Skip to main content

ရန်ကုန်တက္ကသိုလ်နှင့် ခြေလျင်တောင်တက်အသင်း

မိုဟာမက်သည် တောင်ကြီးကို လာလော့ဟု ဖိတ်ခေါ်၏။ တောင်ကြီးကား မရွေ့၊ ထိုအခါ မိုဟာမက်သည် တောင်ကြီးရှိရာသို့ သွားလေ၏ဟူသော  အာရေဗျ စကားပုံလေးရှိပါသည်။ ကျွန်တော်တို့သည် မြင့်မားဝေသီသော တောင်ထွတ်ကြီးများပေါ်သို့ တက်ရောက်လိုပါ၏။ တောင်ထိပ်တောင်ထွတ်ကြီးများသည် ကျွန်တော်တို့ထံသို့ လာမည်ကားမဟုတ်။ ထို့ကြောင့် ကျွန်တော်တို့သည် တောင်ထွတ်ကြီးများရှိရာသို့ ရေမြေတောတောင်ခရီးကြမ်းအမျိုးမျိုး၊ ရာသီဥတုအမျိုးမျိုး၊ အခက်အခဲအတားအဆီးအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်၍ ဇွဲ၊ သတ္တိ၊ အားမာန် အပြည့်ဖြင့် တက်ရောက်ကြရပါသည်။

ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောင်တက်ခရီးအစ

စစ်ကြိုခေတ်က “မြန်မာပြည်ခြေလျင် အသင်းကြီးကို ကာယဗလ  ဦးရှိန်၊ ဦးဇော် ဝိတ်နှင့် မိုးကြိုး ဦးအုန်းခင်(ဗမာ့ခေတ်)တို့က ၁၉၃၀ တွင် ဦးဆောင်ဖွဲ့စည်းပြီး  မြန်မာ တစ်မျိုးသားလုံး၏     အခြေခံကျန်းမာရေး အတွက်    ခြေကျင်လမ်းလျှောက်ခြင်းဖြင့် မြှင့်တင်ရန်  ကြိုးပမ်းခဲ့ကြသည်။ မြန်မာ နိုင်ငံအနှံ့ ခြေလျင်အသင်းခွဲများစွာ ပေါ်ထွန်း လာပြီး   ခရီးတို၊  ခရီးရှည် လမ်းလျှောက်ပွဲ များကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲနိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာချိန်တွင်    အသင်း လှုပ်ရှားမှုများ  ရပ်ဆိုင်းသွားခဲ့သည်။

စစ်ပြီးကာလတွင်       ခြေကျင်    လမ်း လျှောက်ခြင်း၏တန်ဖိုးကို နားလည်ကြသော အားကစားသမားများက    ဤအသင်းကို   ပြန်လည်ဖွဲ့စည်းရန်   ကြိုးစားခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်  ဇန်နဝါရီလ   ၁ ရက်နေ့တွင် အောင်ဆန်း အားကစားပြိုင်ဝင်း၌ ကာယဗလ  ဦးရှိန်နှင့်     စစ်ကြိုခေတ်   အလေးမ ချန်ပီယံ ဗိုလ်မှူးကြီး စည်သူလှအောင်တို့ ဦးဆောင်၍ “မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အသင်း ချုပ်ကို (သာမန်အားကစားကလပ်      မဟုတ် ဘဲ)  အမျိုးသားအဆင့်ရှိ   Federation   အဖြစ် ဖွဲ့စည်းခဲ့သည်။  စစ်ကြိုခေတ်ကထင်ရှားခဲ့ သော ခြေကျင်လမ်းလျှောက်အားကစားနှင့် ၁၈-ရာစုနှစ်ကတည်းက      ဥရောပတွင် ခေတ်စားနေပြီဖြစ်သော     တောင်တက် အားကစား(၂)မျိုးကို    ပေါင်းစပ်ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ခြေလျင်/   တောင်တက်အားကစား အသင်း ချုပ်  (နောင်တွင်   အဖွဲ့ချုပ်ဟု ပြောင်းလဲခဲ့)    စတင်    ဖွဲ့စည်းပြီးနောက် ယင်းနှစ်  အောက်တိုဘာလတွင်   ရှမ်းရိုးမ တောင်ပိုင်း၊   ဆင်တောင်/ ပေ (၆ဝ၂ဝ)ခရီးစဉ်ဖြင့် ပွဲဦးထွက်  ခရီးစဉ်ကို   အောင်မြင် စွာ  ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ် ပေါ်ပေါက်ပြီးနောက် တက္ကသိုလ်၊ ကောလိပ်များ၌     အားကစားအဖွဲ့များ ဖွဲ့စည်းရာတွင်        ခြေလျင်တောင်တက် အားကစားကော်မတီများပါ   ဖွဲ့စည်းလာ ခဲ့သည်။  ထိုစဉ်က   ကျောင်းသားအင်အား အများဆုံးဖြစ်သော   ရန်ကုန်တက္ကသိုလ် သည်     ခြေလျင်/တောင်တက်အသင်းကို ဗွေဆော်ဦးဖွဲ့စည်းနိုင်ခဲ့သော   တက္ကသိုလ် ဖြစ်ပါသည်။

၁၉၆၁ ခု   ဒီဇင်ဘာလတွင်     ရန်ကုန် တက္ကသိုလ်၊   ပထဝီဝင်ပါမောက္ခ၊   ဌာနမှူး ဒေါက်တာ ဒေါ်သင်းကြည်  ဦးဆောင်၍ အဖွဲ့ ဝင်(၃၇)ဦးပါဝင်သော ခြေလျင်နှင့်တောင်တက် အသင်းသည် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်နှင့် (ယခု မွန်ပြည်နယ်၊ ထိုစဉ် က တနင်္သာရီတိုင်း မြောက်ပိုင်း) ဘီးလင်းမြို့ နယ်ရှိ  ကေလာသတောင်တို့သို့  ပထမဆုံး တက်ရောက်ခဲ့သည်။ တောင်တက်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးလှအောင်နှင့် အမှုဆောင် များက လိုက်ပါ၍ ကြီးကြပ်စီစဉ် ဆောင်ရွက် ပေးခဲ့သည်။

ထူးခြားချက်မှာ ထိုရန်ကုန်တက္ကသိုလ် တောင်တက်အသင်းတွင် အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်သင်းကြည်အပါအဝင် အုပ်ချုပ် သူ   ဒေါ်ကျင်စိန်၊ ဒေါ်ရီကြိန်နှင့်အဖွဲ့သား အားလုံးမှာ    အမျိုးသမီးများသာဖြစ်ခြင်း   ဖြစ်သည်။  ထိုစဉ်က   ရန်ကုန်တက္ကသိုလ်သည်  Unitary စနစ်ဖြင့်  ဖွဲ့စည်းထားခြင်းဖြစ်၍ ရန်ကုန်တက္ကသိုလ်လက်အောက်တွင် စီးပွား ရေးမဟာဌာန၊ ပညာရေးမဟာဌာန၊ ဆေး ပညာမဟာဌာန၊  အင်ဂျင်နီယာ မဟာဌာန စသည်ဖြင့် မဟာဌာနများရှိသည့်အနက်      တောင်တက် အသင်းတွင် ပညာရေးမဟာဌာန    (ယခု   ပညာရေးတက္ကသိုလ်)မှ   ကျောင်းသူ အများစု  ပါဝင်ခဲ့ကြသည်။   (တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်ရောက်မှ  ထိုမဟာ ဌာနများသည်  စီးပွားရေးတက္ကသိုလ်၊    ဆေး တက္ကသိုလ် စသည်ဖြင့်   သီးခြားတက္ကသိုလ် များ  ဖြစ်သွားခြင်းဖြစ်သည်။)

တက္ကသိုလ်၊  ကောလိပ်များကို  အမာခံထား

ခြေလျင်တောင်တက်အဖွဲ့ချုပ်ကို ၁၉၆၀ မှ  ၁၉၈၅ အထိ ဥက္ကဋ္ဌအဖြစ်ဦးဆောင်ခဲ့သော ဗိုလ်မှူးကြီးလှအောင်နှင့် အမှုဆောင်ကြီးများ သည်     ခြေလျင်နှင့်   တောင်တက်အားကစား လှုပ်ရှားမှု၏   ရှေ့ခရီးအတွက်    တက္ကသိုလ် ကောလိပ်ကျောင်းသူ  ကျောင်းသားများကို   အမာခံထားခဲ့သည်။    တက္ကသိုလ်ဝင်တန်း အောင်ခါစ ကျောင်းသား ကျောင်းသူများသည်  ယေဘုယျအားဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်ဝန်းကျင်      လူလားမြောက်စအရွယ်၊    စွန့်စားလိုသည့် နိုးကြားတက်ကြွစအရွယ် ဖြစ်ခြင်း၊  အခြေခံပညာရေးမှ အဆင့်မြင့် ပညာရေးသို့ ကူးပြောင်း စ၊ တွေးခေါ်မြော်မြင်မှု IQ (အိုင်ကျူ)မြင့်မားသူများဖြစ်ခြင်း၊ တစ်နေ့ တွင်  နယ်ပယ်ပေါင်းစုံ၌ ဦးဆောင်ရမည့် လူငယ်များဖြစ်ခြင်းတို့ကြောင့်  ထိုသို့သော လူငယ်များကို  ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ မဖြစ်မနေဆန္ဒ၊ အမိန့်နာခံတတ်မှု၊ အများနှင့်  ပူးပေါင်းဆောင်ရွက်တတ်မှု၊ ကိုယ်ကျိုးစွန့် တတ်မှု၊  ရေမြေတောတောင် သဘာဝပတ်ဝန်း ကျင်ကို   ချစ်ခင်တတ်မှု၊ တိုင်းရင်းသားပြည်သူ တို့နှင့်  ချစ်ကြည်ရေး တည်ဆောက်တတ်မှု စသည့်စရိုက်ကောင်းများကို အကောင်းဆုံး လေ့ကျင့်ပျိုးထောင်ပေးနိုင်သော အခြေအနေ ကောင်းများရှိသည်ဟု ယုံကြည်သဖြင့် ဤသို့  အမာခံထားခဲ့ခြင်းဖြစ်သည်။

တိုးတက်လာသောရန်ကုန်တက္ကသိုလ်  ခြေလျင်/ တောင်တက်အသင်း

၁၉၆၀  ခု  နောက်ပိုင်းတွင်    ရန်ကုန် တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း သည် နှစ်စဉ် လမ်းလျှောက်ပြိုင်ပွဲများ ကျင်းပ ခြင်း၊ ခြေကျင်ခရီးတို   ခရီးရှည်များ လေ့ကျင့် ခြင်း၊ ခြေလျင်တောင်တက်ခရီးများ ထွက်ခွာ ခြင်း  စသည်တို့ကို   ဆောင်ရွက်ခဲ့ကြသည်။

ရပ်ဝေးခရီးစဉ်များ ဆောင်ရွက်ရာတွင် လွန်ခဲ့ သောနှစ်  ၆၀ ခန့်က   လမ်းပန်းဆက်သွယ် ရေးခက်ခဲခြင်း၊ ဒေသအချို့တွင် နယ်မြေမလုံ ခြုံခြင်း၊ တောင်တက်ကိရိယာ  လိုအပ်ချက် များရှိခြင်း   စသည့်  အကြောင်းအမျိုးမျိုး ကြောင့်  သာမန်မြေသား  တောင်တက်ခြင်း၊ ကျောက်တောင်တက်လေ့ကျင့်ခြင်း၊ ခရီးဝေး Hiking လျှောက်ခြင်းတို့ကိုသာ ဆောင်ရွက် နိုင်ခဲ့သည်။

ရန်ကုန်မှ ကွမ်းခြံကုန်း၊   လက်ခုပ်ကုန်း၊ မှော်ဘီ၊ တိုက်ကြီး စသည့်ခြေကျင်ခရီးရှည်များ၊ ပန်းတောင်းမှတောင်ကုတ်   ရိုးမဖြတ်ကျော် ခရီးများ၊ ပုသိမ်သို့ သွားရောက်၍ ရခိုင်ရိုးမတောင်ပိုင်းမှချောင်းသာသို့ ခြေကျင်ခရီးများ ကို Hiking အဖြစ်  ဆောင်ရွက်ပြီး   Mounti- nerring(တောင်တက်ခရီး)အဖြစ် ရှမ်းပြည် နယ်   ဆင်တောင်၊  မြင်းမထိတောင်၊ အရှေ့ မြင်    အနောက်မြင်တောင်၊     မိုးကုတ် တောင်မည်းတောင်၊ ချင်းပြည်နယ်မြောက်ပိုင်း ကနေဒီ၊  လုံပီး  စသည့်တောင်တက်ခရီးစဉ်များ သို့ တက်ရောက်ခဲ့ပြီး ထိုကာလက အမြင့်ဆုံး တက်ရောက်နိုင်ခဲ့သောတောင်မှာ ချင်းပြည် နယ်တောင်ပိုင်းရှိ    ဝိတိုရိယ(ခေါ်)  နတ်မ တောင် ပေ ၁၀၅၀၀ ဖြစ်ပါသည်။ ဤခရီးစဉ် များကို   စီစဉ်ရာတွင်   မိမိတစ်ကျောင်းတည်း အနေဖြင့်သာမက တောင်တက်အဖွဲ့ချုပ်၏ အစီအစဉ်များတွင်ပါ လိုက်ပါခဲ့ကြသည်။

တောင်တက်အသင်း၏ ကြွေးကြော်သံ ဆောင်ပုဒ်

ခြေလျင်နှင့်     တောင်တက်အသင်း၏ “သွားပါများ   ခရီးရောက်   တောင်ကြီး ဖဝါးအောက်    ကြွေးကြော်သံဆောင်ပုဒ်မှာ  မြန်မာ့ရိုးရာ   မောင်ပေါက်ကျိုင်း    ပုံပြင်လာ “မေးဖန်များစကားရ၊ သွားပါများ ခရီးရောက် အစချီသော  စကားထာဆိုရိုးမှ ယူထားခြင်း ဖြစ်သည်။ ‘သွားပါများခရီးရောက် ဆိုရိုးနှင့် ‘တောင်ကြီး ဖဝါးအောက်ကြွေးကြော်သံနှင့် ပေါင်းစပ်လိုက်သောအခါ လူ့ဘဝ၏ဇွဲသတ္တိကို ဖော်ကျူးပေးသည့်    အားမာန်ပါလှသော  ဆောင်ပုဒ်တစ်ခု ဖြစ်လာပါသည်။  ရန်ကုန် တက္ကသိုလ် ခြေလျင်နှင့်   တောင်တက်အသင်း သည်လည်း   ဤကြွေးကြော်သံဆောင်ပုဒ်ကို     စွဲကိုင်လျက် ရန်ကုန်တက္ကသိုလ်သက်တမ်း နှစ်  ၁၀၀ တွင် နှစ် ၆၀  မျှ  ရပ်တည်နိုင်ခဲ့ပြီဖြစ် ပါသည်။

ဆရာကြီးဦးဘသန်းဟက်နှင့်  တောင်တက်အသင်း 

ဒေါက်တာ ဒေါ်သင်းကြည်တို့   စတင် လှုပ်ရှားပြီးနောက်    ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း၏ ဥက္ကဋ္ဌမှာ ဦးဘသန်းဟက်  ဘူမိဗေဒပါမောက္ခ (နောင် ရန်ကုန်တက္ကသိုလ် ၏ ဒုတိယပါမောက္ခချုပ်)ဖြစ်သည်။ ဆရာကြီး လက်ထက်တွင် ပညာ ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၏    တက္ကသိုလ်ပေါင်းစုံ ခြေလျင်နှင့်တောင်တက် အသင်းကို ဖွဲ့စည်းလိုက်သောအခါ ဆရာကြီး သည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရပြန်သည်။ ထို့ပြင်   ၁၉၈၅ မှ  ၁၉၉၀  အတွင်းတွင် ဆရာကြီးသည် အထက်ပါ တာဝန်များအပြင်

မြန်မာနိုင်ငံခြေလျင်နှင့်   တောင်တက်အဖွဲ့ ချုပ်၏    ဥက္ကဋ္ဌတာဝန်ကိုပါ     ထမ်းဆောင်ရ ပါသည်။

ယခင်က         မြန်မာနိုင်ငံခြေလျင်နှင့်  တောင်တက်အဖွဲ့ချုပ်က တက္ကသိုလ်များကို စုစည်းပြီး   တက္ကသိုလ်များ  တောင်တက် အသင်းအနေဖြင့် လှုပ်ရှားနေရာမှ ဆရာကြီး လက်ထက်တွင်   ပညာရေးဝန်ကြီးဌာနက ဦးစီးသော     တက္ကသိုလ်ကောလိပ်ပေါင်းစုံ တောင်တက်အသင်းအနေဖြင့်      သီးခြား ဆောင်ရွက်လာနိုင်သည်။  ၁၉၈၆  ခုတွင် အထက်မြန်မာပြည်၊   အောက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ ကျောင်းသား/သူများနှင့် အုပ်ချုပ်သူပေါင်း ၆၄ ဦးပါဝင်သော လက်ရွေး စင်တောင်တက်အဖွဲ့သည်  ဆင်တောင်နှင့် မြင်းမထိတောင်ကို လေ့ကျင့်တက်ရောက်နိုင် ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်က  လူအများစု ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်အနေဖြင့် လည်း    သီးခြားခြေလျင်တောင်တက်ခရီး စဉ်များ  ထွက်ခွာနိုင်ခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်နှင့်ရေခဲတောင်

၁၉၇၄ ခုနှစ်က ဗိုလ်မှူးကြီးလှအောင် ဦးစီးသော တက္ကသိုလ်များခြေလျင် တောင် တက်အဖွဲ့မှ လက်ရွေးစင် ရေခဲတောင်တက် အဖွဲ့ဝင် ၂၇ ဦးတွင်လည်း     ရန်ကုန်တက္ကသိုလ်မှ အများစုပါဝင်ခဲ့သည်။   ခြေလျင်တောင်တက် အဖွဲ့အနေဖြင့်    ရေခဲတောင်ကို    ပထမဆုံး တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း ၂၄ နှစ်အတွင်း မည်သည့်တောင်တက်အဖွဲ့ မျှ ထို  ဖုန်ဂန်ရာဇီရေခဲတောင် (၁၁၆၈၂ ပေ)ကို တက်ရောက်နိုင်ခြင်း  မရှိခဲ့တော့ပေ။

၁၉၈၈   အရေးအခင်းကာလ နောက်ပိုင်း မှစ၍ တက္ကသိုလ်ကောလိပ်များသည်  ဖွင့်ချည် ပိတ်ချည် ဖြစ်နေချိန်တွင် ရန်ကုန်တက္ကသိုလ်   ခြေလျင်တောင်တက် အသင်း၏လှုပ်ရှားမှုများ မှာ   ရပ်ဆိုင်းလုနီးပါး   ဖြစ်သွားခဲ့ရသည်။ ဤအထဲတွင် ၁၉၈၃  ခုက  ချင်းပြည်နယ်   ဝိတိုရိယခရီးစဉ်ကို   ရန်ကုန်တက္ကသိုလ်က     သီးခြားစီစဉ်ထွက်ခွာရာတွင်   မော်တော်ယာဉ်  မတော်တဆဖြစ်မှုကြောင့်   ကျောင်းသား  တစ်ဦး  ကွယ်လွန်သွားခဲ့ရသည်။ ထို့ကြောင့် ဝိတိုရိယခရီးစဉ်နှင့် အဆိုပါ မင်းတပ်ဒေသသို့ ရန်ကုန်တက္ကသိုလ်   ခြေလျင်တောင်တက် အသင်း မတက်ရောက် ဖြစ်သည်မှာ ၁၃ နှစ် နီးပါး ကြာမြင့်သွားခဲ့သည်။ ၁၉၉၆ တွင်မူ  ရန်ကုန်တက္ကသိုလ်ခြေလျင်နှင့် တောင်တက် အသင်းဥက္ကဋ္ဌ   ဦးမျိုးသန့် (၁၉၉၅ မှ  ၂၀၁၂ အထိ  တာဝန်ယူခဲ့သူ) ဦးဆောင်၍  အဖွဲ့ဝင်  ၈၂ ဦးနှင့်အတူ ပြန်လည် တက်ရောက်နိုင်ခဲ့ သည်။ မင်းတပ်မြို့မှ အသွားအပြန်   တော တွင်း    သုံးညအိပ်   လေးရက် ခြေကျင်ခရီးဖြင့်  ရေခဲမိုးရွာသည့်    ရာသီဥတု အခက်အခဲများ ကြားမှ    တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

 ဝိတိုရိယတောင်ကို    အောင်မြင်စွာ  တက်ရောက်နိုင်ခဲ့ပြီးနောက်      ရန်ကုန် တက္ကသိုလ်  တောင်တက်အသင်းသည်  ၂ နှစ် အတွင်း  ရှမ်းပြည်နယ်ရှိ   တောင်များနှင့် ခရီးကြမ်းများကို စီစဉ်လေ့ကျင့်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင်   ဖွန်ဂန်(ဖုန်ဂန်)  ရာဇီ ရေခဲတောင်သို့ ၂၄ နှစ်အတွင်း    ပထမဆုံး   ပြန်လည် တက်ရောက်နိုင်ခဲ့သည်။  ယခုအခါ ဖုန်ဂန်ရာဇီ ရေခဲတောင်သည် တက်ရောက်ရ  အလွန် လွယ်ကူသွားပြီဖြစ်သော်လည်း    ထိုစဉ်က ရက်ပေါင်းများစွာကြာ၍ အလွန်ခက်ခဲလှပါ သည်။ ယခု တံတားထိုးထားသောနေရာတိုင်း တွင် ချောင်းရေထဲမှ ကြိုးဖြင့်ထိန်း၍ဖြစ်စေ၊ ရေထဲဖြတ်မရလျှင် သစ်ပင်ကြီးများကိုခုတ်၍ သစ်လုံးတံတားထိုး၍ဖြစ်စေ စွန့်စားဖြတ်ကူး ရပါသည်။ ထိုစဉ်က ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းအရှိန်ကြောင့်   ရာသီဥတုလည်း အလွန်ဆိုးရွားလှပါသည်။ မည်သို့ပင်ဖြစ်စေ ရန်ကုန် တက္ကသိုလ်ခြေလျင်နှင့် တောင်တက် အသင်းသည်  တက္ကသိုလ်တစ်ခုတည်းအနေ ဖြင့်    ရေခဲတောင်တစ်လုံးကို    ပထမဆုံး တက်ရောက်နိုင်ခြင်းဟူသော ဂုဏ်သတင်းကို ရခဲ့ပါသည်။     ထိုခေတ်  အခြေအနေအရ လည်းကောင်း၊ အသင်းကို ပြန်လည်ပျိုးထောင် စဉ်   အခြေအနေအရလည်းကောင်း ပစ္စည်းကိရိယာအစုံအလင်မရှိသော်လည်း ဖြစ်သည့် နည်းဖြင့်   မရရအောင်   တက်ခဲ့ရခြင်းဖြစ်ပါ သည်။  ယနေ့ခေတ်ကဲ့သို့   ခေတ်မီတောင်တက် ကိရိယာများ မသုံးနိုင်သော်လည်း walking stick အစား ဝါးလုံးများ၊ Tank (ရေခဲပြင်သုံး တဲ)အစား   မင်္ဂလာဒုံဈေးမှ ပလတ်စတစ်စများ၊ ဒိန်ခဲ၊  ထောပတ်၊  ချောကလက်  အားဖြည့် အာဟာရများအစား   ကျိုက္ကဆံဘီစကွက်၊ ရှားမီးသကြားလုံး၊  ဆန်ကြမ်း၊  ငါးပိကြော်၊ ငါးခြောက်ဖုတ်များ စသည်ဖြင့် ပြည်တွင်း ဖြစ်ကိုအားပေးရင်း   တက်ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ရေခဲမိုးရွာနေ၍ ခရီးမဆက်နိုင် သောနေ့များတွင်  ပလတ်စတစ်ဆာဖာရီတဲ များထဲတွင်  ငုတ်တုတ်ထိုင်ရင်း   ငါးပိဖုတ်၍ ရေနွေးကြမ်းဖြင့် အဆာပြေမြည်းခဲ့ကြရသည်။

စင်စစ်   ဖွန်ဂန်(ဖုန်ဂန်ရာဇီ) ရေခဲတောင်ကို ပြန်လည်တက်ရောက်နိုင်ခြင်းသည်    The great  restart of the Icy mountains ဆိုသကဲ့သို့     ရေခဲတောင်ခရီးစဉ်များကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့် ကြီးမားသောအောင်မြင်မှုဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် က မိမိတစ်ကျောင်းတည်းအနေဖြင့်    ရေခဲ တောင်တစ်လုံးကို     တက်ရောက်နိုင်ခြင်း ကြောင့် ကျန်တက္ကသိုလ် ကောလိပ်များက လည်း အားကျလာခဲ့သည်။ ရေခဲတောင်တက် ရန်  စိတ်ဝင်စားလာကြသည်။     ခရီးသွား လုပ်ငန်းများကလည်း မေးမြန်းစုံစမ်းခဲ့ကြ သည်။   ရန်ကုန်တက္ကသိုလ်   တောင်တက် အသင်းကလည်း   သတင်းအချက်အလက်များ ကို မျှဝေပေးခဲ့သည်။

ဆက်တိုက်ဖြစ်ထွန်းလာသော အောင်မြင်မှုများ

ရေခဲတောင်တက်ခရီးကို မှော်အောင် သွားသော ရန်ကုန်တက္ကသိုလ်ခြေလျင်နှင့်  တောင်တက်အသင်းသည်   အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးကြီးလှအောင်  ဦးဆောင်တက်ရောက် အပြီး နှစ်ပေါင်းများစွာ မည်သူမျှ  မတက် ရောက် နိုင်ခဲ့သော      ရေခဲတောင်ခရီးစဉ်များကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ နှစ်ပေါင်း ၄၀ အတွင်း မည်သည့်တောင်တက်အဖွဲ့မျှ မတက်ရောက်နိုင်ခဲ့သော အီမောဘွန်းရေခဲ တောင် (ပေ ၁၃၅ဝဝ ၊ တရုတ်နယ်စပ်အနီး)ကို ၂၀၀၀ ပြည့်နှစ်        နိုဝင်ဘာလက လည်းကောင်း၊ ၃၇ နှစ်ကြာမျှ    မတက် ရောက်နိုင်ခဲ့သော လွန်ခရုမာဒင်ရေခဲတောင် (ပေ ၁၀၂၅၀ )ကို ၂၀၀၁ ခုနှစ်   ဧပြီလအတွင်း လည်းကောင်း         အခက်အခဲပေါင်းစုံကို ကျော်ဖြတ် တက်ရောက်နိုင်ခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှ လွန်ခရုမာဒင်တောင်ကို နောက်ထပ်အကြိမ်များစွာ  ထပ်မံ    တက် ရောက်နိုင်ခဲ့သည်။ ဝိတိုရိယတောင်ကိုလည်း    နှစ်စဉ်နီးပါး      တက်ရောက်နိုင်ခဲ့သည်။    နောက်ပိုင်းတွင်     ဖန်ဂရန်ရေခဲတောင်၊ ဖုန်ရင်ရေခဲတောင်၊ မဒွယ်ရေခဲတောင်၊ စာရာ မေတိရေခဲတောင် စသည့် တောင်ပေါင်းများစွာ ကို  ဆက်လက်  တက်ရောက်နိုင်ခဲ့သည်။ ရေခဲတောင်ခရီးစဉ်များကို ကိုယ်တိုင်စီစဉ် သည်လည်းရှိ၍   အချို့  ခရီးစဉ်များတွင်  တောင်တက်အဖွဲ့ချုပ်၏    အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သည်လည်း  ရှိပါသည်။

နောက်ပိုင်းတွင်   ရန်ကုန်တက္ကသိုလ် ခြေလျင်/တောင်တက်အသင်း၏  ဥက္ကဋ္ဌသည် တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း ၏ဥက္ကဋ္ဌလည်း    ဖြစ်လာခဲ့သဖြင့် တောင်တက် ခရီးကြမ်းလှုပ်ရှားမှုများ ပိုမိုများပြားလာခဲ့ သည်။ ၁၉၉၆ မှ ၂၀၂၀ အတွင်း တောင်တက် ခရီးစဉ်ပေါင်း ၅၀ နှင့် ခြေကျင်ခရီးရှည်အစီ အစဉ်ပေါင်း ၅၀ ကျော်ခန့်တို့ကို  အောင်မြင် စွာ   စီစဉ်နိုင်ခဲ့သည်။  ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်      တောင်တက်အသင်းကို  ဒေါက်တာ ဒေါ်သင်းကြည် (ပထဝီ)၊ ဆရာကြီး  ဦးထွန်းရွှေ (မြန်မာစာ)၊   ဆရာကြီး ဦးမင်းဝေ  (ရုက္ခဗေဒ)၊ ဆရာကြီး ဦးဘသန်းဟက် (ဘူမိ)၊ ဆရာကြီး ဦးကျော်ဇောနိုင်(ဥပဒေ)၊ ဆရာကြီး  ဒေါက်တာ မောင်သိန်း(ဘူမိဗေဒ)၊ ဆရာကြီး ဒေါက်တာ မောင်သင်း (ဘူမိဗေဒ)၊ ဦးမျိုးသန့် (မြန်မာစာ)၊ ဒေါက်တာ အုန်းသွင်  (ဘူမိဗေဒ)  တို့က   ဦးဆောင်ခဲ့ပြီး  လက်ရှိဥက္ကဋ္ဌမှာ ဒေါက်တာ  ဒေ၀အောင် (ဘူမိဗေဒ)တို့  ဖြစ်ပါ သည်။    

တက္ကသိုလ်များခြေလျင်နှင့်    တောင် တက်အသင်းဥက္ကဋ္ဌများအဖြစ်    ဆရာကြီး ဦးဘသန်းဟက်၊     ပညာရေးဝန်ကြီးဌာန  ပါမောက္ခချုပ်   ဦးကျော်မြသိန်း၊ ဦးမျိုးသန့် (မြန်မာစာ)၊ ဒေါက်တာလှဌေး (ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်-ငြိမ်း)တို့က တာဝန်ယူခဲ့ပြီး  လက်ရှိ ဥက္ကဋ္ဌမှာ ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း     (ရန်ကုန်တက္ကသိုလ်)ဖြစ်၍ အတွင်းရေးမှူးမှာ ဒေါ်ဆွေဆွေအုန်း(ဓာတု)ဖြစ်ပါသည်။

တောင်တက်အားကစား၏   အကျိုးကျေးဇူး

တက္ကသိုလ်၊    ကောလိပ်များတွင် စိတ်ဝင်စားသူများပြားနေသော  ခြေလျင် /တောင်တက် အားကစားသည်   မည်သည့် အကျိုးကို ပေးနိုင်သနည်းဟူသောမေးခွန်းကို မေးသူအချို့ရှိပါသည်။   အချိန်လည်းကုန်၊ လူလည်းပင်ပန်း၊ ခရီးစရိတ်လည်း အကုန် အကျခံရသော ဤအားကစားသည် လူငယ် တို့အတွက် စံထားလောက်သော စိတ်နေစိတ် ထားတို့ကို   ပေးအပ်နိုင်သောအကျိုးကို ပေးပါသည်ဟု အတိုချုပ်ပြန်ဖြေရပါမည်။

အားကစားသည် အချိန်နီးမှ ဖုတ်ဖက် ခါ၍  ထလုပ်နိုင်သော  အားကစားမဟုတ်ပါ။ စနစ် တကျ ရက်ပေါင်းများစွာ၊ လပေါင်းများ စွာ  ဇွဲသတ္တိကို    မွေးမြူ၍     လေ့ကျင့်ရသော အားကစားဖြစ်ပါသည်။ ခရီးဝေးလျှောက် နိုင်တိုင်း၊ အမြင့်တက်နိုင်သူတိုင်းကို လက်ခံ ၍မရပါ။   ရှည်လျား    ကြမ်းတမ်းသော တောင်တက်ခရီးများအတွက်    သက်လုံ ကောင်းအောင်   လေ့ကျင့်ရသကဲ့သို့   အဖွဲ့ အစည်း  စိတ်ဓာတ်   (Team  Work)ကို ပျိုးထောင်၍   အချင်းချင်း   အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု ကို လေ့ကျင့်ပေးရပါသည်။ One for AII and All  for One (တစ်ဦးသည် အားလုံးအတွက်၊ အားလုံးသည်   တစ်ဦးအတွက်)ဟူသော စိတ်ဓာတ်နှင့် ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ မဖြစ် မနေ ဆန္ဒတို့ကို ရင့်ကျက်အောင် လိုက်နာ ရသော  အားကစားဖြစ်ပါသည်။

ထို့အပြင်  တောင်တက်အားကစား၏ ဝိသေသမှာ မိမိ၏ပြိုင်ဘက်သည် သက်ရှိ လူသား မဟုတ်ပါ။ ရေ၊ မြေ၊ တော၊ တောင်နှင့် အပြောင်းအလဲမြန်သော ရာသီဥတု၊ သဘာဝ အတားအဆီးကြီးများ      ဖြစ်ပါသည်။ ပြိုင်ဘက်သည် သက်ရှိလူသားမဟုတ်သဖြင့် တစ်ဦးနှင့်တစ်ဦး ညစ်၍မရပါ။   တစ်ဦးနှင့် တစ်ဦး ခိုင်မာစွာလက်တွဲ၍ အားနည်းသူကို အားသာသူက   ကူညီပြီး    ရည်မှန်းချက် တောင်ထိပ်ရောက်အောင် ဆောင်ရွက်ရသော အားကစားဖြစ်ပါသည်။ တောင်တက်သည်ဟု ဆိုရာ၌   တစ်ဦးနှင့်တစ်ဦး   တိုးဝှေ့တွန်း တိုက်တက်ရောက်၍  တောင်ထိပ်သို့ဦးစွာ ရောက်သူကို ဆုပေးသည့် အားကစားမဟုတ် ပါ။    အဖွဲ့ခေါင်းဆောင်၏    အမိန့်ကိုနာခံ၍ တောင်တက်ခရီးစဉ်    အောင်မြင်အောင် အဖွဲ့ဝင်အားလုံး ပူးပေါင်းဆောင်ရွက်ရသော အားကစားဖြစ်ပါသည်။ ခရီးရှည်ခရီးကြမ်း၊

တောင်တက်ခရီးစဉ်ကြီးများတွင် တပ်စိတ် အလိုက် အဖွဲ့များဖွဲ့ထားပြီး  စခန်းချသည် နှင့် မည်သည့်တပ်စိတ်က   တဲထိုး၊   ရေခပ်၊ ထင်းရှာ၊ ထမင်းဟင်းချက်စသည်ဖြင့် တာဝန် ခွဲဝေပေးသည့်အတိုင်း    ညီညီညွတ်ညွတ် ဆောင်ရွက်ရသည့် အားကစားဖြစ်သည်။

 ထို့ပြင် ဤအားကစားသည် တောင်ထိပ် ကိုရောက်ရှိရုံနှင့်   အောင်မြင်ပြီဟု  လက်မ ထောင်နိုင်သော    အားကစားမဟုတ်ပါ။ တောင်ထိပ်သို့  အောင်မြင်စွာရောက်ရှိပြီး တောင်ထိပ်မှ အခြေခံစခန်း   Base  Camp  သို့ ဘေးမသီရန်မခ    ပြန်လည်ရောက်ရှိမှသာ လက်မထောင်နိုင်သော အားကစားဖြစ်သည်။ အတက်ခရီးက  ရင်ဆိုင်ခဲ့ရသော   အခက် အခဲအားလုံးကို ပြန်လည်ကျော်ဖြတ်နိုင်မှသာ

အောင်မြင်သည်ဟု     သတ်မှတ်နိုင်ပါသည်။ စင်စစ်တောင်ထိပ်ကို     တက်သည်ထက် အဆင်းခရီးက  တစ်ခါတစ်ရံ   ပိုမိုခက်ခဲပါ သည်။ အန္တရာယ်လည်း အလွန်များပါသည်။ တောင်တက်ခြင်းသည်    တာလွှတ်သည့် နေရာသို့    ရောက်အောင်    ပြန်ဝင်ရသော အားကစားဖြစ်ပါသည်။

ကျောင်းသားလူငယ်များသည် တောင် တက်ခရီးစဉ် တစ်ခါလိုက်ဖူးပြီးလျှင် တောင် တက်ခြင်းကို   ယေဘုယျအားဖြင့်  စွဲလမ်း သွားလေ့ရှိပါသည်။ အများနှင့်အတူ  ခရီးသွား လာရမှု၊ ရဲဘော် ရဲဘက်အဖြစ် ချစ်ခင်ရင်းနှီး ခွင့်ရမှု၊   တောင်တက်ခရီးအောင်မြင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရမှု၊ အခက်အခဲ မှန်သမျှကို စုပေါင်းဖြေရှင်းရမှု၊ တစ်ဦးချင်းစီ၊ တစ်ဦးချင်းစီ၏    မခိုမကတ်တာဝန်ကျေစွာ ဆောင်ရွက်ရမှု၊ ကိုယ့်ခြေကိုယ့်လက်ဖြင့် ဇွဲ၊ သတ္တိ၊ လုံ့လအရင်းတည်၍  တောင်ထိပ်ပေါ် ရောက်ရှိသွားသည့်အခါ  ကျေနပ်ကြည်နူးရ သောခံစားမှု၊  မရောက်ဖူးသော၊  လူတိုင်း မရောက်နိုင်သော       တောတောင်ရေမြေ သဘာဝတို့နှင့် ရင်းနှီးရမှု၊ ဒေသခံတိုင်းရင်း သားပြည်သူတို့၏ အရိုးခံဘ၀ကို မြင်တွေ့ ချစ်ခင်ခွင့်ရမှု   စသည့်   ငွေမည်မျှပေးပေး၊ စာအုပ်ဘယ်နှအုပ်ဖတ်ဖတ်     မရနိုင်သော ဘ၀အတွေ့အကြုံတို့ကို  တပေါင်းတစည်း တည်း ပေးအပ်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်        အပါအဝင် တက္ကသိုလ် ကောလိပ်   တောင်တက်အသင်းဝင် များသည် တောင်တက်ခရီးစဉ်များမှ ပြန်လာ သည့်အခါတိုင်း သက်ဆိုင်ရာကျောင်းများ အတွက် ရွှေတွဲလဲ၊ ငွေတွဲလဲဆုတံဆိပ်များ ရယူလာနိုင်ခြင်းမရှိပါ၊ ဒိုင်းများ၊ ဆုတံဆိပ်များ ရယူလာနိုင်ခြင်းမရှိပါ။ ရလာသည်ကတော့ လူကြီးလူကောင်းစိတ်ဓာတ်များ၊ ပြန့်ပွား ပေးနိုင်သော    စိတ်အားသတ္တိ   (moral courage) ဖြစ်ပါသည်။ တစ်ကိုယ်ကောင်း အတ္တမရှိသောစိတ်၊  မိမိအကျိုးထက်  အများ အကျိုးကို ကြည့်မြင်တတ်သောစိတ်၊ အများ နှင့်   ပူးပေါင်းဆောင်ရွက်တတ်သည့်စိတ်၊ ဒေါင်ကျကျ   ပြားကျကျ  နေတတ်စားတတ် သောစိတ်၊ အနိုင်မခံ၊ အရှုံးမပေးတတ်သည့် မဖြစ်မနေဇွဲဆန္ဒစိတ်၊ သဘာဝပတ်ဝန်းကျင် နှင့် တိုင်းရင်းသားလူမျိုးတို့အပေါ် ချစ်ခင် မြတ်နိုးတတ်သောစိတ်၊ အမိမြေကို ချစ်မြတ် နိုးတတ်သောစိတ်၊        ပတ်ဝန်းကျင်ကို အကောင်းမြင်တတ်သောစိတ်၊ ကျန်းမာသန် စွမ်းသော    ရုပ်ပိုင်းဆိုင်ရာ   ကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုစိတ်တို့ဖြစ်ပါသည်။

ဤစိတ်ကောင်းစိတ်မြတ်များသည်  တောင် တက်သမားလူငယ်များက မိမိပတ်ဝန်းကျင် ကို ဆင့်ပွားဖြန့်ဝေပေးနိုင်သော စိတ်ဓာတ် ကောင်းများဖြစ်ပါသည်။ တောင်တက်သမား လူငယ်များသည်       လက်တွေ့ဘဝထဲသို့ ဝင်ရောက်သွားသည့်အခါ ဤစိတ်ဓာတ် ကောင်းများက သူတို့၏ဘဝကို ကောင်းစွာ ပဲ့ပြင်ပေးသွားနိုင်ပါသည်။ “ဓားကိုထက်စေလို လျှင် ကတ္တီပါစပေါ်တွင် သွေး၍မရ။ ဓားသွေး ကျောက်ပေါ်တွင်သွေးမှ ထက်နိုင်သည် ”ဟု ဆိုရိုးရှိသကဲ့သို့  လူငယ်တို့၏   စိတ်ဓာတ် အင်အားများကို ခြေလျင်တောင်တက်ခြင်း ဟူသော ဓားသွေးကျောက်က အထက်မြက် ဆုံး သွေးပေးလိုက်နိုင်ပါသည်။

ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ           မွေးထုတ်ပေးလိုက်သော ကျောင်းသားဟောင်းများသည်   ယခုအခါ စစ်ဘက်နယ်ဘက်    ကဏ္ဍအသီးသီးနှင့် ကိုယ်ပိုင်လုပ်ငန်းအသီးသီးတွင်  အောင်မြင် နေသော ပုဂ္ဂိုလ်များ ဖြစ်နေကြပါပြီ။ ထို့အတူ ပရဟိတနယ်ပယ်တွင် ထင်ရှားသောသူများ၊ သဘာဝပတ်ဝန်းကျင်  (သတ္တဗေဒ၊ ရုက္ခဗေဒ) ထိန်းသိမ်းရေး NGO အဖွဲ့များတွင် အကြီး တန်း  အရာရှိများဖြစ်နေကြပါပြီ။ သူတို့သည် တောင်တက်သမား   ကျောင်းသားဘဝက ကျောင်းအတွက် ရွှေ၊ ငွေတံဆိပ်များ မပေး အပ်နိုင်ခဲ့သော်လည်း      နိုင်ငံတော်နှင့် လူ့ပတ်ဝန်းကျင်အတွက်    အကောင်းဆုံး အလုပ်အကျွေးပြုနိုင်သူများ ဖြစ်နေကြပါပြီ။

ပရဟိတစိတ်ပျိုးထောင်ပေးမှု၊    ရန်ကုန် တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း သည်  တောင်တက်ခရီးစဉ်များ  သွားသည့် အခါတိုင်း       ခရီးသွားဟန်လွှဲအနေဖြင့် ရောက်ရှိရာ တိုင်းရင်းသားကျေးရွာများတွင် လူမှုအကျိုးပြုလုပ်ငန်းများ    ဆောင်ရွက် ပေးခဲ့ကြသည်။ တောင်တက်အဖွဲ့တွင်ပါလာ သောဆေးအဖွဲ့က ဒေသခံလူနာများ ဆေး ကုသပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာန များအတွက် ဆေးဝါးလှူဒါန်းခြင်း၊ အဝတ် အထည်နှင့် စာအုပ်များ လှူဒါန်းခြင်း၊ စာသင် ကျောင်းနှင့်   လမ်းတံတားပြုပြင်ရေးတို့ အတွက် လှူဒါန်းခြင်း၊  ဗုဒ္ဓဘာသာဝင်ရွာ များတွင် ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် ရွာများတွင် ဘုရားကျောင်း  ရန်ပုံငွေများ လှူဒါန်းခြင်း စသည့်လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

တစ်နိုင်ငံလုံး          အတိုင်းအတာဖြင့်   ကျရောက်သော သဘာဝဘေးအန္တရာယ်များ တွင်လည်း ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ် များ တောင်တက်အဖွဲ့ဝင်တို့     ပူးပေါင်းကူညီ ဆောင်ရွက်တတ်ကြသည်။ ၁၉၉၈ ခု  ပဲခူး တိုင်းရေဘေးကြီးတွင်    ကယ်ဆယ်ရေး လုပ်ငန်းများကို ရန်ကုန်တက္ကသိုလ် ကြက်ခြေ နီအသင်းနှင့် ပူးပေါင်းကူညီခဲ့သည်။ ရန်ကုန် တက္ကသိုလ် တောင်တက်အသင်းဥက္ကဋ္ဌသည် ရန်ကုန်တက္ကသိုလ်   ကြက်ခြေနီအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်၍ အသင်း နှစ်ခုမှာ နှစ်သင်း တစ်သင်း အနေဖြင့် ပူးပေါင်းလှုပ်ရှားနိုင်ခဲ့ သည်။   ၂၀၁၈   နာဂစ်မုန်တိုင်းကြီးဘေး တွင်လည်း   ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်နှင့်ချီ၍ ကယ်ဆယ်ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။ ထိုင်းနိုင်ငံတွင်  တာဝန်ထမ်းဆောင် နေသော  ရန်ကုန်တက္ကသိုလ်   ခြေလျင်နှင့် တောင်တက်အသင်းဝင်ဟောင်း ကိုငြိမ်းချမ်း နှင့်အဖွဲ့က စုဆောင်းပေးပို့သော အလှူငွေ များကို မ,တည်၍ ဒေးဒရဲမြို့နယ်၊ သံဒိပ်မြစ်ဝ ကျေးရွာများအတွက် သိန်း ၄၅၀၀ ကျော် တန်ဖိုးရှိသော ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် ခဲ့သည်။ ၂၀၁၅ ခု ချင်းတွင်းမြစ်ရေကြီးမှုနှင့် ဧရာဝတီတိုင်းရေဘေးတို့တွင်လည်း  ပါဝင် ကူညီခဲ့ကြသည်။   တက္ကသိုလ်   ခြေလျင် တောင်တက်အဖွဲ့ဝင်ဟောင်းများသည် ယနေ့ ထက်တိုင် သဘာဝခေါ်သံဖောင်ဒေးရှင်းအဖွဲ့ အနေဖြင့် လိုအပ်သောဒေသများသို့ ကျန်းမာ ရေး၊ ပညာရေးနှင့်လူမှုရေးဆိုင်ရာ လုပ်ငန်း များကို ဆောင်ရွက်နေကြဆဲဖြစ်ပါသည်။

ခြေလျင်နှင့်တောင်တက်အသင်းများကို ကူညီနေသောသဘာဝခေါ်သံ

ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ်များခြေလျင်တောင်တက်အသင်းဥက္ကဋ္ဌ ဦးမျိုး သန့်သည်   ၂၀၁၂  ခုတွင်    အငြိမ်းစားယူ           သည်။   အငြိမ်းစားယူပြီးနောက်တွင်လည်း တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း ၏ နာယက၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ မြိတ်တက္ကသိုလ် စသောတောင်တက်အသင်း များ၏     နာယကအဖြစ်   ဆောင်ရွက်ရင်း တက္ကသိုလ်ခြေလျင်နှင့်   တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းတွင်    ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားလျက်ရှိသည်။ ကျောင်း ပြီးသွားသော     ဝါရင့်တောင်တက်သမား ဟောင်းကြီးများနှင့်         မျိုးဆက်သစ် တောင်တက်သမားများကို စုစည်းပြီး ခြေလျင် တောင်တက်ခြင်း၊ ရောက်ရှိရာဒေသ၏ လူမှု ရေးလုပ်ငန်းများတွင်  ကူညီခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  လုပ်ငန်းများ ဆောင်ရွက်ခြင်းဟူသောမူများကို   ချမှတ် ဆောင်ရွက်လျက်ရှိသည်။  သက်ဆိုင်ရာ  တက္ကသိုလ်ကောလိပ် တောင်တက်အသင်း များက ဖိတ်ခေါ်လျှင်   တောင်တက်အားကစား အကြောင်း   ဟောပြောခြင်း၊   တောင်တက် ခရီးသုံးပစ္စည်းများ   အသုံးပြုပုံကိုပြသခြင်း၊ လမ်းလျှောက်လေ့ကျင့်ပေးခြင်း၊ ခြေလျင် တောင်တက်ခရီး စီစဉ်လိုသော   တက္ကသိုလ် ကောလိပ်များကို    အကူအညီပေးခြင်း၊ လိုအပ်လျှင် ဝါရင့်တောင်တက်သမားများက လိုက်ပါကူညီခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိသည်။  ရက်တို   ခရီးစဉ်များတွင်  တက္ကသိုလ်ကောလိပ်တောင်တက်အသင်း များကိုပါ  ဖိတ်ခေါ်၍  လေ့ကျင့်ပေးလျက်ရှိ သည်။ သာဓကအားဖြင့် မိုးရာသီခရီးကြမ်း အဖြစ်   နှစ်စဉ်ဇူလိုင်လတိုင်း  မွန်ပြည်နယ် ဘီးလင်းမြို့နယ်     ဝေပုလ္လ- ကေလာသ တောင်တန်းဒေသသို့ တက္ကသိုလ်ကောလိပ် ပေါင်းစုံမှ လူငယ်များ လိုက်ပါလေ့ကျင့်လျက်ရှိ ရာ    တဖြည်းဖြည်း  အင်အားများလာပြီး  ၂၀၁၈ နှင့် ၂၀၁၉ တို့တွင် လူငယ်ပေါင်း ၆၀၀ နီးပါးမျှပါဝင်ခဲ့သည်။ ထိုလေ့ကျင့်ရေးခရီးစဉ် များမှ သက်ဆိုင်ရာကျောင်းများအတွက်   အမာခံတောင်တက်အသင်းဝင် အမြောက် အမြား  မွေးထုတ်ပေးနိုင်ခဲ့သည်။  ထို့ပြင် နှစ်စဉ် တောင်တက်အသင်း ဂုဏ်ထူး ဆောင်  နာယကကြီးများအား ပူဇော်ပွဲကျင်းပ ခြင်း၊  တောင်တက်အသင်း  ကျောင်းသားဟောင်း မျိုးဆက်သစ်များ၏  မိတ်ဆုံဂုဏ်ပြုပွဲများ ကျင်းပခြင်းတို့ကိုလည်း  ဆောင်ရွက်လျက်ရှိ သည်။

အမိတက္ကသိုလ် ရာပြည့် ကျေးဇူးစကား

အမိရန်ကုန်တက္ကသိုလ်     ရာပြည့် သက်တမ်းအတွင်း   နှစ်ပေါင်း   ၆၀ မျှ သက်တမ်းရင့်ခဲ့ပြီဖြစ်သော        ရန်ကုန် တက္ကသိုလ်    ခြေလျင်နှင့်   တောင်တက် အသင်းသည် အမိတက္ကသိုလ်နှင့် နိုင်ငံတော် ၏ဂုဏ်ကို စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့ပြီးဖြစ် ပါသည်။ ယခု ကိုဗစ်ကာလတွင် ခရီးစဉ်များ ခေတ္တရပ်နားထားရသော်လည်း ကိုဗစ်ကိစ္စ ပြီးဆုံးသွားချိန်တွင်     အားနှင့်မာန်နှင့် ဆက်လက်     ချီတက်ရန်   တာစူထားဆဲ ဖြစ်ပါသည်။ ကိုဗစ်ကာလအတွင်းတွင်ပင် သစ်ပင်စိုက်ပျိုးခြင်းကဲ့သို့သော   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အကန့်အသတ်နှင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောင်တက် အသင်း  အောင်မြင်ဖြစ်ထွန်းရေးအတွက် ဦးစီးကူညီခဲ့သော   ဆရာကြီး  ဒေါက်တာ တင်အောင်အေး၊ ဒေါက်တာစိုးရင်၊ ဒေါက်တာ ထွန်းခင်  စသော  ပါမောက္ခချုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊  ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်တက် အသင်းနာယကကြီးများနှင့် ပြင်ပမှ စေတနာ ရှင်များ၊    ကူညီခဲ့သော    တိုင်းရင်းသား ခေါင်းဆောင်များနှင့်     ဒေသခံပြည်သူများ အားလုံးကို   မြတ်နိုးဂုဏ်ယူဖွယ်    ရန်ကုန် တက္ကသိုလ် ရာပြည့်ကာလနှင့်အတူ    အထူး ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။    ။

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

------------------------------

- အမည်ရင်း ဦးမျိုးသန့်ဖြစ်သည်။

-  ရန်ကုန်တက္ကသိုလ်မှ   မဟာဝိဇ္ဇာ (မြန်မာစာ) နှင့် ခရီးသွားလုပ်ငန်း ဒီပလိုမာ DTSM(First Batch) ရရှိခဲ့သည်။ ကျောင်းသားဘဝမှ   ဆရာဘဝ အငြိမ်းစားယူသည်အထိ စာပေ၊ လူမှုရေးနှင့် အားကစား တာဝန်များ ထမ်းဆောင်ခဲ့သည်။

-  ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန မှ     တွဲဖက်ပါမောက္ခအဆင့်မှ အငြိမ်းစားယူခဲ့သည်။

-  ယခု မြန်မာစာဌာနတွင် ပါရဂူ သင်တန်းဦးစီးကော်မတီဝင်၊ ပညာရေးဝန်ကြီးဌာန၊      မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာန၊ မြန်မာစာအဖွဲ့၏  အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။  

- ရန်ကုန်တက္ကသိုလ်/ တက္ကသိုလ် များ ခြေလျင်နှင့် တောင်တက် အသင်းတွင် (၁၇)နှစ်  ဆက်တိုက် ဥက္ကဋ္ဌအဖြစ်  တာဝန်ယူခဲ့သည်။

 - လက်ရှိတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာ   ကျောင်းသားဟောင်း များအသင်းဥက္ကဋ္ဌ၊   ခြေလျင် တောင်တက်(သဘာဝ) ခေါ်သံ အသင်းဥက္ကဋ္ဌ၊ စာတတ်မြောက်ရေး နှင့်  ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့ ဥက္ကဋ္ဌနှင့်    အခြားစာပေအဖွဲ့ အစည်းများတွင်       ဝါသနာ အလျောက်       ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။

မောင်ဖုန်းပြည့် (တက္ကသိုလ်)