ်စရာအကြောင်းအရာ နည်းပါးသော်လည်း ရန်ကုန် တက္ကသိုလ် သည် ကိုယ့်အမိတက္ကသိုလ်သဖွယ်    စိတ်ထဲတွင် ရင်းနှီးကျွမ်းဝင်မှုရှိနေသည့်    အကြောင်းကို စဉ်းစား ကြည့်သောအခါ         တက္ကသိုလ် အကြောင်းကို  လွမ်းမောဖွယ်ရာ  တဖွဲ့တနွဲ့ ဖွဲ့ဆိုရေးသားကြသည့်    တက္ကသိုလ် စာရေး ဆရာတို့၏    တက္ကသိုလ်နောက်ခံ     အချစ် ဇာတ်လမ်းများကြောင့်ပင် ဖြစ်ပါသည်။
တက္ကသိုလ်ဘုန်းနိုင်
တက္ကသိုလ်အကြောင်း၊     တက္ကသိုလ် နောက်ခံ   အချစ်ဇာတ်လမ်းများအကြောင်း ရေးသားကြသည့် စာရေးဆရာ  အများအပြား ရှိပါသည်။           မိမိအမည်ရှေ့တွင်လည်း ‘တက္ကသိုလ်’   ဟူသော ဝေါဟာရကို   နာမ ဝိသေသနသဖွယ်  အထူးပြုကြသူများလည်း ရှိကြသည်။   ထိုသို့သော   ပုဂ္ဂိုလ်များထဲတွင် တက္ကသိုလ်ဘုန်းနိုင်ဟူသော       အမည်သည် အထူးထင်ရှားပြီး ထိုခေတ် ထိုအချိန်က ဆယ် ကျော်သက်အရွယ် အထက်တန်းကျောင်းသား ကျောင်းသူများ၊   တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် လူလတ်ပိုင်းအရွယ်များ၏ အသဲစွဲ အချစ်ဝတ္ထုများကို  ရေးသားသူအဖြစ် အထူးထင်ရှား  ကျော်ကြားခဲ့သူဖြစ်ပါသည်။ ထိုသူတို့မှာ   ယခုအခါ  အသက် ၅၀ ၊ ၆၀ နှင့် ၇၀ ကျော်အရွယ်များအထိ ရောက်ကုန်ကြပြီ ဖြစ်ပြီး   ယနေ့တိုင်   ဆရာကြီး၏    ဝတ္ထုဇာတ် လမ်းများကို  မမေ့နိုင်သေးကြပါ။ ယခုအချိန် တွင်လည်း     အချို့သော   ဆယ်ကျော်သက် အရွယ်တို့မှာ    ဆရာကြီး၏     ဝတ္ထုများကို နှစ်ခြိုက်စွဲလမ်းစွာ   ဖတ်ရှုနေကြပြီး    စာအုပ် များမှာလည်း       အကြိမ်ကြိမ်  ရိုက်နှိပ်နေရပါ သည်။
ထိုသို့ဖြစ်ရခြင်းမှာ ဆရာကြီး၏ ဝတ္ထုများ သည် လူ့ဘဝအဖြစ်အပျက်များနှင့် မကင်းကွာ ခြင်း၊ လူသားတိုင်း မရှောင်လွှဲနိုင်သည့် အချစ် နှင့်မကင်းကွာခြင်း၊   လူငယ်တို့၏  ဇွဲ၊ လုံ့လ၊ သတ္တိနှင့်ဝီရိယတို့ကိုဖော်ပြပြီး အခက်အခဲများ ကို     ကျော်လွှားစေနိုင်သည့်    စိတ်ဓာတ်ကို အခြေခံခြင်းနှင့် ဆေးပညာ၊ စိတ်ပညာ စသည့် ပညာဗဟုသုတကို  တိုးပွားစေခြင်း စသည်တို့ အပြင် စာအရေးအသားအဖွဲ့အနွဲ့ကောင်းခြင်း သည်လည်း      အကြောင်းရင်းတစ်ရပ်    ဖြစ်ပါ သည်။   ထို့အပြင်   ဆရာကြီးသည် စိတ်ပညာ ဆိုင်ရာ၊ လူမှုဘဝဆိုင်ရာ၊ အချစ်ဒဿနဆိုင်ရာ ၎င်း၏ကိုယ်ပိုင်ခံ ယူချက်     အတွေးအခေါ် စသည်တို့ကို ထည့်သွင်းရေးသားသဖြင့်လည်း ဆရာကြီး၏စာများသည်   တရှိုက်မက်မက် စွဲမက် စရာ များဖြစ်ရခြင်း  ဖြစ်ပါသည်။ ထို ခေတ်က   လူငယ်အများစုသည်   ဆရာကြီး၏ ဝတ္ထုဇာတ်လမ်းများပါ  စာသားများကို  မိမိတို့ ၏  မှတ်စုစာအုပ်များတွင်  ကူးယူထားကြပြီး ရည်းစားစာများ   ရေးသားကြရာတွင်   အများ ဆုံး  ထည့်သွင်းရေးသားကြပါသည်။
ဆရာကြီး၏   နာမည်အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ်ဖြစ်သည့် “သူငယ်ချင်းလို့ပဲ ဆက် ၍ ခေါ်မည်ခိုင်”  ဝတ္ထုထဲတွင်   ပါဝင်သည့် “ခိုင်နှင့်  ကျွန်တော့်ဘဝမှာမူ…  နှစ်လွှာပေါင်း မှ တစ်ရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ  ဖြစ်ခဲ့ရပါ၏။    တစ်လွှာကြွေပြီမင့်     တစ်ရွက် မမည်လေတော့သော    အထီးကျန်    ဤဘဝ ဝယ်…”    အစရှိသည့်    စာသားများ သည် ဆယ်ကျော်သက်အရွယ်များ၏ ရင်ထဲအသည်း ထဲ နှလုံးသားထဲအထိ  တိုးဝင်ခဲ့ပြီး  ထိုအရွယ် တို့၏စာအုပ် များအကြား  စွယ်တော်ရွက်များ ကနေရာယူကာ   အချို့စွယ်တော်ပင်များတွင် အရွက်ပင်  မကျန်တော့သည်အထိ    ဖြစ်ခဲ့ရ သည်ဟု ကြားသိခဲ့ရပါသည်။
ဆရာကြီး၏ အတ္ထုပ္ပတ္တိအကျဉ်း
ဆရာကြီးကို ၁၉၃၀ ပြည့်နှစ်  ဇန်နဝါရီလ က  ဖခင်ဦးထွန်းဖေ၊    မိခင် ဒေါ်ကြင်မေတို့က သန်လျင်မြို့၌     မွေးဖွားခဲ့သည်။   မွေးချင်း ငါးယောက်တွင် ဆရာကြီးမှာ   ဒုတိယမြောက် ဖြစ်ပြီး ငယ်မည်မောင်ဖေသိန်းဟု မှည့်ခေါ်ခဲ့ ကာ     အမည်ရင်းမှာ ဦးခင်မောင်တင့်   ဖြစ် သည်။     ဆရာကြီးသည်   သန်လျင်၊   တွံတေး၊ သုံးခွ၊ ထုံးဘို၊ ပေါင်းတည်  စသည့်မြို့များတွင်  မက်သဒစ်ကျောင်းများ၊   ဗုဒ္ဓဘာသာကျောင်း များ၊  အစိုးရကျောင်းများ  စသည်တို့၌ ပညာ သင်ကြားခဲ့ပြီး     တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၄၈ ခုနှစ်၌  အောင်မြင်ခဲ့သည်။ ထိုနှစ်၌ပင် ရန်ကုန်တက္ကသိုလ် တွင်  ဆရာအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ရင်း        ၁၉၅၅ ခုနှစ်တွင်  စိတ်ပညာဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို  ရရှိခဲ့ သည်။
ဆရာကြီးသည်    ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ   အမေရိကန်ပြည်ထောင်စု  နယူး ယောက်မြို့  ကိုလံဘီယာ တက္ကသိုလ်သို့ တက် ရောက်ခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
ဆရာကြီးသည် ၁၉၅၅ ခုနှစ်၌ မန္တလေး ယူနီဗာစီတီကောလိပ်   စိတ်ပညာဌာနမှူး၊ ၁၉၆၂-၁၉၇၂ ခုနှစ်တွင်  တောင်ကြီးကောလိပ် ကျောင်းအုပ်ကြီး၊    ၁၉၇၂-၁၉၇၇ ခုနှစ်တွင် ပုသိမ်ကောလိပ်ကျောင်းအုပ်ကြီး၊   ၁၉၇၇-၁၉၈၅ ခုနှစ်တွင်   မော်လမြိုင်ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးအဖြစ်    တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင်    အဆင့်တိုးမြှင့်လိုက် သော    မော်လမြိုင်တက္ကသိုလ်တွင်   ဒုတိယ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၈၈  ခုနှစ်တွင်        ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်     ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သည်။
ပညာရေးတက္ကသိုလ်တွင်    တာဝန်ထမ်း ဆောင်နေစဉ်   ၁၉၈၈ ခုနှစ်   အရေးတော်ပုံ ကာလနှင့်  ကြုံတွေ့ခဲ့ရာ   ဒီမိုကရေစီ အရေး တောင်းဆိုမှုတွင်    ပါဝင်ခဲ့သည်ဟုဆိုကာ နဝတအစိုးရက အငြိမ်းစားပေးခြင်းကို ခံခဲ့ရပါ သည်။
ကျွန်တော်နှင့် ဆရာကြီး  တက္ကသိုလ်ဘုန်းနိုင်
ကျွန်တော်တို့   ပုသိမ်ကောလိပ်သို့ စတင် တက်ရောက်စဉ် (၁၉၆၉-၁၉၇၀) က နှစ်နှစ် သာ   တက်ရောက်ရသည့်   ဥပစာကောလိပ် အဆင့်သာဖြစ်ပါသည်။   ထို့ကြောင့် နှစ်နှစ် တက်ပြီးလျှင် တတိယနှစ်သို့ရောက်သောအခါ ရန်ကုန် တက္ကသိုလ်သို့   ပြောင်းရွှေ့သင်ကြား ရလိမ့်မည်ဟုသာ   ပုံသေမှတ်ယူထားကြပါ သည်။    သို့သော်   ဘဝဆိုသည်မှာ  ထင်သလို ဖြစ်မလာတတ်ဟူသော    သဘောတရား အတိုင်း   ကျွန်တော်တို့ရှေ့က   အတန်းသည် ဒုတိယနှစ် ပြီးသောအခါ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့သင်ကြားခြင်းမပြုရဘဲ     ပုသိမ် ကောလိပ်၌ပင်   တတိယနှစ်နှင့်   စတုတ္ထနှစ်ကို ဆက်လက်တက်ရောက်ခဲ့ရပါသည်။    ပုသိမ် ကောလိပ်ကိုလည်း   ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်လိုက်ရာ ရန်ကုန် တက္ကသိုလ်သို့ ပြောင်းရွှေ့သင်ကြားချင်သည့် ကျွန်တော်တို့၏ အိပ်မက်မှာလည်း ပျက်ပြယ်ခဲ့ရပါတော့သည်။
သို့ရာတွင်   ကျွန်တော်တို့၏ကျောင်းသို့ ကျောင်းအုပ်ကြီး     ဦးခင်မောင်တင့်ဆိုသူ ပြောင်းရွှေ့ရောက်ရှိလာမည့်          အကြောင်း၊ ဦးခင်မောင်တင့်ဆိုသူမှာ  နာမည်ကြီးစာရေး ဆရာ တက္ကသိုလ်ဘုန်းနိုင် ဖြစ်သည့်အကြောင်း ကြားသိ လိုက်ရရာ    ရန်ကုန်သို့မပြောင်းရ  သည့်    ကျွန်တော်တို့မှာ        စိတ်ဖြေစရာတစ်ခု  ဖြစ်ခဲ့ရပါသည်။          အဘယ် ကြောင့် ဆိုသော်  စာရေးဆရာ   တက္ကသိုလ်ဘုန်းနိုင်ဆိုသူမှာ ကျွန်တော်တို့       အထက်တန်းကျောင်းသား ဘဝကပင်    သူ့စာအုပ် များကို     ဖတ်ရှုရာမှစွဲလမ်းနှစ်ခြိုက်ခဲ့ရသည့်    စာရေးဆရာကြီး  တစ်ဦးဖြစ်သည့်အတွက်ကြောင့်ပင်   ဖြစ်ပါ သည်။   သူ့စာအုပ်ထဲမှ  ဇာတ်ကောင်များ ဖြစ်သည့် ‘မောင်’ နှင့် ‘မောင်နှင်းငွေ’  တို့၏ နေရာတွင်   အစားဝင် ကြည့်မိသည်မှာလည်း အကြိမ်များစွာ။
ဆရာကြီးကိုလည်း     ကျွန်တော်တို့က သူ့ဝတ္ထုများထဲမှ  ဇာတ်ကောင်များလို ဖြူဖြူ သွယ်သွယ် ဖြစ်လိမ့်မည်ဟု   ထင်မြင်ယူဆထားခဲ့သည်။ ဆရာကြီး၏အိမ်မှာ  ကျွန်တော် တို့ အဆောင်မှ ကျောင်းသို့ သွားရာလမ်းတွင်ရှိ သည့် အတွက်  ဆရာကြီး၏ အိမ်ရှေ့သို့ ဖြတ်သွားတိုင်း  မြင်ရလိုမြင်ရငြား  စောင်းငဲ့ကြည့်ရှု ရသည်မှာလည်း   အမောတကော ပင်။  တွေ့မယ့်တွေ့တော့လည်း    ဘာသာရပ်တစ်ခု၏ မောင်မယ်သစ်လွင်        ကြိုဆိုပွဲတွင်ဖြစ် သည်။    တွေ့လိုက်ရသည့် အခါ        ဆရာကြီးမှာ ကျွန်တော်  ကြိုတင်တွေးမြင်ယူဆထားသလို ဖြူဖြူသွယ်သွယ်   မဟုတ်ဘဲ    အရပ်ခပ်ပျပ် ပျပ်၊    အသားညိုညို၊    အသံသြဇာကောင်း ကောင်းနှင့်ဖြစ်သည်ကို   တွေ့ရသည်။  ထိုစဉ် က   မောင်မယ်သစ်လွင်  ကြိုဆိုပွဲများတွင် ဘာသာရပ်တိုင်းက  ဆရာကြီးကို  ဟောပြော ပေးရန် မေတ္တာရပ်ခံသည့်အတွက်  ဆရာကြီး က  လိုက်၍ ဟောပြောပေးခြင်းပင်ဖြစ်သည်။ ဆရာကြီးဟောပြောပေးသည့်အတွက် သက် ဆိုင်ရာ   ဘာသာရပ်မိသားစုဝင်များသာမက အခြားသော ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ လာရောက်နား ထောင်ကြ ရာ   ခန်းမဘေးဝဲယာ စင်္ကြံလမ်းတွင်သာမက ပြင်ပသို့ပင် လျှံထွက်နေပါသည်။
ဆရာကြီး ကား   မိမိသင်ယူလေ့လာခဲ့ရာ စိတ်ပညာဘာသာရပ်ကိုသာမက    ဘာသာ ပေါင်းစုံကို   ထဲထဲဝင်ဝင်  လေ့လာ ထား သူဖြစ် ကြောင်း   သူ့မိန့်ခွန်းများ   နားထောင်ရသည့် အခါ  သိသာလှပါသည်။   ရူပဗေဒအကြောင်း ပြောမလား၊    ဓာတုဗေဒအကြောင်း    ပြော မလား၊   ရုက္ခဗေဒအကြောင်း  ပြောမလား၊ ဆရာကြီးက   အကုန်ရပါသည်။ မြန်မာစာပေ အပါအဝင် ဗဟုသုတများစွာရှိသူဖြစ်ပြီး အဆို အပြောအဟော အထူးကောင်းမွန်သူတစ်ဦး ဖြစ်ပါသည်။ တစ်ခါတစ်ရံ သီချင်းလေးတဟဲဟဲ နှင့်     ပြောသွား၊ ဟောသွားသည်မှာလည်း ကျောင်းသား ကျောင်းသူများက တဝါးဝါးရယ် လိုက်ကြ၊ ငြိမ်ကျသွားလိုက်နှင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် ရသမျိုးစုံကို  ခံစားလိုက် ရသည့်နှယ် ဖြစ်ပါသည်။
မှတ်မှတ်ရရ   ဟောပြောပွဲတစ်ခုတွင် ဆရာကြီးပြောသွားသည်ကို        ပြန်လည် ဖောက်သည်ချချင်ပါသည်။   ဆရာကြီး က ယခုခေတ်  ရည်းစားစာပေးသည့်အကြောင်း၊ ရည်းစားစကား   ပြောသည့်အကြောင်းနှင့်    စပ်လျဉ်း၍    ပြောရာ တွင်   “ကျွန်တော်တို့ ခေတ်ကတော့      ရည်းစားစကား   ပြောရင်-     ချစ်သမျှ…ကို        မြင်းမိုရ်ရွှေတောင်လုံး သာပ- ဆိုပြီး တော့ ကိုယ့်အချစ်ကို     မြင်းမိုရ် တောင်နဲ့   နှိုင်းယှဉ်ပြီး   ဆိုကြတယ်လေ။    အခုခေတ်များဆိုရင်တော့   ‘ချစ်သမျှ’နဲ့  ‘ကို’   အကြား   ဆွဲဆွဲငင်ငင်ဆိုတဲ့     ကာလအတွင်း မှာ    ညားကြပြီး   ကလေးတွေတောင်   မွေးပြီး လောက်ပါပြီ။  အခုခေတ်က   ဒုံးပျံခေတ်၊    ဂြိုဟ်တုခေတ်ဆိုတော့     “နင့်ကို ငါချစ်တယ်၊   နင်ငါ့ကို ချစ်မလား” လို့     ဆိုလိုက်တာနဲ့     ပွဲက အားလုံးပြီးသွားတာပဲ”    ဟု ဆိုကာ  ထိုခေတ်က   နာမည်ကြီးခါစ    မင်းမင်းလတ် အသံမျိုး နှင့်  ဟန်ပါပါ အမူအရာနှင့်    ဆိုလိုက် ရာ      အားလုံးပွဲကျသွားပြီး    လက်ခုပ်သံများ   ညံမစဲဖြစ်သွားပါတော့သည်။
ကျွန်တော့်မှာ    တတိယနှစ်   တစ်နှစ်လုံး တွင်   ဆရာကြီးဟောပြောသည့်   ဟောပြော ပွဲများကို   လိုက်လံနားထောင်နေသော်လည်း ဆရာကြီးနှင့်     နီးနီးကပ်ကပ်တွေ့ဆုံခွင့်၊ စကားပြောဆိုခွင့်    မရရှိခဲ့ပါ။    သို့သော် ကံကောင်းအကြောင်းလှခဲ့သဖြင့် နောက်ဆုံး နှစ်တွင် ဆရာကြီးနှင့် တွေ့ဆုံစကားပြောခွင့် ရရှိခဲ့ပါသည်။ ထိုနှစ်က ၁၉၇၃ ခုနှစ် ဖြစ်ပါ သည်။ ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင်    ကျရောက်သော   (၂၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  Post Card ထုတ်ဝေရန်အတွက်  ပြိုင်ပွဲတစ်ခုပြုလုပ်ရာ ကျွန်တော်  ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး    ကျွန်တော် ရေးဆွဲသည့်ပုံမှာ   ရွေးချယ်ခြင်းခံခဲ့ရပါသည်။ (ဆရာကြီးကိုယ်တိုင်  ရွေးချယ်သည်ဟု သိရှိ ရပါသည်)။ အဆိုပါ Post Card ကို ပုံနှိပ်ထုတ် ဝေရန်အတွက် စီစဉ်ကြသောအခါ Post Card ၏ ကျောဘက်တွင် ဆရာကြီး၏ ကဗျာတစ်ပုဒ် ထည့်သွင်းဖော်ပြရန်    သဘောတူကြသဖြင့် ဆရာကြီးထံ   သွားရောက်တင်ပြရန်အတွက် ပုသိမ်ကောလိပ်     တိုင်းရင်းသားလူမျိုးများ စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကျွန်တော့် အား တာဝန်ပေးသည့် အတွက်   ကျွန်တော်က ဆရာကြီးထံ  သွားရောက်တင်ပြရာ  ဆရာကြီး က  အလွယ်တကူပင်လက်ခံပြီး ချက်ချင်းပင် အောက်ဖော်ပြပါ ကဗျာကို ရေးစပ်၍ ပြန်လည် ပေးလိုက်ပါသည်-
ရှေ့သို့တလီ
 * ညီညွတ်၍   ဟိုတခါ၊   ကိုယ့်ကြမ္မာ ကိုယ်ပိုင်ခြင်း၊
 * အသစ်တဲ့ဖွဲ့စည်းပုံ၊   ပြည့်စုံအောင် သည်  ယနေ့၊   ထပ်၍  ဖန်ဆင်းဟူ၍ ဖြစ်ပါသည်။
(ထိုစဉ်က ၁၉၇၄ ခုနှစ်     ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို     အတည်ပြုပြဋ္ဌာန်းရန် အတွက် ဆောင်ရွက်နေသည့် အချိန်အခါဖြစ်၍ အချိန်ကိုက်  အခါကိုက်   ရေးဖွဲ့ပေးခြင်းဖြစ်ပါ သည်)။
ဆရာကြီးက ကဗျာတစ်ပုဒ်ကိုလက်တန်း ရေးဖွဲ့ပေးလိုက်သောအချိန်မှာ      ခဏတာ အတွင်းဖြစ်သော်လည်း ဆရာကြီး၏ သြဝါဒ ကိုခံယူရသည်ကား    အချိန်တစ်နာရီခွဲခန့် ကြာမြင့်ပါသည်။  ထိုတစ်နာရီခွဲခန့်အချိန်သည် ကျွန်တော့်အတွက်    ဆယ်မိနစ်၊   ဆယ့်ငါး မိနစ်ခန့် သာကြာသည်ဟု ထင်လိုက်ရပါသည်။ ဆရာကြီးက    စကားပြောကောင်းလွန်း၍ ပြီးသွားမည်ကိုပင်      စိုးရိမ်နေပါသည်။ ဆရာကြီးပြောသည့်စကားများထဲတွင်  ဗုဒ္ဓ ဘာသာ အကြောင်းလည်းပါသည်။ ကွန်မြူနစ် စနစ်အကြောင်းလည်းပါသည်။    ဆန့်ကျင် ဘက် အကြောင်းအရာနှစ်ခုကို   ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ်ပြောသွားသော ဆရာကြီး ကို     ထိုအချိန်က    အထင်ကြီးမိသည်လား၊ လေးစား မိသည်လား   မပြောတတ်တော့ပါ။ ဒုတိယအကြိမ်  တွေ့ဆုံဖြစ်သည်ကား ပို့စ်ကတ်များ     ရိုက်နှိပ်ပြီးစီး သည့်အခါ   ဆရာကြီး     လိုရာသုံးရအောင်   ဆရာကြီးထံ သွားရောက်ပေးအပ်စဉ်က     ဖြစ်ပါသည်။ ထိုစဉ်က ညနေဘက်အချိန် အိမ်သို့သွားရောက် ပေးအပ်ခြင်း    ဖြစ်ပါသည်။   ကျွန်တော်က ကျွန်တော့်လက်ရာ   ပို့စ်ကတ်ကို   လက်မှတ် ရေးထိုး၍ ဆရာကြီးအား  လက်ဆောင်ပေးခဲ့ သလို ဆရာကြီးကလည်း သူ့ကဗျာပါသည့် အတွက်   ပို့စ်ကတ်တစ်ခုကို   သူကိုယ်တိုင် လက်မှတ်ထိုး၍ ကျွန်တော့်ကို  လက်ဆောင် ပြန်ပေးပါသည်။ (ထိုပို့စ်ကတ်မှာ ဝန်ထမ်း ဘဝပြောင်းရင်း ရွှေ့ရင်း    ပျောက်ဆုံးသွား သဖြင့်   ကျွန်တော့်မှာ   အဖိုးတန်ရတနာ ပျောက်ဆုံးသည်ထက်ပို၍        နှမြောတသ ယူကျုံး မရ ဖြစ်ရပါသည်)။
ထိုညကလည်း  ဆရာကြီး၏ ပြောစကား များမှာ    အချိန်တော်တော်ကြာသည်အထိ နားထဲက မထွက်ပါ။ အထူးသဖြင့် သူ့ဇာတ် ကောင်များအကြောင်း ဆရာကြီးကပြောပြပါ သည်။ ထိုအထဲမှ မှတ်မှတ်သားသား မှတ်သား စရာကောင်းသည့် အကြောင်းအရာ တစ်ခုမှာ “ညီမလေးရယ်စိုးရိမ်မိတယ်” ဝတ္ထုဇာတ် ကြောင်းဖြစ်ပြီး ဆရာကြီးက “ဆရာ ဒီဝတ္ထုကို ရေးပြီး သိပ်မကြိုက်တာနဲ့  ဒီအတိုင်းပစ်ထား မိတယ်။ အဲဒါကို   ဆရာ့ဇနီးက တွေ့သွားပြီး ဒီလောက်ကောင်းတဲ့ဝတ္ထုကို ရှင်ကဘာဖြစ်လို့ ပစ်ထားရတာလဲဆိုပြီး        အဲဒီဝတ္ထုကို ထုတ်ခိုင်းပါတယ်။   ထုတ်လိုက်တဲ့အခါ   အဲဒီ ဝတ္ထုက    တော်တော်လေး အောင်မြင်သွားပါ တယ်။   လူတွေက   ဆရာ့ကို   တော်တယ်လို့ ပြောကြတယ်။   တကယ်တော့ ဆရာ့ဇနီးက ဆရာ့ထက်ပိုတော်တာပါ” ဆိုသည့်  ပြောဆို ချက်ပင် ဖြစ်ပါသည်။
တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုများ
ဆရာကြီး        တက္ကသိုလ်ဘုန်းနိုင်သည် အချစ်ဝတ္ထု၊   ဘဝသရုပ်ဖော်ဝတ္ထု၊ မြန်မာ စာပေဆိုင်ရာ၊   စိတ်ပညာဆိုင်ရာ     စာပေ အမျိုးအစားများကို   ရေးသားခဲ့သော်လည်း အစောပိုင်းကာလများတွင်    ဆရာ့ကို  အချစ် ဝတ္ထုရေးဆရာ အဖြစ်    လူသိများခဲ့ပါသည်။ ဆရာ ရေးသော ဝတ္ထုများမှာ အချစ်ဝတ္ထုဟုသာ အမည်တပ်သော်လည်း     အမှန်တ ကယ်မှာ အချို့သော   အချစ်ဝတ္ထုများကဲ့သို့   သာမန် ချစ်ကြိုက်ကွဲညား     အသည်းကွဲဝတ္ထုများကဲ့သို့ မဟုတ်ဘဲ   အချစ် ၏ သဘောတရား၊ အချစ်၏ ဒဿန၊ ဘဝ၏သဘောတရား  အတွေးအခေါ် များစွာပါဝင်ပြီး  လူငယ်များအတွက်  စိတ်ကူး ယဉ်သက်သက် မဟုတ်ဘဲ  အားကျစရာ၊ အတု ယူစရာ၊  သင်ခန်းစာများ   များစွာပါဝင်သော ဝတ္ထုများ ဖြစ်ပါသည်။
ဆရာကြီးသည်   ၁၉၄၉ ခုနှစ်က ‘ဒွိဟ’ အမည်ရှိကဗျာဖြင့် ရှုမဝမဂ္ဂဇင်းမှစ၍ စာပေ နယ်သို့   စတင်ဝင်ရောက်ခဲ့ပြီး   ဆရာကြီး ရေးသားထုတ်ဝေခဲ့သော      ဝတ္ထုများမှာ- ညီမလေးရယ်  စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန် မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊  မိုးညအိပ်မက်မြူ (၁၉၆၂)၊   ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦး မည့် ကျွန်တော့်မြေ (၁၉၆၃)၊   မောင့်ဘဝည အလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက် ၍ ခေါ်မည်ခိုင် (၁၉၆၄)၊  ချစ်သောဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေးမဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန်ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊  ဝသန်လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူမရွှေထား (၁၉၇၁)၊ နှင်း ငွေတစ်ထောင့် မိုးတစ်မှောင့် (၁၉၇၂)၊ ကိုယ့် အလှ  ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈၀)၊  မိုးတွေရွာမှဖြင့်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉၀)၊  ချစ်သူအိမ်     အမိုးဝယ်လပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည်လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅) စသည်တို့ ဖြစ်ပါသည်။
ထို့အပြင် ထင်ရှားသည့်  မဂ္ဂဇင်းဝတ္ထုရှည် များမှာ  နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ် လေဦး (၁၉၈၈)၊ ရေပင်လယ်နှင့် ငွေစင်ကြယ် (၁၉၅၈)၊   တန်ခူးလေနှင့် လျှောတော့သည် (၁၉၆၁)၊   ပိတောက်နှင့်ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာမိခင် (၁၉၆၃)တို့  ဖြစ်ကြ သည်။ ယင်းတို့ကိုလည်းစုစည်း၍   စာအုပ် အဖြစ် ထုတ်ဝေခဲ့ပါသည်။  ဆရာကြီးရေးသား ခဲ့သည့်စာအုပ်များအနက်  သူ့ကျွန် မခံပြီကို  ရုရှားဘာသာဖြင့်လည်းကောင်း၊   စွန့်ခွာရ သည့်     နွေညများကို        တရုတ်ဘာသာဖြင့် လည်းကောင်း၊     သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်ကို   ဟင်ဒီဘာသာသို့   လည်း ကောင်း ပြန်ဆိုခဲ့ကြပြီး    မိုးညအိပ်မက်မြူ စာအုပ်ကို ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်၊ မြန်မာစာဌာနတွင် ၁၉၇၂ ခုနှစ်တွင် ပြဋ္ဌာန်း စာအုပ်အဖြစ်   သတ်မှတ်ခဲ့သည်။  အချို့ဝတ္ထု များကို ကိုယ်တိုင်ဇာတ်ညွှန်းရေးသားခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး၏ “နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်”  ဝတ္ထုသည် ၁၉၇၂ ခုနှစ်၌ အမျိုး သားစာပေဆု ရရှိခဲ့သည်။  ဆရာကြီး၏ဝတ္ထု များအနက်     ဆယ်ပုဒ်ခန့်ကို   ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီး ငါးပုဒ်ကို ဗီဒီယိုအဖြစ် ရိုက်ကူး ခဲ့သည်။ ထိုရုပ်ရှင်များအနက်   ‘တပြည်သူ မရွှေထား၊ မိုးညအိပ်မက်မြူနှင့်  သူ့ကျွန်မခံပြီ’ စသော ဇာတ်ကားတို့တွင် အကယ်ဒမီ ဆုများ ရရှိခဲ့သည်။
တက္ကသိုလ်ဘုန်းနိုင်၏ အခြားစာအုပ်များနှင့် သီချင်းများ
ဆရာကြီး    တက္ကသိုလ်ဘုန်းနိုင်သည် အချစ်ဝတ္ထုများကိုသာမက    စာပေသဘော တရားနှင့်  အတွေးအမြင်ဆိုင်ရာ  စာတမ်းနှင့် စာအုပ်များကိုလည်း       ရေးသားခဲ့သည်။ ဆရာကြီးရေးသားခဲ့သော  စာပေသဘော တရားစာအုပ်များမှာ     ဘုန်းနိုင်အတွေး ဘုန်းနိုင်အမြင် (၁၉၇၇)၊ ဝတ္ထုရှည်ဟူသည် (ဝတ္ထုရှည်စာတမ်းများ၊ စာပေဗိမာန်-၁၉၈၁)၊ ခပ်သိမ်း ကလျာ ရှုဖွယ်သာတည်း (၁၉၉၄)၊ အမြင့်သို့အာရုံညွန့်တက်ခြင်း (၂၀၀၂) နှင့် လီရာနာ၊ ဂင်္ဂါ၊ ဧရာဝတီနှင့် ကဗျာ၏ သင်္ခါရ နှင့်နိယာမ  စသည်တို့ဖြစ်ပြီး  အတွေးအမြင် စာတမ်းများအဖြစ်  ပညာရဲ့သဘော၊  ပန်ဒိုရာ အိုးပွင့်ပြီး ဟားပီးစ်တို့ ပျံသန်းချိန်နှင့် အိုင်ကျူ မည်မျှပုံ၍  ယုံရမည်နည်း  စသည်တို့ ဖြစ်ကြ သည်။ ဆရာကြီးသည် စာပေ၊ ဝတ္ထုနှင့် ကဗျာ ကိုသာမက   သီချင်းများကိုလည်း   ကိုယ်တိုင် ရေးသားခဲ့သည်။   အချို့ဇာတ်ဝင်သီချင်းများ မှာ  ဆရာကြီးကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်သည်။  ဆရာကြီး၏  သီချင်းများကို အများ ဆုံး သီဆိုပေးခဲ့သူမှာ ရေနံ့သာစိုးလှိုင်ဖြစ်ပြီး ကမ္ဘာကုန် ကျယ်သရွေ့ဝယ် သီချင်းမှာ နာမည် ကြီးပါသည်။
ဆရာကြီး၏ အတွေးအခေါ်အချို့
ဆရာကြီး၏စာများတွင်    အချစ်နှင့် ပတ်သက်၍လည်းကောင်း၊ ဘဝနှင့်ပတ်သက် ၍ လည်းကောင်း၊    စာပေနှင့် ပတ်သက်၍ လည်းကောင်း     ကိုယ်ပိုင်အတွေးအခေါ် အယူအဆများကို     ထည့်သွင်းရေးသားလေ့ ရှိပါသည်။   လူငယ်လူကြီး   စာဖတ်ပရိသတ် များအနေဖြင့်      အဆိုပါအယူအဆများကို မှတ်သားထားကြပြီး   မိမိတို့ရေးသားသော စာများတွင်   မှီငြမ်းပြုဖော်ပြကြသည်ကိုလည်း တွေ့မြင်ရပါသည်။
အဆိုပါအတွေးအမြင်များအနက် အချို့ ကို ကောက်နုတ်ဖော်ပြအပ်ပါသည်-
- သစ္စာ
ငါ့စာဖတ်၍ မမြတ်တိုင်စေ မရှုံးစေသား၊
ပျင်းပြေနှစ်ချိုက် တွေးဖွယ်ထိုက်ရာ၊
တစ်ပိုဒ်တလေ  တွေ့ငြားပေမူ၊
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊
ငါအမွန်အမြတ် ငါအတတ်ဟု၊
စာဖတ်သူပေါ် ခေါင်းကိုကျော်၍
ငါသော်ဆရာ မလုပ်ပါတည်း……၊
- ချစ်တာနဲ့ မခွဲရဘူးလို့ ဒီလူမှုလောက ကြီးက သဘောကောင်း၊ မနောကောင်းစွာနဲ့ ဥပဒေတစ်ရပ်  ချပေးထားတာမှမဟုတ်ပဲ။ ချစ်လျက်နဲ့ခွဲရတာဟာ    မချစ်ပဲနဲ့ပေါင်းရတာ ထက်   ဒီလောကကြီးမှာ ပိုများပါတယ်…။
- ဘဝတစ်ကွေ့မှာ အစိုးမရလို့ ဖြစ်ပျက် ခဲ့ပေမယ့်၊   ဟောင်းနွမ်းပြီး   အရာမရောက် တော့တဲ့    အကြောင်းတစ်ခုဟာ   ပစ္စုပ္ပန်ရဲ့ ကောင်းကျိုးဆိုးကျိုးကို    လာမပေးစေသင့် တော့ဘူး(ညီမလေးရယ် စိုးရိမ်မိတယ်)…။
- အတိတ်ဆိုတာဟာ လွမ်းစရာကောင်း ပေမယ့် မပိုင်နိုင်တော့တဲ့တရား မဟုတ်လား (သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်)…။
- ငါ့စိတ်ကို ငါမလှည့်စားပါဘူး...ပြီးတာ တွေပြီးပြီ-  အဲဒီအချက်ကို တည့်တည့်လက် ခံပြီး     ဘဝမှာ  တည့်တည့်နေရမယ် (လေရူး သည်စာမတတ်ပါ)…။
- ပညာတတ်တစ်ယောက်ဖြစ်ဖို့ထက် မိမိကိုယ်ကိုမလိမ်လည်ခြင်း၊ မိမိစိတ်သန္တာန် အတိုင်း အရှိကိုအရှိအတိုင်း  မထောက်မညှာ ကြည့်နိုင်ဖို့က     သိပ်ခက်တယ်   (ပညာရဲ့ သဘော)…။
- အချိန်က   စိတ်ဝင်စားစရာကောင်း ပါတယ်…သူက သူနဲ့အတူ ရုပ်သိမ်းသယ်ယူ သွားတာတွေတော့  ရှိပါတယ်... အဲဒီအတွက် တော့ လွမ်းစရာပေါ့ကွာ… ဒါပေမယ့် သူချန် ထားရစ်ခဲ့တာတွေလည်းရှိတယ် (မျက်ရည် လောကများ ၏ဟိုမှာဘက်)…။
- ဘယ်အပင်က ပန်းကိုမှ မခူးကြစေချင် ဘူး၊ ပန်းတွေအပင်တွေက လောကကို အလှ ဆင်တယ်ကွယ်၊ လူဆိုတာ အလှတရားကို မဖျက်ဆီးရဘူး    (လေရူးသည်   စာမတတ် ပါ)…။
- လိုချင်သောအကျိုး၊ သည်အကျိုးကို ရဖို့က လေ့ကျင့်ရမည်။  ခန္ဓာကိုယ်နှင့်ချည်း လေ့ကျင့်၍မရ။ စိတ်ကို ထိန်းချုပ်စေခိုင်းပြီး လေ့ကျင့်ရသည်။   သတိ၊ ပညာ၊ ဉာဏ်နှင့် လိုအပ်သော ကာယကံမှုအကျိုး။ သူတစ်ပါးကို မနိုင်ချင်ပါ။      မတရားလည်း   မလုပ်ချင်ပါ။ ကိုယ့်ကိုယ်ကိုယ်သာ  နိုင်လိုသည်။   ကာယကံ၊ ဝစီကံမှု    အားလုံး အပေါ်မှာ   သတိ၊  ပညာ တို့နှင့်   နိုင်လိုသည် (လေရူးသည်   စာမတတ် ပါ)….။
- အချစ်ဆိုတာဟာ      သတ်ပစ်လို့မရဘူး၊ မေ့ပစ်လို့လည်းမရဘူး၊ မရှိချင် ယောင်ဆောင် လှည့်စားထားလို့ပဲ ရတယ်…။
- သံယောဇဉ်ဆိုတာကို ဖြတ်ပါမယ်ဆိုမှ တိုးတိုးလာတယ်၊   သံသရာကို   ကြောက် မိအောင်ကြိုးစားပါမှ   ဘဝဟာမက်ဖို့   ပိုပို ကောင်းလာတယ် (သူငယ်ချင်းလို့ပဲ  ဆက်၍ ခေါ်မည်ခိုင်)…။
ဆရာကြီး၏  အတွေးအခေါ်၊   အရေး အသား၊ အနုအရွများကား ရေးသားဖော်ပြရ လျှင် သီးခြားစာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်သွား နိုင်သည်။ ထို့ကြောင့် ဤရွေ့ဤမျှပင် ဖော်ပြ လိုက်ရပါသည်။  ဆရာကြီးသည်  လူငယ်တို့ အတွက်၊    လူသားများအတွက်   သူလိမ္မာ ကျွမ်းကျင်ရာ    အနုပညာအလုပ်ဖြစ်သည့် စာပေရေးသားခြင်းဖြင့် ကောင်းကျိုး ပြုရင်း ၂၀၀၂ ခုနှစ် မေလ ၂ ရက်နေ့က သန်လျင်မြို့ တွင် ဘဝတစ်ပါးသို့  ကူးပြောင်းရောက်ရှိသွား ပါပြီ။ ဆရာကြီးသည် လူပင်သေသော်လည်း နာမည်မသေသည့် လူစားများတွင် အပါအဝင် ဖြစ်ပါသည်။
ဆရာကြီး၏ ကောင်းမွန်သောစိတ်ထား၊ လူသားအကျိုးပြုဆောင်ရွက်မှုများကြောင့် ကောင်းရာမွန်ရာ ဘုံဘဝတွင်  ရောက်ရှိနေ လိမ့်မည်ဟု မျှော်လင့်ပါသည်။  ဆရာကြီး သည် ရောက်ရှိရာဘဝတွင် ထူးခြားကောင်းမွန် ၍   ရသမြောက်သော       စာပေများကို  ဖန်တီးရေးသားနေမည်ဟု      မျှော်လင့်ပါ သည်။
ရန်ကုန် တက္ကသိုလ် နှစ်တစ်ရာပြည့် အခါသမယတွင်     ရန်ကုန်တက္ကသိုလ်၏ ငယ်မွေးခြံပေါက်၊       ရန်ကုန် တက္ကသိုလ် လက်အောက်ခံ      ဒီဂရီကောလိပ်များတွင်   ဌာနမှူး၊   ကျောင်းအုပ်ကြီးနှင့်       ပညာရေး တက္ကသိုလ်     ပါမောက္ခချုပ် အဖြစ် အဆင့်ဆင့် တာဝန်ယူထမ်းဆောင်ခဲ့သည့်    ဆရာကြီး ဦးခင်မောင်တင့်  သို့မဟုတ်      စာရေးဆရာကြီး      တက္ကသိုလ်ဘုန်းနိုင်ကို       ဤဆောင်းပါးဖြင့်       ဂုဏ်ပြုလိုက်ရပါသည်...။      ။
ကိုးကား
ဤဆောင်ပါးပါ ခုနှစ်၊ သက္ကရာဇ်များနှင့် ဆရာကြီးရေးသားခဲ့သော   စာအုပ်များ စာရင်းကို Wikipidea မှ  ရယူပါသည်။  

သိန်းထက်အောင်

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
---------------------------------
- အမည်ရင်း   ဦးအောင်သိန်းညွန့်
- မိဘအမည်       ဦးလှအောင်၊ ဒေါ်ခင်မြင့်မြင့်၊
- မွေးဖွားသည့်ခုနှစ်   ၁၉၄၉ ခုနှစ် သြဂုတ်လ ၅ ရက်၊
- မွေးဖွားရာဒေသ မန္တလေးမြို့၊
- အလုပ်အကိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး (အငြိမ်းစား) ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊
- မြို့နယ်ပေါင်း ၁၂ မြို့နယ်နှင့် ခရိုင် ၃ ခရိုင်တို့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။   စာပေရေးသားခြင်း၊ လွန်ခဲ့သည့် အနှစ် ၃၀ ကျော်ခန့်က သုတပဒေသာ       စာစောင်တွင် ဘာသာပြန်ဆောင်းပါး ၅ ပုဒ်ခန့် ရေးသားခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ The VOICE  Weekly Journal, The Yangon Time Journal, The POLITICs Journal , DEMOCRACY Today          သတင်းစာတို့တွင် ဆောင်းပါးများရေးသားခဲ့သည်။
- ယခုအခါ    The VOICE Daily သတင်းစာနှင့် WEEKLY HEADL-INE Journal တို့တွင်  အပတ်စဉ် ဆောင်းပါးများ    ရေးသားလျက် ရှိပါသည်။