Skip to main content

အဓိပတိလမ်းမပေါ်မှာ လျှောက်ဖူးခဲ့ပါသည်

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အကြိုလှုပ်ရှားမှု ပုံရိပ်များကို TV ဖန်သားပြင်မှ ညစဉ် ညစဉ် ကြည့်ရှုခံစားရင်း ပညာရေး တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်သော်လည်း အဓိပတိလမ်းမပေါ်မှာ လျှောက်လှမ်းခဲ့ဖူးပါသည်ဟု တင်ပြလိုစိတ်လေး ပေါ်ပေါက်လာကာ ဂုဏ်ယူဝင့်ကြွားစွာ ဟစ်ကြွေးချင်ပါတော့သည်။

ကျွန်မသည် ၁၉၇၆-၇၇ ပညာသင် နှစ် ပညာရေးတက္ကသိုလ်ဝင်ခွင့်နှင့်အတူ အဆောင်နေခွင့်ရသည်ဟု စာတမ်းပါ စာတိုက် မှ ရောက်ရှိလာသော လျှောက်လွှာဖြတ်ပိုင်း လေး လက်ခံရရှိသည်နှင့် အလွန်ပျော်ရွှင်မိ သည်။ ကံထူးသည်မှာကား ရန်ကုန် တက္ကသိုလ် ပရိဝုဏ်အတွင်းရှိ ထင်ရှားလှသော၊ ခမ်းနား ထည်ဝါသော အင်းလျားဆောင်ကြီးမှာ အဆောင်သူအဖြစ် နေခွင့်ရသည် မို့ စိတ်လှုပ် ရှားမိသည်။ အင်းလျားဆောင်ကြီးမှာ အနီရင့် ရင့် အုတ်နံရံများ၊ အနီရင့်ရောင် အုတ်ကြွပ် မိုးနှင့် ရှေ့တည့်တည့်မှာ အင်းလျားလမ်း၊ အင်းလျားရေကန်၊ အဆောင်နောက်ပေါက်မှ ထွက်လျှင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ လမ်းသွယ်များ၊ အဓိပတိလမ်းနှင့် သစ်ပုပ်ပင်၊ ဘွဲ့နှင်းသဘင် အဆောက်အအုံတို့နှင့် တစ်ဆက်တစ်စပ်တည်းရှိနေသည်ဟု သိနေ ခဲ့သည်။ အဓိပတိလမ်းပေါ် လျှောက်လှမ်းရ တော့မည်မို့ ရင်ခုန်ခဲ့မိသည်။

ကျွန်မသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ ဖြစ်သည်။ အဆောင်ဝင်ရန် ကျွန်မ ၏ အစ်မက လိုက်ပို့ခဲ့သည်။ ထိုနေ့မှာ အဓိပတိလမ်းမပေါ် ခြေမချရသေးပေ။ အဝေး မှ လှမ်းမြင်ခဲ့ရ၍ ရင်ဖိုမိသည်။ အငှားကားဖြင့် အင်းလျားလမ်း အဆောင်ရှေ့ ပေါက်မှ ဝင်ခဲ့ သည်။ ကျွန်မ ကံကောင်းလှသည်။ ကျွန်မ နေရမည့်အခန်းမှာ အင်းလျားကန်နှင့် မျက်နှာချင်းဆိုင် အဆောင်ရှေ့ မျက်နှာစာ အပေါ်ထပ်အခန်း ၁၃/၁၄ ထောင့်ခန်းလေးမှာ သူငယ်ချင်း (၁၂) ယောက်နှင့်အတူ နေထိုင်ရသည့် အခန်းဖြစ်သည်။ ကျွန်မတို့အုပ်စုတွင် မွန်ပြည်နယ်ကများသည်။ တိုင်းနှင့် ပြည်နယ် သားချင်း အချင်းချင်းတွေ့ဆုံ ချစ်ခင်ရိုင်းပင်း ကြသည်။

ကျွန်မတို့တက်ရမည့် ပညာရေး တက္ကသိုလ်မှာ မြန်မာ့အသံ အဆောက်အအုံနှင့် မျက်နှာချင်းဆိုင် ပြည်လမ်းမဘေးတွင် ရှိ သည်။ ယခု အဆောင်နှင့် တက်ရောက်မည့် ကျောင်းအနည်းငယ်ဝေးသည်။ ရန်ကုန် တက္ကသိုလ် အင်းလျားဆောင်တွင် နေကြရ သော မြို့နယ်အသီးသီးမှ လာကြသည့် မအူမလည် ကျွန်မတို့မှာ ပညာရေးတက္ကသိုလ် သွားရန် လမ်းရွေးကြရတော့မည်။ လိုင်းကား လည်း မစီးတတ်ကြပါ။ နောက်မှ သိရသော ပုဂံလမ်း၊ သထုံလမ်းတို့ကိုလည်း မသိရ၊ မတွေ့ရ၊ မလျှောက်ရသေးပါ။

အဓိပတိလမ်းမပေါ် ပထမဆုံး လျှောက်လှမ်း ရသည့်နေ့

ကျောင်းစဖွင့်သည့်နေ့ အဓိပတိလမ်းမ ပေါ် ပထမဆုံး လျှောက်လှမ်းရသည့်နေ့သည် အမှတ်တရ ရှိလှသည်။ ကျွန်မတို့ သူငယ်ချင်းတွေ အဆောင်နောက်ပေါက်မှ ထွက်ခဲ့သည်။ လွယ်အိတ်ကိုယ်စီ လွယ်၊ စာအုပ်ကို ပိုက် လျက် ခပ်ကုပ်ကုပ် လျှောက်ခဲ့ကြသည်။ ပျော်ရွှင်မြူးထူးရမှန်း မသိသေး။ အဓိပတိ လမ်းမပေါ် ခြေလှမ်းစလိုက်ပါပြီ။

ကျွန်မ အံ့ဩမိသည်က ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်း ကျောင်းသား ကျောင်းသူများ အရောင်အသွေးစုံစွာ သွား လာလှုပ်ရှားနေကြပြီ၊ မိန်းကလေးတိုင်း ခေတ်မီ၍ လှပနေကြသည်။ ယင်းမြင်ကွင်းမှာ မည်းနက်တောက်ပြောင်နေသည့် အဓိပတိ လမ်းမပေါ်မှာ ရောင်စုံအဖူးအပွင့် ကလေးများ ဖြင့် ပေါ်လွင်ထင်ရှား ကျက်သရေရှိစွာ လှပနေ ကြသည်ဟု ခံစားမိသည်။

ကျွန်မတို့ ရန်ကုန်တက္ကသိုလ် အဓိပတိ လမ်းအဝင်ပေါက်မှ ထွက်ပြီးပြည်လမ်းမဘေး ပလက်ဖောင်းမှ ခြေကျင်လျှောက်ခဲ့ကြ သည်။ ပြည်လမ်းမတစ်လျှောက် ကားများ ဝီခနဲ ဝီခနဲ ဖြတ်သွားသည့်အရှိန်ကို လန့်ကာထိတ်ကာဖြင့် ကျောင်းကိုတည့်တည့် မတ်မတ် ရောက်ခဲ့ပါပြီ။ တစ်ပတ်လောက် ပြည်လမ်းမှသွားသည်။ နောက်အပတ်များ မှာတော့ ဖြတ်လမ်းမှသွားကြသည်။

အင်းလျားဆောင်မှ ပညာရေးတက္ကသိုလ် သို့ ဖြတ်လမ်းမှသွားတတ်ပြီ။ အဆောင်မှာ လည်း နေထိုင်မှု ကျင့်သားရသွားပြီ။ ကျွန်မတို့ အင်းလျားဆောင်သူဘဝ အပြည့်အဝခံစားကြ ပြီလေ။ နံနက်ကျောင်းမသွားမီ အင်းလျားကန် မှာ ရေကူးသွားသင်သည်။ ရေကူးကြသည်။ အဆောင် နံနက်စာကို ၈ နာရီမှာစားကြပြီး ကျောင်းသွား၊ အတန်းတက်ကြသည်။နေ့စဉ် အဓိပတိလမ်းပေါ် လျှောက်ရင်း၊ ရန်ကုန် တက္ကသိုလ်၏ ရောင်စုံရှုခင်းများကို ငေးမော ရင်း တက္ကသိုလ် အဓိပတိအဝင်ဂိတ်မှ ဖြတ်လမ်းကူးပြီး တက္ကသိုလ်ဆေးရုံဘေးရှိ သထုံလမ်း၊ တက္ကသိုလ်ရေကူးကန်၊ တင်းနစ် ကွင်း၊ ပညာရေးတက္ကသိုလ် ပုဂံဆောင်နောက် နဝဒေးဆောင်နဲ့ တက္ကသိုလ်ဘောလုံးကွင်း၊ ပညာရေးတက္ကသိုလ် အားကစားရုံတို့ကို ကျော်ပြီး ကျောင်းဝင်းအတွင်း ဝင်ကြသည်။ ပျော်စရာ ကောင်းလှသည်။ လွမ်းမောဖွယ် ကောင်းလေစွ။

ကျွန်မတို့ ပညာရေးတက္ကသိုလ် ကျောင်းသူ (၁၀၀) ကျော် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း က အင်းလျားဆောင်ကြီးမှာ တစ်နှစ်တာ ခိုလှုံ ခွင့်ရခဲ့ကြသည်။ ဂုဏ်ယူမိသည်။ ကျေနပ်မိ သည်။ အင်းလျားဆောင်ရှေ့မှာ ကံ့ကော်ပင် တန်းရှိသည်။ ညနေထမင်းစားပြီး သူငယ်ချင်း တစ်တွေ ကံ့ကော်ပင်တန်းတစ်လျှောက်မှ အင်းလျားကန်သို့ လေညင်းခံ လမ်းလျှောက် ထွက်ကြသည်။ အင်းလျားကန်ဘေးမှာ အကြော်စုံစားကြသည်။ ကျွန်မတို့ မြို့က အကြော်နှင့်မတူ။ အချဉ်နှင့်တို့စားမှ စား ကောင်းသည်။ လမ်းလျှောက်အပြန်တွင် ဘွဲ့ နှင်းသဘင်နောက်ပေါက်မှ ရန်ကုန် တက္ကသိုလ်အတွင်း ဝင်သည်။ အဓိပတိလမ်း ဘေးဝဲယာမှာ အဆောင်နေကျောင်းသား ကျောင်းသူများ အပန်းဖြေကြသည်။ သစ်ပုပ် ပင် အလှနှင့် ဓာတ်ပုံရိုက်ကြသည်။ ညနေ ၆ နာရီအမီ အဆောင်သို့ အပြေးအလွှား ဝင်ကြရင်း အဆောင်စည်းကမ်းကို လေးစား လိုက်နာကြရသည်။

အင်းလျားဆောင် ရင်ငွေ့ကို ခိုလှုံကာ အဓိပတိလမ်းမပေါ် အကြိမ်ကြိမ်လျှောက် လှမ်းခဲ့ရဖူးသူမို့ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ပျော်ပွဲမှာ တို့တွေလည်း ဆင်နွှဲနိုင်ပါ လားလို့ ပါဝင်ခွင့်ရသူအဖြစ် ပီတိဖြစ်မိပါ သည်။

ကျွန်မနှင့် ရန်ကုန်တက္ကသိုလ်

အဓိပတိလမ်းမပေါ်ကို ကျွန်မ ဘွဲ့ရ အလုပ်ဝင်ပြီးနောက် ဆက်လက်လျှောက်နေ ရပါသေးသည်။ ကျွန်မနှင့် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းတို့ ပဋ္ဌာန်းဆက်ရှိပုံပေါ်သည်။ ကျွန်မ အလုပ်ဝင်ပြီး (၂) နှစ်အကြာ အလုပ် တာဝန်ဖြင့် အဓိပတိလမ်းပေါ် လျှောက်လှမ်း ရပြန်ပါသည်။ ကျွန်မသည် မြင်းခြံမြို့ အထက (၁) မှ အထက်တန်းပြဆရာမတစ်ဦး ဖြစ်ပါ သည်။ ဘောဂဗေဒဘာသာပြ ဆရာတစ်ဦးပါ။ ကျွန်မတို့ ဆရာတွေ သင်ကြားမှု ထက်မြက်ဖို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများ စစ်ဆေးခြင်းဖြင့် အတွေ့အကြုံယူရတာမို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ တစ်နှစ်တစ်ကြိမ် စာစစ်လာကြရသည်။ ထိုစဉ်ကရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ရန်ကုန် တက္ကသိုလ်ကျောင်းဝင်းအတွင်း ဘွဲ့နှင်း သဘင်နှင့် ကပ်လျက်မှာ ရှိသည်။

ကျွန်မ ကံကောင်းပြန်ပါသည်။ ကျွန်မ စာစစ်တာဝန်ကို ရန်ကုန်မြို့ထဲမှ မလာရပါ။ ကျွန်မ၏အစ်မဖြစ်သူ ဒေါ်မြမြဝင်း (မြန်မာစာ ပါမောက္ခ-ငြိမ်း)မှာ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း အင်းလျားအဆောင်မှူး တာဝန်ယူစဉ်ကာလဖြစ်လို့ပါ။ အဓိပတိလမ်း မှနေ့စဉ် ဖြတ်လို့ စီးပွားရေးတက္ကသိုလ် စာစစ် ရမည့်ဌာနသို့ သွားကာ တာဝန်ထမ်းဆောင် ရသည်။ ကျွန်မနဲ့ အဓိပတိလမ်း၊ ရန်ကုန် တက္ကသိုလ်ရဲ့ မြင်ကွင်းများ၊ ပုံရိပ်များအဆက် မပြတ်ခဲ့ပါ။ ကျွန်မအလယ်တန်းကျောင်းအုပ် တာဝန်မယူမီ နှစ် (၂၀) နီးပါး ရန်ကုန် တက္ကသိုလ် အဓိပတိလမ်းမပေါ် လျှောက်လှမ်းလို့ နိုင်ငံ့တာဝန်ထမ်းခဲ့ရတဲ့ အတွက် ကျွန်မသည် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ဆင်နွှဲနိုင်သူထဲက တစ်ဦးပါ လို့ တင်စားဝင့်ကြွားဂုဏ်ယူလိုစိတ်ဖြင့် ခံစားတင်ပြအပ်ပါသည်။

(၁၉၈၀ ပြည့်နှစ် ပညာရေးတက္ကသိုလ် ကျောင်းဆင်း အင်းလျားဆောင် ကျောင်းသူ ဟောင်းများကိုယ်စား ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အား ကြိုဆိုဂုဏ်ပြုပါ သည်။)

သင်း (ပညာရေးတက္ကသိုလ်)

 251220MMALS1(2).jpg

 

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

အမည်ရင်း - ဒေါ်မြမြသင်း

၂၉-၆-၁၉၅၆ ရက်နေ့တွင် မွေးဖွားသည်။

- တက္ကသိုလ်ဝင်တန်းကို မြင်းခြံမြို့မှ အောင်မြင်သည်။

- ၁၉၇၆ မှ ၁၉၈၀ ပြည့်နှစ်အထိ ပညာရေးတက္ကသိုလ်တွင် တက် ရောက်ခဲ့သည်။ B.Ed (စနစ်သစ်၊ ဝိဇ္ဇာ) ဘွဲ့ရရှိသည်။

- ၁၇-၉-၁၉၈၁ ရက်နေ့မှစ၍ အထက (၁) မြင်းခြံမြို့တွင် အထက်တန်းပြ တာဝန်ထမ်း ဆောင်ခဲ့သည်။

- ၂၀၀၁ မှ ၂၀၁၆ ခုနှစ်အထိ အလယ် တန်းကျောင်းအုပ်၊ အထက်တန်း ကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူး တာဝန်အဆင့်ဆင့် ထမ်းဆောင် သည်။

- ၂၀၁၆ ခုနှစ်တွင် ဒဂုံမြို့နယ် ပညာ ရေးမှူး ရာထူးဖြင့် အငြိမ်းစားယူ သည်။

- သင်း (ပညာရေးတက္ကသိုလ်) အမည်ဖြင့် သင်ရိုးကုန် (ဘောဂ ဗေဒ) စာအုပ်များရေးသား ပြုစုခဲ့ သည်။