Skip to main content

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၅၁) ရွေးကောက်ပွဲအပေါ် ရှုမြင်သုံးသပ်ချက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အသီးသီးတို့က ပုံစံအမျိုးမျိုးဖြင့် ရှုမြင်သုံးသပ်ရေးကြ၊ ပြောဆိုကြလျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပခြင်း လုပ်ငန်းစဉ် များတွင် ပါဝင် ဆောင်ရွက်ခဲ့ရသူတစ်ဦးအနေဖြင့် ရွေးကောက်ပွဲရှုမြင်သုံးသပ်ချက်ကို အနှစ်ချုပ်မျှဝေပါရစေ။

ထူးခြားသည့်ရွေးကောက်ပွဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပခြင်းသည် ယခင်ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲကျင်းပပုံများနှင့် မတူညီပါ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေစဉ်ကာလအတွင်း ကျင်းပခဲ့ရသော ရွေးကောက်ပွဲ တစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပခြင်း မပြုမီက ရွေးကောက်ပွဲကို မကျင်းပဖို့၊ ကိုဗစ်- ၁၉ ရောဂါ ကင်းစင်သည်အထိ ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီအချို့က တောင်းဆိုမှုများရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ကျင်းပ ခြင်းဖြစ်သည်။ ပထမ အကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးသည်နှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စတင်နိုင်ရန် အချိန်ကိုက်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၃ အရ လွှတ်တော်သက်တမ်းတစ်ခု၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေးရမည်ဖြစ်သည်။ ထို့ကြောင့် တတိယ အကြိမ်လွှတ်တော်၏ ပထမပုံမှန် အစည်းအဝေး ကိုလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် ကျင်းပရမည်ဖြစ်သည်။

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံနေရစဉ်ကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့သော နိုင်ငံများရှိသည်။ ယင်းနိုင်ငံများထဲမှ တောင်ကိုရီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ တို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ရွေးကောက်ပွဲများ အောင်မြင်အောင် မည်ကဲ့သို့ ကျင်းပခဲ့သည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လေ့လာခဲ့သည်။ မြန်မာနိုင်ငံတွင် လည်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ရွေးကောက်ပွဲ စက်ဝန်းရာသီနှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ အမှန်တကယ် လည်း ရွေးကောက်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာစံလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ချောမောအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိရေး

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တို့နှင့် ပူးပေါင်းကာ စီမံချက် ရေးဆွဲ၍ အခြေခံ မဲစာရင်းကို ပြုစုခဲ့သည်။ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ရာ နှစ်ကုန်ပိုင်း လောက်တွင် ပြုစုပြီးစီးခဲ့သည်။ အကြိမ်ကြိမ်စိစစ်မှုများပြုလုပ်ပြီး ပထမအကြိမ် မဲစာရင်းကို ၂၅-၇-၂၀၂၀ ရက်နေ့ မှ ၁၄ -၈-၂၀၂၀ ရက်နေ့အထိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့သည်။

မဲစာရင်းတွင် မဲဆန္ဒရှင်များ ကျန်နေခြင်းနှင့် အမှားအယွင်းများကို ထောက်ပြပြောဆိုခဲ့ကြသည်။ မဲစာရင်း တွင် ထည့်သွင်းပေးရေး ပုံစံ ၃ ဖြင့် လျှောက်ထားသူများ ရှိခဲ့သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မှန်ကန်လျှင် မဲစာရင်း တွင် ထည့်သွင်းပေးသည်။ အမည်၊ မှတ်ပုံတင် စသည့် လွဲမှားမှုများကိုလည်း စိစစ်ပြင်ဆင် ပေးခဲ့သည်။ တစ်ဖက်တွင်လည်း No Vote လှုပ်ရှားမှုပြုနေကြသူများရှိနေခဲ့သည်။ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်း တွင် မကျန်ရှိ စေရေးနှင့် အားလုံးမဲစာရင်းတွင် ပါဝင်ရေးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ အဓိကအချက် တစ်ချက်ဖြစ်လာသည်။

ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်။ ယင်း အချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရမှု မြင့်မား လာသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များ Stay at Home ကန့်သတ်ထားချိန်ဖြစ်သည်။ မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ ခွဲရုံးများတွင် ကပ်ထားကြေညာသည့်အပြင် သက်ဆိုင်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာ ကြည့်ရှုနိုင်ရေးအတွက် အင်တာ နက် အွန်လိုင်းပေါ်တွင်လည်း တင်ပေးခဲ့သည်။ အားလုံးကို ကြည့်ရှုနိုင်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခု ချင်းအလိုက်လည်း ကြည့်ရှုနိုင်သည်။

မဲစာရင်းကြည့်ရှုစစ်ဆေးခြင်း၊ ဖြည့်သွင်းခြင်းများကို မဲဆန္ဒရှင်ကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ဖုန်းဖြင့် ဆက်သွယ်ကြည့်ရှုစေ နိုင်သည်။ အွန်လိုင်းပေါ်တွင်လည်း ကြည့်ရှုနိုင်သည်။ မဲစာရင်းဖြည့်သွင်း ရာတွင် သတ်မှတ်ပုံစံများကို ကိုယ်တိုင်ဖြည့်သွင်း လျှောက်ထားနိုင်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဝင်များမှတစ်ဆင့်လည်း လျှောက်ထားစေနိုင်သည်။ ဤနည်းလမ်းများဖြင့် မဲစာရင်းကြည့်ရှုစစ်ဆေးခြင်း၊ ဖြည့်သွင်းခြင်းများကို လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့သည်။

ယင်းအချိန်ကာလတွင် ပြည်ပမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည်များ စိစစ်ပြီး မဲစာရင်းတွင် မပါသေးပါက ဖြည့်သွင်းမှုများ ပြုလုပ်ရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ၍ ဆေးရုံတွင် တက်ရောက်ကုသခံနေရသူများ၊ ရောဂါကူးစက် ပြန့်ပွားမှု ကာကွယ်ရန် သတ်မှတ်နေရာများတွင် Quarantine ဝင်ရောက်နေရသူများကိုလည်း မဲစာရင်း၌ မကျန်ရှိစေရေး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၉ (က)၊ နည်းဥပဒေ ၁၄ (က) နှင့်အညီ မဲစာရင်းပြုစုရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က စိစစ်ကြပြီး နောက်ဆက်တွဲ မဲစာရင်းတွင် ထည့်သွင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မိမိအမည်ကို မဲစာရင်းတွင် ထည့်သွင်းနိုင်ခွင့်ရှိရမည်ဆိုသည့် ဥပဒေက ပေးအပ်သည့် အခွင့်အရေးကို မဲဆန္ဒရှင်များက ကျင့်သုံးကြ၍ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ မဲဆန္ဒရှင်များ၏ အခွင့်အရေးကို ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြစ်သည်။

ဤသို့ဖြင့် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာစဉ်က မဲဆန္ဒရှင်စုစုပေါင်း ၃၇ သန်းကျော် ရှိသော်လည်း နောက်ဆုံးမဲစာရင်း ပြုစုပြီးသည့်အခါ ၃၈ သန်းကျော် ဖြစ်လာသည်။ ဤသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့် ဆင့်တို့၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် အညီ စွမ်းဆောင်ကြိုးပမ်းအားထုတ်ခဲ့သည့် ဆောင်ရွက်ချက်ပင် ဖြစ်ကြောင်း မှတ်တမ်းတင်အပ် ပေသည်။

မဲစာရင်းတွင်ပါဝင်သူတိုင်းဆန္ဒမဲပေးနိုင်ရေး

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိရေးသည် အဓိကကျသကဲ့သို့ မဲစာရင်းတွင် ပါဝင်သူ တိုင်း ဆန္ဒ မဲပေးနိုင်ရေးဆိုသည်မှာ ပို၍အရေးကြီးသောအချက် ဖြစ်သည်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံနေချိန်တွင် ဆန္ဒမဲ ပေးကြရမည်။ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ ရောဂါကူးစက်ခံရမှု လွယ်ကူသည်ဟု ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထား သည်။ ရောဂါကူးစက်ခံရ၍ ဆေးရုံတက်ရောက်ကုသ နေရသူများရှိသည်။ Quarantine ဝင်ရောက်နေသူများ၊ Stay at Home နေရသူများ၊ အသွားအလာကန့်သတ်ခံ ရသူများ ရှိနေသည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာရောက် ပေးသူနည်းပါးလိမ့်မည် ဟူ၍လည်း ပြောဆိုနေကြသည်။ ဤတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွင်ပါဝင်သူ တိုင်း ဆန္ဒမဲပေးနိုင်ရေး စီမံ ဆောင်ရွက်ရပါသည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၏ ပုဒ်မ ၉၀ တွင် ကော်မရှင်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည် ဟူ၍ လည်းကောင်း၊ ပုဒ်မ ၅၄ တွင် ကော်မရှင်သည် လွတ်လပ် ၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်နိုင်သည်ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်း ချက်နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ခဲ့သည်။

Stay at Home အဖြစ် သတ်မှတ်ခံရသော မြို့နယ်များနှင့် လူဦးရေထူထပ်သော သတ်မှတ် မြို့နယ်များတွင် နေထိုင်ကြသည့် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများ နေထိုင်ရာ အိမ်များသို့ ဆန္ဒမဲရယူရေး အဖွဲ့များ ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲ ရယူစေခဲ့ခြင်း၊ ကျန်ရှိသည့် မြို့နယ်များတွင် နေထိုင်ကြသည့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေး စေခြင်းတို့ကို ရွေးကောက်ပွဲမကျင်းပမီ ၁၀ ရက်အလို ကတည်းက စတင်၍ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒနယ်ပြင်ပရောက်နေပြီး ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ် ချက်များအရ သွားလာမှုကန့်သတ် ခံရသဖြင့် မိမိ၏မဲဆန္ဒနယ်သို့ပြန်၍ ဆန္ဒမဲပေးနိုင်ခြင်း မရှိသူများအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားစေ၍ မိမိမဲစာရင်းပါရှိရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်းများကို ကြိုတင်ဆန္ဒမဲများ ပေးစေခဲ့သည်။

ရွေးကောက်ပွဲရက်တွင် မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရမှု ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆန္ဒမဲ လာရောက်ပေးနိုင်ရေးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက် များရယူကာ ကျန်းမာရေးစံ လုပ်ငန်း လမ်းညွှန် အပိုင်း ၂ ကို ထုတ်ပြန် ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မဲရုံအတွင်းနှင့် မဲရုံပြင်ပ စီမံဆောင်ရွက်ထားရှိရမည့်အချက်များ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လိုက်နာရမည့်အချက်များ၊ မဲဆန္ဒရှင်များလိုက်နာရမည့် အချက်များပါရှိသည်။ လိုအပ်သည့် မျက်နှာ ဖုံးအကာအကွယ်များ၊ ပါးစပ်နှာခေါင်းစည်းများ၊ လက်အိတ်များ ဝတ်ဆင်စေသည်။ မဲဆန္ဒရှင်များအတွက် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဝေငှသည်။ ဆန္ဒမဲပေး မည့်မဲရုံများ၊ ကြိုတင်ဆန္ဒမဲပေးမည့် နေရာ များတွင် ရေ မလို လက်သန့်ဆေးရည်များ ထားရှိသည်။ တစ်ဦးနှင့် တစ်ဦး ၆ ပေခန့်အကွာ တန်းစီစေပြီး စနစ်တကျဆန္ဒမဲပေးစေသည်။ မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေးကြသူ နိုင်ငံနှင့်တစ်ဝန်း အများအပြားရှိခဲ့သည်။ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၃၈၂၇၁၄၄၇ ဦး ရှိသည့်အနက် ကြိုတင်ဆန္ဒမဲ ပေးသူများနှင့် မဲရုံသို့လာရောက်ဆန္ဒမဲပေးသူ စုစုပေါင်း ၂၇၅၁၂၈၅၅ ဦး ရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည်။ ပြည်သူတို့ တာဝန်ကျေ ခဲ့ကြသည်။

မဲရလဒ်ကြေညာခြင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင် ပါဝင်နိုင်ရေး၊ မဲစာရင်း တွင် ပါဝင်သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးတို့ကို ဆောင်ရွက်ရာ၌ ဘက်လိုက်မှုမရှိ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းစွာ ဆောင်ရွက်ခဲ့ သည်။ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲရလဒ်သည် မဲဆန္ဒရှင်များ၏ဆန္ဒနှင့် တစ်ထပ်တည်း ဖြစ်စေရ မည်ဟူသော ဦးတည်ချက်ဖြင့် ရွေးကောက်ပွဲလုပ်ငန်းများကို စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပြီးစီး၍ မဲရလဒ်များ ကြေညာသည့်အခါ လွှတ်တော်အသီးသီး၌ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၁၁၇ ဦး ရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉၂၀၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၄၂ ဦး စသည်ဖြင့် နိုင်ငံရေး ပါတီစုစုပေါင်း ၁၉ ပါတီက ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးကောက် တင်မြှောက်ခံရသည်။ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လေးဦး ရွေးကောက် တင်မြှောက်ခံရသူများတွင် ပါဝင်သည်။

နှုန်းစံမီသည့်ရွေးကောက်ပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှု ရှိရမည်၊ အများ ယုံကြည် လက်ခံနိုင်ရမည်၊ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒ တစ်ထပ်တည်း ဖြစ်စေရမည်ဟူသော စံ ၅ ချက်နှင့်အညီဖြစ်စေရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲကြီးကို စံ ၅ ချက်နှင့်အညီ လွတ်လပ်မျှတစွာ အောင်မြင်အောင် ကျင်းပသွားရန် လိုအပ်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးအတွက်လည်း အထူးအလေးထားရပါမည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါတီ စည်းရုံးရေးနှင့် မဲဆွယ် စည်းရုံးရေးဆောင်ရွက်ရာ၌ အားလုံးတူညီစွာ လိုက်နာ ရမည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်အပိုင်း (၁) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များနှင့်အညီ ထုတ်ပြန် ခဲ့သည်။

ရွေးကောက်ပွဲကို ချောမောအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်ကြသော နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနစသည့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင် ပြည်သူများအားလုံး ပါဝင်ခဲ့ကြသည်။ ယင်းတို့ကြောင့် နှုန်းစံမီသည့် ရွေးကောက်ပွဲဟု ဆိုရပါ မည်။

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် တစ်နိုင်ငံလုံးရှိ မဲရုံများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ၏ မူဝါဒ လုပ်ငန်းစဉ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကျန်းမာရေးစံ လုပ်ငန်းလမ်းညွှန်မှုများနှင့်အညီ ပြင်ဆင်ခင်းကျင်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ဆန္ဒမဲလာရောက်ပေးသူများသည်လည်း ကျန်းမာ ရေး စံများနှင့်အညီ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲများ ပေးနိုင်ခဲ့ကြသည်။ လွတ်လပ်စွာဖြင့် မိမိတို့ကြိုက်နှစ်သက် ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒမဲ ပေးခဲ့ကြသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ မဲရုံကိုယ်စားလှယ်များသည်လည်း မဲရုံ အတွင်းမှာရှိနေကြသည်။ မဲရုံပိတ်ချိန် မဲများရေတွက်ရာတွင်လည်း မဲရုံကိုယ်စားလှယ် များနှင့် အသိသက်သေ မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲလေ့လာသူများရှေ့မှောက်တွင် မဲလက်မှတ် တစ်စောင်စီကို ထောင်ပြ၍ မည်သည့် ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့ကြောင်း ကြေညာခဲ့ သည်။ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်ကို ပြည်သူများ မြင်တွေ့ခဲ့ရသည်။ ပွင့်လင်းမြင်သာမှု ရှိသည်။

အသက် ၆၀ နှစ်အထက်ရှိ မဲဆန္ဒရှင်များထံသို့ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲရယူခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ် များတွင်လည်း မဲဆန္ဒရှင်များသည် လွတ်လပ်စွာဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကိုရွေးချယ်ကာ လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြသည်။ ယင်း လုပ်ငန်း ဖြစ်စဉ် များတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ် များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ များ လိုက်ပါကြည့်ရှုခွင့်ရှိသည်။ အချို့နေရာ များ၌ ဆန္ဒမဲလက်မှတ်များ လွဲမှားထုတ်ပေးမိခြင်း၊ ဆန္ဒ မဲလက်မှတ်လွဲမှား၍ ဆန္ဒမဲပေးမိခြင်း၊ UEC အမှတ် အသားမပါသည့် တံဆိပ်တုံးဖြင့်နှိပ်၍ ဆန္ဒပြုခဲ့ခြင်းစသည့် ချို့ယွင်းချက်အလွဲများ တွေ့ရှိရသည့်အခါ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများက မည်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းကိုမျှ ထိခိုက်နစ်နာ မှုမရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေး နိုင်ခဲ့ကြသည်။ ယင်းသို့ စီမံဆောင်ရွက်ခြင်းဖြင့် လွတ်လပ်၍တရားမျှတမှု ဖြစ်စေသည်။ ကောင်းသောအစဉ်အလာတစ်ခုအဖြစ် ဆက်လက် ထိန်းသိမ်းဆောင်ရွက်သင့်သည်။

ရွေးကောက်ပွဲတွင် ပြည်တွင်းရွေးကောက်ပွဲလေ့လာရေးအဖွဲ့ ၃၆ ဖွဲ့ဖြင့် ရွေးကောက်ပွဲလေ့လာ သူ ၈၂၁၇ ဦး၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော THE CARTER CENTER ၊ EU ၊ ANFRE အဖွဲ့များနှင့် ပြည်တွင်းရှိနိုင်ငံတကာ သံရုံးများကလည်း ရွေးကောက်ပွဲဖြစ်စဉ်များကို လေ့လာခဲ့ကြသည်။ ရွေးကောက်ပွဲလေ့လာသူအဖွဲ့အစည်းများ၏ ကနဦးထုတ်ပြန်ချက်များတွင်လည်း ရွေးကောက်ပွဲတွင် ချို့ယွင်းအားနည်းမှုအချို့ကို ထောက်ပြကာ ကြီးမား သော ပြဿနာကြီးများ တစ်စုံတစ်ရာမတွေ့ရှိရဘဲ လွတ်လပ်၍ တည်ငြိမ်အေးချမ်းစွာဖြင့် ကျင်းပနိုင်ခဲ့သော ရွေးကောက် ပွဲဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

ရွေးကောက်ပွဲနှင့်ဒီမိုကရေစီကျင့်စဉ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။ နိုင်ငံသားများက မိမိတို့ထံတွင် ရှိသော နိုင်ငံတော်၏အချုပ်အခြာ အာဏာကို မိမိတို့ ကိုယ်စား ကျင့်သုံးနိုင်စေရန် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေး၍ မိမိတို့စိတ်ကြိုက်ကိုယ်စားလှယ်များကို ရွေးချယ်ကြသည်။ ဒီမိုကရေစီကျင့်စဉ်ဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများသည် လွတ်လပ်စွာဖြင့် မိမိတို့ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ် လောင်းကို လျှို့ဝှက်စွာဆန္ဒမဲပေး၍ ရွေးကောက် တင်မြှောက်ခဲ့ကြပြီးဖြစ်သည်။ ဒီမိုကရေစီ ကျင့်စဉ်တွင် အများစု၏ဆန္ဒကို အနည်းစုက လေးစား လိုက်နာကြရပါမည်။ သို့ဖြစ်၍ ဒီမိုကရေစီကျင့်စဉ်နှင့် ညီသည့် ရွေးကောက်ပွဲဟု ဆိုရပါမည်။

စုပေါင်းအားဖြင့် နိုင်ငံ့တာဝန်ကျေပွန်ခဲ့ကြပါပြီ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဖြင့် မြန်မာနိုင်ငံဒီမိုကရေစီခရီး၏ တတိယခြေလှမ်းကို အောင်မြင်စွာ လျှောက်လှမ်း နိုင်ခဲ့ပါပြီ။ ပုံမှန်အခြေအနေထက် ထူးခြားစွာ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကျရောက်နေသည့်ကာလတွင် အခက်အခဲများစွာကို စုပေါင်းအားဖြင့် ကျော်လွှား နိုင်ခဲ့ပါပြီ။ နိုင်ငံနှင့် ပြည်သူအကျိုးကို တာဝန်ယူဆောင်ရွက်ကြမည့် ပြည်သူ့ကိုယ်စားလှယ် များကို ပြည်သူတို့က မိမိတို့၏ယုံကြည်မှုဖြင့် ရွေးချယ်ခဲ့ကြပြီ။

ထူးခြားသည့်အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကြားမှ ကျင်းပခဲ့ရသည့်အားလျော်စွာ အချို့ အချို့သောနေရာ အနည်းငယ်၌ အဆင်မပြေမှုများ ရှိကောင်းရှိနိုင်သည်။ တစ်ဖက်တွင် လည်း ယခု ရွေးကောက်ပွဲကြီးမှ အတွေ့အကြုံကောင်းများစွာ ရရှိခဲ့ကြသည်။ နောင် ရွေးကောက်ပွဲများတွင် ယခုထက် ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြပါမည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များအားလည်းကောင်း၊ နိုင်ငံတော် အစိုးရ၊ သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းအသီးသီးနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ တာဝန်ရှိသူများအားလည်းကောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လည်းကောင်း၊ ပူးပေါင်းပါဝင်အကူအညီပေးခဲ့ကြသည့် ဝန်ထမ်းများ အားလုံးကိုလည်းကောင်း အထူးဂုဏ်ပြု မှတ်တမ်းတင်ရပါ မည်။ အဓိကမှာ တစ်ခဲနက်ဆန္ဒပြု မဲပေးခဲ့ကြ သည့် မဲဆန္ဒရှင်ပြည်သူများသည်သာ အခရာပါ။ အချုပ်အားဖြင့် ဆိုရလျှင် ပြည်သူ၊ အစိုးရ၊ တာဝန်ရှိဌာန၊ အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်း များ၏ စုပေါင်းအားဖြင့် တစ်နည်း ဆိုရသော် နိုင်ငံသား ပြည်သူများအားလုံး၏ စုပေါင်းအားဖြင့် နိုင်ငံ့တာဝန် ကျေပွန်ခဲ့ကြခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ရကြောင်း ပါဗျာ။

  • ၂၀၂၀ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းမှာ ပြည်သူများ၏ စုပေါင်း အင်အားသည်သာ အခရာပါ၊
  • ပြည်သူတို့ကယုံကြည်စွာ ရွေးချယ်လိုက်ကြသည့် ပြည်သူ့ကိုယ်စားလှယ်များအားလုံး နိုင်ငံနှင့် ပြည်သူအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင် ကြပါစေ၊
  • နိုင်ငံတော်၏ဒီမိုကရေစီရှေ့ခရီး ချောမောအောင်မြင်ပါစေ။

မောင်စာဂ