အမျိုးသားကျောင်းများနှင့် မြန်မာစာပေ
မူမှန်သော အမျိုးသားရေးစိတ်ဓာတ်အကြောင်းကို တင်ပြရာ၌ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက တစ်မျိုးသားလုံးကို တစ်ယောက် တည်း ကဲ့သို့ သဘောထားရမည်ဟု အစပျိုးပြီးလျှင် သူ၏အဆိုထင်ရှားသိသာစေရန် “အမျိုးသားတစ်ဦးတစ်ယောက်ချင်း ကြီးပွားသည်ကို တွေ့မြင် ကြားသိရသောအခါ ကိုယ့်အိမ်ပေါ်မှာ ချမ်းသာထုပ်ကြီး တက်ရောက်လာဘိသကဲ့သို့ပင် ထင်မြင်၍ မုဒိတာဖြစ်နိုင်ခြင်း၊ အမျိုးသားတစ်ဦး တစ်ယောက်မှာ ဆင်းရဲဒုက္ခကြုံတွေ့နေသည်ကို ကြားသိတွေ့မြင်ရသောအခါ မိမိတို့အိမ်ပေါ်မှာ ဆင်းရဲအိုးကြီး ကွဲလေဘိသကဲ့သို့လည်းကောင်း၊ ဤကဲ့သို့ မှတ်ထင်နိုင်ကြသောအခါမှ အမျိုးသားကို ချစ်ခြင်းမေတ္တာသည် မှန်ကန်စွာဖြစ်ပေါ်သည်ဟူ၍ ဆိုသင့်လေသည်” ဟု ထိထိမိမိ ရေးသားတင်ပြခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော တက္ကသိုလ်ကျောင်းသားတို့၏ သပိတ်သည် တက္ကသိုလ်ကျောင်းသားတိုင်းနှင့် ဆိုင်ချင်မှ ဆိုင်မည်။ သို့ရာတွင် အရင်းရှင်ကိုလိုနီ အုပ်ချုပ်ရေး၏အောက်တွင် ပညာထူးချွန် ပါလျက် ငွေကြေးမတတ်နိုင်သူ၊ ငွေကြေး မတတ်နိုင်၍ အဆောင်၌ မနေနိုင်သူတို့၏ ပညာရေးကို အညွန့်တုံးစေသည့် ဥပဒေ ဖြစ်သည်။ ကျောင်းသားအချို့၏ ဘဝပြဿနာ ဖြစ်သော်လည်း တက္ကသိုလ်ကျောင်းသားတိုင်း က ပါဝင်လှုပ်ရှား၍ သပိတ်ဖြင့် တားခဲ့ကြ သည်။ တက္ကသိုလ်ကောလိပ် ကျောင်းသား လူကြီးများ၏ ကိစ္စဖြစ်သော်လည်း အခြေခံ ပညာအဆင့် ကျောင်းသားငယ်များသည် လည်း မိမိတို့၏ အရေးဟုမတွေး။ အစ်ကိုကြီး အစ်မကြီးများ ဖြစ်ကြကုန်သော တက္ကသိုလ် ကျောင်းသားကြီးများ၏ အရေးသည် မိမိတို့ အရေးဟု သဘောထားခံယူခဲ့ကြသည်။ တစ်မျိုးသားလုံး၏ ပညာရေးကို အရင်းရှင် နယ်ချဲ့အစိုးရသည် ဖိနှိပ်ချုပ်ချယ်၊ မြန်မာ နိုင်ငံသားတို့၏ ပညာရေးနယ်ပယ်ကို ဘောင်ကန့်သတ်ရန်ကြိုးစားမှုဟု သဘော ပေါက်ခဲ့ကြသည်။ ကျောင်းသားကြီးများ၏ ပညာရေးကို အညွန့်တုံးစေခြင်းသည် မိမိတို့ ၏ အနာဂတ်ပညာရေး၏ အတားအဆီးကြီး ဖြစ်စေခြင်းဟု ခံယူကြသည်။ မိမိတို့ထံ ရောက်လာသော ဆင်းရဲခြင်းဟု ခံယူကြ သည်။ ထိုခံယူချက်ဖြင့် ကျောင်းများမှထွက်၍ တက္ကသိုလ်ကျောင်းသားတို့၏ သပိတ်စခန်း တွင် လာရောက်ပူးပေါင်း၍ သူ့ကျွန် မခံ စိတ်ဓာတ်ကို ပြခဲ့ကြသည်။
အမျိုးသားရေးစိတ်ဓာတ်ဖြင့် သပိတ်မှောက်
ငွေကြေးတတ်နိုင်၍ အဆောင်တွင် နေထိုင်နေကြသော တက္ကသိုလ်ကျောင်းသား များသည်လည်း အဆောင်မနေနိုင်သူတို့၏ တက္ကသိုလ်တက်ခွင့်မရသော ဒုက္ခကို မိမိတို့ ဒုက္ခအဖြစ် စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဆင်းရဲခံကာ သပိတ်မှောက် ခဲ့ကြသည်။ သပိတ်မှောက်သူတို့၏ ဆင်းရဲကို အမျိုးသားပညာဝန် ဦးဖိုးကျားက အမျိုးသား နေ့ဆောင်းပါးတွင် “ကောလိပ်ကျောင်းသား တို့မှာ အထက်တန်းစား၊ နေကြစားကြရ၏။ မွေ့ရာထူထူပေါ်တွင် သက္ကလပ်၊ ကတ္တီပါစောင် တို့ကိုခြုံ၍ ဇာခြင်ထောင်အတွင်း အိပ်လေ့ ရှိကြရာ သပိတ်မှောက်လာကြသောအခါ ဗဟန်းရပ်ရှိ ဘုန်းကြီးကျောင်း ဇရပ်တန် ဆောင်းတို့၌ နေကြရကုန်၏။ အခင်းမှာ ကြမ်းသက်သက်၊ အချို့နေရာ၌ သစ်သားခင်း မဟုတ်၊ အင်္ဂတေဖြစ်၏။ နှီးချောဖျာ၊ ဖျာကြမ်း များ၏။ သင်ဖြူးဖျာအနည်းငယ်သာရှိ၏။ ခေါင်းအုံးမှာ အများအားဖြင့် ဝါးပိုးခေါင်းအုံး၊ သစ်သားခုံ၊ အုတ်ခဲတို့ဖြစ်ကြ၏။ အချို့ဇရပ် တန်ဆောင်းတို့မှာ အကာလုံခြုံစွာ မရှိ၊ စောင်လည်းလုံလောက်စွာမရှိ။ အခါကလည်း ဆောင်းတွင်းဖြစ်၏။ ခြင်ကိုက်လည်း မသက် သာချေ” ဟု ရေးသားထားသည်။
အစားအသောက်နှင့် ပတ်သက်၍ ဆင်းရဲ ပုံကိုလည်း “ အစားအသောက်ဘက်က ကြည့်ပါဦး။ ကောလိပ်တွင် စားပွဲပေါ်၌ အဝတ်ဖြူခင်း၊ ဇွန်းခက်ရင်းတို့နှင့် ဝက်သား၊ ကြက်သားစသော ဟင်းကောင်းများနှင့် အခန့် စားရ၏။ ခိုင်းစရာဘွိုင်နှင့်တကွ ဟန်ကြီး ပန်ကြီးစားသောက်ကြရ၏။ ဗဟန်းတွင် သော်ကား ငံပြာရည်ချက်၊ ဆလတ်ရွက်တို့ကို တို့၍ ဘူးသီး၊ ခရမ်းသီးရေလုံပြုတ်ဟင်းချိုတို့ကို အကောင်းဆုံးထား၍ စားကြရ၏” ဟု ဖော်ပြခဲ့ပါသည်။
တက္ကသိုလ်ကောလိပ်ကျောင်းသားကြီးများ သာမက ကျောင်းသားငယ်များမှာလည်း ဒုက္ခခံကြရသည်။ စောင်အလုံအလောက် မရှိ၍ တစ်ညလျှင် လေးနာရီခန့်သာ အလှည့်ကျ စောင်ခြုံခွင့်ရကြသည်။ အစားအသောက်မှာ လည်း ဆင်းရဲကြရှာသည်။ သို့ရာတွင် ခေတ်တာဝန်ကို ကျေပွန်ချင်ကြသော မျိုးချစ် လူငယ်များပီပီ မိဘများကလာ၍ ခေါ်သော် လည်း မလိုက်လိုကြ၍ ပုန်း၍ပင်နေကြသေး သည်။ သပိတ်မှောက်၍ ရက် ၂၀ မှ ၂၅ ရက် ခန့်အထိ အစိုးရက ကောလိပ်သိပ္ပံဥပဒေကို ပြင်ဆင်မပေး သောကြောင့် ကျောင်းများသို့ ပြန်မဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုကျောင်းသားများအတွက် အမျိုးသား ကျောင်းများ တည်ထောင်ကြရသည်။
အမျိုးသားကျောင်းများ တည်ထောင်စက ကျောင်းပိုင်အဆောက်အအုံများ မရှိပေ။ ဘုန်းကြီးကျောင်း၊ ဇရပ်တန်ဆောင်းများတွင် ကျောင်းဖွင့်ခဲ့ကြရသည်။ ၁၉၃၅ ခုနှစ်တွင်မူ အမျိုးသားကျောင်းပေါင်း ၄၈ ကျောင်းအနက် ကျောင်း ၄၀ ကျော်မှာ ကျောင်းပိုင် အဆောက် အအုံများနှင့် ဖြစ်လာခဲ့သည်။ အမျိုးသား ကျောင်းများ တည်ထောင်စတွင် အလှူရှင်များ များပြားခဲ့သော်လည်း စီးပွားရေးအရ အလှူ ငွေနည်းပါးသည့် အချိန်ကာလများကိုလည်း ကြုံခဲ့ရသည်။ ကျောင်းသားများသပိတ် စတင် မှောက်ခဲ့ကြသည်။ ၁၂၈၂ ခုနှစ် တန်ဆောင်း မုန်းလပြည့်ကျော် ၁၀ ရက်၊ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ အမျိုးသားနေ့ ဖြစ်ပေါ် စေသည့် ၁၉၂၀ တက္ကသိုလ်ကျောင်းသား သပိတ်သည် မြန်မာ့ပညာရေးကို ၂၅ နှစ်၊ အနှစ် ၃၀ စာခန့် ခုန်ကျော်တိုးတက်သွားစေခဲ့ သည်။ ဦးဖိုးကျားက အမျိုးသားနေ့ ဆောင်းပါး တွင် “ထိုသပိတ်မှောက်ခြင်းကိုစွဲ၍ အမျိုးသား ကျောင်းများပေါ်လာရာ ယခုအခါ ၅၀ ခန့် ရှိ၏။ ထိုကျောင်းတို့မှာ အမျိုးသားလေးတို့ကို လူဖြစ်အောင် သင်ကြားပေးရာဗဟိုဌာန ဖြစ် သည်။ အမျိုးသားစစ်သည်တော်ကလေးများ ထွက်ရာအရပ်ဖြစ်၏” ဟု သုံးသပ်၍ တင်ပြ ထားပါသည်။
အမျိုးသားကျောင်းများ ပေါ်ထွန်းလာ
အမျိုးသားကျောင်းများ ပေါ်ထွန်းလာ သောအခါ ဦးဖိုးကျားသည် အမျိုးသား ပညာဝန် ဖြစ်လာခဲ့သည်။ ၁၉၂၀ တက္ကသိုလ် သပိတ်မှောက်ရန်အကြံကို ဦးဖိုးကျားက “ရွှေခါချဉ်မာန်ဖီးလို့၊ တောင်ကြီးဖြိုမည့်ကြံ၊ ခါးကမသန်” ဟု ဆိုကာ ကန့်ကွက်ခဲ့သေး သည်။ ကန့်ကွက်၍မရသောအခါ သပိတ် ခေါင်းဆောင် ၁၁ ဦးတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။ သပိတ်ပြီးဆုံး သွားသောအခါ အပေါင်းအသင်းများသည် တက္ကသိုလ်သို့ ပြန်တက်ပြီး မြို့အုပ်၊ ဝန်ထောက်များဖြစ်လာ ကြသည်။ ဦးဖိုးကျားမှာမူ အမျိုးသား ကျောင်း များ၏ အမျိုးသားပညာဝန်အဖြစ် လစာ အနည်းငယ်နှင့် ဆင်းရဲပင်ပန်းခံကာ တစ်သက်လုံး တာဝန်ထမ်း ဆောင်သွားခဲ့ သည်။ အမျိုးသားကျောင်းများက အမျိုးသား ပညာရေးကို အမျိုးသားတို့ သဘောကျ စီမံ ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဦးဖိုးကျားက ယုံကြည်ခဲ့သည်။ အမျိုးသားကျောင်းများ အပေါ်တွင် ပြည်သူများက မေတ္တာစေတနာ ထားကြသည်။ နယ်များ၌ အမျိုးသားကျောင်း များသည် ပို၍ထင်ရှားလာသည်။ ထိုသို့ ဖြစ်ခြင်းအပေါ် အမျိုးသားပညာဝန် တစ်ယောက်အနေနှင့် ဝမ်းမြောက်ခဲ့သည်။
၁၉၃၅ ခုနှစ်တွင် ဆယ်သန်းမဂ္ဂဇင်းမှ တာဝန်ရှိသူဦးဖိုးကျားနှင့် တွေ့ဆုံမေးမြန်းရာ တွင် အမျိုးသားပညာရေးသည် စာပေပညာ သာ မဟုတ်ဘဲ အလုပ်ပညာများလည်း သင်ပေးခြင်းဖြင့် ကျောင်းသားများ၌ အသက် မွေးဝမ်းကျောင်းနည်းလမ်းများ ပါသွား အောင် စီမံနိုင်လျှင် ကောင်းမည်ထင်ကြောင်း ဆွေးနွေးသည်။ ဦးဖိုးကျားက “ဒီအမေး အင်မတန်ကောင်းတယ်၊ အလုပ်ပညာနဲ့ စာပေပညာနှစ်ရပ်စလုံးကို အမျိုးသားပညာ ရေးစနစ်မှာ ရည်ရွယ်ဆုံးဖြတ်ပြီးသားပါ။ အသက်မွေးဝမ်းကျောင်းပညာကို အားပေးစီမံ လုပ်ဆောင်ဖို့ရာ ယခုအခါ လူအား၊ ငွေအား မတတ်နိုင်လို့ ထိထိရောက်ရောက် မဆောင် ရွက်နိုင်သေးပါ။ ယခုအခါ လယ်ယာစိုက်ပျိုး ရေး၊ စာရင်းကိုင်ပညာ၊ လက်နှိပ်စာလုံး နှိပ်ခြင်းအတတ်၊ ဥယျာဉ်စိုက်ပျိုးရေးပညာတို့ သာ ပါဝင်နေပါသေးတယ်။ ခြင်းတောင်း ပလုံး၊ လက်သမား၊ ထီး၊ ရှေ့ထိုးဖိနပ်၊ နောက်ပိတ်ဖိနပ်၊ ပိန်းတန်းဖိနပ်လုပ်ခြင်း စတဲ့လက်မှုပညာတို့ကို သင်မယ်လို့ ရည်ရွယ် ရင်းရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ အမျိုးသားကျောင်းများမှသည် မြန်မာ့ ပညာရေးကို မြှင့်တင်ပေးရန် အကြံအစည် ကောင်းများ ရှိခဲ့ပါသည်။
အမျိုးသားပညာဝန်ဘဝနှင့် အနေဖြင့် မိမိကျောင်းစရိတ်ကို မိမိဘာသာရှာသင့် ကြောင်း၊ အလုပ်လုပ်သင့်ကြောင်း ဆောင်းပါး များရေး၍ တိုက်တွန်းခဲ့သည်။ ထိုသဘောကို ကျောင်းသားများနှင့် အလုပ်ဆောင်းပါး၌ “ကျွန်ုပ်သည် အင်္ဂလိပ် ၇ တန်းကျောင်း တွင်နေစဉ် အမေရိကန်ပြည်တွင် မိဘစရိတ် နှင့် ကျောင်းနေရသူများ အလွန်မျက်နှာငယ် အောက်ကျကြောင်း ကြားရလေသည်။ မိဘ မည်မျှပင် ချမ်းသာစေကာမူ သားသမီးတို့ သည် ကျောင်းအားချိန်၌ သတင်းစာရောင်း ခြင်း၊ စာအုပ်ရောင်းခြင်း၊ သရေစာရောင်းခြင်း၊ ကစားစရာရောင်းခြင်း၊ အချိန်နှင့် အစေခံ အလုပ်၊ အချိန်နှင့် စာရေးအလုပ်၊ တံမြက် လှည်းရေခပ် စသည်တို့ဖြင့် အလျဉ်းသင့်ရာ၊ မိမိတို့နှင့် တော်သင့်ရာ အလုပ်လုပ်ကြလေ သည်။ ထိုမိမိတို့ကိုယ်တိုင် အလုပ်မှရသော အခကြေးငွေအမြတ်အစွန်းကို ကျောင်းစရိတ် ပြု၍ နေကြကုန်သည်။ အားကျဖွယ် ကောင်းလေစွ” ဟု ရေးသားထားပါသည်။
ဆောင်းပါး၊ ကိုယ်တွေ့ဝတ္ထုများနှင့် လမ်းပြခဲ့
ဆောင်းပါးများနှင့် ကျောင်းသားလူငယ် များကို လမ်းပြရုံသာမက ကိုယ်တွေ့ဝတ္ထု များနှင့်လည်း ရိုးသားကြိုးစား၍ မိမိ ကိုယ်ကိုယ်မိမိ တည်ဆောက်နိုင်သောသူများ ဖြစ်လာစေရန် စည်းရုံးခဲ့ပါသည်။ ‘မောင်ဘစီ’ ဝတ္ထုတွင် မောင်ဘစီသည် ဖခင်ကွယ်လွန် သွားရာ ကျောင်း၌ သန့်ရှင်းရေးနှင့် ရေဖြည့် သောအလုပ်ကိုလုပ်၍ ကျောင်းစရိတ် ရှာခဲ့ သည်။ ကျောင်းအုပ်ဆရာကြီးက ကျောင်းလခ အခမဲ့ နေခွင့်ပြုသော်လည်း လက်မခံခဲ့ပေ။ ရိုးသား ကြိုးစားသော မောင်ဘစီသည် သစ်စက်သူဌေးသမီး၏ မေတ္တာကို ရယူနိုင်ခဲ့ ပြီးလျှင် သစ်စက်သူဌေးကြီး ဖြစ်လာခဲ့သည်။ မိမိ၏ငယ်စဉ်ဘဝတစ်လျှောက်တွင် အလုပ် မှန်သမျှကို အားလပ်ချိန်တိုင်းတွင် ရှာဖွေ လုပ်ကိုင်ခဲ့ပုံများကိုလည်း တင်ပြ၍ အတုယူ နည်းမှီးလိုစိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင် ခဲ့သည်။
မိမိကိုယ်တိုင် အလုပ်လုပ်၍ ရှာဖွေ တတ်လာသောအခါ ငွေတန်ဖိုးကို နားလည် လာသည်။ အမြဲတက်တက်ကြွကြွ အလုပ်လုပ် ခြင်းဖြင့် လုံ့လဝီရိယ အလိုလိုပေါ်လာသည်။ စိတ်ကြည်လင်ဖျတ်လတ်သည်။ ကျန်းမာရေး လည်း ကောင်းသည်ဟု လမ်းညွှန်သည်။ ကျောင်းသားဘဝ၌ အလုပ်လုပ်ခဲ့ပုံ ကိုယ်တွေ့ အတွေ့ကြုံများကိုလည်း ဆယ်သန်း သတင်းစာပါ “ကိုယ့်ကိုယ်ကို အားကိုးပါ” ဆောင်းပါးတွင် ကျောင်းများ ထုံးစံအတိုင်း နွေရာသီ၌ နှစ်လမျှပိတ်ရာ ထိုနှစ်လပိတ်သည့် အတွင်း ကျွန်ုပ်သည် အလကားမနေဘဲ အလုပ်အမျိုးမျိုးကို ရှာကြံလုပ်ခဲ့သည်။ ၅ တန်း၊ ၆ တန်း၊ ၇ တုန်းတို့တွင် ထင်းပို့ခြင်း အလုပ်၊ ကျောင်းသုံးပရိဘောဂတို့ကို ဆေးသုတ်ခြင်းအလုပ်တို့ကို လုပ်သည်။ ၈ တန်းနှင့် ၉ တန်းတွင် သွားစိုက်ဆရာတစ်ဦး ထံ၌ စာရေး အကူအညီလုပ်သည်။ ၁၀ တန်း တွင် အဖြစ်တာလီကလပ်ခေါ် ဂရို့ချိုးသော စာရေး (ကျွန်ုပ်၏ ကိုယ်တွေ့ဝတ္ထုတွင်ပါသော) လည်းကောင်း၊ ပွဲစားတစ်ဦးထံ၌ အကူအညီ အဖြစ်လည်းကောင်း အလုပ်လုပ်ခဲ့သည်” ဟု ရေးသားတင်ပြခဲ့ပါသည်။ ထိုသို့ပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်သောစိတ်ကို ရခဲ့သည်ဟု လူငယ်များ အားကျဖွယ်ဖြစ် အောင် ရေးပြထားပါသည်။ ကိုယ့်ကိုယ်ကိုယ် အားကိုးသူများ၌ အလုပ်မရှားပါဟုလည်း ဆိုခဲ့သည်။
ကျောင်းနေစဉ်တွင် ကိုယ့်ကျောင်းစရိတ် ကို ကိုယ်ရှာနိုင်အောင် ကြိုးစားသင့်သည်ဟု လမ်းညွှန်ရာ၌ ကျောင်းသားများနှင့် အလုပ် ဆောင်းပါးတွင် “ မိမိကိုယ်ကိုယ်မိမိ ထူထောင် ခဲ့သူဖြစ်၍ လူတိုင်းကိုစေ့စေ့ကြည့်ဝံ့လေသည်။ ခါးကုန်း ရင်ခေါင်းစိုက်၍ ပြောမည့်လူစား မဟုတ်တော့ပြီ။ မိမိကိုယ်တိုင်ကို အားကိုးသူ ဖြစ်၍ လောကတွင် ငါလုပ်ချင်တာဖြစ်သည်ဟု ယုံကြည်စိတ် ပေါ်လာလေသည်။ ဖြစ်လည်း ဖြစ်နိုင်လေသည်” ဟု ဆိုထားပါသည်။
ထောင့်မျိုးစုံမှ အားထုတ်ခဲ့
ဦးဖိုးကျားသည် ၁၉၂၀ တက္ကသိုလ်သပိတ် ကို အခြေခံ၍ မြန်မာ့ပညာရေးသမိုင်းတွင် ထင်ရှားခဲ့သော အမျိုးသားကျောင်းများ ဖြစ်ထွန်းလာရန်နှင့် တည်တံ့ခိုင်မြဲရန် ဆောင်ရွက်ရေးအတွက် မွေးဖွားလာလေ သလားဟု တွေးစရာဖြစ်ပါသည်။ သပိတ် မတိုင်မီက ဘီအေအောက်တန်းတွင် တက်နေ သောပညာရေးကို ဆက်မတက်တော့ဘဲ မြန်မာ့မြေပေါ်၌ မြန်မာပညာရေးကို တစ်မျိုး တစ်ဖုံ အားသစ်ဖြစ်စေမည့် အမျိုးသား ကျောင်းများကို ပြုစုပျိုးထောင်စောင့်ရှောက် သူ အမျိုးသားပညာဝန်အဖြစ်နှင့် တစ်သက် လုံးရပ်တည်သွားခဲ့သည်။ ကျောင်းသားများကို လည်း အမျိုးဘာသာစာပေကို ချစ်ခင်ပြီး ကိုယ့်အားကိုယ်ကိုး၊ ကိုယ်စွမ်းရှိသူများ ဖြစ်လာအောင် ထောင့်မျိုးစုံမှ အားထုတ်ခဲ့ သည်။
မြန်မာကျောင်းသား လူငယ်များ ဇာတိမာန်နိုးကြားတက်ကြွလာစေရန် မြန်မာ့ ဂုဏ်ရည် ရာဇဝင်ကျမ်းကို ရေးသားခဲ့သည်။ ယင်းစာအုပ်သည် အမျိုးသားကျောင်းများ သာမက အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာ ကျောင်းများတွင်ပါ ပြဋ္ဌာန်းခဲ့သည်။ ရေးသား ပြုစုခဲ့သော စာအုပ်များမှာ ကိုယ်တွေ့ဝတ္ထုများ၊ ၅၅၀ ကောက်နုတ်ချက်၊ ၃၇ မင်းနတ်၊ မြောက်ပိုင်းဗုဒ္ဓသာသနာ၊ ဆောင်းပါး ပေါင်းချုပ်၊ မြန်မာ့ဂုဏ်ရည်၊ ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်အတ္ထုပ္ပတ္တိ၊ ကျောင်းတော်ရွာ ရွှေကျင်ဆရာတော်အတ္ထုပ္ပတ္တိ၊ ပေါရာဏ အဘိဓာန်၊ ရေသည်ပြဇာတ်တွင် တွဲ၍ပါသော စလေဦးပုည အတ္ထုပ္ပတ္တိ၊ ဓမ္မနီတိမျိုးအဖြေ၊ အလောင်းတော်ကဿပ၊ အလယ်တန်းမြန်မာ ရာဇဝင်စသည်တို့ ဖြစ်ပါသည်။ အမျိုးသား ပညာဝန်ဦးဖိုးကျားသည် ၁၉၄၂ ခုနှစ် ဧပြီလ တွင် ကွယ်လွန်သည်။
မြန်မာတစ်ဦးတစ်ယောက်ကို ထိပါးလာ လျှင် မြန်မာပြည်သားအားလုံးတို့သည် မိမိ တို့ကို ထိပါးသည်ဟု တညီတညွတ်တည်း နာကျင်ခံစားကြရသည်။ မြန်မာပြည်သူ ပြည်သားတစ်ဦး၏ ဆင်းရဲခြင်းသည် မြန်မာ ပြည်သားအားလုံး၏ ဆင်းရဲခြင်းဟု ခံယူကာ ညီညီညွတ်ညွတ်တုံ့ပြန်ကြသည့် အမျိုးသား ရေးစိတ်ဓာတ် အစစ်အမှန်ကြောင့် ၁၉၂၀ ပြည့်နှစ်တွင် တက္ကသိုလ်သပိတ်ဖြစ်ခဲ့သည်။ တက္ကသိုလ်သပိတ်ကြောင့် အမျိုးသား ကျောင်းများ ပေါ်ပေါက်လာခဲ့ရသည်။ မျိုးချစ် စိတ် ထက်သန်လွန်းသော ဦးဖိုးကျားကဲ့သို့ အမျိုးသားပညာဝန်မျိုး ပေါ်ထွန်းခဲ့ရသည်။ ပထမပိုင်းတွင် စေတနာ့ဝန်ထမ်း အမျိုးသား ကျောင်းဆရာဘဝကိုပင် အငတ်ခံ၍ ဆောင် ရွက်ခဲ့သည်။ အမျိုးသားကျောင်းများကို အစိုးရ က အထောက်အပံ့ပေးသောအခါ ဦးဖိုးကျား အား အမျိုးသားပညာဝန် ခန့်ထားခြင်းခံရ သည်၊ သို့ရာတွင် အစိုးရကျောင်းများအတွက် ဂေဇက်ဝန်ခန့်ထားသော ပညာဝန်ကဲ့သို့ လခ လည်း အပြည့်မရပါ။ ဂုဏ်လည်းမရှိလှပေ။ ရသမျှလခထဲကပင် အချိုးကျ အလှူငွေ ထည့်နေရသေးသည်။ ဦးဖိုးကျားသည် အမျိုးသားရေး တိုးတက်ရန်ဆိုသည့် ရည်ရွယ် ချက်ဖြင့် အပင်ပန်းခံဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။
အမျိုးသားကျောင်းများကြောင့် အမျိုးသား စာပေသည် မည်သို့ တိုးတက်ခဲ့ပါသနည်း။ အမျိုးသားကျောင်းများတွင် မြန်မာစာပေကို အလေးထား သင်ပေးလာသည့်အလျောက် ကျောင်းသားများသည် မြန်မာစာပေကို ချစ်လာကြသည်။ မြန်မာစာပေကို ဖတ်ရှုရ၊ သင်ယူရသည့်အတွက် မြန်မာစာပေ၌ ပါရှိ သော ဇာတိမာန်ခံစားမှုများ တိုးပွားလာခဲ့ သည်။ မျိုးချစ်လူငယ်များ၊ မျိုးချစ်အာဇာနည် သူရဲကောင်းများ ထွန်းကားလာခဲ့သည်။ အမျိုးကိုချစ်စိတ်သည် အမျိုးသားကျောင်းများ တွင်အခြေခံ၍ တက္ကသိုလ်အထိ သယ်ဆောင် လာခဲ့ကြသည်။ ပညာရင့်လေ မျိုးချစ်စိတ်ရင့် လေ ဖြစ်လာကြသည်။ အမျိုးသားကျောင်းများ တွင် အသိမှန်ခဲ့သူများပီပီ မြန်မာ့လွတ်လပ်ရေး အတွက် ရဲရင့်တည် ကြည်စွာ အသက်ပေးသည့် အထိ စွမ်းဆောင်ပေးခဲ့ကြပါသည်။
မြန်မာတို့သည် ကိုလိုနီခေတ်တွင် မြန်မာစာကို အထင်သေးနေကြသည်။ စာအဖတ်အရှုလည်း နည်းကြသည်။ ကမ္ဘာ စစ်ကြီးဖြစ်လာသောအခါတွင် စစ်သတင်းများ ကို စောင့်ဖတ်ရာမှ သတင်းစာဖတ်ကျင့် ရလာ သည်။ ထိုအခြေအနေမျိုးတွင် ကမ္ဘာစစ်ကြီး အပြီး တက္ကသိုလ်ကျောင်းသားသပိတ်သည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသည်။ သပိတ်အပြီးတွင် အမျိုးသားကျောင်းများ ပေါ်လာသည်။ အမျိုးသားကျောင်းများတွင် မြန်မာစာပေအား အလေးထားသင်ကြားပေး ကြသည်။ ကဗျာလင်္ကာများကို တတ်မြောက် သည့်သူများအား ဆရာအဖြစ်ခန့်ထားပြီး ကဗျာလင်္ကာတို့ကို ကျကျနန သင်ကြား စေသည်။ ရှေးက မကြားဖူးသော စာအုပ်များ ကို သင်ကြားပေးသည်။ ကျောင်းသား များသည်လည်း မြန်မာစာပေကို အလေးထား သင်ကြားလာကြသည်။ အဆိုပါ ကျောင်းသား များ ရေးစပ်သော ကဗျာလင်္ကာများသည် သတင်းစာမဂ္ဂဇင်းထဲ၌ ပါလာကြသည်။ အမျိုးသားကျောင်းများမှ အစပျိုးခဲ့သော မြန်မာစာပေကို နှစ်သက်မြတ်နိုးလာသည့် စိတ်ဓာတ်သည် တစ်ပြည်လုံးသို့ ပျံ့နှံ့လာခဲ့ သည်။
မြန်မာစာကို အလေးထား သင်ကြားလာ
အစိုးရတည်ထောင်သော ကျောင်းများ တွင်လည်း မြန်မာစာကို အလေးထား သင်ကြားလာကြသည်။ မြန်မာစာအုပ်များကို လည်း ရေးသားကြသည်။ ပြဋ္ဌာန်းကြသည်။ အစိုးရကိုယ်တိုင်ကလည်း မြန်မာစာကို စာမေးပွဲများတွင် အဆင့်မြှင့်၍ စစ်ဆေးလာ သည်။ မြန်မာစာကို ကောင်းစွာတတ်မြောက် သူများကိုသာ ဆရာအဖြစ် ခန့်ထားကြသည်။ ကောလိပ်ကျောင်းတွင်လည်း မြန်မာစာ ဂုဏ်ထူးတန်း ပေါ်ပေါက်လာသည်။ ကျောက်စာ၊ ပုရပိုက်စာ၊ ပေစာတို့ကို သင်ကြားနေကြရပြီ။ အင်္ဂလိပ်စာသက်သက် ကိုသာသင်သော ကျောင်းများ၌ပင် မြန်မာစာ ကိုမလေးမခန့်ပြု၍ မရတော့ပေ။ အမျိုးသား ကျောင်းများ ပေါ်ထွန်းစေခဲ့သော တက္ကသိုလ် ကျောင်းသပိတ်နှင့် မြန်မာစာဖွံ့ဖြိုးတိုးတက် လာမှုကို သိပ္ပံမောင်ဝက ကမ္ဘာစစ်ကြီး အမျိုး သားကျောင်းများနှင့် မြန်မာစာဆောင်းပါးတွင် “ကမ္ဘာစစ်ကြီးသည် မြန်မာတို့အား သတင်းစာ ဖတ်ရန် တိုက်တွန်းနှိုးဆော်သကဲ့သို့ ကျောင်း သားများ၏ သပိတ်မှောက်ကိစ္စကြီးသည် လည်း မြန်မာစာပေကို လေ့လာရန် အားပေး သော အမှုကြီးတစ်ခု ဖြစ်ပါသည်။ ၎င်းအမှု တွင် ပါဝင်ကြသော ကျောင်းသား ကြီးငယ် မည်သူမည်ဝါမဆို ငါတို့စလိုက်သော ကိစ္စများ အလဟဿမဖြစ်သွားပါတကားဟု စဉ်းစား တွေးတောကာ ဝမ်းမြောက်စရာ ဖြစ်ပေသည်။ နောင်လာနောက်သားတို့ကလည်း မြန်မာ စာပေ၏ တိုးတက်ခြင်းသည် သပိတ်မှောက် ကျောင်းသားတို့၏ ပယောဂကြီးပေတကား ဟုများစွာ ကျေးဇူးတင်ကြမည်မှာ မလွဲ အမှန်ပင်ဖြစ်တော့၏။ ကျောင်းသားများ၏ သပိတ်မှောက်ကိစ္စကြီးအတွက် မြန်မာတို့ ခံစားရသော အကျိုးကြီးပေတည်း” ဟု ရေးသားတင်ပြထားပါသည်။
စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်မှ ပေါက်ဖွားလာသည့် အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားကျောင်း၊ အမျိုးသားပညာဝန်တို့၏ စွမ်းဆောင်မှုများကြောင့် မြန်မာစာပေသည် အနေတင့်အခြေမြင့်သည့် အဆင့်သို့ ရောက်ခဲ့ ရခြင်းဖြစ်ပါသည်။ မြန်မာစာပေကပေးသော မြန်မာ့ စိတ်ဓာတ်ကပင် မျိုးချစ်အာဇာနည် သူရဲကောင်းများကို မွေးဖွားသန့်စင်ပေးခဲ့ သည်ဟုလည်း ဆိုရပါမည်။
အမျိုးသားရေးစိတ်ဓာတ် ကမ္ဘာတည် သရွေ့ အသက်ရှည် ကျန်းမာချမ်းသာပါစေ။ မြန်မာစာပေ ကမ္ဘာတည်သရွေ့ အသက် ရှည်ကျန်းမာ ချမ်းသာပါစေ။
မမိုးမြေ

ဆောင်းပါးရှင်၏ကိုယ်ရေးအကျဉ်း
- အမည်ရင်းမှာ ဒေါက်တာ ခင်သန်းဦး၊ ပါမောက္ခ၊ ဌာနမှူး (ငြိမ်း) မြန်မာစာဌာန၊ ပုသိမ် တက္ကသိုလ် ဖြစ်သည်။ ဇာတိမှာ ဟင်္သာတဖြစ်သည်။
- ၁၉၆၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရ သည်။ ၁၉၇၁ ခုနှစ်တွင် မဟာ ဝိဇ္ဇာဘွဲ့ရသည်။ ၂၀၀၆ ခုနှစ် (အသက် ၆၂ နှစ်) တွင် ရန်ကုန် တက္ကသိုလ် ပါရဂူဘွဲ့ကို “ဝတ္ထု ရှည် သဘောတရား၊ ဝတ္တုရှည် အတတ်ပညာ” ကျမ်းဖြင့် ရရှိခဲ့ သည်။
- ၁၉၆၆ မှ ၂၀၀၆ ခုနှစ်အထိ နှစ် ၄၀ တိတိ မြန်မာစာဌာနတွင် နည်းပြမှ ပါမောက္ခအထိ တာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီး ၂၀၀၆ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ပါရဂူ အကြိုတန်းကို အချိန်ပိုင်း ပို့ချခဲ့ သည်။ ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်ထားသော “စာပေဖန်တီး မှုနှင့် တည်းဖြတ်မှု ဒီပလိုမာ သင်တန်း’’ ၌လည်း ပို့ချနေသည်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာ ရှင် အဖွဲ့၌လည်း အလုပ်အမှု ဆောင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
- ၁၉၆၃ ခုနှစ်မှစ၍ တိုင်းရင်းမေဂျာ နယ်တွင် တက္ကသိုလ် မခင်သူ အမည်နှင့် ဝတ္ထုတိုများ ရေးသားခဲ့ သည်။ ၁၉၇၇ ခုနှစ်တွင် မမိုးမြေ အမည်နှင့် လုံးချင်းဝတ္ထုရှည်များ စ၍ ရေးသားခဲ့ရာ ပထမဆုံး လုံးချင်းဝတ္ထုမှာ “မလွမ်းချင်တော့ ဘူးကွယ်” ဖြစ်သည်။ ဝတ္ထုရှည် အပုဒ် ၇၀ ကျော်နှင့် ဝတ္ထုတို အပုဒ် ၁၀၀ ကျော် ရေးသားခဲ့သည်။ အငြိမ်းစားယူပြီးနောက် စာပေ သဘောတရား စာအုပ်များကို ရေးသားခဲ့သည်။