ညီနောင်သားချင်းသွေးစည်းမှုဖြင့် လွတ်လပ်ရေးကိုကာကွယ်ထိန်းသိမ်းကြပါစို့
မြန်မာတစ်မျိုးသားလုံး လေးစားမြတ်နိုးတန်ဖိုးထားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့သည်ကား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၂)နှစ်ပြည့်မြောက်ပြီ ဖြစ်ပေသည်။ မြန်မာတို့သည် သမိုင်းစဉ်တစ်လျှောက် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြငှာန်းဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ဂုဏ်ယူမြင့်မားစွာ နေထိုင်လာခဲ့ကြသောလူမျိုးဖြစ်သည်။ သတ္တိ၊ ဗျတ္တိတို့နှင့်ပြည့်စုံပြီး ရဲစွမ်း သတ္တိ ရှိကြပေသည်။
ပြည်ထောင်စုသား၊ ညီနောင်ဖွားများသည် အမိမြေတွင် တစ်ရေတည်းသောက် အတူတူလက်တွဲ နေထိုင်ကာ အမိမြေကိုချစ်သည်၊ အမိမြေကို မြတ်နိုးသည်၊ အမိမြေကို ကာကွယ်စောင့်ရှောက်သည်၊ အမိမြေကို ကျူးကျော်လာသူများကိုလည်း လုံးဝလက်မခံ။ ပြည်ထောင်စုသား အချင်းချင်းပူးပေါင်းကာ အသက်စွန့်တော်လှန်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။
ကျူးကျော်စစ်သုံးကြိမ်
ဤသို့ဖြင့် ဆွေမျိုးမိသားစုများ အေးချမ်းစွာ စုစည်းနေထိုင်ကြသော မြန်မာနိုင်ငံအား နယ်ချဲ့အင်္ဂလိပ်တို့သည် ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲ ကာ သိမ်းပိုက်ခဲ့ကြသည်။ မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်လျှင် ရင်နာဖွယ်ကောင်းလှသည်။
ပထမအကြိမ် ကျူးကျော်စစ်မှာ ဘကြီးတော်ဘုရားလက်ထက်တွင် စတင်ကျူးကျော်စစ် ဆင်နွှဲခဲ့သည်။ ၅-၃-၁၈၂၄ ရက်နေ့ မှ ၂၄-၂-၁၈၂၆ ရက်နေ့အထိဖြစ်သည်။ ဒုတိယကျူးကျော်စစ်မှာ ပုဂံမင်းလက်ထက်တွင် ထပ်မံဖြစ်ပွားခဲ့သည်။ ၁၈၅၂ ဧပြီလမှ ၁၈၅၂ နိုဝင်ဘာလ အထိ ဖြစ်သည်။ နောက်ဆုံး တတိယကျူးကျော်စစ်မှာ သီပေါဘုရင်လက်ထက်တွင် ဖြစ်ပွားခဲ့သည်။ ၁၄-၁၁-၁၈၈၅ ရက်နေ့မှ ၂၈-၁၁-၁၈၈၅ ရက် နေ့အထိ ကျူးကျော် စစ်ဆင်နွှဲပြီးသောအခါ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ သက်ဆင်းကျရောက်ခဲ့ရတော့သည်။ ဤအချိန်မှစပြီး မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးခဲ့ရပေသည်။
လွတ်လပ်ရေးတိုက်ပွဲအစ
မြန်မာတိုင်းရင်းသားညီနောင်များသည် သူ့ကျွန်ခံလိုစိတ်ရှိသူများမဟုတ်ချေ။ မြန်မာနိုင်ငံတစ်ဝန်း ပြည်မ၊ တောင်တန်းများပါမကျန် မျိုးချစ် တိုင်းရင်းသားခေါင်းဆောင်များက ဦးဆောင်၍ တိုင်းရင်းသားမျိုးနွယ်စုအားလုံးတို့သည် ညှိနှိုင်းဆောင်ရွက်စရာမလို။ တစ်သွေးတည်း၊ တစ်သားတည်း၊ ညီညွတ်ကြသည်၊ စုစည်းကြသည်။ လက်နက်အင်အား ကြီးမားသည်ဟူ၍ နောက်မတွန့်၊ ရဲဝံ့စွန့်စားသော အာဇာနည်စိတ် ဓာတ်ဖြင့် အမိမြေကို ကျူးကျော်လာသူ နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်တိုက်ခိုက်ရန် “လွတ်လပ်ရေးတိုက်ပွဲ” အစပြုခဲ့သည်။ မြန်မာတို့၏ သွေးကား စွေးစွေးနီခဲ့သည်။ ရရာလက်နက်တုတ်၊ ဓား၊ လှံ၊ လေးမြားတို့ဖြင့် ပြန်လည်တော်လှန်ဝံ့သော သတ္တိ၊ အာဂသတ္တိဖြစ်သည်။
ထို့နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မျိုးချစ်လူငယ်များကလည်း နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးအဖွဲ့များဖွဲ့၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပါဝင်သော တော်လှန်ရေးဆင်နွှဲခဲ့ကြသည်။ ထိုနည်းတူ ကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့် တောင်သူလယ်သမားအရေးတော်ပုံများဆင်နွှဲပြီး နယ်ချဲ့ကိုတော်လှန်ရေးဆင်နွှဲခဲ့ကြသည်။ ဤသို့ လက်နက်အင်အားကြီးမားသော နယ်ချဲ့တို့ ကို မြန်မာ့မျိုးချစ်တိုင်းရင်းသားခေါင်းဆောင်များ တော်လှန်တိုက်ပွဲ ဆင်နွှဲဝံ့ခြင်းခြင်းကြောင့်ပင် နယ်ချဲ့တို့ မြန်မာ့မျိုးချစ် ခေါင်းဆောင်များ နှင့် မျိုးချစ်တိုင်းရင်းသားတို့၏ သတ္တိကိုချီးကျူးခဲ့ကြသည်။ လေးစားခဲ့ကြပေသည်။
မြန်မာဟူသည်
မြန်မာဟူသည် သမိုင်းအစဉ်အလာကြီးမားသော လူမျိုးဖြစ်သည်။ ပုဂံခေတ်ကျန်စစ်သားမင်း(အေဒီ-၁၀၈၄- ၁၁၁၃)လက်ထက် ခရစ်နှစ် ၁၁၀၂ ခုနှစ်တွင် ရေးထိုးခဲ့သော ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာတွင် “မိရ်မာ”ဟူသော ဝေါဟာရမှဆင်းသက်လာခဲ့ပြီး “မြန်မာ” ဟူသော ဝေါဟာရမှာ အနက်အဓိပ္ပာယ်လေးနက်လှသည်။ မြန်သည်၊ မာသည်ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပါသည်။
ဤသို့လျှင် မြန်မာ့လွတ်လပ်ရေးဆုံးရှုံးချိန်မှစပြီး သမိုင်းစဉ်တစ်လျှောက်လုံး ပြည်ထောင်စုသားချင်းများသည် ရရာလက်နက်များစွဲကိုင်ပြီး အသက်များစွန့်လွှတ်ကာ တော်လှန်ခဲ့ကြသော်လည်း မြန်မာ့လွတ်လပ်ရေးကိုကား ပြန်လည်မရရှိသေးပေ။ သို့သော် ဇွဲနှင့်အားမာန်မလျှော့။ တော်လှန်တိုက်ပွဲဆင်နွှဲခဲ့ကြပါသည်။
ဗိုလ်ချုပ်နှင့်ရဲဘော်သုံးကျိပ်
ထိုနောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် အမျိုးမျိုးဆင်းရဲ အပင်ပန်းခံကာ တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာပြည်သူ တစ်ရပ်လုံးကလည်း စုစည်းညီညွတ်ကာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲစဉ် တစ်ရပ်လုံး ပါဝင်ခဲ့သည်။ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲမှု၊ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုတို့ကြောင့် မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန် “ရောင်နီသန်း” လာခဲ့သည်။
ထိုအချိန်တွင် မြန်မာ့လွတ်လပ်ရေး မရရှိစေရန်အတွက် နယ်ချဲ့တို့သည် ပြည်ထောင်စုတိုင်းရင်းသားညီနောင်ဖွားအချင်းချင်း မသင့်မြတ် စေရန် သွေးထိုးလှုံ့ဆော်ခဲ့သည်။ သွေးခွဲခဲ့သည်။ အထင်အမြင်လွဲမှားအောင်ဆောင်ရွက်ခဲ့သည်၊ အချင်းချင်းမယုံကြည်အောင် ဆောင်ရွက် ခဲ့သည်၊ သံသယပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြပါသည်။
ထိုအခြေအနေများကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးပြန်လည် ရရှိရန်အတွက် “တိုင်းရင်းသား ချစ်ကြည်ရေးသွေးစည်း ခရီးစဉ်” အဖြစ် တောင်တန်းဒေသများသို့ သွားရောက်ခဲ့သည်။ တွေ့ဆုံခဲ့သည်။ ဆွေးနွေးခဲ့သည်။ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ပြည်မနှင့် တောင်တန်းဒေသများမခွဲခြား။ အတူတူသွေးစည်းညီညွတ်ပါကြောင်း တောင်တန်းဒေသများကလည်း လွတ်လပ်ရေးရယူလိုပါကြောင်း “တူညီစွာဆန္ဒပြု”ကြသည်။ သဘောတူညီကြသည်။ “ပင်လုံစာချုပ်” ချုပ်ဆိုခဲ့ကြသည်။ သွေးချင်းတို့၏ စုစည်းညီညွတ်မှုမှတ်တိုင် ပင်လုံ သက်သေပြုခဲ့ခြင်းပင် မဟုတ်ပါလား။
ဒီမိုကရေစီနိုင်ငံတော်
မျိုးချစ်အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းသည် အနာဂတ်မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရန် ဆန္ဒပြင်းပြ ခဲ့သည်။ ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဂျူဗလီဟော ပဏာမပြင်ဆင်မှု ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်း မှာ...။
တကယ့် ဒီမိုကရေစီ
“တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေကတင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရ ဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေး အဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်” ဟု မိန့်မှာသွားခဲ့ သည်။
ထိုအချိန်ကပင် ဗိုလ်ချုပ်သည် တကယ့်ဒီမိုကရေစီ၏ အနှစ်သာရနှင့် ပြည်သူ့အစိုးရ ဆောင်ရွက်ပေးရမည့်တာဝန်ကိုပါ တစ်ပါတည်း မီးမောင်းထိုးပြခဲ့ပေသည်။ ဗိုလ်ချုပ်ကား အမြော်အမြင်ကြီးမားလှပါပေစွ။
ယခုအခါ ပြည်သူများလိုလားတောင့်တသော ဒီမိုကရေစီနိုင်ငံတော်ကို စတင်အုတ်မြစ်ချ ရုပ်လုံးဖော်တည်ဆောက်နေပြီဖြစ်သည်။
ထိုသို့ ဒီမိုကရေစီနိုင်ငံတော်သစ်အား ရုပ်လုံးဖော်တည်ဆောက်နေသည်ကား မှန်ပါ၏။ ဒီမိုကရေစီတည်ဆောက်နေသော အချိန်ကာလကား “နုနယ်ပါသေး၏” ဒီမိုကရေစီနိုင်ငံတော် အောင်မြင်စွာတည်ဆောက်လိုပါလျှင်...။
- တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိဖို့လိုပါသည်။
- ပြည်ထောင်စုစိတ်ဓာတ် မွေးမြူဖို့လိုပါသည်။
- တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ဖို့လိုပါသည်။
- စုပေါင်းစွမ်းအားဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် ဝိုင်းဝန်းတည်ဆောက်ကြဖို့ လိုပါသည်။
ထို့အပြင် တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ မိရိုးဖလာအစဉ်အလာတို့ကို မျိုးဆက်သစ်တို့က “အမွေဆက်ခံ” ထိန်းသိမ်း မြှင့်တင်ကြဖို့လည်းလိုအပ်ပါသည်။
အဓိကမှာ အသက်ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံပြီး အရယူပေးခဲ့သော မြန်မာ့လွတ်လပ်ရေးကိုမူ လုံးဝအထိပါးမခံနိုင်ပါ။ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ညီညွတ်စည်းလုံးမှုဖြင့် လွတ်လပ်ရေးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြရန် ဖြစ်ပါသည်။ လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ ထာဝစဉ်အဓွန့်ရှည်တည်တံ့ခိုင်မြဲလေအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည့်တာဝန်မှာ နိုင်ငံသားတိုင်းတွင် ရှိပေ သည်။ ဤတာဝန်ကို နိုင်ငံချစ်စိတ်ရှိသူတိုင်း မလွဲမသွေ ထမ်းဆောင်ကြရမည် ဖြစ်ပေသည်။
သို့ဖြစ်ရာ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး”သည်ကား နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်ပါသည်။ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ပါမှ နိုင်ငံတော်အေးချမ်းသာယာပါမည်။ အေးချမ်းသာယာမှလည်း နိုင်ငံတော်တိုးတက်ပါမည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပါလျှင် မြန်မာတစ်မျိုးသားလုံး လိုလားတောင့်တနေသည့် စည်းကမ်းပြည့်ဝသော၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး သည် အောင်မြင်စွာ တည်ဆောက်နိုင်မည်မှာ ဧကန်မလွဲဖြစ်ပေသည်။
ပြည်ထောင်စုကြီးအကျိုးအတွက် ညီညွတ်စည်းလုံးကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၃-၈-၂၀၁၈ ရက်နေ့တွင် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် ဤသို့အဖွင့် အမှာစကားပြောကြားခဲ့သည်။
“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ ဘာလုပ်ငန်းလုပ်လုပ် ပြည်ထောင်စုကြီးအကျိုးအတွက် ဘယ်တော့မှမမေ့ဘဲနဲ့ လုပ်စေချင်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုသူ ပြည်ထောင်စုသားအားလုံးအတွက် အကျိုးရှိအောင် စဉ်းစားပြီးလုပ်စေချင်တယ်။ ပြီးတော့ ပြည်ထောင်စုသူ ပြည်ထောင်စုသားအားလုံး ပိုမို ပြီးတော့ နီးစပ်လာအောင်၊ ညီညွတ်လာအောင်၊ ပိုမိုပြီးတော့ စည်းလုံးလာအောင် လုပ်ပေးမယ့် ပုံစံမျိုးလည်း ဖြစ်စေချင်ပါတယ်” ဟု ပြောကြားခဲ့ပေသည်။
အနှစ်ချုပ်တင်ပြရလျှင် ယခုအချိန်အခါသည် နိုင်ငံတကာဖိအားများရှိနေသည်။ ဤလို အချိန်မျိုးတွင် နိုင်ငံတော်အတွက် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးပင်ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ရေး ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရန်ဖြစ်ပါသည်။
မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိအောင် အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြစဉ်က တိုင်းရင်းသားညီနောင်ဖွားများသည် အချင်းချင်းညီညွတ် ခဲ့ကြ သည်။ သွေးစည်းခဲ့ကြပါသည်။ ဤအစဉ်အလာကို လက်ဆင့်ကမ်းဆက်လက်သယ်ဆောင်ကာ “ညီနောင်သားချင်းသွေးစည်းမှုဖြင့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းကြပါစို့” ဟုသာ ဆန္ဒပြုရေးသားတင်ပြလိုက်ရပေသည်။ ။
မော်ကျွန်း - မြင့်အောင်