(၈၂) နှစ်မြောက် ဗိုလ်အောင်ကျော်အလွမ်း
ရန်ကုန်တက္ကသိုလ်ကြီး နှစ် (၁၀၀) ပြည့်ကို ဝမ်းမြောက်ဂုဏ်ယူကာ တက္ကသိုလ်ကြီးနှင့်ဆိုင်ရာ ဆောင်းပါးများကို သတင်းစာများမှာ နေ့စဉ် တွေ့မြင်ဖတ်ရှုနေရပါသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့ကား ဗြိတိသျှအစိုးရအုပ်ချုပ်မှုအောက်နေရသည့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဂျပ်ဆင်ကောလိပ် (ယုဒသန်ကောလိပ်)နှင့် ယူနီဘာစီ တီကောလိပ် (တက္ကသိုလ်ကျောင်းတိုက်) တို့ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ ရန်ကုန်တက္ကသိုလ်၏ အုပ်ချုပ်မှုလက်အောက်သို့ တပေါင်းတစည်းတည်း ရောက်ခဲ့ကြသည့်နေ့ ဖြစ်ပေသည်။ မြန်မာ့ ပညာရေးကို မြန်မာတို့ စီမံခန့်ခွဲခွင့် အထိုက်အလျောက် ရခဲ့သည့်နေ့ဖြစ်သည်။
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွား ခဲ့သော ကိုအောင်ကျော်
ဤဒီဇင်ဘာလတွင် မြန်မာ့နိုင်ငံရေး၊ မြန်မာ့လွတ်လပ်ရေးနှင့် ပညာရေးလောကအတွက် အမှတ်ရဖွယ် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်ခဲ့သည့် နေ့ကြီးတစ်နေ့ ရှိခဲ့ပေသေးသည်။ လွန်ခဲ့သော (၈၂) နှစ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့၌ ကျောင်းသား ခေါင်းဆောင် ယုဒသန် ကောလိပ်မှ ကိုအောင်ကျော်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်နှင့် လဲသွားခဲ့သည်။
ယင်းသို့ ဝမ်းနည်းဖွယ်၊ တုန်လှုပ် ချောက်ချားဖွယ်သတင်းကြီးကို သူငယ်ချင်းဖြစ်သူ ဦးသန့်တင်က စာရေးအကြောင်းကြား၍ အဘသိခွင့်ရ ခဲ့သည်။ အချိန်ကား အဘ အောက်စဖို့ဒ်တက္ကသိုလ် ပညာတော်သင်အဖြစ် ဘိလပ်သို့ ၁၉၃၆ ခုနှစ်ကုန်ပိုင်းလောက် ကတည်းက ရောက်ရှိနေ ကာ (၂) နှစ်အကြာ စာပေပညာဘွဲ့ (B.Litt) အတွက် စာတမ်းပြုစု ပြီး၊ ကြီးကြပ်အုပ်ချုပ်သူ G.E. Harvey (History of Burma ရေးသားသူ) ထံတင်ပြခဲ့ပြီး၊ လန်ဒန်အရှေ့တိုင်းနှင့် အာဖရိကဘာသာရပ်များ လေ့လာရေး ကျောင်း (SOAS) ၌ အဘိဓာန်ပြုစုသည့်နည်းပညာ (Lexicogr-aphy) ကို J.A. Stewart (Burmese-English Dictionary ပြုစုသူ) ထံမှ သင်ယူနေသည့် ကာလဖြစ်သည်။
ဦးလေးဦးသန့်တင်စာကား (၆) မျက်နှာ ပါ စာရှည်ကြီး။ ဒီဇင်ဘာလ (၂၀) ရက်နေ့စရေး ကာ (၂၄) ရက်နေ့ကျမှ မင်နီဖြင့် ရေးထားသော P.S. (Post Script) ဖြင့် အဆုံးသတ်ထားသည်။
P.S. ၂၄-၁၂-၃၈
၂၀ ရက်နေ့က - အရိုက်ခံရသော ယုဒသန်ကောလိပ်ကျောင်းသား
ကိုအောင်ကျော် - သေဆုံးသွားပြီ။ ၂၂ ရက်နေ့မှာသေသည်။
တို့လွတ်လပ်မှုကို - (သူ-အစ-ပထမ ကျောင်းသားထဲက) - အသက်နှင့်လဲသွားသူ တည်း။
ကိုအောင်ကျော်တဲ့။ တောသား။ - မယ် ဇလီကုန်း - နားက - ရုံးဇင်ရွာက - သေပြီ။
မေတ္တာသာပို့ပေတော့ ---
သန့်တင်
မျက်ရည်လည်၍ ရေးလိုက်သည်ဆိုသော သူငယ်ချင်း၏စာနှင့် ကိုအောင်ကျော် သတင်းကြောင့် အဘ ရပ်ဝေးကမည်မျှ ဝမ်းနည်းရှာ မည်ကို ခန့်မှန်းကြည့်မိသည်။
ကျောင်းသား ကျောင်းသူများကို အဘ သံယောဇဉ်ကြီးသည်။ ၁၉၃၆ ခုနှစ် အဘ ပညာသင် မထွက်ခွာမီ၊ ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားများ သပိတ်ကြီး ဖြစ်သည်။ ကျောင်းသားထု၊ ရွှေတိဂုံကုန်းတော်ပေါ်မှာ သပိတ်စခန်း ဖွင့်ကြသည်။ ကျောင်းသားများ ပင်ပန်းဆင်းရဲရှိနေကြမည်ကို တွေးမိသော ကျောင်းဆရာတစ်ယောက် အနေဖြင့် မနေသာ။ ၁၉၃၈ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ကျောင်းသားများ သပိတ်စခန်းရှိရာသို့ သူ၏ဆရာ ဦးသိန်းဟန်(ဇော်ဂျီ/ဘကြီးဇော်)နှင့် ရောက်သွားကြသည်။ သပိတ်စခန်းမှ ကျောင်းသားများ ကို တွေ့ဆုံပြီး ဆရာတပည့်နှစ်ဦး အားပေးစကားပြောကြသည်။ မှတ်မှတ်ရရ မန္တလေးက ကျောင်းလာတက်နေသည့် မအမာ ( လူထုဒေါ်အမာ) က အော်တို ရေးခိုင်း၍ ရေးပေးခဲ့ကြရသေးသည်။
ကိုအောင်ကျော်သို့ ဂုဏ်ပြုကဗျာ
ကိုအောင်ကျော်ဆုံးပါးသည့် သတင်းရ သည်နှင့် အဘသည် သူ၏ ဝမ်းနည်းခံစားချက်ဖြင့် ကိုအောင်ကျော်သို့ ဂုဏ်ပြုသော ဖော်ပြပါ “ဗိုလ်အောင်ကျော် နတ်သံ” ကဗျာ ကို ရေးဖွဲ့သည်။ နဂါးနီစာအုပ်တိုက်သို့ပို့သည်။ ထိုကဗျာကို အိုးဝေမဂ္ဂဇင်းက ၁၉၄၀ ပြည့်နှစ် တပေါင်းလ (မတ်လ) ထုတ် အတွဲ (၈) အမှတ် (၁) စာစောင်တွင် ထပ်ဆင့်ဖော်ပြခဲ့သည်။ တစ်ဖန် ရန်ကုန် တက္ကသိုလ်နှစ် (၅၀) ပြည့် (၁၉၂၀ - ၁၉၇၀) စာစောင်ကလည်း ကိုအောင် ကျော်ကို ဂုဏ်ပြုဆက်လက်ဖော်ပြခဲ့သည်။
ကိုအောင်ကျော်ကို ဟင်္သာတခရိုင်၊ မဲဇလီကုန်းမြို့၊ ရုံးဇင်ရွာတွင်၊ ဦးကျော်ထင်၊ ဒေါ်ရွှေကျော့ မိဘနှစ်ပါးက ၁၉၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း (၁၁) ယောက်အနက် (၈) ယောက် မြောက်ဖြစ်သည်။ ဖခင်မှာ မူလတန်းကျောင်း ဆရာကြီးဖြစ်သည်။ ဖခင်ကြီး၏ကျောင်း၌ ခြောက်တန်းအထိ ပညာသင်ယူခဲ့သည်။
၁၉၃၄ ခုနှစ်တွင် ဆယ်တန်းအောင်ပြီး ၁၉၃၄-၃၅ ပညာသင်နှစ်မှစ၍ ယုဒသန် ကောလိပ် ကျောင်းသားဖြစ်လာသည်။ ကိုအောင်ကျော် တက္ကသိုလ်စရောက်ချိန် ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) က ယူနီဘာစီတီကောလိပ် (တက္ကသိုလ်ကျောင်း တိုက်)၌ နှစ်ကြီး ကျောင်းသားကြီး ဖြစ်နေလေပြီ။ အဘက ပဲခူးဆောင် အဆောင်နည်းပြ တာဝန်ကို ယူထားပြီး ယူနီဘာစီတီ ကောလိပ် (တက္ကသိုလ် ကျောင်းတိုက်) အရှေ့ပိုင်းပညာရပ်ဌာန၌ အချိန်ပိုင်းနည်းပြဆရာလုပ်ရင်း မဟာဝိဇ္ဇာအချိန်ပိုင်း တက်ရောက်နေသည့် ကာလဖြစ်သည်။ အနောက်တိုင်းဆန်သူများကို မျက်စိနောက်သည့် ကိုအောင်ကျော်သည် ခုံဖိနပ်စီး၊ ပင်နီတိုက်ပုံဝတ်၊ ကတုံးဆံတောက်ညှပ်၊ ဘုကျကျ၊ ခွကျကျ နေခဲ့သူဖြစ်သည်။
၁၉၃၈ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် ချောက်ရေနံမြေတွင် ရေနံမြေလုပ်သားတို့ သပိတ်စတင်ခဲ့ပြီး ပြေလည်မှုမရရှိသော ကြောင့် (၁၁) လခန့်အကြာ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ရေနံလုပ်သားထုကြီး ရန်ကုန်သို့ ချီတက်လာကြသည်။ ဒီဇင်ဘာလ (၄) ရက်နေ့တွင် မကွေးသို့ ရောက်ရှိတပ်စခန်းချသည်။ အလုပ်သမားခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးတရားပွဲများ လုပ်ရန်၊ တက္ကသိုလ် ကျောင်းသားခေါင်းဆောင် များ မကွေးသို့ ရောက်ရှိကြသည်။ ဒီဇင်ဘာလ (၁၃) ရက် နေ့တွင် တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဘဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေ တို့ အဖမ်းခံရသည်။ နိုဝင်ဘာလ (၄) ရက်နေ့ ကမှ နိုင်ငံရေးဇောက်ချလုပ်ရန် သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း တို့ဗမာအစည်းအရုံးသို့ ခြေစုံ ပစ်ဝင်သွား၍ ကိုအောင်ဆန်းအရိုက်အရာကို ကိုဘဟိန်းက ဆက်ခံရယူခါစ ကာလ ဖြစ်သည်။
ခေါင်းဆောင်များ အဖမ်းခံရသည့် သတင်းရ၍ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၌ အစည်းအဝေးလုပ်ကြသည်။ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန်၊ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးရန် တောင်းဆိုကြသည်။ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် မြို့မကျောင်း ဝင်းကြီးအတွင်း၌ ကျောင်းပေါင်းစုံမှ ကျောင်းသားများစုဝေးကြပြီး ပုဒ်မ ၁၄၄ ကို ဖီဆန်ကာ ကန့်ကွက်ဆန္ဒပြ၊ စီတန်းလမ်း လျှောက်ကြသည်။ အစိုးရဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိကြပေ။ ထို့ကြောင့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတွင်းဝန်ရုံးကြီးသို့ ချီတက်ကြသည်။ ကျောင်းသားထုက အတွင်းဝန်ရုံးကြီးကို ဝိုင်းဝန်းဆန္ဒပြ ပိတ်ဆို့ထားကြရာ နောက်ဆုံးတွင် အတွင်းဝန်ရုံးကြီးကို ပိတ်လိုက်ရသည်။
အတွင်းဝန်ရုံးကြီး ပိတ်လိုက်၍ ကျောင်းသားထု တပ်ခေါက်ကာ ပြန်ရန်စီစဉ်နေခိုက် ဗြိတိသျှအစိုးရလက်အောက်ခံ ပုလိပ်များက ကျောင်းသားထုအတွင်း အတင်းဝင်ရောက်ပြီး ၎င်းတို့၏ လက်ကိုင်တုတ်များဖြင့် အကြမ်းဖက်ရိုက်နှက်ကြတော့သည်။ ဆန္ဒပြကျောင်းသား ထဲမှ အယောက် (၂၀၀) ခန့် ဒဏ်ရာရရှိခဲ့ ကြသည့်အထဲ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုအောင်ကျော်လည်း ပါဝင်ခဲ့ သည်။ ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြရာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော ကိုအောင်ကျော်သည် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ဆုံးရှုံးခဲ့ရသည်။
ကျောင်းသားထု၏ တောင်းဆိုမှုအရ ကိုအောင်ကျော်၏ ရုပ်အလောင်းကို (၇) ရက် မျှထားပြီး ၁၃၀၀ ပြည့်နှစ် ပြာသိုလဆန်း (၈)ရက်၊ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ တွင် ကြံတောသုသာန်၌ နိုင်ငံရေးခေါင်းဆောင် ဦးထွန်းရှိန်ဂူနှင့် ယှဉ်တွဲလျက် ဂူသွင်းသင်္ဂြိုဟ် ခဲ့သည်။
တိုင်းပြည်အတွက် အသက်ပေးသွားသူ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကို ဂုဏ်ပြုစပ်ဆိုသော ကဗျာခေါင်းစဉ်မှာ “ဗိုလ်အောင်ကျော် နတ်သံ” ဟူ၍ အဘက တလေးတစား ရည်ညွှန်းခဲ့သည်။ ဗြိတိသျှအစိုးရက ဒုတိယကမ္ဘာစစ်အတွင်း အမှုထမ်းခဲ့သည့် သူတို့၏ ဘုရင့်ရေတပ်မတော် ကွန်မန်ဒို William Sparks ကို အစွဲပြု၊ ဂုဏ်ယူကာ အမည်ပေးခဲ့သော ရန်ကုန်မြို့ စပတ်(စ်) လမ်းကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်အား ဂုဏ်ပြုကာ ဗိုလ်အောင် ကျော်လမ်းဟူ၍ ပြောင်းလဲ ခေါ်တွင်စေခဲ့သည်။
၁၉၃၈ ခုနှစ်ကာလ နိုင်ငံရေးအခြေအနေ
နိဂုံးချုပ်အနေဖြင့် ဤနေရာတွင် ဦးလေးသန့်တင် ရေးခဲ့သောစာမှ မှတ်သားအတုယူ ဖွယ်၊ စိတ်ဝင်စားဖွယ် အရာတစ်ခုကို ထုတ်နုတ် ဖော်ပြလိုပါသည်။
၁၉၃၈ ခု နှစ်လယ်ပိုင်းလောက်တွင် မြန်မာ နိုင်ငံ၌ လူမျိုးရေး အဓိကရုဏ်းကြီး တစ်ခု ဖြစ်ပွားခဲ့သည်။ ပြည်တွင်းငြိမ်သက်ရေးအတွက် ဗြိတိသျှ အစိုးရက ကြိုးပမ်းနေသည့် ကာလဖြစ်သည်။ ငြိမ်သက်မှု အတော်အသင့် ပြန်လည်ရရှိခါစ နှစ်လခန့်အကြာ ရေနံမြေမှ ချီတက် လာသည့် သပိတ်တပ်ကြီး ရန်ကုန် မရောက်အောင် ကြိုးစားကြသည်။
ထိုအချိန် ဦးလေးသန့်တင်က ရွှေဘိုမှာ ကျောင်းဆရာကြီးဖြစ်ပြီး ရွှေဘိုမြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကာလဖြစ်သည်။ ရွှေဘို ကျောင်းသားများက သပိတ်ကြီးကို အားပေးကာ သပိတ်မှောက်တော့မည့် အခြေ အနေရောက်၍ ကျောင်းများ ပိတ်လိုက်ရသည်။ ကျောင်းသားများ အာဏာဖီဆန်၊ စီတန်းဆန္ဒပြကြလျှင် ပုဒ်မ ၁၄၄ နှင့် ထိပ်တိုက်တိုးကာ ဒုက္ခရောက်ကြတော့မည်။ ပုဒ်မ ၁၄၄ ကို အခြေအနေအရ ထုတ်ပြန်ရသူ က ဦးလေးသန့်တင်နှင့် အဘတို့၏ စာပေ နောင်တော်ကြီး၊ မြို့ပိုင် ICS ဦးစိန်တင် (ကိုဝ/သိပ္ပံမောင်ဝ) ဖြစ်နေသည်။ ကျောင်းသားများကို ထိန်းထိန်းသိမ်းသိမ်းရှိရေး တာဝန်ရှိနေသူက ကျောင်းဆရာကြီး ဦးသန့်တင်။ တကယ်တော့ ဦးသန့်တင်က သူကိုယ်တိုင် အမျိုးသားရေးဆန္ဒပြပွဲများကို စိတ်ဝင်စား အားပေးခဲ့သူ၊ သပိတ်မှောက်လျှင် ပါဝင်ခဲ့သူ၊ ဗြိတိသျှ လက်အောက်တွင် မနေလို၊ တိုင်းပြည်လွတ်လပ်ရေးကို လိုလားသူ တစ်ဦး မို့ ကျောင်းသားများ၏ ခံစားမှုကို နားလည် သည်။ သို့သော်ငြား လည်း ကျောင်းဆရာ တစ်ဦးအနေဖြင့် တပည့် ကျောင်းသားများ ရင်ဆိုင်ရမည့်အန္တရာယ်၊ ကျောင်းသားများ ဘေးကင်းရေးက အဓိက ဖြစ်သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသူ နိုင်ငံ့ဝန်ထမ်း၊ သူငယ်ချင်းမြို့ပိုင်ကတစ်ဖက်၊ ကျန်တစ်ဖက် က ချုပ်ချယ်မှု မလိုလား၊ အာဏာ ဖီဆန်ရန် တာစူနေကြ သည့် သူချစ်သော၊ စာနာသော ကျောင်းသားများ။ ချစ်သူနှစ်ဦးကြား၊ ဗျာများ နေရသူကတော့ ကျောင်းဆရာကြီး ဦးသန့်တင်။
နောက်ဆုံးတော့ တက္ကသိုလ် တစ်ကျောင်းတည်းက ထွက်လာခဲ့ကြသည့် ညီတော်၊ နောင်တော်နှစ်ဦး၊ အခြေအနေအရ ကျရာတာဝန်ကို ထမ်းနေရသော်လည်း ကျောင်းသားများကိုချစ်ပြီး တိုင်းပြည်လွတ်လပ်ရေးကို လိုကြသူနှစ်ဦးတို့ ခေါင်းချင်းဆိုင်၊ စိတ်စေတနာမှန်စွာ တိုင်ပင် ကာ ကျောင်းသားများ ဒုက္ခမရောက်ရေး အဖြေရှာနိုင်ခဲ့ပေသည်။ ။
ဒလဘန်း