Skip to main content

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ခြေလျင်လေ့လာရေးခရီး

ရန်ကုန်မြို့မှ ၁၇၉ မိုင်ကွာဝေးသည့်  ပဲခူးတိုင်း ပြည်မြို့သို့ ရန်ကုန်ဝိဇ္ဇာနှင့်   သိပ္ပံတက္ကသိုလ်မှ   ကျောင်းသူ သုံးဦး၊ ကျောင်းသား ၂၁ ဦးနှင့် အုပ်ချုပ်သူ တက္ကသိုလ်အုပ်ချုပ်ရေး ရုံးမှ ဝန်ထမ်းတစ်ဦးတို့ ခြေလျင်ခရီးသွားရောက်ခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၀ ပြည့်နှစ် ရွှေရတုတက္ကသိုလ်မတိုင်မီ ၁၉၆၉ ခုနှစ်အတွင်း ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘာသာပေါင်းစုံမှ ကျောင်းသား ကျောင်းသူများသည် တန်ခူးလ၏ ပူပြင်းသောနေရောင်အောက်တွင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့     မလျှော့သော    ဇွဲ၊   လုံ့လ၊  စိတ်ဓာတ်ခွန်အားဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ ပါသည်။
ကာလ။ ။ ၁၉၆၉ ခုနှစ် ဧပြီလ  ၁၇ ရက်မှ ဧပြီလ ၂၇ ရက်အထိ
ခရီးအစ။ ။ ရန်ကုန်ဝိဇ္ဇာနှင့်      သိပ္ပံတက္ကသိုလ် အဓိပတိလမ်းမကြီးရှိ      ဒေါက်တာ ဦးလှသွင်အိမ်ရှေ့မှ စထွက်သည်။
အပြန်ခရီး။ ။ ပြည်မြို့မှ  ရန်ကုန်မြို့သို့  နေ့အမြန် မီးရထားဖြင့် ပြန်ခဲ့သည်။
စခန်းအမှတ်(၁) မှော်ဘီမြို့ (၂၆)မိုင်ခန့် (၁၇-၄-၁၉၆၉)
နံနက်၂ နာရီ စုရပ်အဖြစ် ဒေါက်တာလှသွင် အိမ်ရှေ့ ကို     သတ်မှတ်ထားသည်။   မနေ့ညကတည်းက ကျောင်းသား   ကျောင်းသူများသည်    နီးစပ်ရာ ကျောင်းဆောင်များတွင်  ညအိပ်ကြသည်။ စာရေးသူနှင့် သူငယ်ချင်းများ  ပင်းယဆောင်တွင်   ညအိပ်ခဲ့သည်။ စုရပ်၌  လူစိစစ်ပြီး နံနက် ၂ နာရီ ၄၅ မိနစ်တွင် အဓိပတိ လမ်းမကြီးအတိုင်း   ဘွဲ့နှင်းသဘင်အား   ဦးတည်ပြီး စီးပွားရေးတက္ကသိုလ်ဂိတ်တံခါးမှ  ခရီးစတင်ထွက်ခွာ လာကြသည်။   ပြည်လမ်းမကြီးအတိုင်း  ခြေလျင်ခရီး စတင်ခဲ့ပါသည်။ အုပ်ချုပ်မှုကိစ္စဖြစ်သော အိပ်ရာလိပ်နှင့် အဝတ်အစားအိတ်များကို ကျောင်းသားနှစ်ဦးက ရှေ့ပြေး အဖြစ်    ထွက်သွားပြီး   စခန်းအမှတ်(၁)မှော်ဘီမြို့မှ စောင့်ဆိုင်းနေမည် ဖြစ်သည်။ ထိုစဉ်က  ကျောင်းသား ကျောင်းသူတိုင်း ကိုယ်စီတစ်နိုင် အဝတ်အစား၊  စောင် စသည်တို့ကို ကျောပိုးအိတ်ကိုယ်စီဖြင့်  ခွဲယူခဲ့ပါသည်။  စာရေးသူလည်း   စစ်ကျောပိုးအိတ်ကြီးတွင်    အဝတ် အစားအပိုနှစ်စုံ၊    စောင်ပါးတစ်ထည်နှင့်    ခြင်ထောင်၊ ကင်မရာပစ္စည်းအချို့    ထည့်ခဲ့သည်။    နံနက်နေထွက်စ  ၅ နာရီခွဲတွင် မင်္ဂလာဒုံ ကျိုက္ကလို့ စေတီရှေ့ရောက်သည်။ အချိန်မှာ နံနက် ၉ နာရီခွဲ ဖြစ်သည်။ မှော်ဘီမြို့လယ်ရှိ ပါတီယူနစ်ရုံးသို့ နံနက် ၁၁ နာရီခန့် ရောက်ရှိပါသည်။ ပါတီယူနစ်မှ တာဝန်ရှိလူကြီးများက ခရီးဦးကြိုပြုကြသည်။ ထိုနေ့က မှော်ဘီမြို့တွင် စခန်းထောက်ရပ်နားခဲ့သည်။
စခန်း(၂) တိုက်ကြီးမြို့- ဧပြီ (၁၈) ရက်
မှော်ဘီမြို့နှင့် တိုက်ကြီးမြို့မှာ ခရီးအကွာအဝေး (၂၅ ကီလိုမီတာ) ၁၅ မိုင်ခွဲခန့် ကွာဝေးပါသည်။ နံနက် ၄ နာရီတွင် မှော်ဘီမြို့မှ စတင်ထွက်ခွာခဲ့ရာ တိုက်ကြီးမြို့ သို့ နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ရောက်ရှိပါသည်။ ခရီးမှာ မဝေးသော်လည်း  ဧပြီလ၏  နွေအပူဒဏ်က   ကျွန်တော် တို့ကို ကောင်းကောင်းဒုက္ခပေးခဲ့သည်။ တိုက်ကြီးမြို့နယ် ပါတီယူနစ်မှ လာရောက်ကြိုဆိုကြသည်။ ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက် ခရီးစဉ်အဆင်ပြေချောမွေ့စေရေး အတွက်     သက်ဆိုင်ရာတာဝန်ရှိသူများက      ခရီးစဉ် တစ်လျှောက် ရပ်နားမည့်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့များသို့ ကြိုတင်အကြောင်းကြားထားပေးပြီး     နေ့စဉ်သတင်းစာ  များကလည်း   ခရီးစဉ်သတင်းများကို   ရောက်ရှိသည့် မြို့အလိုက် ထုတ်ပြန်ပေးထားသောကြောင့် အုပ်ချုပ်မှုကိစ္စ များ အဆင်ပြေခဲ့ရခြင်း ဖြစ်ပါသည်။
တိုက်ကြီးမြို့နယ်     အုပ်ချုပ်ရေးအဖွဲ့က    နေရာ ထိုင်ခင်းနှင့်  အစားအသောက်ကို  တာဝန်ယူပေးသည်။ နေ့လယ်စာ  စားသုံးပြီး ခေတ္တနားပြီးနောက် ဂျိုးဖြူကန် လေ့လာရေးသွားရန် မော်တော်ယာဉ်တစ်စီး ရောက်လာပါ သည်။ ဂျိုးဖြူကန်သည် ရန်ကုန်မြို့သို့ ရေပေးဝေနေသော နေရာဖြစ်သည်။ ဂျိုးဖြူကန်၌ ရေစစ်ကန်များ၊  ပိုးသတ် ဆေးကန်များ၊    ရေတွန်းစက်ရုံနှင့်   ရေကာတာများကို လေ့လာခဲ့ကြသည်။ ဂျိုးဖြူကန်လေ့လာရေးအပြီး ညနေ တွင် မြို့နယ်ပါတီယူနစ်၏ စီစဉ်ပေးမှုဖြင့် ရုံးဆောက် လုပ်နေသော နေရာရှိ အုတ်ခဲများ ရွှေ့ပြောင်းသယ်ယူခြင်း လုပ်ငန်းကို လုပ်အားပေးခဲ့ကြသည်။ ထိုည တိုက်ကြီးမြို့ (အထက)တွင် ညအိပ်စခန်းချသည်။
စခန်း(၃) ဥက္ကံမြို့(အကွာအဝေး ကီလိုမီတာ ၃၀)
(၁၉- ၄-၁၉၆၉)
ဧပြီလ ၁၉ ရက်နေ့ နံနက် ၆နာရီတွင် စတင်ထွက်ခဲ့ကြ သည်။ လမ်းတွင် သရက်တောရွာနှင့် လှိုင်ကျေးရွာသွားလမ်း ဖောက်နေရာ   ခြေလျင်လေ့လာရေးအဖွဲ့လည်း  မြေတူး၊ မြေသယ်၊ မြေဖို့လုပ်ငန်းများ၌ ပါဝင်လုပ်အားပေးခဲ့သည်။ နံနက် ၁၁ နာရီတွင် ရပ်နားပြီး ကျေးရွာများမှ လုပ်အားပေး ကျောင်းသားအဖွဲ့ကို   ထမင်းထုပ်များ   ဝေငှပေးသည်။ နေ့လယ်စာစားအပြီး မွန်းလွဲ  ၁  နာရီတွင်  ခရီးဆက်ကြ သည်။ နယ်မြေအခြေအနေအရ  ခြေလျင်အဖွဲ့လုံခြုံရေး အတွက်    နယ်မြေခံတပ်ရင်းမှ   တပ်မတော်သားများက လိုက်ပါစောင့်ရှောက်ပေးခဲ့သည်။ ဥက္ကံမြို့သို့ ညနေ ၄ နာရီ ရောက်ပြီး စခန်းချရပ်နားကြသည်။
စခန်း(၄) လက်ပံတန်းမြို့
(ခရီးအကွာအဝေး ၂၇ ကီလိုမီတာ) (၂၀-၄-၁၉၆၉)
ဧပြီလ ၂၀ ရက် နံနက် ၆ နာရီ ခရီးစတင်သည်။ နံနက် ၇ နာရီခွဲတွင် သုံးဆယ်မြို့လယ်ရှိ သံတံတားကိုဖြတ်သည်။ သာယာဝတီမြို့တွင်   နေ့လယ်စာစားသည်။   ပြည်လမ်းမ ကြီးမှခွဲပြီး အတွင်းသို့  တစ်မိုင်ခန့် လျှောက်ရပြီး လက်ပံတန်း မြို့သို့ မွန်းလွဲ ၂ နာရီတွင် ရောက်သည်။  လက်ပံတန်းမြို့တွင်  ညအိပ်အခြေပြုသည်။
စခန်း(၅) အုတ်ဖိုမြို့
(ခရီးအကွာအဝေး ၄၅ ကီလိုမီတာ)
မိုင် ၃၀ခန့်(၂၁-၄-၁၉၆၉)
ဧပြီလ ၂၁ ရက်ခရီးသည် ဝေးလွန်းလှသည်။ နံနက် ၂  နာရီ    စတင်ထွက်သည်။     မှောင်မှောင်မည်းမည်းနှင့် ပြည်လမ်းမကြီးသို့   ပြန်ထွက်ရသည်။   အလင်းရောင် ကောင်းစွာရရှိချိန်တွင် ပြည်လမ်းမကြီးပေါ်၌  ညက ကားများ ကြိတ်မိပြီးသေဆုံးနေသော      လက်မောင်းလုံးခန့်ရှိ အကွက်အကွက်နှင့်  ပြားချပ်နေသည့်  မြွေပွေးများကို သည်းထိတ်ရင်ဖို    တွေ့ရသည်။   စစ်ကွင်းလမ်းဆုံ(၉၆) မိုင်တွင် တပ်မတော်သားတစ်ဖွဲ့ လာကြိုသည်။ မိုင်တိုင် ၁၀၀ ပြည့်တွင် ရာပြည့်အထိမ်းအမှတ် ဓာတ်ပုံရိုက်ကြသည်။ မင်းလှလမ်းဆုံသို့ မွန်းလွဲ  ၁ နာရီခန့်တွင် ရောက်သည်။ လမ်းဆုံအနီးရှိ   ဒညင်းကုန်းကျေးရွာမှ နေ့လယ်စာကို လမ်းဆုံရှိစာသင်ကျောင်းတွင် လာရောက်ဧည့်ခံကျွေးမွေး သည်။ လမ်းတွင် အိုးသည်ကုန်းမြို့အနီးမှဖြတ်ပြီး အုတ်ဖို မြို့နှင့် ပြည်လမ်းမကြီး လမ်းဆုံရောက်သည်။ အုတ်ဖိုမြို့ တွင်းသို့   နှစ်မိုင်ခန့် ဝင်ရသည်။   စခန်းချမည့်နေရာသို့   ည ၇ နာရီမှ ရောက်သည်။ ခရီးစဉ်တစ်လျှောက် အပင်ပန်း ဆုံးနှင့် ခရီးအဝေးဆုံး  ဖြစ်သည်။  နေပူဒဏ်၊ ရေငတ် ဒဏ်နှင့်  ပူပြင်းသည့် ကတ္တရာလမ်းကြောင့်   ကျောင်းသား ကျောင်းသူတချို့ ခြေဖဝါးတွင် အပူဖုများ  ထွက်လာသည်။ ပါလာသည့်ဆေးဝါးများဖြင့် ကုသရသည်။
စခန်း(၆) ပေါင်းတည်မြို့
(ခရီးအကွာအဝေး ၄၅ ကီလိုမီတာ)
(၂၂-၄-၁၉၆၉)
အုတ်ဖိုမြို့မှ နံနက် ၄ နာရီခွဲတွင်  စတင်ထွက်ခွာ  သည်။    ပြည်လမ်းမကြီးသို့   ပြန်လည်ထွက်ရသည်။ ယခင်နေ့များကဲ့သို့  ခြေနာသူ၊  လမ်းမလျှောက်နိုင်သူ ကျောင်းသူများကို ရှေ့ပြေးအဖြစ်ထားခဲ့သည်။ လမ်းတွင် မြွေပွေးအသေကောင်များကို    ထပ်မံတွေ့ရသည်။ ကြို့ပင်ကောက်မြို့ မရောက်မီ နယ်စပ်၌ တပ်မတော်သား နှစ်ဦး လာကြိုသည်။ ဇီးကုန်းမြို့တွင် နေ့လယ်စာစားကြ သည်။ မြို့နယ် ပါတီယူနစ်က ဧည့်ခံသည်။ နတ္တလင်းမြို့သို့ မွန်းလွဲ ၁   နာရီကျော် ရောက်သည်။ ပါတီယူနစ်ဥက္ကဋ္ဌနှင့်  အဖွဲ့လာကြိုပြီး နေ့လယ် လက်ဖက်ရည်ဖြင့်  ဧည့်ခံကြ သည်။ မိုင်တိုင် ၁၄၀ အရောက်တွင် ပေါင်းတည်မြို့မှ ကြက်ခြေနီအဖွဲ့များ၊        မီးသတ်တပ်ဖွဲ့ဝင်များနှင့်  အထက်တန်းကျောင်းသား ကျောင်းသူများက လာရောက် ကြိုဆိုသည်။   ဖိုးသာအောင် ကုန်းတံတားမှစတင်ပြီး ပေါင်းတည်မြို့အထိ အတူလိုက်ပါလာသည်။ ပေါင်းတည် မြို့သို့   ညနေ   ၆  နာရီ   ၄၄   မိနစ်   ရောက်သည်။ မြို့လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဖွဲ့နှင့် စုပေါင်းရုံး တွင် တွေ့ဆုံသည်။ စခန်းချနေထိုင်ရန် ပေါင်းတည် မြို့(  ၁၁)လမ်းရှိ တရုတ်စာသင်ကျောင်း(ယခု အမက -၁၁လမ်း)တွင် နေရာချသည်။
နှစ်ရက်ခရီးပြင်း သွားထားသဖြင့် ဧပြီ ၂၃ ရက်နေ့ တွင်    ပေါင်းတည်မြို့၌    ဆက်လက်အခြေပြုပြီး ပတ်ဝန်းကျင်ရှိ ဘုရားများဖူးခဲ့ကြသည်။
စခန်း(၇) ရွှေတောင်မြို့
(ခရီးအကွာအဝေး ၄၆ ကီလိုမီတာ) မိုင် ၂၀ ခန့်
(၂၄- ၄- ၁၉၆၉)
ပေါင်းတည်မြို့မှ   နံနက်၂ နာရီခွဲတွင်  ထွက်ခွာ ခဲ့သည်။ အင်းမရေနံမြေကို  ဖြတ်ရသည်။  အတွင်းသို့ ဝင်ပြီးလေ့လာကြသည်။   ရွှေတောင်မြို့သို့  ညနေ ၃ နာရီခန့်တွင် ရောက်သည်။ ခေတ္တနားပြီး ရွှေတောင်မြို့မှ လေးမိုင်အကွာအဝေး ရွှေနတ်တောင်စေတီသို့ မြို့ခံများက ကားဖြင့်    ပို့ပေးသည်။   ရွှေနတ်တောင်ဘုရားတွင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။    အပြန်တွင်     မြို့ထဲရှိ ရွှေမျက်မှန်ဘုရားသို့     ဝင်ဖူးခဲ့သည်။    ရွှေတောင် (အထက)တွင် ညအိပ်စခန်းချသည်။
ရည်မှန်းချက်နေရာ ပြည်မြို့
(ခရီးအကွာအဝေး ၂၁ ကီလိုမီတာ)(၂၅- ၄-၁၉၆၉)
ခရီးပန်းတိုင်သို့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၄၀ မှ စတင်ထွက်ခွာခဲ့သည်။ လမ်းတွင် ရွှေတောင် အထည်ချုပ်စက်ရုံကို တွေ့ရသည်။ နမယံတွင် သစ်ဖောင် များကို ဧရာဝတီမြစ်ကမ်း၌ ဆိုက်ထားသည်ကို တွေ့ရ သည်။ ပြည်မြို့သို့ နံနက် ၁၁ နာရီခန့်တွင် ရောက်သည်။ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြည်မြို့အမှတ်(၁) အစိုးရအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့်အဖွဲ့  လာရောက်ကြိုဆိုသည်။  အထက (၁)တွင် တည်းခိုရန် စီစဉ်ထားသည်။  ညနေ ၃ နာရီခန့်တွင် ကား တစ်စီးဖြင့် ပြည်မြို့ပေါ်ရှိ    ရွှေဆံတော်စေတီ၊ ဆယ်ထပ်ကြီး၊   ဘောဘောကြီး(ခ) သီးသီးစေတီ၊ သရေခေတ္တရာမြို့ဟောင်း နှင့် မှော်ဇာပြတိုက်တို့ကို ပို့ဆောင်ပေးသည်။ နေဝင်မှ  အခြေပြုရာ အထက (၁) သို့  ပြန်ရောက်သည်။
ပွေးဦးတောင်(ဖိုးဦးတောင်) လေ့လာရေး
(ဧပြီ ၂၆ ရက်)
နံနက်  ၆  နာရီတွင်    ကားလာကြိုပြီး ဧရာဝတီ မြစ်ဆိပ်သို့ ဆင်းကြသည်။ ပြည်သူ့ရဲဌာနက မော်တော် ဘုတ်တစ်စင်းဖြင့်     မြစ်အထက်သို့    ဆန်တက်ကြသည်။   တစ်နာရီခန့်ဆန်ပြီး  တစ်ဖက်ကမ်း   ပွေးဦးတောင်ခြေသို့ ဆိုက်ရောက်သည်။  မတ်စောက်သော    ကမ်းပါးယံကို ကုတ်ကတ်တက်ကြရသည်။ တောင်တက်မြေလမ်းတချို့၊ အုတ်လှေကားတချို့ဖြင့်   တက်ရ သည်။   တောင်ထိပ်သို့  တစ်နာရီခန့် နားနားနေနေတက်ကြသည်။ ပတ်ဝန်းကျင်သည် တန်ခူးလ၏  ပူပြင်းသော  နေခြည် အောက်ဝယ်    မှုန်မှုန်    မှိုင်းမှိုင်းညို့ညို့စိုင်းနေပါသည်။ အတက်လမ်းကို ပြန်လည် မျှော်ကြည့်သော် အထက်တန်ဆောင်း၏ သွပ်မိုး မည်းမည်းများကို မြင်ရသည်။ ဧရာဝတီမြစ်ကိုမြင်နေရသည်။ လွမ်းမိ သလိုလိုခံစားမိရာမှ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနားတွင်   ထုံးဖြူဖြူဖြင့်ကိုးတောင်ခန့်စေတီတစ်ဆူကို တွေ့လိုက်ရသည်။
စေတီမှာ “လွမ်းစေတီ”ဖြစ်သည်။
ရင်မှာလှိုက်ခတ်သွားသော  ပဲ့တင်သံကို  အောက်ပါ ကဗျာဖြင့် ရေးသီကုံးမိခဲ့ပါသည်။
ချစ်သူမေအား၊
တိုင်တည်ထားလော၊
မြို့ကားပြည်ကို၊
လွမ်းမှုပိုလော၊
“အလို”သိနိုင်
တောမြိုင်ခြေမှာ
တည်ပါလေသည်၊ လွမ်းစေတီ။
မြင်ကွင်းသည် လွမ်းချင်စရာ၊ ဆွေးချင်စရာ။ အဝေးမှ  မြစ်တွင်းမှာမူ သဲဖြူလွလွ သောင်စစဖြင့်  မြင်နေရသည်။  လာရာလမ်းကို     ပြန်မျှော်ကြည့်သော်   အမိုးဆင့်ဆင့်  တောင်ထစ်ထစ်ဖြင့် ဖွင့်လှစ်လေသည့် မိုးမြင့်သီခေါင်  ဖိုးဦးတောင်ခြေ  လမ်းထွေထွေအား တွေ့နေရသည်။ ပင်ပန်းသမျှ အပန်းဖြေခဲ့ရသောခရီးပင် ဖြစ်ပါသည်။
အပြန်ခရီး
(ဧပြီလ ၂၇  ရက်)
ပြည်မြို့မှ ရန်ကုန်မြို့သို့ အမြန်ရထားဖြင့် ပြန်ခဲ့ကြ သည်။ ထိုစဉ်က အမြန်ရထားသည် ရန်ကုန်မြို့မှ နံနက် ၆ နာရီထွက်ပြီး ပြည်ဘူတာသို့ မွန်းတည့် ၁၂  နာရီတွင် ရောက်သည်။    မွန်းလွဲ ၁ နာရီ  ပြန်ထွက်ပြီး  ရန်ကုန်ဘူတာကြီးသို့  ည ၇ နာရီ ရောက်ပါသည်။
ရန်ကုန်ဝိဇ္ဇာနှင့်   သိပ္ပံတက္ကသိုလ်မှ   ဘာသာစုံ၊  အတန်းစုံ ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူ အပါအဝင် ၂၅ ဦးတို့သည် ဧပြီလ၏ ပူပြင်းသော နေရောင် ဒဏ်ကို အန်တုပြီး မလျှော့သောစိတ်ဓာတ်၊   ခိုင်မြဲသော သန္နိဋ္ဌာန်  စိတ်၊     ဇွဲလုံ့လနှင့်        ပူးပေါင်းဆောင်ရွက်တတ် သော   စိတ်ဓာတ်၊  စည်းလုံးညီညွတ်စွာ  ဆောင်ရွက်နိုင်မှု တို့ကြောင့်  ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ၏ နှစ်(၁၀၀)ခရီးတွင်      မှတ်တိုင်တစ်ခုအဖြစ်      စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါ သည်။
နှစ်ပေါင်းငါးဆယ်ကျော်အချိန်ကာလ  ကြွင်းကျန် ရစ် သည့် မှတ်တမ်းအချို့နှင့် မှတ်တမ်းတင်ထားခဲ့သော အဖြူ  အမည်းခေတ်က  ဓာတ်ပုံများသည်   ရန်ကုန် တက္ကသိုလ်ရာပြည့်ကို ကြိုဆိုလျက်ရှိပါသည်။    ။
စစ်ငြိမ်းပန်း