Skip to main content

စစ်ကိုင်းဆောင်သာယာရေးကော်မတီဝင်ဘဝ

 

အမိမြကျွန်းညို  တက္ကသီလာကြီးသည် ရာပြည့်သို့တိုင်ခဲ့လေပြီ။ ထိုသို့ ရာပြည့်အခါသမယဝယ် ရန်ကုန်တက္ကသိုလ်ကြီး၌ ကျောင်းသားအဖြစ် ခိုလှုံခွင့်ရခဲ့သဖြင့် အင်မတန် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရပါသည်။ တက္ကသိုလ်ကျောင်းသား၏ ဘဝဟူသည်  တက္ကသိုလ်ကျောင်းဆောင်များတွင် ကျောင်းအိပ်၊   ကျောင်းစားနေထိုင်ခဲ့ဖူးခြင်းမရှိပါက မပြည့်စုံဟု  ဆရာကြီးဆရာမကြီးများက  ဆိုကြပါသည်။ ထိုအခါပထမနှစ်မှ ယခု ဒုတိယနှစ် (ဂုဏ်ထူးတန်း)အထိ ရန်ကုန်တက္ကသိုလ်ကြီး၏      ကျောင်းဆောင်များထဲမှ တစ်ခုဖြစ်သော စစ်ကိုင်းဆောင်တွင် နေထိုင်ခွင့်ရခဲ့သဖြင့် သာ၍ပင် ဂုဏ်ယူရပြန်ပါသည်။

ကျောင်းဆောင်နေထိုင်ခွင့် လျှောက်ထားနိုင်

ပထမဦးစွာ ကျောင်းဆောင်နေထိုင်ခွင့်အကြောင်း ကို အနည်းငယ်မျှ  တင်ပြလိုပါသည်။  ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အပြင်ဘက်ရှိ   မြို့နယ်များမှ    ကျောင်းသား    ကျောင်းသူများအားလုံးသည် ကျောင်းဆောင်နေထိုင်ခွင့်  လျှောက်ထားနိုင်ပါသည်။ လျှောက်ထားလာသူများကို ကျောင်းသားဖြစ်ပါက သထုံ  ဆောင်မှစ၍  ပဲခူးဆောင်၊  ပင်းယဆောင်နှင့်  စစ်ကိုင်း ဆောင်တို့တွင် နေရာချထားပြီး ကျောင်းသူဖြစ်ပါက သီရိဆောင်မှ စ၍ ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ ရတနာဆောင် နှင့် အင်းလျားဆောင်တို့တွင် နေရာချထားပါသည်။

ယခုအခါ    ရန်ကုန်တက္ကသိုလ်ရှိ    ပထမနှစ် ကျောင်းသား ကျောင်းသူများသည် ရန်ကုန်တက္ကသိုလ် နယ်မြေခွဲ လှိုင်နယ်မြေတွင်    ပညာသင်ကြားရပြီး ကျောင်းသားများသည် ထိုနယ်မြေရှိ ကေတုမတီ A နှင့် B အဆောင်များတွင် နေထိုင်ကြရကာ ကျောင်းသူများ သည် မြတ်လေး A နှင့် B အဆောင်များတွင် နေထိုင် ကြရပါသည်။  ကျောင်းဆောင်တိုင်းတွင်  အဆောင်မှူး တစ်ဦးနှင့် အဆောင်နည်းပြ အနည်းဆုံး နှစ်ဦးမှ အများဆုံး လေးဦးအထိရှိကြပြီး ကျောင်းသား ကျောင်းသူများ၏ အဆောင်နေထိုင်မှုနှင့်ပတ်သက်သည့် ကိစ္စအဝဝကို တာဝန်ယူ ကူညီဖေးမ ကြပ်မတ် ပေးကြပါသည်။

ယခင်ကမူ ကျောင်းဆောင်များတွင် ကျောင်းဆောင် အလိုက်  “အဆောင်သဟာယနှင့်  စာဖတ်အသင်း များရှိကြပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်းမှစ၍ အဆိုပါအသင်းများ၏ နေရာတွင် ကျောင်းဆောင်သာယာရေးကော်မတီများကို အစားထိုးဖွဲ့စည်းခဲ့ပါသည်။ အဆိုပါသာယာရေး ကော်မတီများ ဖွဲ့စည်းရခြင်း၏    အဓိကရည်ရွယ်ချက် မှာ   ကျောင်းဆောင်သာယာရေးနှင့်  စည်ပင်ရေးကို ကျောင်းသား    ကျောင်းသူများကိုယ်တိုင်   စုပေါင်း လုပ်ဆောင်ခြင်းဖြင့်     ကျောင်းသား  ကျောင်းသူများအကြား    ရင်းနှီးမှုတိုးတက်ကာ   စုပေါင်းလုပ်ဆောင်မှု၊ စီမံခန့်ခွဲမှုနှင့်   အုပ်ချုပ်မှုစသော   အရည်အသွေးများ တိုးတက်မြင့်မားရန် ဖြစ်ပါသည်။ 

ယေဘုယျအားဖြင့် အဆောင်သာယာရေးကော်မတီ တွင် နာယကများသည် တက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များဖြစ်ကြပြီး        ဥက္ကဋ္ဌသည် အဆောင်မှူးဖြစ်ကာ ဒုတိယဥက္ကဋ္ဌများသည် အဆောင် နည်းပြများ ဖြစ်ကြပါသည်။ ကော်မတီ၏ အတွင်းရေးမှူး တာဝန်ကိုမူ  အချို့ကျောင်းဆောင်များတွင်  အဆောင်နည်းပြများက တာဝန်ယူကြပြီး အချို့တွင် ကျောင်းသား ကျောင်းသူများက တာဝန်ယူကြပါသည်။ ဘဏ္ဍာရေးမှူး တာဝန်နှင့်   စာရင်းစစ်တာဝန်များကိုလည်း   အထက်ပါ  အတိုင်းပင် အချို့အဆောင်များတွင် အဆောင်နည်းပြများက တာဝန်ယူကြပြီး အချို့တွင် ကျောင်းသား ကျောင်းသူများက တာဝန်ယူကြပါသည်။ အချို့ကျောင်းဆောင်များတွင်မူ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်ရာထူးများကို တွဲဖက်ရာထူးများဖန်တီး၍ အဆောင်နည်းပြများနှင့် ကျောင်းသား ကျောင်းသူများက တွဲဖက်တာဝန်ယူကြရပါ သည်။   ထို့အပြင်  အဆောင်သာယာရေးကော်မတီတွင် ဘာသာရေးဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆပ်ကော်မတီ၊ စားသောက်ရေးဆပ်ကော်မတီ၊ အားကစား နှင့် ပျော်ရွှင်ရေးဆပ်ကော်မတီနှင့်  စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီဟူ၍   ဆပ်ကော်မတီငါးခုရှိကာ အဆိုပါ ကော်မတီများတွင် အဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် လေးဦး ပါဝင်ဖွဲ့စည်းပါသည်။

ဆပ်ကော်မတီများ

ဘာသာရေးဆပ်ကော်မတီသည်    ဘာသာရေးနှင့် ဆိုင်သော ဝါဆိုသင်္ကန်းကပ်၊ ကထိန်၊ ခရစ္စမတ်စသည့် ပွဲများကို  ဦးစီးစီစဉ်ရပြီး  ကျန်းမာရေးနှင့်  သန့်ရှင်းရေး ဆပ်ကော်မတီသည် အဆောင်တွင်းနှင့် အဆောင်ပတ်ဝန်းကျင် ရှိ  သန့်ရှင်းသာယာလှပမှုနှင့်  ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေ ရှိ၊  မရှိကို     စစ်ဆေးကြည့်ရှုကြရသည်။ စားသောက်ရေးဆပ်ကော်မတီသည် ထမင်းစားဆောင်ရှိ အစားအသောက်များ   သန့်ရှင်းလတ်ဆတ်မှု ရှိ၊   မရှိ၊ ဟင်းလျာများ အရသာကောင်းမွန်ခြင်း ရှိ၊ မရှိ စသည်တို့ ကို ကြီးကြပ်ရပြီး အားကစားနှင့် ပျော်ရွှင်ရေးဆပ်ကော်မတီ သည် အဆောင်ရှိ   အားကစားရုံကို    ထိန်းသိမ်းခြင်းနှင့် အဆောင်က ကျင်းပသော အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ များကို   ဦးစီးကြရပါသည်။    စာပေနှင့်   ယဉ်ကျေးမှု ဆပ်မကော်မတီကမူ   ကျောင်းဆောင်စာကြည့်တိုက်ကို အဓိကအားဖြင့် ထိန်းသိမ်းရပြီး အ‌ခါအားလျော်စွာ စာပေ ဟောပြောပွဲများကို စီစဉ်ကြ ရပါသည်။

စာရေးသူနေထိုင်သော   စစ်ကိုင်းဆောင်တွင်မူ အတွင်းရေးမှူးတာဝန်မှစ၍   ဆပ်ကော်မတီအဖွဲ့ဝင်များ အထိ  ကျောင်းသားများက  တာဝန်ယူကာ စီမံခန့်ခွဲကြပါသည်။ မူအားဖြင့် ဥက္ကဋ္ဌနှင့်  ဒုတိယဥက္ကဋ္ဌရာထူးများကို အဆောင်မှူးနှင့် အဆောင်နည်းပြများက တာဝန်ယူကာ ကျန်ရာထူး တာဝန်နေရာများကိုမူ ကျောင်းသား တစ်ဦးက အခြားကျောင်းသား တစ်ဦးကိုဖြစ်စေ၊  မိမိကိုယ်တိုင်ကိုဖြစ်စေ အမည်စာရင်း တင်သွင်းနိုင်ပြီး  ကျောင်းသားများအားလုံး သဘောတူရွေးကောက်ခြင်းနည်းဖြင့်  တာဝန်ပေးအပ်ပါသည်။ စာရေးသူအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဘာသာရေးဆပ်ကော်မတီ၏ ခေါင်းဆောင်တာဝန်ကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တွဲဖက်အတွင်းရေးမှူးတာဝန်နှင့်  ဘာသာ‌ရေး ဆပ်ကော်မတီ ခေါင်းဆောင် တာဝန်ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အတွင်းရေးမှူးတာဝန်နှင့် ဘာသာ‌ရေးဆပ်ကော်မတီခေါင်းဆောင် တာဝန်ကိုလည်းကောင်း တာဝန်ယူခဲ့ပါသည်။

စာရေးသူတာဝန်ယူခဲ့စဉ်က သာယာရေးကော်မတီ၏ နာယကများသည်   ပါမောက္ခချုပ်ဆရာကြီး   ဒေါက်တာ ဖိုးကောင်းနှင့်    ဒုတိယပါမောက္ခချုပ် များ ဖြစ်ကြသော ဆရာမကြီး ဒေါက်တာဥမ္မာကျော်၊  ဆရာကြီး ဒေါက်တာ အောင်ကျော်နှင့် ဆရာကြီး ဒေါက်တာသောင်းထိုက်တို့ ဖြစ်ကြပါသည်။ ဥက္ကဋ္ဌအနေဖြင့်  အဆောင်မှူး ဆရာကြီး ဒေါက်တာရဲထွန်းဖြစ်ကာ  ဒုတိယဥက္ကဋ္ဌများအဖြစ် အဆောင်နည်းပြ ဆရာဦးခင်မောင်ရင်နှင့် ဆရာဦးဇော်မျိုး တို့ ဖြစ်ကြပါသည်။

စာပေဟောပြောပွဲများ စီစဉ်ကျင်းပ

အဆောင်သာယာရေးကော်မတီသည် ပညာသင်နှစ် တစ်ခုစီတိုင်းတွင်   ဆရာကြီး မင်းယုဝေ၊    ဒေါက်တာ ခင်မောင်ညွန့်၊ ကောင်းသန့်၊ ချစ်ဦးညို၊ လင်္ကာရည်ကျော်၊ ဆရာမ နှင်းဝေငြိမ်း၊  ပုညခင်၊  မင်းခိုက်စိုးစန် စသော နာမည်ကျော်    စာရေးဆရာကြီး     ဆရာမကြီးများကို ဖိတ်ကြား၍   ဘဝနှင့် စာပေမျှခြေညီမည့်   ဗဟုသုတ ဖြစ်ဖွယ်  စာပေဟောပြောပွဲများကို ဦးစီးကာ စီစဉ်ကျင်းပ ပေးသကဲ့သို့  ထမနဲထိုးပြိုင်ပွဲများ၊  လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကိုလည်း       ကျင်းပပေးကြရ ပါသည်။

ထို့အပြင် အပတ်စဉ် ကျောင်းသားများနှင့် တွေ့ဆုံ ကာ အဆောင်နှင့်ပတ်သက်သည့် အခက်အခဲနှင့် ကိစ္စ အဝဝကို   တွေ့ဆုံဆွေးနွေးကာ   ညှိနှိုင်းအဖြေရှာကြ ပါသည်။  နှစ်စဉ် ကျင်းပလေ့ရှိသော   အဆောင်တွင်း နှစ်သစ်ကူးညစာစားပွဲများနှင့် မောင်နှမဆောင်အလိုက် ကျင်းပသော နှုတ်ဆက်ညစာစားပွဲများကိုလည်း ဦးစီး ကာ စီစဉ်ကြပ်မတ်ကြရပါသည်။ စာရေးသူတို့ စစ်ကိုင်း ဆောင်၏   မောင်နှမဆောင်မှာ   သီရိဆောင်ဖြစ်ပြီး တစ်နှစ်တစ်ခါ သီရိ၏ လှပျိုဖြူများနှင့် ညစာ အတူစား ကာ နှစ်ဖက်အဆောင်က စုပေါင်းတင်ဆက်သည့်  အက ပဒေသာများ၊       ဟာသတစ်ခန်းရပ်ပြဇာတ်များနှင့် တိုင်းရင်းသားရိုးရာ အကအလှများကို ကြည့်ရှုရသည်မှာ အင်မတန် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှပါသည်။

ထိုသို့သာယာရေးကော်မတီများတွင်  ပါဝင်လှုပ်ရှား ခြင်းဖြင့် အဆောင်နေကျောင်းသားဘဝကို ပိုမိုအဓိပ္ပာယ် ပြည့်စုံစေသကဲ့သို့ စီမံခန့်ခွဲမှု၊ စုပေါင်းလုပ်ဆောင်တတ် မှု၊  ခေါင်းဆောင်မှု စသည့်  လူငယ်များအတွက် လိုအပ် သော ကိုယ်ရည်ကိုယ်သွေးများကိုပါ လေ့ကျင့်ပျိုးထောင် ပြီးသားပင်ဖြစ်၍ သွားချေသည်။ ထို့ကြောင့် စာရေးသူတို့ စစ်ကိုင်းဆောင်မှ  အမြင့်ဆုံးအဆင့်အဖြစ်  နိုင်ငံတော် ဝန်ကြီးချုပ် နှစ်ဦး၊      အောင်ဆန်းသူရိယဘွဲ့ရ တစ်ဦး၊ မဟာသဒ္ဓမ္မဇောတိကနှင့် စည်သူဘွဲ့ရ တစ်ဦး၊ ပါမောက္ခ ကြီးများ၊ အနုပညာရှင်ကြီးများ၊ ကာတွန်းဆရာကြီးများ၊ အာကစားသမားများအပြင် သာသနာ့ဝန်ထမ်း ရှင်ရဟန်း များကိုပါ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း တွေ့ရပါသည်။

ကျောင်းဆောင်တွင်   နေထိုင်ခွင့်ရခြင်းနှင့် ကျောင်းဆောင်၏  အဆောင်သာယာ‌ရေးကော်မတီတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ခြင်းသည်  စာရေးသူ အဖို့  တက္ကသိုလ်ကျောင်းသားဘဝ၏  အနှစ်သာရကို  ပြည့်စုံစေရုံသာမက  ဘဝတစ်သက်တာအတွက်  လိုအပ်မည့်အရည်အချင်းများကို   ဖြည့်ဆည်းနိုင်ခဲ့ပါသည်။   နိုင်ငံတစ်ဝန်းလုံးက    တိုင်းရင်းသားညီအစ်ကိုမောင်နှမ များနှင့် ရင်းနှီးကျွမ်းဝင်စွာ   အတူတကွ နေထိုင်ခွင့်ရခဲ့သဖြင့် ကျောင်းဆောင်ကြီးသည်လည်း  မြန်မာ့ငြိမ်းချမ်းရေး ကို  တစ်ထောင့်တစ်နေရာမှ    ဖြည့်ဆည်းပေးနေသည်ဟု သာ ယုံကြည်မိပါတော့သည်။       ။

 ကိုနိုင်(နိုင်ငံရေးသိပ္ပံ)