ရာပြည့်တက္ကသိုလ်နှင့် ဘဝတစ်ကွေ့ အမှတ်တရများ
တက္ကသိုလ်ရိပ်သာလမ်းဘက်ခြမ်း ရန်ကုန်တက္ကသိုလ် ဂိတ်ပေါက်ဝမှ ဝင်လိုက်သည်နှင့် အဓိပတိလမ်း၏ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်ရှိ အုံ့အုံ့ဆိုင်းဆိုင်း စိမ်းစိမ်းစိုစို သစ်ပင်ကြီးများနှင့် မျက်စိတဆုံး တွေ့မြင်နေရသော အဓိပတိလမ်းအဆုံးတွင် ဘွဲ့နှင်းသဘင်ခန်းမကြီးက တင့်တင့်တယ်တယ် ခံ့ခံ့ညားညားတည်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့က နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့သော ရန်ကုန်တက္ကသိုလ်ကို စာရေးသူ မည်သည့်အရွယ်က စတင်သိရှိခဲ့ပါလိမ့်ဟု မိမိဘာသာ ပြန်လည်စောကြောမိသည်။
လေးတန်းကျောင်းသူနှင့် တက္ကသိုလ်စိန်ရတု
စာရေးသူအတွက် ရန်ကုန်တက္ကသိုလ် နယ်မြေကို ပထမဦးဆုံးခြေချဖူးခြင်းမှာ လေးတန်းကျောင်းသူဘဝ ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ၏ ရက်စွဲတစ်ခုတွင် ဖြစ်သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ပြောင်းရွှေ့တာဝန်ကျသည့် အစ်မဝမ်းကွဲကို လိုက်ပို့သော ဖေဖေ့အစ်မကို တွေ့ဆုံရန် အတွက် သားအမိသားအဖသုံးယောက်သား တက္ကသိုလ်ထဲသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ မူလတန်းကျောင်းသူလေးတစ်ဦးအတွက် တက္ကသိုလ်မြေဆို သည်မှာ အထူးအဆန်း တစ်ခုပင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနား ကျင်းပနေသည့်အချိန်လည်းဖြစ်ရာ အဓိပတိ ဂိတ်ပေါက်နှင့် တက္ကသိုလ်ရိပ်သာလမ်းခြားလျက် တက္ကသိုလ်ကားရပ်နားကွင်းနေရာတွင် ခင်းကျင်းပြသထားသည့် စိန်ရတုသဘင် အထိမ်းအမှတ် ပြခန်းများကိုလည်း တွေ့ခဲ့ရ သည်။ ဌာနအလိုက်ပြခန်းများတွင် ထင်ရှား ကျော်ကြားသူတို့၏ ပုံများပြသထားသည်ကို ပြန်လည် သတိရမိသည်။ အသွားခရီးမှာပင် ညနေစောင်းနေပြီဖြစ်ရာ အပြန် လိုင်းကား မရှိမှာစိုး၍ အမြန်ပြန်ခဲ့ရသဖြင့် ပြခန်းများကို သေသေချာချာ လေ့လာနိုင်ခြင်း မရှိခဲ့သည်ကို မှတ်မိနေသည်။
အမှတ်တရ ဘွဲ့နှင်းသဘင်
၂၀၀၁ ခုနှစ် ဆယ်တန်း (တက္ကသိုလ်ဝင် တန်း) အောင်မြင်ပြီး နောက်ပိုင်းတွင် တက္ကသိုလ်တည်ရှိရာ လှည်းတန်းပတ်ဝန်းကျင်တွင် အင်္ဂလိပ်စာ သင်တန်းတက်ရင်း အကြိမ်ကြိမ်ရောက်ရှိခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်သို့ ခြေဦးမလှည့်ဖြစ်ခဲ့တော့။ တက္ကသိုလ်တက်ချိန်တွင် အလုပ်လုပ်ရင်း ကျောင်းတက်နိုင်မည့် ရန်ကုန်အဝေးသင်တက္ကသိုလ်ကို ရွေးချယ်တက်ဖြစ်ခဲ့သည်။ အဝေးသင်တက္ကသိုလ်ဌာနခွဲရှိရာ ဒဂုံတက္ကသိုလ်တွင်သာ Assignment များ တင်ခြင်း၊ အနီးကပ်သင်တန်းများ တက်ခြင်း တို့ ပြုလုပ်ခဲ့ရရာ ရန်ကုန်တက္ကသိုလ်ကို မေ့မေ့ပျောက်ပျောက်ပင် ရှိခဲ့သည်။ ၂၀၀၅ ခုနှစ် တက္ကသိုလ်ဘွဲ့ယူရသည့် အချိန်တွင်တော့ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ခြေချ ဖြစ်ခဲ့သည်။ ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့ယူရ ပုံများ၊ မိသားစု နှင့်အတူ ဘွဲ့နှင်းသဘင်ရှေ့၊ အဓိပတိလမ်းမပေါ်နှင့် ရန်ကုန်တက္ကသိုလ် အဝင် မုခ်ဦးတွင် အမှတ်တရ ဓာတ်ပုံ ရိုက်ပုံ များ၊ အဝေးသင်တက္ကသိုလ် အတူတူတက်ခဲ့ သည့် သူငယ်ချင်းများနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ပုံများကို မှတ်မိနေသည်။
ရန်ကုန်တက္ကသိုလ် ရင်ငွေ့ခိုလှုံရ
၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် အစိုးရဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပြောင်း လဲလာ သည့် ခေတ်၏ လိုအပ်ချက်အရ တက္ကသိုလ် ဘွဲ့တစ်ခုအပြင် ဘွဲ့လွန်သင်တန်းတက်ရန် တွေးမိ လာခဲ့သည်။ ၂၀၀၉ ခုနှစ် မေလထုတ် သတင်းစာများတွင် နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်တက္ကသိုလ် လူ့စွမ်း အား အရင်းအမြစ် ဌာနက ဖွင့်လှစ်မည့် ဘွဲ့လွန်ကွန်ပျူတာ ဒီပလိုမာ (Post Graduated Diploma in Computer Science) သင်တန်း ခေါ်စာပါလာ ရာ စာရေးသူ စိတ်ဝင်စားသည့်ဘာသာရပ် ဖြစ်၍ တက်ရောက် ခွင့်ပြုပါရန် ဌာနခွင့်ပြု ချက်ဖြင့် ဌာနတူ သူငယ်ချင်းတစ်ယောက် နှင့်အတူ လျှောက်ဖြစ်ခဲ့သည်။ သင်တန်း တက်ရောက်ခွင့်ရရန် ရေးဖြေနှင့် လူတွေ့ ဖြေဆိုကြရသည်။
သို့နှင့်ပင် ၂၀၀၉ ခုနှစ် ဇွန်လမှစတင်၍ ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံဌာန တည်ရှိရာ University Laboratory Building (ULB) တွင် တက်ရောက်ခွင့်ရခဲ့ကြသည်။ သင်တန်းကြေးကို ဌာနက ထောက်ပံ့ပေး သည်။ အတန်းချိန်မှာ တနင်္လာနေ့မှ သောကြာ နေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ စနေနေ့တွင် နံနက် (၈) နာရီမှ မွန်းတည့် (၁၂) နာရီအထိ တက်ရသည်။ သင်တန်းချိန် မနက် (၇) နာရီကို မီရန်အတွက် စာရေး သူနေထိုင်ရာ မြောက်ဒဂုံမှ အဓိပတိ (အဝါရောင်) ပြည်လမ်း ကားကိုစီးကာ မာလာမှတ်တိုင် ဂျပ်ဆင်ပေါက် မှဝင်၍ စစ်ကိုင်းလမ်းကို ပြေးပြေးလွှားလွှား သွားခဲ့ရသည့် ရက်များက အများစုဖြစ်သည်။ တစ်ခါတစ်ရံ ရန်ကင်း (၁၂) လုံးတန်းမှ လှည်းတန်းသွားသည့် ဒတ်ဆန်းကားစီးပြီး သထုံလမ်းမှတ်တိုင်တွင် ဆင်းကာ ပုဂံ လမ်းမှ တစ်ဆင့်လည်း ဝင်ခဲ့ဖူးသည်။
ဂျပ်ဆင်ဂိတ်ပေါက်၊ ပုဂံလမ်းဂိတ်ပေါက် များ ပိတ်ထားချိန်နှင့် ကြုံ၍ အဓိပတိလမ်းမှ ဝင်ရပြီဆိုလျှင်တော့ ထိုနေ့အဖို့ အတန်းချိန် နောက်ကျ တော့သည်။ ULB အဆောက်အအုံသို့ ဝင်ရာလမ်းများတွင် အဓိပတိလမ်းမှဝင်ခြင်းသည် အချိန်အကြာဆုံးဖြစ်ကြောင်း စာရေးသူတို့ သူငယ်ချင်းများက တညီတညွတ် တည်း ယူဆ ခဲ့ကြသည်။ အတန်းချိန်စောပြီးသည့်နေ့များတွင် သိပ္ပံကင်န်တင်း၌ ထမင်း သုပ်၊ ပသျှူးထမင်းကြော် စသည်တို့ စားချိန်ရ ည်။ ပုံမှန်အတန်းချိန်အတိုင်း ပြီးသည့်နေ့ များတွင်မူ အတန်းဆင်းသည်နှင့် အင်းစိန် လမ်းမပေါ်ရှိ လှည်းတန်းကားမှတ်တိုင် သို့ သုတ်ခြေတင်ကာ ဗိုလ်တထောင်ရှိ ရုံးသို့ အနီးစပ်ဆုံးရောက်မည့် (၁၂၄) လိုင်းကား ဖြင့် အမြန်ပြေးရတော့သည်။ စနေနေ့တွင် သင်တန်းချိန်ရှိ၍ အလှည့်ကျဂျူတီစောင့်ခြင်း မှ ကင်းလွတ် ခွင့်ရ ခဲ့ပြီး ကျောင်းချိန် နေ့တစ်ဝက်ပြီးပါက ရုံးသို့ နေ့တစ်ဝက် သွားခဲ့ရသည်များမှာ အမှတ်တရ ဖြစ်သည်။
နာဂစ်အလွန် တက္ကသိုလ်နယ်မြေ
ရန်ကုန်တက္ကသိုလ်ရင်ခွင်ဝယ် ပညာရည် နို့ သောက်စို့ခွင့်ရတော့မည်ဟု သိလိုက်ရ ချိန်တွင် ဆိုညည်းခဲ့ဖူးသည့် တက္ကသိုလ်၏ အလှအပများကို သီညွှန်းဖွဲ့ဆိုထားသည့် သီချင်းများအနက် မှတ်မှတ်ရရ ရှိခဲ့သော “စိန်ပန်းနဲ့ ကံ့ကော်ပွင့်တွေ … ခင်းတဲ့ လမ်းမှာ… လျှောက်ခဲ့ဖူးပါသည်” ဆိုသော စာသားသည် ၂၀၀၈ ခုနှစ် မေလ နာဂစ် မုန်တိုင်းဒဏ်ကို ခါးစည်းခံခဲ့ရပြီးခါစ အချိန်မှ ရန်ကုန်တက္ကသိုလ်သို့ ခြေချခွင့်ရခဲ့သော စာရေး သူတို့ အတွက် လားလားမှ မသက်ဆိုင် ခဲ့ပေ။
ကံ့ကော်တောဟု တင်စားခဲ့ရသည့် တက္ကသီလာမြကျွန်းသာသည် မုန်တိုင်းဒဏ်ကြောင့် ကျိုးပဲ့ပျက်စီးခဲ့ရသော ကံ့ကော်ပင်၊ စိန်ပန်းပင်၊ ရေတမာပင်များ၏ ကိုင်းကျိုး ကိုင်းပြတ်များကို မဖြစ်မနေရှင်းလင်းခဲ့ရသဖြင့် ယခုကဲ့သို့ မြက်ခင်းစိမ်းများ ရှိမနေသလို လမ်းဘေး ပလက်ဖောင်းများသည်လည်း ကျိုးသည့် နေရာကျိုး၊ ပဲ့သည့်နေရာပဲ့နှင့် နေပူကျဲတဲတွင် အဓိပတိလမ်းမပေါ် လျှောက်ခဲ့ရသည်သာဖြစ်သည်။ ဂျပ်ဆင်ရှေ့ တွင်လည်း ထိုနည်း နှင်နှင်ပင် ယနေ့မြင်တွေ့ နေရသော မြက်ခင်းစိမ်းစိမ်း နေရာတွင် အညို ရောင် မြက်ခြောက် ကွင်းပြင်သာ ရှိသည်။ အရာရာကို ပြန်လည်ပြင်ဆင်နေရသည့် ပြုပြင်မွမ်းမံနေရသည့် ကာလဖြစ် သည်။
သင်တန်းကာလ အမှတ်တရများ
သင်တန်းကာလ အမှတ်တရတစ်ခုမှာ ရန်ကုန်တက္ကသိုလ် မေဂျာပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဖြစ်သည်။ သထုံလမ်းရှိ တက္ကသိုလ် ဘောလုံးကွင်းတွင် ကျင်းပခဲ့သော ကွန်ပျူတာ ပညာဌာနနှင့် ဥပဒေပညာဌာနတို့၏ အမျိုး သမီးဘော လုံးပြိုင်ပွဲ၊ တတိယနေရာ လုပွဲကို ကျောင်းသားကျောင်းသူများ အဖွဲ့ လိုက် အင်တိုက်အားတိုက် သွား ရောက် အားပေးခဲ့ကြခြင်း ဖြစ်သည်။ ဘောလုံးပွဲအပြီး တွင် လက်ဖဝါးများနီရဲနာလာပြီး အသံဝင်ကြ သည်အထိ စာရေးသူတို့ မိန်းကလေးအဖွဲ့က အားပေးခဲ့ကြသကဲ့သို့ ယောက်ျားလေးအဖွဲ့က လည်း အိုးစည် ဗုံမောင်းများ တီးကာအားပါးတရ အားပေးခဲ့ကြသည်မှာ ပျော်ရွှင်စရာ အမှတ်တရပင် ဖြစ်သည်။
First Semester တွင် ကွန်ပျူတာသိပ္ပံ အတွက် စာတွေ့သင်ခန်းစာများ၊ လက် တွေ့ အသုံးချ ကွန်ပျူတာဘာသာရပ်များ၊ Virtual Basic Software အသုံးပြု၍ Program ရေးဆွဲ နည်းများ စသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားခဲ့ကြရသည်။ First Semester ပြီးဆုံးချိန်တွင် အရည်အချင်းစစ် စာမေးပွဲ ဖြေကြရသည်။ ပထမ စာမေးပွဲကျသူများက Supply Exam ပြန်လည်ဖြေဆိုကြရသည်။
Second Semester အစ နွေဦးပေါက် ကာလတွင် ကံ့ကော်မြေဝယ် ကံ့ကော်တစ်ပွင့် မျှ မတွေ့ရလေခြင်းဟု စာရေးသူတို့ သူငယ် ချင်းတစ်စု မချင့်မရဲဖြစ်ခဲ့ကြရသည်။ စစ်ကိုင်း လမ်းတစ်လျှောက်ရှိအကိုင်းအခက်များ ခုတ်ကာ ကတုံးတုံးခံထားရသော ကံ့ကော်ပင်ကြီးများကို ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း မမောနိုင် =မပန်းနိုင် မော့မော့ကြည့်ရ =သည်မှာ အလုပ်တစ်ခုပင်။ ကံကောင်းထောက်မစွာဖြင့် အတက်အညွန့်သစ်များ ပြန်ထွက် လာသည့် ကံ့ကော်ပင်ကြီး၏ ထိပ်ဆုံးကိုင်းဖျားရှိ ကံ့ကော်ဖူးငုံလေးများ၊ ကံ့ကော်ပွင့်လေးများကို ရှားရှားပါးပါး တွေ့ခွင့်ရတော့မှ ကျေနပ်ကြရတော့သည်။ Second Semester တွင် Group Project လက်တွေ့ပြုလုပ်ကြရသည်။ Second Semester ၏ နောက်ဆုံးနေ့တွင် Group Project အတွက် အဖွဲ့ လိုက် တင်ပြဆန်းစစ် ခံကြရသည်။ ဆန်းစစ်မှုများအားလုံး ပြီးစီးချိန် တွင် အာစရိယပူဇော်ပွဲကို ဆက်လက်ကျင်းပ ကြပြီး ပါမောက္ခဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်း အပါအဝင် ဆရာ ဆရာမများအားလုံးကို ကန်တော့ကြပြီး ကျောင်းသား ကျောင်းသူ များကို ဒံပေါက် ဖြင့် ဧည့်ခံသည်။ ထိုနေ့က ရုံးမှ ခွင့်ယူထားရသည်ဖြစ်ရာ ဆရာ ကန်တော့ ပွဲအပြီးတွင် စာရေးသူတို့ သူငယ်ချင်းတစ်ဖွဲ့ လုံး ကိုယ့်အတွက်ရသည့် ဒံပေါက်ဘူးများ ကိုယ်စီ ယူကာ စိတ်အပန်း ဖြေသည့်အနေဖြင့် စိမ်းလန်းစိုပြည်ဥယျာဉ်ထဲသို့ သွားစားရင်း Group Project အတွက် ပင်ပန်းခဲ့ကြသမျှကို ဖြေလျှော့ကြသည်။
Final Project ကို တစ်ဦးချင်းအနေဖြင့် ပြုလုပ်ကြရသည်ဖြစ်ရာ First Semester နှင့် Second Semester များထက် ပိုမိုအားစိုက် ကြရသည်။ စီနီယာ ကျောင်းသားဟောင်းများ ၏ Project များကို လေ့လာဖတ်ရှုကြပြီး
Group Project မှရရှိသည့် အတွေ့အကြုံများ ကို အခြေခံ၍ တစ်ဦးချင်းစီအတွက် Project များကို ရေးဆွဲကြသည်။ ရေးဆွဲပြီးသည့် Project များကို Supervisor ဆရာမများ၏ လမ်းညွှန်မှုကို ခံယူ၍ မိမိတို့၏ Final Project ကို အမှားအယွင်း အနည်းဆုံးဖြစ်အောင် ရေးဆွဲတင်ပြနိုင်ရေး ကြိုးစားကြရသည်။ Project တင်ပြ ရမည့် Dead line နီးလာသည် နှင့်အမျှ ကျောင်းသား ကျောင်းသူများက အပြီးသတ်ရေးဆွဲနိုင်ရေး အစွမ်း ကုန်ကြိုးစား ကြရသလို Supervisor ဆရာ ဆရာမများ ကလည်း နေ့မနား ညမနား ပြန်လည်ဆန်းစစ် ပေးကြ သည်။ ထိုအချိန်က ကွန်ပျူတာဈေးနှုန်း များမှာ အလွန်မြင့်မားသည့် အချိန်ဖြစ်ရာ ကွန်ပျူတာ အပိုင်မရှိသည့် ကျောင်းသား ကျောင်းသူများမှာ အများစုဖြစ်သည်။ အချို့ကျောင်းသား ကျောင်းသူများက မိမိတို့ ၏ ရုံးဌာနများရှိ ကွန်ပျူတာများဖြင့် ရုံးချိန် ပြင်ပတွင် Project ရေးဆွဲကြသည်။ အချို့ ကျောင်းသား ကျောင်းသူများကမူ ပြင်ပ ကွန်ပျူတာဆိုင်များမှ ကွန်ပျူတာများကို လပေးစနစ်ဖြင့် ငှားရမ်းအသုံးပြုကာ Project ရေးဆွဲကြရသည်။ စာရေးသူသည်လည်း အစိုးရဝန်ထမ်းမလုပ်မီက အလုပ်လုပ်ခဲ့ဖူး သော ကွန်ပျူတာဆိုင်မှ ကွန်ပျူတာတစ်လုံကို တစ်လလျှင် ကျပ် ၂၅၀၀၀ ဖြင့် လေးလခန့် ငှားရမ်းကာ Project ရေးဆွဲခဲ့ရသည်။ ထိုအချိန်က ဒုတိယဦးစီးမှူးတစ်ဦး၏ လစာ မှာ ကျပ် ၃၄၀၀၀ သာရသည့် အချိန်ဖြစ်၍ ချွေတာနိုင်သမျှ ချွေတာပြီး သုံးခဲ့ရသည့်အချိန် ဖြစ်သည်။
Final Project ဖြေဆိုပြီးစီးချိန်တွင် လူပင်ပန်း၊ စိတ်ပင်ပန်းခဲ့သမျှ အားပြန်ဖြည့် ရသည်။ မည်မျှပင် စိတ်ရော လူရော ပင်ပန်းရ သည်ဖြစ်ပါစေ အောင်စာရင်းများ ထွက်လာ ချိန်တွင် ပင်ပန်းခဲ့သမျှ အမောပြေကြရသည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ဘွဲ့နှင်း သဘင်တွင် ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာကို ရယူခွင့် ရရှိခဲ့ သည်။ ဘွဲ့နှင်းသဘင်တွင် စာရေးသူတို့ ဒီပလိုမာဘွဲ့များသာမက မဟာ ဘွဲ့ရရှိသူများ၊ ဒေါက်တာ ဘွဲ့ရရှိသူများ ကိုပါ ဘွဲ့အပ်နှင်းသည်ဖြစ်ရာ မဟာဘွဲ့၊ ဒေါက်တာ ဘွဲ့ ရယူကြသူများကို အားကျအတုယူစိတ်များ ပေါ်ပေါက်စေရန် နှိုးဆော်ပေးနိုင်ခဲ့ပါသည်။
ဝန်ထမ်းဘဝနှင့် ရန်ကုန်တက္ကသိုလ်အမှတ်တရ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းဘဝတွင် လုပ်ငန်းတာဝန်ဖြင့် ရန်ကုန် တက္ကသိုလ်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် Recreation Centre တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့သည့် “လူငယ် နှင့် လူမှုမီဒီယာ”၊ “လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “Public Talk” ဟောပြော ပွဲတွင် တစ်ဖက်တစ်လမ်းမှ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။ အလားတူပင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်တွင်ကျင်းပခဲ့သည့် “လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်” တွင်လည်း တာဝန် ထမ်းဆောင်ခွင့်ရခဲ့ပြန်သည်။ ထို ပွဲတော် သည် တက္ကသိုလ်တွင် ကျင်းပသည့်ပွဲများအနက် အစည် ကားဆုံးနှင့် လူအများစိတ်ဝင်စားမှု အခံရဆုံး ပွဲတော်တစ်ခုလည်း ဖြစ်ခဲ့သည်။ အဆိုပါ ပွဲတော်တွင် ရန်ကုန်မြို့ ရှိ တက္ကသိုလ်အသီးသီးမှ ပြခန်းများ၊ ရန်ကုန် တက္ကသိုလ်ရှိ ဘာသာရပ်ဌာနအသီးသီးမှ ပြခန်းများ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဟောပြောပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့သည်။
ထိုမျှမက ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့သည့် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ ရသစာပေစကားဝိုင်း” တွင်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ထမ်းဆောင်ခွင့်ရခဲ့ ပြန်သည်။ ထိုသို့သော အခမ်းအနားများသာမက ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် “ရာပြည့်တက္ကသိုလ် မြကျွန်း ညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်းပြိုင်ပွဲများအတွက် လည်း တစ်ဖက် တစ်လမ်းမှ တာဝန် ထမ်းဆောင်ခွင့်ရရှိခဲ့သည်။ ထို့အပြင် ဌာန လုပ်ငန်းများအတွက် လိုအပ်လျှင် လိုအပ် သလို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တို့မှ ဆရာ ဆရာမများ၏ အကူ အညီဖြင့် လိုအပ်သည့် စာအုပ်စာစောင်များ ငှားရမ်းခြင်းများကို ဆောင်ရွက်ခွင့်လည်း ရရှိခဲ့ပါသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက် နေ့က စတင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် သမိုင်းတန်ဖိုးကြီးမားသည့် မြန်မာ့ ပညာရေး အတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့ သည်။ မြန်မာ့နိုင်ငံရေး သမိုင်းဖြစ်စဉ်များကို ထိန်းသိမ်းမြှုပ်နှံထားရာ နေရာတစ်ခုအဖြစ်လည်း ခေတ်အဆက်ဆက်မှ ယနေ့တိုင် တန်ဖိုးထား အလေးအမြတ် ပြုနေကြရဆဲပင် ဖြစ်သည်။ ထို့အပြင် နိုင်ငံ့ခေါင်းဆောင် လူကျော် လူမော်များ၊ အားကစား၊ စာပေ၊ ဂီတ၊ အနုပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့ပါ သည်။ ထိုသို့သော သမိုင်းအစဉ်အလာကြီးမား သည့် ရန်ကုန်တက္ကသိုလ်ကြီးသည် ရာပြည့် သဘင်မှသည် နောင်နှစ်ပေါင်းရာထောင်ချီ၍ အဓွန့်ရှည် တည်တံ့ပါ စေကြောင်း ဆုမွန်ကောင်း တောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
---------------------------------
- အမည်ရင်း ဒေါ်သီတာဌေး
- ပညာအရည်အချင်း B.A.(Engli-sh), ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာ၊Global MBA (University of Thai Chamber of Commerce)
- အလုပ်အကိုင် စာတည်း၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန။
သီတာဌေး