Skip to main content

ဆက်ပြီး ထိန်းသိမ်းကြဖို့လိုသလို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လိုက်နာကြပ်မတ်ကြ ဖို့လည်း လိုပါတယ် (ပါမောက္ခ ဒေါက်တာဇော်ဝေစိုး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် ဒီဇင်ဘာ ၂၀ ရက်တွင် ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည် -

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး

[ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]

ရန်ကုန်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်တင်ပြရရင်  ကိန်းဂဏန်းတွေအရ တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းထားတဲ့  ရည်မှန်းချက်ကို မရောက်သေးပါဘူး။

ကျွန်တော်တို့အနေနဲ့ ပြည်တွင်းကူးစက်မှု၊ မြို့တွင်း ကူးစက်မှု၊  ကူးစက်ဖြစ်ပွားမှုတွေကို  လုံးဝမရှိတော့ဘဲ “သုည” Zero ဖြစ်သွားတဲ့အထိ ရည်မှန်းပြီးဆောင်ရွက် နေတာ  ဖြစ်ပါတယ်။  သန့်ရှင်းသွားတဲ့၊  ဖြူစင်သွားတဲ့၊  ပိုးကင်းစင်တဲ့ တိုင်းပြည်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ လမ်း၊  အိမ်တွေ ဖြစ်သွားဖို့ လိုပါတယ်။ ပိုးကင်းစင်တဲ့ အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းတွေ ဖြစ်သွားဖို့လိုပါတယ်။ ဒါမှသာ ပုံမှန် လည်ပတ်ပြီး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်အနေနဲ့ လူနာအသစ် ၂၄ နာရီအတွင်းမှာ ကိုဗစ် - ၁၉ Positive ၃၄၇ ဦး ရှိပါတယ်။ ၅၀၀ အောက်ကို ရောက်လာတာ ဖြစ်ပါတယ်။ ၅၀၀ အောက်ကို ရောက်လာ တာက ရန်ကုန်အနေနဲ့ လေး / ငါးရက် ရှိသွားပါပြီ။ ကုသရေး ဌာနတွေအနေနဲ့ ကိုဗစ် - ၁၉ ကုသရေးဌာနပေါင်း ၁၄ ခု မှာ ခုတင်ပေါင်း  ၁၀၃၃၀  ရှိပါတယ်။  ဒီနေ့ဆိုရင် ၄၈၈၂ ခုတင်ပဲ လူနာတင်ကုသ နေတာဖြစ်တဲ့အတွက် ကျွန်တော် တို့မှာ ခုတင်အလွတ်တွေ ရှိနေပါတယ်။

ဒါပေမယ့် အရင်အောက်တိုဘာလ ၁၀ ရက်တုန်း ကလို တစ်နေ့ ၂၀၀၀ ထွက်ရင် နှစ်ရက်စာ၊ သုံးရက်စာပဲ ရှိပါတယ်။ ဒါကြောင့် ဒါဟာ ကျွန်တော်တို့ အခြေအနေကို သုံးသပ်ပြခြင်းသာ ဖြစ်ပါတယ်။ ဆေးရုံကြီးတွေမှာလည်း  အထူးကြပ်မတ်ကုသမှုခံယူ နေတဲ့  လူနာတွေနဲ့ ကိုဗစ် ပြင်းထန်လူနာတွေ ကုသဖို့ ခုတင်ပေါင်း ၁၀၇၄ ခုတင်ရှိပါတယ်။ အခု ၇၂၇ ခုတင်သာ လူနာတွေ ကုသနေတာဖြစ်တဲ့အတွက် ပြင်းထန်အထူးကြပ်မတ်လူနာတွေအတွက် ကုသဖို့နေရာတွေ ရှိနေပါတယ်။

တစ်နေ့တစ်နေ့ Positive လူနာသစ်က အားလုံးသိတဲ့အတိုင်း ၂၀၀၀ ထွက်ခဲ့ပါတယ်။ ၂၀၀၀ ကနေ ၁၅၀၀၊ ၁၅၀၀ ကနေ ၁၀၀၀၊ ၁၀၀၀ ကနေအခု ၅၀၀ အောက်ကို စပြီး ရောက်လာတာ ဖြစ်ပါတယ်။ ဒါရဲ့ အဓိကအကြောင်းရင်းက ပြည်သူလူထုပါ။ ပြည်သူလူထုအနေနဲ့ နိုဝင်ဘာလ  ကတည်းက   Mask  Campaign  တွေ   လုပ်ခဲ့ပါတယ်။ ပြည်သူလူထုတွေက လူထုလှုပ်ရှားမှု အသွင်နဲ့ Mask တွေ တပ်ခဲ့ကြတယ်၊   Face   Shield    တွေ  တပ်ခဲ့ကြတယ်၊ တစ်ဦးကိုတစ်ဦး သတိပေးခဲ့ကြတယ်၊ ထိန်းသိမ်း ခဲ့ကြတယ်၊ ကြပ်မတ်ခဲ့ကြတယ်၊  Social Distancing နဲ့ နေခဲ့ ကြပါတယ်။ ကျွန်တော် ထင်ပါတယ်၊ အဲဒီအကျိုးကို ခံစားရတာ ဖြစ်မှာပါ။

ဒါပေမယ့်  ဒါကိုဆက်ပြီး  ထိန်းသိမ်းကြဖို့လိုသလို  တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက လိုက်နာကြပ်မတ်ကြဖို့လည်း လိုပါတယ်။ တကယ်လို့   ကိုဗစ်စင်တာတွေမှာ ရှေ့လျှောက်ဆက်လက်ပြီး ယခုလို လူနာတွေနည်းလာမယ်ဆိုရင်  ကျွန်တော်တို့ အနေနဲ့ စီစဉ်ထားတာက  ကိုဗစ်စင်တာ တချို့ကို စတင်ပြီးလျှော့မှာဖြစ်ပါတယ်။ Stand  By အနေနဲ့ ပိတ်ထားမှာ ဖြစ်ပါတယ်။

ကျွန်တော်ဆိုလိုတာက Stand By အဆင်သင့်အနေအထားနဲ့  ပိတ်ထားမှာ  ဖြစ်ပါတယ်။  ဥပမာ - ရန်ကင်းပညာရေး ကောလိပ်၊    ယဉ်ကျေးမှုတက္ကသိုလ်၊ လှိုင်နဲ့ လှိုင်မြတ်လေးတို့မှာရှိတဲ့ ကိုဗစ်စင်တာတွေကို တဖြည်းဖြည်း စတင်ပြီး Stand By အဆင်သင့်အနေအထားနဲ့  ပိတ်ထားမှာ ဖြစ်ပါတယ်။

လိုအပ်ရင် ပြန်ပြီးဖွင့်နိုင်အောင်၊ တကယ်လို့ မလိုအပ်ဘူးဆိုရင် လူအင်အားတွေကို လျှော့ချပြီး အသုံးပြုရအောင်၊ လိုအပ်တဲ့ နေရာမှာ ရွှေ့ပြောင်းပြီး လူအင်အားတွေ ကို အသုံးပြုရအောင်၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဗော်လံတီယာတွေ၊ သူနာပြုတွေ၊ အထောက်အကူပြု အဖွဲ့တွေ ပင်ပန်းနေကြပြီ။ သူတို့တစ်တွေ နားခွင့်ရအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သူတို့တွေရဲ့အင်အား ဆက်လက်ပြီး ရှင်သန်ကြီးထွားနေအောင်  ကျွန်တော်တို့  ထိန်းသိမ်းရမှာဖြစ်ပါတယ်။  ဒါကြောင့် ဒီလို ဆက်ပြီး ကျလာမယ်ဆိုရင် ကိုဗစ်စင်တာတွေကို တစ်ခုပြီးတစ်ခု လျှော့ချပိတ်သိမ်းသွားပြီး နောက်ဆုံးအနေနဲ့ အရင်တုန်းက စခဲ့သလို ဖောင်ကြီးကို ထားရှိမှာ ဖြစ်ပါတယ်။ အောင်မြင့်မိုရ်တို့၊ ရိုးမတို့ ပြီးရင် ဖောင်ကြီးကိုထားရှိမှာ ဖြစ်ပါတယ်။

ယခုလည်း ရန်ကုန်မှာ ပြည်သူ့ပရဟိတဆေးရုံကို  ကိုဗစ် - ၁၉   ဆေးရုံအဖြစ်  အသုံးပြုဖို့အတွက်  စီစဉ်ဆောင်ရွက်လျက် ရှိပါ တယ်။ ဒါပေမယ့် ကျွန်တော် ထင်ပါတယ်၊    ဒီလိုတဖြည်းဖြည်း    လျှော့ချပိတ်သိမ်းသွားပြီး လုပ်ငန်းတွေက အနည်းဆုံး နှစ်နှစ်/ သုံးနှစ်ကြာမှာ ဖြစ်ပါတယ်။ “ကိုဗစ်” ကို ကျွန်တော်တို့ လုံးဝထိန်းချုပ်လို့ရပြီး  ပိုင်ပိုင်နိုင်နိုင်ဖြစ်တဲ့အထိ ကာကွယ်ဆေး ထိုးတဲ့လုပ်ငန်းတွေ၊ ကုသရေးတွေ၊ အခုလိုထိန်းချုပ်ကာကွယ်မှုတွေက  အနည်းဆုံး နှစ်နှစ်/ သုံးနှစ် ကြာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်နှစ်/ သုံးနှစ်ရဲ့ Plan ကို ကျွန်တော် ပြောနေခြင်းဖြစ်ပါတယ်။ ဒီနေ့ တစ်ရက်၊ နှစ်ရက်အတွင်း ပြောင်းလဲသွား မှာကို  ကျွန်တော်ပြောနေခြင်း မဟုတ်ပါဘူး။

ပြည်သူလူထုက အဓိက ဖြစ်ပါတယ်။ ခုနကပြောသလို Mask တပ်ရပါမယ်၊ လက်ဆေးရပါမယ်၊ Face Shield  တပ်ရပါမယ်၊ Social Distancing နဲ့ နေရပါမယ်၊ ထမင်းစားရင် မျက်နှာချင်းဆိုင် မစားဘဲ ဘေးတိုက်စားရပါမယ်၊ ဖြစ်နိုင်ရင် တစ်ဦး တစ်ယောက်ချင်းစီ သီးခြားစားရပါမယ်၊ စကားပြောရင်   Mask  တပ်ပြီး  ပြောရပါမယ်၊  မျက်နှာချင်းဆိုင် တည့်တည့်ကပ်ပြီး ပြောလို့ မရပါဘူး၊ ဒါတွေက နိစ္စဓူဝ ပြုမြဲကဲ့သို့ ကျင့်သုံးပြုမူရမှာ ဖြစ်ပါတယ်။

ကျွန်တော် အရင်ပြောဖူးပါတယ်။ ခါးဝတ်ပုဆိုးလို  မြဲမြံစွာပြုမူရမှာ ဖြစ်ပါတယ်။ အများပြောနေတဲ့ New Normal လို့ပြောရမယ့် အချိန် မဟုတ်တော့ပါဘူး။ Normal လိုနေရမယ့်အချိန် ခုနက ပြောတာတွေအားလုံးက Normal လိုနေရမှာ  ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ဒါဟာ New Normal မဟုတ်ဘူး၊  Normal ဖြစ်ပါတယ်။

အိမ်မှာရှိတဲ့ ကျွန်တော်တို့ ဝတ်ဖို့အတွက် အဝတ် အစားအရေအတွက် ဥပမာ - အင်္ကျီ ၁၀ ထည်ရှိရင် Mask ၁၀ ခုရှိရပါမယ်။ ပုဆိုး ၁၀ ထည်ရှိရင် Mask ၁၀ ခုရှိရပါမယ်။ အဲဒီလိုမျိုး   စုဆောင်းထားဖို့၊  ထားရှိထားဖို့နဲ့  တစ်နေ့၊ တစ်ရက်၊ တစ်ပတ်၊ တစ်လ အတွက် မဟုတ်ဘဲ နှစ်ပေါင်းများစွာ၊   ဆယ်စုပေါင်းများစွာအတွက်   ကျင့်သုံးရမယ့် Normal   ဖြစ်ပါတယ်။  ဒါကို  ကျွန်တော် တို့ အားလုံး လိုက်နာရမှာ ဖြစ်ပါတယ်။

ယခုလောလောဆယ်   အပြောင်းအလဲတွေ   ရှိလာ တာက ပုဂ္ဂလိကဆေးရုံတွေကို Covid – 19 Guide Line  တွေနဲ့အညီ ဖွင့်လှစ်ခွင့် စတင်ပေးနေပြီ    ဖြစ်ပါတယ်။  ဒါ့အပြင်  ပုဂ္ဂလိကဆေးရုံတွေကို  ဆေးကုသခွင့်အပြင် စစ်ဆေးခွင့်ကိုပါ ပေးတော့ မှာ ဖြစ်ပါတယ်။ လူနာတွေကို Positive လား၊ Negative လား  သိအောင်စစ်ဆေးပြီး ကုသမှုတွေဆက်ပြီးပေးသွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ယခင်ကထက်ပိုပြီး စစ်ဆေးမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကိုလည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့၊ စစ်ဆေး နိုင်တဲ့   နည်းပညာတွေ၊   စစ်ပေးနိုင်မယ့်   ပစ္စည်းတွေ၊ စစ်ဆေးနိုင်တဲ့ Test Kit အမျိုးအစားတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေ၊ ပြည်သူ့ဆေးရုံတွေ မခွဲခြားဘဲ အတူစစ်ဆေး နိုင်မှာဖြစ်ပါတယ်။ ဒီလိုစစ် ဆေးမှုတွေ များများစစ်နိုင်ဖို့နဲ့  ပိုးရှိတဲ့သူတွေကတစ်ဆင့် ကူးစက်မှုတွေ ဖြတ်တောက်နိုင်ဖို့ အရေးကြီးပါတယ်။ များများ စစ်ဆေးနိုင်လေ၊ ပိုးရှိတဲ့ သူများများတွေ့လေ၊ များများတွေ့တဲ့သူတွေကို ကျွန်တော် တို့ ထိန်းသိမ်းနိုင်လေ၊ ပြန့်ပွားမှု  နည်းလေ၊ ကူးစက်မှုကို ဖြတ်တောက်နိုင်လေ ဖြစ်ပါတယ်။

လူထုထဲမှာ ပိုးရှိတဲ့သူတွေ ကျန်မနေဖို့၊ မသိဘဲနဲ့  ပြန့်မနေဖို့ အရေးကြီးပါတယ်။ ကိုဗစ် - ၁၉ ရဲ့ ၆၀ ရာခိုင်နှုန်း သောသူတွေက လက္ခဏာမပြဘဲရှိနေနိုင်ပါတယ်။ သူလို၊  ကိုယ်လိုလူတွေထဲမှာ   လက္ခဏာမပြဘဲနဲ့ ပိုးရှိနေနိုင်ပါတယ်။ ဒီလိုပိုးရှိ နေနိုင်တဲ့ လူတွေကနေ တစ်ဦးကို တစ်ဦး၊ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို ဖော်ထုတ်နိုင်လေ ကူးစက်မှုကို ထိန်းသိမ်းနိုင်လေ ဖြစ်ပါတယ်။

ဒါပေမယ့် ပိုးတွေ့ပြီး၊ စစ်ဆေးပြီးလည်း ယခုအခါမှာ ပိုးဟာ သုံးလ/ လေးလနေရင်  ပြန်လည်ပြီး  ဝင်ရောက်နိုင်တယ် ဆိုတာသိတဲ့အတွက် Mask တပ်ပါ၊ အရေးကြီး ပါတယ်။ ဒါကြောင့် ကျွန်တော် ထပ်ပြီးပြောပါမယ်။  Mask တပ်ပါ၊ Face Shield တပ်ပါ၊ ဖြစ်နိုင်ရင် Face Shield တပ်ပါ။ အမြဲတမ်း မတပ်နိုင်ဘူးလို့ သိရှိရပါတယ်။ ဥပမာ- ဈေးထဲမှာ သားငါးရောင်းတဲ့သူတွေ၊ ခုတ်ထစ်နေတဲ့သူတွေ Face  Shield တပ်ထားဖို့ ခက်ပါလိမ့်မယ်၊ မှန်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ကိုယ့်ရဲ့အချိန် တော်တော် များများကို Face Shield တပ်ထားပါ၊ လက်ဆေးပါ၊ Social Distancing, Physical Distancing တွေနဲ့ နေပါ၊ ခွာခွာ ဝေးဝေးနေပါ၊

မျက်နှာချင်းဆိုင်  နီးနီးကပ်ကပ်  စကားမပြောပါနဲ့၊ ဝိုင်းဖွဲ့ပြီးမနေပါနဲ့၊ ဝိုင်းဖွဲ့ပြီး စကားမပြောပါနဲ့။  အထူး သဖြင့် ဝိုင်းဖွဲ့ပြီး မစားကြ၊ မသောက်ကြပါနဲ့။ တချို့ပန်းခြံတွေထဲမှာ  တွေ့ပါတယ်။  တချို့သူတွေက  ဈေးဆိုင်တွေ ပိတ်ထားတော့   စားစရာ၊ သောက်စရာတွေ  ယူလာပြီး ဝိုင်းဖွဲ့ပြီး   စားသောက်နေတာ  တွေ့ရပါတယ်။  အထူး ဆင်ခြင်ဖို့ လိုပါလိမ့်မယ်။

ကျွန်တော် ယခင်တုန်းက ပြောခဲ့သလို ကိုဗစ်-၁၉ ကာကွယ်ပြုစုနေထိုင်မှု    စောင့်ကြည့်ရေးအဖွဲ့တွေကို  ဖွဲ့ဖို့လိုပါတယ်။ ဥပမာ - အိမ်မှာဆိုရင် သားတစ်ယောက်၊  သမီးတစ်ယောက်ဖြစ်ဖြစ်။   သူကနေ  ကိုဗစ်-၁၉  နဲ့ ပတ်သက်တဲ့ နေထိုင်မှုတွေကို သူ့အိမ်က အိမ်သားတွေ လိုက်နာသလား၊ မလိုက်နာဘူးလားဆိုတာကို စောင့်ကြည့် ပြီး သတိပေးနေဖို့ လိုပါတယ်။

တစ်ခါတလေ သတိလက်လွတ် ဖြစ်သွားတတ်ပါ တယ်။ ဒီလို သတိလက်လွတ်ဖြစ်သွားတာကို မဖြစ်အောင်  တစ်ယောက်က သတ်သတ်မှတ်မှတ်လေး သတိပေးနေဖို့ လိုပါတယ်။ ဥပမာ - ထမင်းစားနေရင် မျက်နှာချင်းဆိုင် ထမင်းစားမိလိုက်တာ၊ ဒါကို ကျွန်တော်တို့တားရမှာ ဖြစ်ပါ တယ်။ အိမ်မှာ ထမင်းစားရင်တောင် ဘေးတိုက်စားဖို့ကို  သတိပေးရမှာ ဖြစ်ပါတယ်။

အလားတူ စက်ရုံတိုင်း၊ အလုပ်ရုံတိုင်း၊ ကျောင်းတိုင်း၊ နေရာတိုင်း၊ ဈေးတိုင်းမှာ စောင့်ကြည့်သတိပေးတဲ့အဖွဲ့ လိုအပ်ပါတယ်။ ၂၄   နာရီမပြတ်၊    စဉ်ဆက်မပြတ် စောင့်ကြည့်သတိပေးတဲ့သူတွေ  လိုအပ်ပါတယ်။  ဒါမှ သာလျှင်   ကျွန်တော်တို့က  ကိုဗစ်-၁၉ နဲ့  အညီ အမျှ နေနိုင်တဲ့သူတွေ၊ ၂၄ နာရီမပြတ် တစ်သက်လုံးနေနိုင်တဲ့ သူတွေ၊ Normal နေနိုင်တဲ့သူတွေဖြစ်လာမှာ ဖြစ်ပါတယ်။ လမ်းတိုင်း၊  ရပ်ကွက်တိုင်းမှာ  စောင့်ကြည့်သတိပေးတဲ့ သူတွေလိုပါတယ်။ မြို့ရွာတိုင်း၊  မြို့တိုင်း၊ ရွာတိုင်းမှာ စောင့်ကြည့် သတိပေးတဲ့အဖွဲ့တွေ လိုပါတယ်။ အသေအချာ ဖွဲ့စည်းထားဖို့ လိုမယ်လို့ထင်ပါတယ်။ အလွန်အရေးကြီးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။  ဒီအဖွဲ့ရဲ့ဆောင်ရွက်ချက်က ထိရောက်ရင် ထိရောက်သလောက် မြန်မာပြည်ဟာ ဖြူစင်သန့်ရှင်းပြီး ကိုဗစ်ရောဂါ ကင်းမှာ ဖြစ်ပါတယ်။

ယခုအခါမှာ ကိုဗစ် Test စစ်ဆေးခွင့်ကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ပုဂ္ဂလိကနဲ့ လုပ်ငန်းတွေကို  စစ်ဆေးခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးလိုက်ရင် ပိုးရှိတဲ့သူတွေကို  ပိုမိုပြီး တွေ့ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ထိုသူတွေက စည်းကမ်းစနစ်တကျ မနေထိုင်ရင် ကူးစက်နိုင်တာဖြစ်ပါတယ်။ ၎င်းပိုးရှိသူတွေနဲ့ နီးနီးကပ်ကပ်နေသူတွေကလည်း စည်းကမ်း စနစ်တကျ မနေရင် ကူးစက်ပြန့်ပွားသွားမှာ ဖြစ်ပါတယ်။ ယခုအနေအထားအရ လူဦးရေရဲ့ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းက ပိုးရှိသူတွေ ဖြစ်နေနိုင်ပါတယ်။

တကယ်လို့သာ ဒီ Data ၊ ဒီတွက်ချက်မှုသာ မှန်ကန် မယ်ဆိုရင် ရန်ကုန်ရဲ့ လူဦးရေ ခုနစ်သန်းမှာ သုံးရာခိုင်နှုန်းဆိုရင် ၂၁၀၀၀၀ ပိုးရှိသူဖြစ်နေနိုင်ပါတယ်။ လေးရာခိုင်နှုန်းဆိုရင် ၂၈၀၀၀၀  ပိုးရှိနေနိုင်ပါတယ်။ ဒါကို  ယခုအချိန်မှာ ကျွန်တော်တို့ တစ်သိန်း လောက်ရှာထားပြီးပြီဆိုရင်  တကယ်တော့ တစ်သိန်း/ နှစ်သိန်း လူထုထဲမှာရှိနေနိုင်တာ ဖြစ်ပါတယ်။

ဒါကိုရပ်ကွက်အလိုက်၊ လုပ်ငန်းအလိုက်၊ စက်ရုံအလိုက်၊ အလုပ်ရုံအလိုက် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အစီအစဉ်နဲ့ စနစ်တကျ တွက်ချက်ပြီး၊ စီမံကိန်း၊ စီမံချက်အသေ အချာရေးဆွဲပြီး အားလုံးစုပေါင်းပါဝင် အကောင်အထည်ဖော်ကာ  ပိုးရှိသူ ကို  ရှာမယ်၊ စစ်မယ်၊  ပြုစုစောင့်ရှောက် ကုသမှုကို  လုပ်မယ်ဆိုရင်  ရန်ကုန်မြို့နဲ့  တိုင်းပြည်ကို သန့်ရှင်းသွားအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Positive တွေ့ရှိလာသူတွေကို လူထုအား၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားနဲ့ မိမိရပ်ကွက်၊ ကျေးရွာရဲ့အင်အားနဲ့ ဝိုင်းဝန်းကူညီ စောင့်ရှောက် ဖေးမကူညီပြုစုကြရမှာ ဖြစ်ပါတယ်။ အခုနိုင်ငံတော်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ ကိုဗစ်စင်တာတွေကို လိုအပ်ရင် ဆက်လက် ထိန်းသိမ်းပြီး   ကုသစောင့်ရှောက်မှုပေးရာမှာ  အသုံးပြုရမှာဖြစ်ပါတယ်။ နည်းပညာအိုင်တီရဲ့ အကူအညီနဲ့  Positive  ဖြစ်တဲ့သူတွေ၊  Contact ဖြစ်သွားတဲ့သူတွေကို  တစ်ဦးချင်း၊   တစ်ယောက် ချင်းစီ   ဆက်သွယ်ပြုစု ကုသစောင့်ရှောက်နိုင်အောင် စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  ရန်ကုန်မှာ   ဒီအတွက် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။

ယခုအခါမှာ ရှေ့ပြေးစမ်းသပ်မှုအနေနဲ့ ကိုဗစ်ရှိတဲ့ လူနာတွေကို QR Code အသုံးပြုပြီး ကိုဗစ်စင်တာထဲမှာ  အိုင်တီနည်းသုံးကာ စောင့်ကြည့် ကြပ်မတ်ကုသပေးလျက် ရှိပါတယ်။ တစ်ယောက်မကျန်၊ တစ်အိမ်မကျန်တွေ့ပြီး တစ်အိမ်မကျန်၊ ရပ်ကွက် တစ်ခုမကျန်၊ တစ်မြို့မကျန် ကျွန်တော်တို့ ထိန်းသိမ်းပြုစုစောင့်ရှောက်နိုင်ခဲ့မယ်ဆိုရင်၊ လပိုင်းအတွင်း အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တင်ပြခဲ့သလို သန့်ရှင်းပြီး ကိုဗစ်ကင်းတဲ့ ရန်ကုန်နဲ့ မြန်မာနိုင်ငံဖြစ်သွားမှာ ဖြစ်ပါတယ်။

လူထုအားနဲ့ ပိုးရှိတဲ့သူကို ရှာပါမယ်၊ လူထုအားနဲ့ ပိုးရှိတဲ့သူကို   ဖေးမကူညီစောင့်ရှောက်ပါမယ်၊ လူထုအားနဲ့ ဆက်လက်ပြီး ကာကွယ်ထိန်းသိမ်းကြမယ်၊ လူအားလုံးပါဝင်ကြတဲ့၊   အားလုံးညီညွတ်တဲ့၊ အားလုံးအတွက် အားလုံးက အနစ်နာခံ စွန့်လွှတ် ကြတဲ့ ကိုဗစ်ကာကွယ် ထိန်းသိမ်းမှုကို ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့  ကျန်းမာ၊ ချမ်းသာ သာယာဝပြောတဲ့ မြန်မာနိုင်ငံ၊ ကိုဗစ်ကင်းစင်တဲ့  မြန်မာနိုင်ငံဖြစ်မယ်လို့  ကျွန်တော့် အနေနဲ့ ယုံကြည်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ထက်လျှံ