၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၅၂ ) ရွေးကောက်ပွဲမှသည် ဒီမိုကရေစီရှေ့ခရီးသို့
၂၀၂၀ ပြည့်နှစ် ကုန်ဆုံး၍ ၂၀၂၁ ခုနှစ်သို့ ကူးပြောင်းပါ တော့မည်။ ၂၀၂၀ အထွေထွ ေရွေးကောက်ပွဲကြီးနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ဆိုင်ရာဆောင်းပါးများကို ရေးသားမျှဝေခဲ့သည်မှာ ယနေ့ဆောင်းပါးအပါအဝင် ၅၂ ပုဒ် ရှိပါပြီ။ ရွေးကောက်ပွဲချောမော အောင်မြင်စွာ ကျင်းပ နိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြနိုင်ခဲ့သည်။ များစွာပီတိဖြစ်မိသည်။ ယခုဆောင်းပါးသည် " ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ " ခေါင်းစဉ် ကြီးအောက်တွင် ရေးသားသည့် နောက်ဆုံး ဆောင်းပါး ဖြစ်ပါမည်။ ရွေးကောက်ပွဲမှသည် ဒီမိုကရေစီရှေ့ခရီး အတွက် ရွေးကောက်ပွဲအပေါ် အကြံပြုရန်ရှိသည့် အချက် များထဲမှ အဓိကအချက်များကို ကောက်နုတ်ဖော်ပြခြင်း ဖြင့် ၂၀၂၀ ပြည့်နှစ်ကို နှုတ်ဆက်ပြီးလျှင် ၂၀၂၁ ခုနှစ်ကို ကြိုဆိုပါရစေ။
မဲစာရင်းပြုစုခြင်း
ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေး သည် အဓိကဖြစ်သည်။ မဲစာရင်း ပြည့်စုံမှန်ကန်မှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ အားလုံး ဆန္ဒမဲပေးနိုင်ကြမည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များအရ မဲစာရင်းကို အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပသည့်အခါတိုင်း ပြန်လည် ပြုစုကြရသည်။ ဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သောနိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဖြစ်သော၊ မဲဆန္ဒနယ်တစ်နယ်တွင် နေထိုင်သူလည်းဖြစ်၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့် သောသူများကို မဲစာရင်းတွင် ထည့်သွင်းပြုစုရပါသည်။ သို့ပါ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့ကပြုစုထားသော လူဦးရေကိုအခြေခံ၍ ပြုစုကြရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနက ပုံစံ ၆၆/၆ ဖြစ်သည့် အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း)ကို အခြေခံသည်။ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနက လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ စာရင်းကို အခြေခံသည်။ မဲစာရင်းသည် လူဦးရေစာရင်း အပေါ် အခြေခံရသည်ဖြစ်၍ လူဦးရေစာရင်းမှန်ကန်မှသာ မဲစာရင်း မှန်ကန်ပါမည်။
ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်စေရေးအတွက် အခက်အခဲဖြစ်စေသည့် ပထမအချက်မှာ ရပ်ကွက်/ကျေးရွာ များမှ အိမ်ထောင်စုတချို့တွင် အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ မရှိ၍ဖြစ်သည်။ အချို့နေအိမ်တွင် အိမ်ထောင်စု စာရင်းပုံစံ ၆၆/၆ ရှိသော်လည်း ယင်းအိမ်တွင် အိမ်ထောင်စုဝင်များ နေထိုင်ခြင်းမရှိဘဲ အိမ်ထောင်စုဝင် များမဟုတ်သည့် အိမ်ငှားများသာ နေထိုင်ကြသည်လည်း ရှိသည်။ ဒုတိယအချက်မှာ နေရာဒေသတစ်ခုတွင် အတည် တကျနေထိုင်ခြင်းမရှိသည့် ရွှေ့ပြောင်းလုပ် သားများ ရှိနေသကဲ့သို့ မွေးဖွားသေဆုံးသူများကြောင့်လည်း လူဦး ရေပြောင်းလဲမှုရှိနေသည်။ တတိယအချက်မှာ အသက် ၁၈ နှစ်ပြည့်သူအချို့မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိကြခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပထမအကြိမ် ဆန္ဒမဲပေးမည့်သူ ငါးသန်းနီးပါး ထပ်တိုးလာပါဦးမည်။ ဤကဲ့သို့သော အခြေအနေများကြောင့် ကျင်းပပြီးစီးခဲ့သော အထွေထွေ ရွေးကောက်ပွဲများတွင် တာဝန်ရှိသူများက မဲစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မည်သို့ပင်ကြိုးပမ်းအားထုတ်ကြစေကာမူ မဲစာရင်း အငြင်းပွားမှုများ ပုံစံအမျိုးမျိုး နှင့်ရှိနေပြီး ယင်းအပေါ် ဝေဖန်သုံးသပ်ခြင်းခံရသည်။ ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ဤ အခြေအနေများအတိုင်း ဖြစ်တည်နေမည်ဆိုလျှင် မဲစာရင်းအပေါ် အငြင်းပွားမှုများ ဆက်လက်ရှိနေပါဦးမည်။ ထို့ကြောင့် ဤသို့ အကြံပြုလိုပါသည်-
(က) အိမ်ထောင်စုတိုင်း အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ ရှိရပါမည်။
(ခ) အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများရှိရပါမည်။
(ဂ) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းမှတ်ပုံတင်စာအုပ် ထားရှိရပါမည်။ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲစာရင်းတွင် လာရောက် ထည့်သွင်း၍ မှတ်ပုံတင် စေရပါမည်။ တစ်နေရာမှ တစ်နေရာသို့ အမြဲပြောင်းရွှေ့ နေထိုင်မည်ဆိုပါက မဲစာရင်းမှတ်ပုံတင်မှ နုတ်ပယ်၍ ရောက်ရှိနေထိုင်သည့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ မဲစာရင်း မှတ်ပုံတင်စာအုပ်တွင် ဖြည့်သွင်းရပါမည်။ (နိုင်ငံ အများစုတွင် ဤကဲ့သို့ မဲစာရင်း မှတ်ပုံတင် စာအုပ် ထားရှိဆောင်ရွက်လျက်ရှိပါသည်။ )
(ဃ) အသက် ၁၈ နှစ်ပြည့်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ကတ်ပြား (သို့မဟုတ်) မဲဆန္ဒရှင် သက်သေခံကတ်ပြားကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရပါမည်။
(င) မဲစာရင်းကောက်ခံသူစာရေးတစ်ဦး ရပ်ကွက်နှင့် ကျေးရွာအုပ်စုတိုင်းတွင် ခန့်ထားသင့်ပါသည်။ ၎င်းသည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဖြစ်ရပါမည်။
(စ) မဲစာရင်း ပြည့်စုံမှန်ကန်ရေး တစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးအတည်ပြုကြေညာသင့်ပါသည်။ ( မြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ် တွင်လည်း ဤကဲ့သို့ကျင့်သုံးခဲ့သည်။)
ဆန္ဒမဲပေးပိုင်ခွင့်သက်သေခံကတ်ပြားထားရှိခြင်း
အသက် ၁၈ နှစ်ပြည့်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် သက်သေခံ ကတ်ပြား သို့မဟုတ် မဲဆန္ဒရှင် သက်သေခံကတ်ပြား ရှိထားရပါမည်။ ဤကတ်ပြားတွင် မဲဆန္ဒရှင်၏ ဓာတ်ပုံကပ်ထားရပါမည်။ အတုအပမပြုလုပ်နိုင်ရန် သေချာစွာစီမံဆောင်ရွက်သင့် သည်။ ထိုသို့ထားရှိခြင်းအားဖြင့် မဲစာရင်းပြုစုခြင်း၊ ပြည်တွင်းပြည်ပ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မိမိတို့၏ အမြဲတမ်းနေရပ်မှ မဲဆန္ဒနယ်ပြင်ပသို့ အနည်းဆုံး ရက် ပေါင်း ၉၀ အထက် ရောက်ရှိနေထိုင်သူများ ရောက်ရှိ နေထိုင် သည့် မဲစာရင်းတွင် ဖြည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချေမွေ့သွားပါမည်။ မဲစာရင်း မှတ်ပုံတင် စာအုပ်ထားရှိခြင်း၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်သက်သေခံကတ်ပြား ရှိထားခြင်းတို့သည် မဲစာရင်း ပြည့်စုံ မှန်ကန်စေရေး အတွက် များစွာအထောက်အကူဖြစ်ပါသည်။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတိုင်း ကျင်းပတိုင်း လူအင်အား များစွာနှင့် ငွေကြေးအမြောက်အမြားအသုံးပြုရန် မလို အပ်တော့ပါ။ တစ်ကြိမ်အပင်ပန်းခံ ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲတိုင်းအတွက် လွယ်ကူ ချောမွေ့သွားမည်ဖြစ်သည်။
ဆန္ဒပြုသည့်နည်းစနစ်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် လွှတ်တော်ကိုယ်စား လှယ်လောင်းများကို ဆန္ဒပြု၍ ရွေးချယ်သည့် နည်းစနစ် အဓိကအားဖြင့် နှစ်မျိုးတွေ့ရသည်။ ပထမတစ်မျိုးမှာ အီလက်ထရောနစ် နည်းပညာဖြင့် ဆန္ဒပြုသည့်စနစ် ( Electornic Voting Machine ) ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ သမားရိုးကျစနစ် (Manual စနစ်) ကို ကျင့်သုံးခြင်းဖြစ်သည်။ အီလက်ထရောနစ်နည်းပညာ ကိုကျင့်သုံး ၍ ဆန္ဒပြုရာတွင် အငြင်းအခုံပြဿနာ ကြုံတွေ့မှုများပြားတတ်သဖြင့် အချို့သောနိုင်ငံများသည် အီလက်ထရောနစ်နည်းပညာ ကို အသုံးပြု၍ ဆန္ဒပြုသည့်နည်းစနစ်မှ Manual စနစ်ကို ပြန်လည်ကျင့်သုံး၍ ဆန္ဒပြုကြသည်ကို တွေ့ရှိရသည်။
Manual စနစ်ကိုကျင့်သုံး၍ ဆန္ဒပြုရာတွင်လည်း အမျိုးမျိုးတွေ့ရသည်။ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိ ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းအတွက် သတ်မှတ် ထားသည့်အကွက်အတွင်း၌ သံချွန်ဖြင့် ထိုးဖောက်၍ ဆန္ဒပြုခြင်း၊ တံဆိပ်တုံး နှိပ်၍ဆန္ဒပြုခြင်း၊ ခဲတံ သို့မဟုတ် ဘောလ်ပင်ဖြင့် အမှတ်အသားပြု၍ ဆန္ဒပြုခြင်းတို့ဖြစ် သည်။ အများစုနိုင်ငံများမှာ ဘောလ်ပင် ဖြင့် အမှတ်အသား ပြုရာတွင် ကြက်ခြေခတ်အမှတ်အသား(X)သို့မဟုတ် အမှန်ခြစ်အမှတ်အသား ( √ ) ကို အသုံးပြုကြသည်။ အချို့နိုင်ငံများက သတ်မှတ်ထားသောအကွက်ထဲတွင် မဲဆန္ဒရှင်က မိမိအမည်ရေးခြင်း သို့မဟုတ် မိမိလက်မှတ် ရေးထိုးခြင်းမှ လွဲ၍ မည်သည့်သင်္ကေတအမှတ်အသားမျိုး ကိုမဆိုရေးမှတ်၍ ဆန္ဒပြုနိုင်သည်။ ထိုသို့ဆန္ဒပြုခြင်းသည် အငြင်းပွားမှုအနည်း ဆုံးဟုဆိုကြသည်။
မြန်မာနိုင်ငံတွင် ပါလီမန်ခေတ်ရွေးကောက်ပွဲများ၌ မဲပြားကိုအသုံးပြုကာ လျှို့ဝှက်ခန်းတွင် ထားရှိသော ကိုယ်စားလှယ်လောင်း များ၏ မဲပုံးများထဲမှ မိမိကြိုက် နှစ်သက်သည့် ကိုယ်စားလှယ်လောင်း၏ မဲပုံးထဲသို့ ထည့်သွင်း၍ ဆန္ဒပြုသည့်နည်းစနစ်ကို ကျင့်သုံးသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် တစ်ပါတီစနစ် ဖြစ်ပြီး ယှဉ်ပြိုင်သူတစ်ဦးသာရှိသည်။ ထောက်ခံမဲပုံး၊ ကန့်ကွက်မဲပုံး နှစ်ခုတွင် မိမိကြိုက်နှစ်သက်ရာမဲပုံးအတွင်း သို့ မဲပြားကိုထည့်ကာ ဆန္ဒပြုသည့် နည်းစနစ်ကိုကျင့်သုံး သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ကိုအသုံးပြုကာ မိမိကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်း ဘေးတွင် သတ်မှတ်ထားသော အကွက်အတွင်း၌ ဘောလ်ပင်ဖြင့် ကြက်ခြေခတ်အမှတ် အသား (X) ကို ပြု၍ ဆန္ဒပြု သည့်စနစ်ကိုကျင့်သုံးသည်။ ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သတ်မှတ် ထားသော အကွက်အတွင်း၌ ဘောလ်ပင်ဖြင့် အမှန်အမှတ်အသား ( √ ) ပြု၍ဆန္ဒပြုခြင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတို့တွင် သတ်မှတ်ထားသော အကွက်အတွင်း၌ အမှန်အမှတ် အသား ( √ ) ပါသော တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုခြင်းနည်း စနစ်ကို ကျင့်သုံးခဲ့သည်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော UEC စာလုံးပါ အမှန်အမှတ်အသား (√ )တံဆိပ်တုံးမဟုတ်ဘဲ UEC စာလုံးမပါသည့် ( √ ) အမှတ်အသားပါ တံဆိပ်တုံးများ ဖြင့်ဆန္ဒပြု၍ ဆန္ဒမဲပေးခြင်းပျက်ပြားစေရန် ဖန်တီး အားထုတ်မှုများ တွေ့ကြုံခဲ့ရသည်။ အချိန်မီသိရှိတားဆီးနိုင်ခဲ့ခြင်းကြောင့်သာ ထိုကဲ့သို့ မသမာမှုလုပ်ရပ်များမှ ကျော်လွှားနိုင်ခဲ့သည်။ ထို့ကြောင့် တံဆိပ်တုံးကို အသုံးပြု ၍ ဆန္ဒပြုခြင်း နည်းစနစ်ကို ဆက်လက်ကျင့် သုံးသင့်မသင့် စဉ်းစားရပါမည်။ Manual စနစ်ကို ကျင့်သုံး၍ ဆန္ဒပြုခြင်း နည်းစနစ်များသည်လည်း တစ်ခုမဟုတ်တစ်ခု အားသာ ချက်၊ အားနည်းချက်များရှိပါသည်။ အများလက်ခံထား သည်မှာ သတ်မှတ်ထားသော အကွက်ထဲတွင် မဲဆန္ဒရှင် က ၎င်း၏အမည် သို့မဟုတ် လက်မှတ်ရေးထိုးဖော်ပြခြင်း မှလွဲ၍ ၎င်းနှစ်သက်ရာ အမှတ်အသားတစ်စုံတစ်ရာပြု၍ ဆန္ဒပြုခြင်းက အမှားအယွင်း နည်းနိုင်သည်ဟုဆိုကြသည်။ သို့ဖြစ်၍ ယင်းနည်းစနစ်ကို ကျင့်သုံးသင့်မသင့် သို့မဟုတ် အခြားမည်သည့်နည်းစနစ်ကို ကျင့်သုံးသင့် ကြောင်း ပြန်လည်သုံးသပ်မှုပြုလုပ်ရန် လိုအပ်ပါသည်။
မဲရုံများပြင်ဆင်ခင်းကျင်းခြင်း
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကျန်းမာရေးစံလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ မဲရုံအတွင်းနှင့် မဲရုံပြင်ပပြင်ဆင်ခင်းကျင်းမှုအနေအထားမှာ ယခင် ရွေးကောက်ပွဲများနှင့် မတူ ပို၍စနစ်ကျသည်။ စည်းကမ်းတကျရှိသည်။ အများအားဖြင့် မဲရုံပြင်ပတွင် မဲဆန္ဒရှင်များ တည်ငြိမ်အေးချမ်းစွာ တန်းစီနေရာယူနိုင် သည်။ မဲရုံအတွင်းတွင်လည်း စိတ်ချမ်း မြေ့စွာ ဆန္ဒမဲပေး နိုင်သည်။ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ လေ့လာသူများ သက်သောင့်သက်သာ ကိုယ်စီတာဝန်များ ဆောင်ရွက်နိုင်ကြသည်။ နောင်လာမည့်ရွေးကောက်ပွဲများ တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသုံး အဆောင် ပစ္စည်းများ ထားရှိဆောင်ရွက်ရန် မလိုအပ်သော် လည်း မဲရုံအတွင်း အခင်းအကျင်းများကို ဤပုံစံအတိုင်း ဆက်လက် ဆောင်ရွက်သင့်သည်။ မဲရုံပြင်ပတွင် မဲဆန္ဒရှင် တစ်ဦးနှင့်တစ်ဦး တစ်ပေခန့်အကွာ စနစ်တကျတန်းစီ၍ ဆန္ဒမဲပေးခြင်းမျိုး ဆက်လက်ပုံဖော်သင့်ပါသည်။
ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးခြင်း
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်သည် များပြားသည်။ တိကျသေချာမှုရှိရန်လိုသည်။ ရွေးကောက်ပွဲနီးမှ အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရမည်မဟုတ်၊ ရွေးကောက်ပွဲအဆင့်ဆင့်ရှိ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ အထူးသဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့အား တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် သင်တန်းပေးခြင်း၊ လက်တွေ့သရုပ်ပြ ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသင့် သည်။ မဲဆန္ဒရှင်ပြည်သူများသို့ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများကို အရပ်ဘက်လူ့အဖွဲ့အစည်း များနှင့်ပူးပေါင်းလျက် စဉ်ဆက်မပြတ် စီမံဆောင်ရွက် သင့်သည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းစေသင့်ပါသည်။
နိုင်ငံရေးပါတီများ
ဒီမိုကရေစီရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများ ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်။ နိုင်ငံနှင့် ပြည်သူအကျိုးကို ဦးတည်ကြိုးပမ်း တာဝန်ယူဆောင်ရွက် လိုကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းများက ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်၍ ပြည်သူတို့၏ဆန္ဒမဲဖြင့် ရွေးချယ်ခံကြခြင်းဖြစ် သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ပြည်သူတို့၏ဆန္ဒအမှန်ရရှိရေးအတွက် ကမကထပြု စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေး ပါတီအသီးသီးမှ တာဝန်ရှိသူများနှင့် စုံညီ အစည်းအဝေး များကို အကြောင်းအားလျော်စွာ ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အချို့သော ကိစ္စရပ်များအပေါ် နိုင်ငံရေးပါတီအချို့က အယူအဆ၊ သဘောထားအမြင် မတူညီမှုများ ရှိခဲ့သည်။ မည်သို့ဆိုစေ ဒီမိုကရေစီရေရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် နိုင်ငံရေးပါတီများ ရှင်သန် အားကောင်းရန် လိုအပ်သည်။ ဒီမိုကရေစီခရီးဖော်များ ဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပိုမိုရင်းနှီးပွင့်လင်းစွာ နိုင်ငံချစ်စိတ်ဖြင့် တွဲလက်ညီညီ ဆောင်ရွက်သွားကြရပါမည်။
သတင်းမီဒီယာများ
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်ခြင်းကဏ္ဍသည် ယခင် ကျင်းပပြီးစီးခဲ့သည် ရွေးကောက်ပွဲများထက်ပို၍ အားကောင်းခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကော်မရှင်အဖွဲ့ဝင်များ ပါဝင်သော သတင်း ထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သတင်းမီဒီယာ များနှင့်တွေ့ဆုံ၍ သတင်းအချက် အလက်များပေးခဲ့သည်။ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာ ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ သတင်းမီဒီယာများဘက်မှ ကျေနပ်မှုအပြည့်အဝ မရရှိနိုင် သည့်တိုင် ယခင်ရွေးကောက်ပွဲများနှင့်စာပါက အားရ စရာဖြစ်ပါမည်။ သတင်းမီဒီယာများဘက်တွင် အများစု သတင်းမီဒီယာများသည် ရွေးကောက်ပွဲဆိုင်ရာ သတင်း ထုတ်ပြန်ချက်များ တိကျမှန်ကန် အားကောင်းပါသည်။ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်း စေခဲ့သည်။ မဲဆန္ဒရှင် ပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် များကို မှန်ကန်ပြည့်စုံစွာသိရှိခြင်းဖြင့် နိုင်ငံအတွက် ကောင်းကျိုးဖြစ်ထွန်းစေပါမည်။ ဤတာဝန်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သတင်းမီဒီယာများက အတူတကွအစဉ်အမြဲ လက်တွဲပူးပေါင်း ဆောင်ရွက်ကြရပါမည်။
ဥပဒေမူဘောင်
ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲနည်းစနစ်များကို ပြင်ဆင်မည်ဆိုပါက သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများနှင့် နည်းဥပဒေများကို မပြင်ဆင် ဘဲ ဆောင်ရွက်၍ရနိုင်သည်များ ရှိသကဲ့သို့ ပြင်ဆင်ပြီးမှ ဆောင်ရွက်နိုင်သည် များလည်း ရှိနိုင်သည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများကို ပြင်ဆင်ရန်လိုအပ်လျှင် ပြင်ဆင်ကြရပါမည်။ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်အပိုင်းများ ပြင်ဆင်ရပါမည်။ သို့မှသာ ရွေးကောက်ပွဲ များ ပိုမို အားကောင်းပြီး ရှင်သန်နေပါမည်။
ရွေးကောက်ပွဲမှသည်ဒီမိုကရေစီရှေ့ခရီးသို့
ဒီမိုကရေစီ၏အခြေခံသည် ရွေးကောက်ပွဲများဖြစ် သည်။ ဒီမိုကရေစီစနစ်ရှင်သန်နေစေဖို့ ရွေးကောက်ပွဲများ ရှင်သန်နေရမည်။ ရွေးကောက်ပွဲများရှင်သန်စေဖို့ ဒီမိုကရေစီ ကျင့်စဉ်၊ ဒီမိုကရေစီ စိတ်ထားများ အားကောင်း ခိုင်မာနေ ရမည်။ ဒီမိုကရေစီ ကျင့်စဉ်သည် ပြည်သူများက ပြည်သူ များအတွက် ပြည်သူများပါဝင် စီမံခန့်ခွဲသော ကျင့်စဉ်ဖြစ် သည်။ ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရသည် အများစု၏ ဆန္ဒကို အနည်းစုကလေးစားလိုက်နာကြရပြီး အနည်းစု ၏ဆန္ဒကို အများစုကအလေးထားကြရ ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးတစ်ထောက်အဖြစ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ချောမော အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ လွှတ်တော်အသစ်များ၊ အစိုးရအဖွဲ့အသစ်များ ပေါ်ပေါက်လာပါမည်။ ဒီမိုကရေစီ ရှေ့ခရီး ဆက်လက်လျှောက် လှမ်းရပါဦးမည်။ ပြည်သူများ ၏ စုပေါင်းအားဖြင့် အခက်အခဲဟူသမျှ ရင်ဆိုင်ကျော်လွှား ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ကို ဆက်လက်တည်ဆောက်ကြရပါဦးမည်။
၂၀၂၀ ပြည့်နှစ်မှ နောင်ငါးနှစ်ပြည့်၍ ၂၀၂၅ ခုနှစ် ရောက်သည့်အခါ စတုတ္ထအကြိမ် လွှတ်တော်သက်တမ်း အတွက် အထွေထွေ ရွေးကောက်ပွဲကြီး ထပ်မံကျင်းပရ ပြန်ပါဦးမည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရှေ့ခရီး သာယာ ဖြောင့်ဖြူးဖို့ နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ များ ပို၍ပို၍ လွတ်လပ်မျှတ ချမ်းမြေ့ပျော်ရွှင်စွာကျင်းပနိုင်ရေး အတူတကွတွဲလက် ညီညီ ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ကြပါစေကြာင်းပါဗျာ။
၂၀၂၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အားအင်သစ်များ ဖြစ်ထွန်းကြပါစေ၊
လွတ်လပ်မျှတ၍ ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲ နည်းလမ်းများဖြင့် ပြည်သူ့ဆန္ဒကို မှန်ကန်စွာ ဖော်ထုတ်နိုင်ကြပါစေ၊
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှေ့ခရီး ဖြောင့်ဖြူး သာယာ အောင်မြင်ပါစေ။ ။
မောင်စာဂ