နှစ် (၁၀၀) ပြည့် သက်တော်ရှည် မိခင်ကြီး “မြို့မ”
ဒီနှစ် ၂၀၂၀ ပြည့်နှစ်ဟာ မိမိတို့နိုင်ငံအဖို့ အမှတ်တရ အလွန်ဂုဏ်ယူကြရမယ့် ရာပြည့်ပွဲတော်တွေနဲ့ တိုက်ဆိုင်နေတဲ့နှစ် ဖြစ်နေပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရာပြည့် (ဒီဇင်ဘာ ၁ ရက်)၊ အမျိုးသားအောင်ပွဲနေ့ရာပြည့် ( တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)၊ မြန်မာ ရုပ်ရှင်ရာပြည့်ပွဲတွေကတော့ (ကိုဗစ်ကာလကြီးဖြစ်နေလျက်နဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ရေးစည်း မျဉ်းစည်းကမ်းတွေနဲ့အညီပဲ) အထိုက် အလျောက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ နောက်ဆုံးကျန်နေတဲ့ ရာပြည့်ပွဲက ပြီးခဲ့တဲ့ရာပြည့်တွေထဲက ပထမနှစ်ခုဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ရာပြည့်နဲ့ အမျိုးသားအောင်ပွဲနေ့ ရာပြည့်တွေနဲ့ ဆက်စပ်ခဲ့တဲ့ “မြို့မ အမျိုးသားကျောင်း ရာပြည့်ပွဲ” ပါပဲ။
ဗြိတိသျှနယ်ချဲ့အစိုးရခေတ်က ကိုလိုနီအုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့နဲ့ မြေရှင် ဓနရှင် ဗြူရိုကရက်လူတန်းစားအတွက်သာ ရည်ရွယ် ရေးဆွဲပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၁ ရက်နေ့( ရန်ကုန်တက္ကသိုလ် စတင်တည် ထောင်ခဲ့တဲ့နေ့) တွင် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ယူနီဗာစီတီ အက်ဥပဒေကြောင့် ၁၉၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၅ ရက် ( ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) (အမျိုးသားအောင်ပွဲနေ့) မှာ မြန်မာ့နိုင်ငံရေး မှာ အရေးပါလှတဲ့ ပထမအကြိမ်တက္ကသိုလ် ကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့ရပါ တယ်။
မြို့မကျောင်း စတင်ပေါ်ပေါက်လာခြင်း
ထိုသို့ ကျောင်းသားသပိတ်မှောက်စဉ် အတွင်း အင်္ဂလိပ်အစိုးရ ဖွင့်လှစ်သောကျောင်းများကို မတက်ရန်၊ ပညာသင်မပျက်စေရန်နှင့် အမျိုးသားပညာရေး စတင်ပေါက်ဖွားရန် အတွက် မိမိတို့ကိုယ်ပိုင်အမျိုးသားပညာရေးကျောင်းကို ထူထောင်မည်ဆိုသော လှုံ့ဆော်မှုဖြင့် သပိတ်မှောက် ကျောင်းသားကြီးတို့က ဦးစီးဦးဆောင်ပြုကာ ရွှေတိဂုံဘုရား အရှေ့ ဘက် ဗဟန်းကြားတောရလမ်းရှိ ရွှေကျင် တိုက်၊ ဦးအရိယကျောင်းတွင် မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် နတ်တော်လဆန်း ၇ ရက်( ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့) နံနက် ၁၀ နာရီတိတိအချိန်တွင် သပိတ်စခန်း ဖွင့်ကာ အမျိုးသားကျောင်း (National School) ကို စတင်ထူထောင်ခဲ့ကြရာ မြို့မ အမျိုးသားကျောင်း၏ မူလအစ ပထမ ဖြစ်ခဲ့ပါ တယ်။
“မြို့မတိုင်းရင်းသား အထက်တန်း ကျောင်း” ဆိုတဲ့ အမည်သစ်ကိုတော့ ၁၂၈၂ ခုနှစ် ပြာသိုလပြည့်ကျော်(၇) ရက်၊ ၁၉၂၁ ခု နှစ် မတ်လ (၁) ရက် အင်္ဂါနေ့မှာ ခံယူခဲ့ပေမယ့် ဦးအရိယကျောင်းမှာ သန္ဓေတည်မွေးဖွားခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်ကိုပဲ မြို့မ မွေးနေ့ လို့ မှတ်ယူခဲ့ကြတယ်လို့ မိမိတို့ ပညာရေးလောက တစ်ခုလုံးက လေးစားကြရတဲ့ ပညာရှင်ကြီး ဒေါက်တာ ဦးသန်းဦး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်) က ရေးသား ပြောဆိုထားတဲ့အတိုင်း မြို့မ အမျိုးသားကျောင်းကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှစ်တစ်ရာပြည့်မြောက်တော့မည် ဖြစ်ပါ တယ်။
မြို့မအမျိုးသားကျောင်းသည် လွယ် လွယ်ကူကူ ပေါ်ပေါက်လာရခြင်း မဟုတ်ဘဲ ကျွန်ပညာရေးကို လက်မခံဘဲ မိမိကိုယ်မိမိ အားကိုးကာ မျိုးချစ်ပုဂ္ဂိုလ်များက ကျောင်းမှ ထွက်၊ အလုပ်မှထွက်ပြီး ဆရာ ဆရာမများ အဖြစ် ပညာသင်ကြား ပြသပေးခဲ့ကြသလို ပြည်သူလူထုနှင့် အလှူရှင်များ ပံ့ပိုးမှုများနှင့် အဆင့်ဆင့်သော အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်၍ တည်မြဲအောင် ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ပါတယ်။ မြို့မအမျိုးသားကျောင်းကြီး၏ ပထမဆုံးကျောင်းအုပ်ကြီး ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဦးဖိုးလတ် ၊ ဆရာကြီး ဦးငွေဇင် (၁၉၂၀-၁၉၂၃)၊ မြို့မဖခင်ကြီး ဆရာကြီး ဦးဘလွင် (၁၉၂၃-၁၉၅၃) ၊ ဆရာကြီး ဦးအေး သွယ် (၁၉၅၃-၁၉၅၇) တို့ အဆက်ဆက် ပျိုးထောင်ခဲ့တဲ့ မြို့မအမျိုးသားကျောင်းမှာ ဆရာကြီး ဦးဘတင် (၁၉၅၇-၁၉၆၈) ကျောင်း အုပ်ကြီး တာဝန်ယူစဉ်အချိန်မှာ မိမိက မြို့မကျောင်းသား ဖြစ်ခဲ့ပါတယ်။
မြို့မကျောင်း၏ ကျောင်းဝတ်စုံ
မိမိတို့မြို့မခေတ်၏ ကျောင်းဝတ်စုံမှာ အင်္ကျီအဖြူ၊ လုံချည်ပြောင်အစိမ်းရောင် ဖြစ်ပါတယ်။ အဖြူရောင်က စိတ်ထားဖြူစင်ခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုပြီး အစိမ်းရောင်က စိမ်းလန်းစိုပြည်တဲ့ မြန်မာ့ဆန်ရေစပါးကို ကိုယ်စားပြုကြောင်း မှတ်သားမိခဲ့ပါတယ်။ မြို့မစိမ်းအရောင် ဟုပင် ခေါ်တွင် ခဲ့ကြပါတယ်။ မျိုးချစ်စိတ်အမြဲရှင်သန် နေစေ ရန် အတန်းကြီးကျောင်းသားများကို အပေါ် တိုက်ပုံ အဖြူ/ ပင်နီရောင်တို့ကို ဆရာများနည်းတူ ဝတ်ဆင်ကြရသလို ဆရာများက ခေါင်းပေါင်းများ၊ ဆရာမများက ပဝါအစိမ်း များနဲ့ ကျောင်းတက်ကြ၊ စာသင်ကြားကြရ တာပါ။ တော်လှန်ရေးအစိုးရက နိုင်ငံတော် အာဏာသိမ်းပြီးနောက် လုပ်ငန်းအရပ်ရပ်ကို ပြည်သူပိုင်သိမ်းတဲ့အခါမှာ ကျောင်းအားလုံး လည်း ပြည်သူပိုင်ကျောင်းများ ဖြစ်လာချိန် တွင် မိမိတို့ မြို့မကျောင်းရဲ့ ကျောင်းဝတ်စုံ (ဖြူ / စိမ်း) ဟာ တစ်ပြည်လုံးက ကျောင်း အားလုံးရဲ့ တရားဝင် ကျောင်းဝတ်စုံ ဖြစ်သွား ခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရခေတ်က ပုဂ္ဂလိက ပရိုက်ဗိတ်ကျောင်းတွေ အတော်များများရှိကြရာမှာ နာမည်ကြီးကျောင်းအတော်များများဟာ ခရစ်ယာန်သာသနာပြုကျောင်းများ (စိန်ပေါ၊ စိန်ဂျွန်း၊ စိန်မေရီ၊ အင်္ဂလိပ်မက်သဒစ်၊ ကွန်ဗင့်) ဖြစ်နေပြီး မိမိတို့မြို့မကျောင်းက တော့ အမျိုးသားရေးနဲ့ ဘာသာရေးကို အလေးထားတဲ့ကျောင်းပါ။ အဲဒီအချိန်က မြို့မကျောင်းမှာ ဗုဒ္ဓဘာသာနဲ့ ပြည်သူ့နီတိ(Civics) နှစ်ဘာသာကို သီးခြားသင်ရသလို ဘာသာရပ် စာမေးပွဲလည်း ဖြေရပါတယ်။ (၇) တန်းအထိ အတန်းတင် စာမေးပွဲတွေမှာ ကျန်တဲ့ဘာသာ တွေအောင်ပေမယ့် အဲဒီဘာသာနှစ်ခု မအောင် ရင် အတန်းမတင်ပေးပါဘူး။ လူတိုင်းကလည်း အောင်အောင် ဖြေကြပါတယ်။ နောက်တစ်ခု က အဲဒီခေတ် ဗုဒ္ဓဘာသာ ကလျာဏယုဝ (ဝိုင်အမ်ဘီအေ) အသင်းနဲ့လည်း ချိတ်ဆက် ပြီး မင်္ဂလာသုတ် စာမေးပွဲအဆင့်ဆင့် (ပထမ, ဒုတိယ, တတိယ) တွေ ဝင်ဖြေစေပါတယ်။ ထူးချွန်စွာ အောင်မြင်သူတွေကို အသင်းကြီး က စကောလားရှစ် ( အဆင့်အလိုက်) ဆုငွေကို လစဉ်ချီးမြှင့်ပါတယ်။ တစ်လတစ်ခါ ဆုငွေ သွားထုတ်ရင်း အကျွေးအမွေးနဲ့ မင်္ဂလာ တရားတစ်ခုခုအကြောင်း ပရိသတ်ကို ဟောပြောပြရပါတယ်။
စာရေးသူ၏ မြို့သားကျောင်းသားဘဝ
အခု ပြန်လည်ဖော်ထုတ်လာခဲ့ကြတဲ့ ကင်းထောက် (Scout) ဟာလည်း မြို့မခေတ်မှာ ရှိခဲ့သလို မိမိအနေနဲ့ တစ်ပိုင်းတစ်စ မီခဲ့တာလေး အမှတ်ရမိပါတယ်။ မြို့မကင်း ထောက်အဖွဲ့ဟာ တကယ်တော့ လွတ်လပ်ရေးမရခင်ခေတ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပေမယ့် မျိုးချစ်စိတ်ပြင်းထန်လှတဲ့ မြို့မဖခင်ကြီး ဦးဘလွင်ကြောင့် မျိုးချစ်စိတ်အပြည့်ရှိတဲ့ ကင်းထောက်အဖွဲ့ဖြစ်ခဲ့ပါတယ်။ မြို့မကင်းထောက်အဖွဲ့ကို အမှတ် (၃၁) ရန်ကုန် မြို့မ ကင်းထောက်အဖွဲ့( 31st Rangoon Myoma Group) လို့ ခေါ်ခဲ့ကြပြီး အသက် အပိုင်းအခြားအလိုက် ၈ နှစ်ကနေ ၁၁ နှစ် အထိကို ဝံပုလွေငယ်အုပ်စု ( Wolf Cub Pack)၊ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်အထိကို ကင်းထောက်လုလင်အုပ်စု (Scout Troop) နဲ့ ၁၆ နှစ် အထက် ကျောင်းသားကြီးများကို တော့ ရိုဗာကင်းထောက်အုပ်စု ( Rover Crew) ဆိုပြီး ဖွဲ့စည်းခဲ့ရာမှာ မိမိတို့က ဝံပုလွေငယ် အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပါတယ်။ ရေးတေးတေး မှတ်မိနေတာလေးတွေက မိမိတို့ ဝံပုလွေ ငယ်များက “အကောင်းဆုံးလုပ်မည်”၊ ကင်းထောက်လုလင်အုပ်စုက “ အစဉ်အသင့်”၊ ရိုဗာကင်းထောက်အုပ်စုက “ဝန်ထမ်း လုပ်ငန်း” ဆိုတဲ့ ဆိုင်ရာဆောင်ပုဒ်တွေနဲ့ ဖြတ်သန်း ဆောင်ရွက်ခဲ့ကြတာပါ။ ဝံပုလွေငယ် အဖွဲ့ဝင်အနေနဲ့ “လုပ်ငန်းတစ်ရပ်၊ ငွေတစ် ကျပ်” ဆိုတဲ့ အဆိုနဲ့ ကုမ္ပဏီကြီးတွေ၊ အဖွဲ့ အစည်းတွေ၊ လုပ်ငန်းရှင်ကြီးတွေရဲ့ လုပ်ငန်း ခွင်တွေမှာ ဝံပုလွေငယ် ဝတ်စုံဝတ်၊ လူထု အကျိုးပြုလုပ်ငန်းတွေကို လုပ်၊ သတ်မှတ်ထားတဲ့ ကတ်ပြားတွေမှာ တရားဝင် ဖြည့်ပြီး ရရှိတဲ့ ငွေတစ်ကျပ်စီကို ရန်ပုံငွေရှာခဲ့ကြတာ။ ကျောင်းပိတ်ရက်တွေမှာ အင်းလျားလေး စခန်း၊ ကန်တော်ကြီးလိုနေရာမှာ စခန်းချခရီး ထွက်ခဲ့ကြရတာလေးတွေပါ။ မြို့မဖခင်ကြီး ဆရာကြီး ဦးဘလွင်ဟာ ကင်းထောက်ချုပ် ရာထူးတာဝန်ယူခဲ့ဖူးတယ်လို့ ကြားသိခဲ့ဖူးပါတယ်။ တော်လှန်ရေး ကောင်စီခေတ်ကျောင်းတွေ ပြည်သူပိုင်သိမ်းပြီး နောက်ပိုင်းမှာ ကင်းထောက်စနစ်မရှိတော့လို့ မိမိတို့ အနေနဲ့ ဝံပုလွေငယ်ဘဝနဲ့ ရပ်ခဲ့ရပါ တယ်။
မြို့မခေတ် မူလတန်း၊ အလယ်တန်း အဆင့်တွေမှာ ဗုဒ္ဓဘာသာနဲ့ပြည်သူ့နီတိအပြင် လက်မှုပညာအချိန်ရယ်၊ အားကစား အချိန်ရယ်လည်း သတ်သတ်ရှိပါသေးတယ်။ လက်မှု ပညာအချိန်မှာ တစ်ခါတလေ ဆရာကြီးဦးလှ သင်ကြားမှုနဲ့ ပန်းချီဆွဲရပြီး တစ်ခါတလေ ဆရာကြီး ဦးထွန်းကြည်ဆီမှာ စောစောပိုင်းမှာ လေးထောင့်ကွက် စာအုပ် တွေထဲမှာ ရောင်စုံခဲတံလေးတွေနဲ့ အကွက် တွေ ဖော်၊ ပုံတွေခြယ်ကြရပြီး နောက်ပိုင်းကျ တော့ အဲဒီအကွက်ဖော် ပုံလေးတွေအတိုင်း အရောင်စုံ ဝါးခြမ်းလေးတွေနဲ့ ကျူဖျာလေးတွေ ရက်ကြ၊ ဖော်ကြရပါတယ်။ သစ်သားတုံး လေးတွေ နဲ့ အိမ်လေးတွေ၊ တံတားလေးတွေ၊ အဆောက်အအုံလေးတွေ ဆောက်ကြ၊ လုပ်ကြရပါတယ်။
အားကစားအချိန်မှာတော့ အတန်း အရွယ်နဲ့ သင့်လျော်မယ့် အားကစားနည်းတွေ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ ကစားစေပါ တယ်။ အငယ်တန်းတွေတုန်းက ကာယနည်း ပြဆရာက ဆရာဦးလှဖေဖြစ်ပြီး အလယ်တန်း ကျတော့ ဆရာ ဦးဘသောင်းပါ ။ ဆရာ ဦးဘသောင်းက အဲဒီအချိန်က ရှားရှားပါးပါး အပြည်ပြည်ဆိုင်ရာ ဘောလုံးဒိုင်လူကြီး လက်မှတ် ရရှိထားသူပါ။ သူတာဝန်ယူခဲ့တဲ့ ဘောလုံးပွဲတွေမှာ မကြာခဏ ပယ်နယ်တီ ပေးတတ်လို့ ဘောလုံးလောကမှာ “ပယ်နယ် တီ ဘသောင်း” လို့ နာမည်တွင်ခဲ့ဖူးပါတယ်။ ယောကျ်ားလေးကျောင်းမို့လို့ တွန်းတွန်း တိုက်တိုက်အားကစားနည်းမျိုးစုံ ကစားစေပါ တယ်။ ခြေတစ်ပေါင်ကျိုး ခုန်ရင်း ပခုံးချင်း တိုက်တဲ့ ကစားနည်းကစပြီး ခြင်းခတ်၊ ဘောလုံး ၊ ဘတ်စကက်ဘော၊ ဘော်လီဘော အထိအစုံပါပဲ။ မြို့မကျောင်းရဲ့ အရှေ့က မိုင်ဒါကွင်းက အဲဒီတုန်းကတော့ မြို့မကျောင်း အပိုင်လိုပါပဲ။ မနက်ကျောင်း မတက်ခင်၊
နေ့လယ် မုန့်စားဆင်းချိန်၊ ညနေကျောင်း ဆင်းချိန်တွေမှာ ဘောလုံးကစားကြတာ နေရာမလပ် ကွင်းအပြည့်ပါပဲ။
အလယ်တန်းမှာ နောက်ထပ်ရှိခဲ့တဲ့ ဖွံ့ဖြိုးရေးအချိန်မှာ စိုက်ပျိုးရေးလုပ်ခဲ့ကြရတာကိုလည်း မှတ်မိနေပါသေးတယ် ။ အထွေထွေသိပ္ပံဆရာ ဦးမြမောင်ရဲ့ ဦးဆောင်မှုနဲ့ပါ။ ကျောင်းရဲ့ ဘယ်ဘက် (မန္တလေးအခေါ် မြောက်ဘက်) ယခုစကားဝါလမ်းဘက် မြေကွက်လပ်မှာ အတန်းလိုက် မြေတွေတူး၊ မြောင်းတွေ ဖော်ပြီး ချဉ်ပေါင် ၊ ကန်စွန်း၊ ငရုတ်စသဖြင့် ကိုယ့်အတန်းနဲ့ကိုယ် စိုက်ကြ၊ ခူးကြ၊ ရောင်းပြီး ရန်ပုံငွေရှာကြ လုပ်ခဲ့ကြရပါ တယ်။
အမျိုးသားအောင်ပွဲနေ့ကျင်းပခြင်း
မြို့မခေတ်မှာ အထူးခြားဆုံးတစ်ခုကတော့ အမျိုးသားအောင်ပွဲနေ့ ကျင်းပတာပါပဲ။ နံနက်စောစော ကျောင်းဝင်းအတွင်းမှာ အတန်းလိုက် လူစုကြပြီး နယ်ချဲ့ခေတ်မှာ သုံးစွဲကိုင် ဆောင်ခဲ့ကြတဲ့ သုံးရောင်ခြယ်အလံတွေ၊ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတွေ၊ လွတ်လပ်ရေးရပြီး သုံးစွဲနေတဲ့ အနီအပြာ အောက်ခံ ကြယ်ဖြူကြီး တစ်လုံးကို ကြယ်ဖြူ ၅ လုံး ဝန်းရံထားတဲ့ နိုင်ငံတော်အလံတွေကို လွှင့်ထူကိုင်ဆောင်ကြကာ မျိုးချစ်စိတ်လှုံ့ဆော်တဲ့ ကြွေးကြော်သံတွေ တိုင်တည်ရွတ်ဆို ကြပြီး ကျောင်းကနေထွက် မိုင်ဒါကွင်းကို ပတ်၊ ဦးဝိစာရလမ်းကနေ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ကနေ ဘုရားပေါ်တက်ခဲ့ကြ ရပါတယ်။ အလယ်ပစ္စယံမှာ သမိုင်းတွင်မယ့် ကောလိပ်ကျောင်းသားကြီးတွေ စုဝေးခဲ့ကြပြီး အခု အမျိုးသားအောင်ပွဲ အထိမ်းအမှတ် ကျောက်စာတိုင် လုပ်ထားတဲ့အထိ သွားရောက် စုရုံး၊ ချီတက်၊ အလေးပြု၊ ကတိ သစ္စာပြုရွတ်ဆိုကြပြီးမှ ဘုရားပေါ်က ပြန် ဆင်းပြီး ကျောင်းကို စနစ်တကျ ပြန်ချီတက်ကြပါတယ်။
ကျောင်းမှာတော့ တစ်နေ့လုံးလိုလို အမျိုးသားအောင်ပွဲ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲတွေ လုပ်ကြရာမှာ ဟောပြောပွဲ၊ ကျပန်းစကားပြောပွဲ၊ စကားရည် လုပွဲ၊ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ လွန်ဆွဲပွဲကအစ ဘတ်စကက်ဘောပွဲ၊ ဘော်လီ ဘောပွဲ၊ ခြင်းလုံးပွဲ အစုံအလင် ဆင်နွှဲကြလေ့ ရှိပါတယ်။ ကျောင်းသူ ကျောင်းသား အားလုံးကို ကျောင်းက အဝစား မုန့်ဟင်းခါးလိုမျိုး ကျွေးလေ့ရှိပြီး စားပြီးသူတွေကို လက်မှာ မင် ပြာနဲ့ မှတ်ပေးလိုက်တာကို မှတ်မိနေပါတယ်။ နောက်ပိုင်းဆာလာရင်တော့ ကျောင်းမုန့် ဈေးတန်းမှာ ကြိုက်တာဝယ်စားကြတာပေါ့။ အာဇာနည်နေ့ နီးရင်လည်း ဆရာကြီး ဦးဘလွင်၊ ဆရာကြီး ဦးဘတင်တို့ဖြစ်စေ၊ နာမည်ကြီး စာရေးဆရာကြီး တွေကဖြစ်စေ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ကြီးများ ရဲ့ အတ္ထုပ္ပတ္တိတွေ၊ လွတ်လပ်ရေး ကြိုးပမ်းမှု တွေ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်စေရေး ဟောပြောပွဲတွေကို ကြိုလုပ်လေ့ရှိပြီး ဇူလိုင် ၁၉ ရက် နေ့ရောက်ရင်တော့ ကျောင်းသားကြီး တွေက ဆရာ ဆရာမတွေနဲ့အတူ အာဇာနည် ကုန်းမှာ လွမ်းသူ့ပန်းခွေသွားချ၊ ဂါရဝပြု ကန်တော့ကြသလို ကျောင်းသားငယ်တွေကိုတော့ တာဝါလိန်း ဗိုလ်ချုပ်ပြတိုက်ကို လေ့လာရေး ပို့ပေးလေ့ရှိပါတယ်။
မြို့မကျောင်းကြီးရဲ့ နေ့စဉ် ကျောင်းတက်ချိန်
မြို့မခေတ်မှာ မနက်ကျောင်းတက် ခေါင်းလောင်းထိုးရင် Assembly Hall အစည်း အဝေးခန်းမကြီးမှာ အတန်းလိုက် အတန်းပိုင် ဆရာ ဆရာမများပါ တန်းစီကြရပြီး ကျောင်း အုပ်ကြီး ရောက်လာရင် အားလုံး တညီတညာ တည်း နိုင်ငံတော်သီချင်းကို ညီညီညာညာ သံပြိုင် သီဆိုကြရပါတယ်။ အများအားဖြင့် ကျောင်းအုပ်ဆရာကြီး ဦးဘတင် လာလေ့ရှိပြီး သူမအားလပ်ရင် ဆရာကြီး ဦးအောင် ကျော်ဇံ လာတတ်ပါတယ်။ မြို့မဖခင်ကြီး ဆရာကြီး ဦးဘလွင်လည်း တစ်ခါတလေ ရောက်လာတတ်ပြီး ဆုံးမစကားတွေ ပြော တတ်ပါတယ်။
အဓိကကတော့ စည်းကမ်းပိုင်းဆိုင်ရာ အပြင် ပညာရေး၊ လူမှုရေး၊ မျိုးချစ်စိတ်ဓာတ်တွေကို ပြောပြဆုံးမလေ့ ရှိပါတယ်။ ကျောင်း အုပ်ဆရာကြီးကအစ ဆရာအားလုံးက မောင့် ကျက်သရေ ခေါင်းပေါင်း၊ တိုက်ပုံ၊ အမျိုးသား ဝတ်စုံပြည့်၊ ဆရာမတွေကလည်း ပဝါစိမ်း တွေနဲ့ ကျောင်းသား ကျောင်းသူ အားလုံး လည်း အမျိုးသား ဝတ်စုံပြည့်နဲ့ တက်ကြရတာပါ။ ဆရာကြီးရဲ့ မိန့်ခွန်းနားထောင်ပြီး တဲ့အခါ အငယ်တန်းက စပြီး တစ်တန်းချင်း ညီညီညာညာ တန်းစီပြီး ကိုယ့်အတန်းကိုယ် စည်းကမ်းတကျ ပြန်ကြရပါတယ်။ လမ်းမှာ စကားပြောတာ၊ ဆူညံတာ၊ ဟေးလားဝါးလား လုပ်တာ လုံးဝ မလုပ်ရဲ၊ မလုပ်ကြပါဘူး။ စာသင်ခန်းထဲရောက်ပြီး ဩကာသ ဩကာသ ဩကာသ အစချီကာ ငါးပါးသီလကို သံပြိုင် ရွတ်ဆို ဘုရားကန်တော့ကြပြီးမှ စာသင်ကြ ရတာပါ။ အဲဒီမြို့မခေတ် အစဉ်အလာကို အထက(၂) (ဒဂုံ) ခေတ်မှာလည်း ဆက်လက် ကျင့်သုံးခဲ့ကြတာ မိမိ ၁၀ တန်း အောင်တဲ့အထိ ကြုံခဲ့တာပါ။
အဲဒီခေတ်က ကျောင်းမှာ ကျောင်းကားစနစ်လည်းရှိပါတယ်။ ယောက်ျားလေး ကျောင်းရော မိန်းကလေးကျောင်းပါ နှစ်ကျောင်းပေါင်း ကြိုပေးတာပါ။ ယောကျ်ား လေးတွေကို ၇ တန်းအထိပဲ စီးခွင့်ပေးပါ တယ်။ ၈ တန်းရောက်ရင် စီးခွင့်မရှိတော့ပါဘူး။ မြို့မခေတ်တုန်းက ကျောင်းမှာနေ့လယ် စာကို တစ်လမှ ၆ ကျပ်နဲ့ ကျောင်းက တာဝန် ယူ ကျွေးပေးတဲ့ စနစ်လည်းရှိခဲ့၊ စားခဲ့ရဖူးပါတယ်။ ကော်ဖီတစ်ခွက် (ပန်းကန်လုံး အကြီးကြီး) နဲ့ မုန့်တစ်မျိုးမျိုး (အုန်းသီးမုန့်၊ ဘဲသားမုန့်၊ ဆိတ်သားမုန့် ) ပုံမှန်ကျွေးပြီး တစ်ပတ်တစ်ခါ သောကြာနေ့မှာ အထူးအနေ နဲ့ မုန့်ဟင်းခါး၊ ခေါက်ဆွဲလိုမျိုး ကျွေးသေးတာ ပါ။ နှစ်ကုန်ရင် လက်ဆောင်အနေနဲ့ စာပေဗိမာန်ကထုတ်တဲ့ စာအုပ်လေးတွေအပြင် ရောင်စုံခဲတံဘူးတွေ၊ ဘောပင်၊ ခဲဖျက်၊ ပေတံ လှလှလေးတွေ ပေးသေးတာ။
၇ တန်း၊ ၈ တန်းအချိန်တွေမှာ အမှတ် ထင်ထင်ဖြစ်နေမိတာကတော့ ကျောင်းပေါင်း စုံ ဘောလုံးပွဲတွေပါ။ အခု ကလေးဆေးရုံကြီး ပြင်ပလူနာဌာနနေရာက အဲဒီအချိန်က ပြည် တော်သာ ဘောလုံးကွင်းပါ။ မိမိတို့ ဒဂုံ-၂ (ယခင် မြို့မ) ရဲ့ ပြိုင်ဘက်တွေက လမ်းမ တော်- ၁ (ယခင်စိန်ဂျွန်း)၊ လသာ-၁( ယခင် စင်ထရယ်) နဲ့ ဗိုလ်တထောင် -၆ (ယခင် စိန်ပေါ) တို့ပါပဲ။ တစ်ခါတလေ ဘောပွဲအပြီး ရန်ပွဲ တွေ ဆက်ရင် ပြည်တော်သာကွင်းနားက မြို့ပတ်ဘူတာရုံကနေ စီးလာလိုက်တဲ့ကျောင်း သားတွေရဲ့ ရန်ပွဲဟာ စိန်ဂျွန်းဘူတာ၊ လမ်းမ တော်ဘူတာ၊ ဘုရားလမ်းဘူတာ၊ စိန်ပေါ ဘူတာအထိ ဆက်တတ်တာမို့ ဆရာတွေ အလုပ်များကြရပါတယ်။
မှတ်မှတ်ရရ ဆရာကြီး ဆရာမကြီးများ
မိမိအနေနဲ့ တတိယတန်းမှာ မျိုးချစ်စိတ်ပြင်းထန်ကာ သားတွေရဲ့ နာမည်ကို ပေါ်ထွန်း၊ ဘမော်၊ ဇော်ဝင်းဆိုပြီး အဲဒီခေတ် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ နာမည်တွေ ပေးခဲ့တဲ့ ဆရာမ ဒေါ်ချစ်ညွန့်၊ စတုတ္ထတန်းမှာ ပန်းချီလည်း အသင်ကောင်း၊ ပုံတိုပတ်စလည်း ပြောလေ့ရှိတဲ့ ဆရာကြီးဦးလှ၊ ပဉ္စမတန်းမှာ အဲဒီခေတ် မင်းသမီးချော ခင်ယုမေထက် ပိုလှ တယ်လို့ တပည့်တွေ ပြောကြတဲ့ တီချယ် ဒေါ်ခင်သောင်းရီ၊ ဆဋ္ဌမတန်းမှာ စာသင် ကောင်းသလောက် မျက်နှာလည်းတည် စည်းကမ်းလည်းကြီးတဲ့ ဆရာမ ဒေါ်ရင်မေ၊ သတ္တမတန်းမှာ မြန်မာစာပေ၊ အမျိုးသားရေးနဲ့ ဘာသာရေးကို အထူးအလေးပေး သင်ကြား လေ့ရှိတဲ့ ဆရာကြီး ဦးဖေ၊ အဋ္ဌမတန်းမှာ ကိုယ်တိုင်က တက္ကသိုလ်ကျောင်းသား သပိတ် ခေါင်းဆောင်မို့ တပည့်တွေကို မျိုးချစ် စိတ်ဓာတ်ရှိအောင် အခါမလပ်လမ်းညွှန်ဆုံးမ လေ့ရှိတဲ့ ဆရာကြီး ဦးဘသွယ် စတဲ့ကျေးဇူး ရှင်ဆရာကြီး ဆရာမကြီးတွေရဲ့ အတန်းတွေ မှာ အသိပညာ၊ အတတ်ပညာတွေ သာမက ဘဝတစ်သက်တာ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာ တွေ လေ့လာဆည်းပူးခွင့်ရခဲ့ပါတယ်။ အဲဒီ နောက် မြို့မခေတ် ဆရာကြီး ဆရာမကြီးတွေ အတော်များများ အငြိမ်းစားယူခဲ့ကြသလို ဘီအေအီးဒီ၊ ဘီအီးဒီဆင်း ဆရာ ဆရာမ အများကြီး အထက(၂) ဒဂုံ ကိုပြုစုပျိုးထောင်ခဲ့ကြပါတော့တယ်။
၉ တန်း အတန်းပိုင်က ဆရာမ ဒေါ်နုနု၊ ၁၀ တန်းမှာ အသက်မပြည့်လို့ ၂ နှစ်နေ လိုက်ရတော့ ပထမနှစ်က တီချယ် ဒေါ်ညွန့် ညွန့်ဆိုင် နောက်နှစ်က တီချယ် ဒေါ်အေးချို ပါ။ (နှစ်ယောက်လုံးက အင်္ဂလိပ်စာ သင်ကြ တာပါ)၊ မြန်မာစာ ဒေါ်ခင်ဆွေနဲ့ ဒေါ်မြသွင်၊ သင်္ချာ ဦးသန်းဦး၊ အက္ခရာသင်္ချာ ဒေါ်ခင်သန်း ဌေး၊ ဓာတုဗေဒ ဦးမြင့်သိန်း၊ ရူပဗေဒ ဦးခင် မောင်ညွန့်၊ ဇီဝဗေဒ ဒေါ်စံနုနဲ့ ဒေါ်ခင်သက် ကြည်ကြည်တို့နဲ့ သင်ကြားခဲ့ကြရပါတယ်၊၊ ဒီလိုနဲ့ပဲ ၁၀ တန်းကို မြန်မာစာ၊ သင်္ချာ၊ ဓာတု၊ ရူပ လေးဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။
မြို့မအမျိုးသားကျောင်းရာပြည့်ပွဲ
အမှန်တော့ ဒီမြို့မ ရာပြည့်ပွဲကို ခမ်းခမ်းနားနားကျင်းပဖို့ လုပ်နေကြတာကြာနေပါပြီ။ မနှစ်က ၂၀၁၉ ခုနှစ်မှာ ရာပြည့်အကြိုပွဲကို တခမ်းတနား မျိုးဆက် အဆက်ဆက်နဲ့ကျင်းပ ခဲ့ကြပါသေးတယ်။ ရာပြည့်အကြို မဂ္ဂဇင်းကို ထုတ်ခဲ့လို့ မိမိလည်း အမိမြို့မကျောင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါသေးတယ်။ ရာပြည့်ပွဲ ထည်ထည် ဝါဝါ ခမ်းခမ်းနားနား ကျင်းပဖို့ ကော်မတီပေါင်းစုံကို ခေတ်အဆက်ဆက် မြို့မသားသမီး တွေနဲ့ ဖွဲ့စည်းခဲ့ကြပေမယ့် ကိုဗစ်ကမ္ဘာ့ကပ် ရောဂါဆိုးကြီးကြောင့် ကျန်ရာပြည့်ပွဲတွေလို ပဲ ကျင်းပနေကြရပါတယ်။ “ မြို့မအမျိုးသား ကျောင်း၊ ရာပြည့်သဘင် မဂ္ဂဇင်း” ကိုလည်း အမှတ်တရ သိမ်းဆည်းထားနိုင်အောင် အမျိုးသား စာပေဆုရှင်တွေဖြစ်တဲ့ “မစန္ဒာ” က အယ်ဒီတာချုပ် ၊ ဆရာ မောင်မိုးယံ၊ ဆရာ ဆောင်းဝင်းလတ်၊ ဆရာစလင်းဘုန်းကျော်တို့ အပါအဝင် အယ်ဒီတာအဖွဲ့ ဖွဲ့ပြီး လှပတဲ့ ပန်းချီကားချပ်ကြီး တစ်ခုအဖြစ် ခြယ်မှုန်း ခဲ့ကြပါတယ်။ အခက်အခဲအမျိုးမျိုးကြားထဲကပဲ ခေတ်အဆက်ဆက် အသိ၊ အတတ်၊ စာပေပညာရှင်များဆီက ရသလောက်စာမူ တွေ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာထုတ်ဝေခဲ့ကြတဲ့ မဂ္ဂဇင်းကော်မီတီနဲ့ အယ်ဒီတာ အဖွဲ့က ရာနှုန်းပြည့် စိတ်တိုင်းကျ မလုပ်နိုင်ခဲ့တာကို တောင်းပန်ထားကြပေမယ့် အထူးကျေးဇူးတင် ဂုဏ်ပြုထိုက်ပါတယ်။
မြို့မကျောင်းထွက် ဆေးလောက ထူးချွန်သူများ
အထူးသဖြင့် မြို့မဂုဏ်ဆောင်ပုဂ္ဂိုလ်များကဏ္ဍအတွက် လူတွေ သိပ်မသိကြ၊ သတိမထားမိကြတဲ့ ဆေးလောကရဲ့ ထူးချွန်ထင်ရှား ဆေးပညာရှင်များအတွက် သက်ရှိထင်ရှား ရှိနေသေးတဲ့ သက်ကြီးဆေးပညာရှင်ကြီး တချို့ကို လူကိုယ်တိုင်တွေ့ပြီး အင်တာဗျူး လုပ်၊ ဓာတ်ပုံမှတ်တမ်းပါ လုပ်ကြဖို့ မိမိနဲ့ မြို့မဟောင်းတစ်ယောက်ဖြစ်တဲ့ ပါမောက္ခ ဦးခင်မောင်ချို (ဒဿနဗေဒ၊ တာဝန်ခံ ပါမောက္ခချုပ်၊ ဟင်္သာတတက္ကသိုလ်) တို့ ၂၀၂၀ နှစ်စကတည်းက ကြံစည်စီစဉ်ခဲ့ကြသော် လည်း ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မလုပ်နိုင်ခဲ့ဘဲ အမှတ်တရ ဆောင်းပါးတစ်ခုပဲ အချိန်မီ ပို့ပေးနိုင်ခဲ့ပါတယ်။
အဲဒီလိုထူးချွန်ထင်ရှားခဲ့တဲ့ ဆေးပညာရှင်ကြီးတွေထဲက မိမိလက်လှမ်းမီတဲ့ ၅ ဦးက- (၁) (၇-၁-၂၀၂၀) တွင် ကွယ်လွန်သွားရှာတဲ့ ပါမောက္ခ ဆရာကြီးဦးအောင်သန်း ဘတူ (၉၀ နှစ်) အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်နှင့် ဂုဏ်ထူးဆောင်သုတေသန ပညာရှင်ကြီး၊ ဆေးသုတေသနဦးစီးဌာန၊ အငြိမ်း စား ညွှန်ကြားရေးမှူး၊ WHO -SEARO၊ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် ပညာရေးဝန်ကြီးဌာန၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး Best Teacher Award ဆုရှင်နှင့် သက်ရှိ ထင်ရှားရှိနေကြသေးတဲ့ (၂) ဒေါက်တာရီရီလှ (ယုဝတီခင်ဦး) (၉၁) နှစ်၊ အငြိမ်းစား ကလေး အထူးကု ဆရာဝန်မကြီး၊ (၃) ပါမောက္ခ ဦးမောင်မောင်စိန် (၉၀ နှစ်) အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ ခွဲစိတ်ကုဆရာ ဝန်ကြီး၊ အီဒင်ဘာရာတော်ဝင်ခွဲစိတ် ကောလိပ်၏ ဂုဏ်ထူးဆောင်ရုပ်တုနှင့် ဂုဏ်ပြုတံဆိပ်ရှင် (၄) ဒေါက်တာဦးကြည်လင် (၈၉ နှစ်) အငြိမ်း စား ဓာတ်မှန်ပါရဂူ ဆရာဝန်ကြီးနဲ့ (၅) ဗိုလ်မှူးကြီး (ငြိမ်း) သန်းဇင် (၈၈ နှစ်) (ကျောင်းသား ဘဝအမည် ကိုကိုကြီး)၊ အငြိမ်းစား ဒုတိယဝန်ကြီး (ကျန်းမာရေး/စက်မှု) နှင့် အရိုးရောဂါအထူးကုပါရဂူတို့တွေပါ။
ဒီအပြင် တချို့လည်း မရှိကြတော့သလို တချို့လည်း နိုင်ငံရပ်ခြားရောက်နေကြတဲ့ ကျောင်းကျန်းမာရေး ဆရာဝန်မကြီး ဒေါက်တာ ဒေါ်မမရီ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး(ငြိမ်း) လှဘူး၊ အငြိမ်းစား သားဖွားမီးယပ်ပါရဂူ ပါမောက္ခ ဒေါ်မေသွင်၊ စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဦးခင်မောင်လတ်၊ အငြိမ်းစား မြန်မာ့လေကြောင်း ဆေးမှူးချုပ် ဒေါက်တာဦးမြင့်သိန်း၊ မြန်မာ့ဆိပ်ကမ်းဆရာဝန်ကြီး ဒေါက်တာ ဦးမျိုးအောင်ကျော်လွင်၊ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဒန်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခ ချုပ်(ငြိမ်း) ဒေါက်တာ ဦးခင်မောင်လေးတို့ တွေဟာလည်း Old Myoma တွေဖြစ်ကြပြီး မိမိ မကြား၊ မသိမိလိုက်တဲ့ ဆေးပညာရှင်တွေ ရှိနေနိုင်ပါသေးတယ်။ မိမိတို့ ဒီဘက်ခေတ် မှာလည်း မိမိထက် နှစ်တန်း သုံးတန်းကြီးတဲ့ အတန်းတွေက ဆေးလောက ဂုဏ်ဆောင် ခဲ့ကြတဲ့ Old Myoma တွေထဲမှာ ဒေါက်တာ ဦးစိုးတင့် (ငှက်ဖျားနှင့် ကူးစက်ရောဂါပါရဂူ)၊ ပါမောက္ခ ဦးသက်နိုင် (ဓာတ်မှန်ပါရဂူ)၊ ပါမောက္ခ ဦးအောင်ကြီး (အငြိမ်းစား ဒုပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၂ နှင့် ရောဂါဗေဒပါရဂူ) (စာရေးဆရာ အောင်၊ ဆေး-၁) တို့ ရှိနေကြပါတယ်။ အခု မော်ဒယ် လုပ်ရင်း ကျန်းမာရေး ပညာပေး ရိုက်ကူးမှု တွေလုပ်သလို နိုင်ငံတော် အဆင့်ပွဲလမ်း သဘင်တွေမှာ အင်္ဂလိပ်- မြန်မာ နှစ်ဘာသာ စကားပြောပြီး အခမ်းအနားမှူးအဖြစ် ပီပြင် ကျင်လည်စွာလုပ်လေ့ရှိတဲ့ သမီး ဒေါက်တာ အေးချမ်းမိုးဟာလည်း မြို့မထွက် သမီး တစ်ယောက်ပါ။
မိမိက ငယ်ငယ်ကလေး ဘဝကတည်းက ကြီးလာရင် ဘာလုပ်မလဲဆို ဆရာဝန်လုပ်ပြီး ဆေးကုမယ်၊ ဆရာလုပ်ပြီး စာသင်မယ်လို့ ဖြေလေ့ ရှိပါတယ်။ အဲဒီအရွယ်က အဲဒီလို လုပ်လို့ရမှန်း သိလို့မဟုတ်ပါဘူး။ တကယ် ဖြစ်ချင်တာ၊ လုပ်ချင်တာကို ကလေးသဘာဝ ပြောခဲ့တာပါ။ မြို့မ ဆရာ ဆရာမတွေရဲ့ သင်ကြားပြသလမ်းညွှန်မှုကြောင့်ပဲ ဆေးတက္ကသိုလ်ကို စကောလားရှစ် ပညာသင်ဆုနဲ့ တက်ခဲ့ရပြီး နိုင်ငံဝန်ထမ်းစ ဖြစ်စဉ်ကတည်းက အငြိမ်းစားယူပြီး အခုအချိန်အထိ ဆေးကုတဲ့ ဆရာဝန်၊ စာသင်တဲ့ ကျောင်းဆရာ နှစ်ဘဝ ကို ဖြတ်သန်းခဲ့ပါတယ်။
ဆေးတက္ကသိုလ် (၂) မှာ သရုပ်ပြဆရာဝန် ရာထူးနဲ့စတင်ခဲ့ပြီး နောက်ပိုင်း ဆေး တက္ကသိုလ် (၁) ရန်ကုန်ဆေးပညာဌာနမှာ လက်ထောက် ကထိက၊ ကထိက၊ တွဲဖက် ပါမောက္ခ၊ ပါမောက္ခ၊ နောက်ဆုံးဌာနမှူးအဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဌာနမှူး တာဝန်ယူချိန် ယူကေ တော်ဝင်သမားတော် ကောလိပ်များရဲ့ ဌာနေကိုယ်စားလှယ်အဖြစ် မိမိတို့နိုင်ငံမှာ ယခင်က ယူကေအထိ သွားခဲ့ကြရတဲ့ အမ်အာရ်စီပီ စာမေးပွဲအဆင့် အားလုံးကို မြန်မာနိုင်ငံအတွင်းမှာပင် အဆင့် မြင့်မြင့် စစ်ဆေးနိုင်အောင် ဆောင်ရွက်ပြီး နိုင်ငံတော်အတွက် MRCP ၇၀၀ ကျော် ၊ FRCP ၁၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့လို့ ယူကေ တော်ဝင်သမားတော်ကောလိပ်များအဖွဲ့ချုပ်ရဲ့ ကမ္ဘာမှာ ပထမဆုံးချီးမြှင့်တဲ့ ဂုဏ်ပြုဆု (Champion Award)ကိုရော၊ အီဒင်ဘာရာ တော်ဝင်သမားတော်ကောလိပ်ရဲ့ ဂုဏ်ပြုတံဆိပ် ( College Medal)ကိုပါ ရရှိခဲ့လို့ အမိမြို့မ၊ အမိဆေးတက္ကသိုလ်(၁)နဲ့အမိ မြန်မာ ပြည်ကိုယ်စား ဂုဏ်ယူစွာ လက်ခံခဲ့ပါတယ်။
ဆရာကြီး ဦးအောင်သန်းဘတူလိုပဲ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် ပညာရေး ဝန်ကြီးဌာန၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး (Best Teacher Award) ဆုကို ရရှိခဲ့သလို ဆေးကုတဲ့ဆရာဝန် ၊ စာသင်တဲ့ ဆရာ နှစ်ဘဝ ရဲ့ အတွေ့အကြုံတွေကို အသုံးချပြီး သုတ၊ ရသစာအုပ် ၅ အုပ် ရေးသားထုတ်ဝေခဲ့ရာ ဆရာဝန် တင်ရွှေစာပေဆု (၂၀၀၉)၊ ထွန်း ဖောင်ဒေးရှင်းစာပေဆု (၂၀၁၂) နဲ့ သုတစွယ်စုံ စာပေဆု (၂၀၁၆)များ ချီးမြှင့်ခံခဲ့ရတာဟာ မြို့မရဲ့ ဆရာ ဆရာမကြီးတွေ ပျိုးထောင်ပေး ခဲ့တဲ့ မြန်မာစာ အခြေခံနဲ့ ပတ်ဝန်းကျင် လေ့လာမှုတွေရဲ့ ပံ့ပိုးမှုတွေကြောင့်ပါ။
အမြစ်တွယ်ခဲ့သော မြို့မစိတ်ဓာတ်
မိမိအနေနဲ့ နိုင်ငံ့တာဝန်ကို အသက် ၆၀ ကျော် သက်ပြည့်ပင်စင်ယူသည်အထိ အပြစ်မနာအဆာမရှိ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်မှာ ဆေး တက္ကသိုလ်(၁) ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ (Emeritus Professor) အနေနဲ့ရော ဆေးတက္ကသိုလ်(၁)ကျောင်းသား ကျောင်းသူ ဟောင်းများအသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်နေတာဟာ မူလတန်း အဆင့်မှာကတည်းက အမိမြို့မကျောင်းက အသည်းထဲစွဲနေအောင် ထည့်ပေးခဲ့တဲ့ မြို့မ စိတ်ဓာတ်တွေဖြစ်တဲ့ မျိုးချစ်စိတ်၊ တာဝန်ယူမှု တာဝန်ခံမှုစိတ်၊ အများအတွက်အမြဲဦးစားပေး စဉ်းစားလုပ်ကိုင်စေတဲ့ ပရဟိတစိတ်၊ ဘာသာ တရားကိုင်းရှိုင်းပြီးသင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ကိုယ့်မိဘအရင်းလို တစ်သက်လုံး သဘောထားပြီး လေးစားရိုသေကိုင်းရှိုင်းတဲ့စိတ်၊ အမှားနဲ့ အမှန်ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာတတ်ပြီး၊ အမှန်ကို ရဲရဲဝံ့ဝံ့ပြောဆို၊ အမှန်ဘက်က ရပ်တည်ရဲတဲ့စိတ်၊ အဲဒီ မြို့မစိတ်ဓာတ်တွေကြောင့် ဖြစ်ပြီး နိုင်ငံတော်အတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို ဆက်လက်ထမ်းဆောင်နေတဲ့ မြို့မ သားကောင်းအဖြစ် ဂုဏ်ယူနေဆဲပါ။
မြို့မဖခင်ကြီး ဆရာကြီး ဦးဘလွင်နဲ့ ကျေးဇူးရှင်မြို့မ ဆရာကြီး ဆရာမကြီးများ အားလုံးကို လက်ဆယ်ဖြာ ထိပ်မှာမိုးကာ ရှိခိုးဦးခိုက်လျက် . . . ။ ။
ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် (သားမြို့မတစ်ဦး)

စာရေးသူ၏
ကိုယ်ရေးအကျဉ်း
----------------------
အမည်ရင်းမှာ ပါမောက္ခ ဒေါက်တာ ညွန့်သိန်းဖြစ်သည်။ ၈-၉-၁၉၅၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အခြေခံပညာကို မြို့မကျောင်း( အထက-၂ ဒဂုံ) တွင် ဆည်းပူး ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ စကောလားရှစ်(အစိုးရပညာ သင်ဆု) ရရှိတက်ရောက်ခဲ့သည်။ ၁၉၇၆ ခုနှစ် တွင် ဆေးပညာဘွဲ့( M.B.B.S) ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အစိုးရဝန်ထမ်းဖြစ်ခဲ့ပြီး ဆေးတက္ကသိုလ်(၁) မှ ရောဂါဗေဒ ဘွဲ့လွန် ဒီပလိုမာ (၁၉၈၆) နှင့် ဆေးပညာ သင်ကြား ရေးဒီပလိုမာ (၂၀၀၅) တို့ ရရှိခဲ့သည်။ ယူကေ နိုင်ငံမှ MRCP(UK), FRCP(Edinburgh), FRCP (London), FRCP(Glasgow) ဘွဲ့များ ချီးမြှင့်ခံခဲ့ရသည်။ ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ ဝန်ထမ်းဖြစ်ခဲ့ပြီး ဆေးတက္ကသိုလ်(၂) ရောဂါ ဗေဒဌာနသရုပ်ပြ ဆေးတက္ကသိုလ်(၁) ရန်ကုန်ရောဂါ ဗေဒဌာန လက်ထောက် ကထိက၊ ဆေးပညာဌာနတွင် လက်ထောက် ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ပါမောက္ခ/ ဌာနမှူးရာထူး အဆင့်ဆင့် တာဝန်ယူခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် သက်ပြည့် အငြိမ်းစား ယူကာ ဆေးတက္ကသိုလ်(၁) ၏ ဂုဏ်ထူး ဆောင် ပါမောက္ခအဖြစ် ဘွဲ့ကြို ဘွဲ့လွန် သင်ကြားရေးနှင့် တက္ကသိုလ်၏ လိုအပ် သည့်ကဏ္ဍများတွင် ဆက်လက်ပံ့ပိုး လျက်ရှိ သည်။
ယူကေနိုင်ငံ တော်ဝင်သမားတော် ကောလိပ်များက ချီးမြှင့်သည့် MRCP နောက်ဆုံးအဆင့်စာမေးပွဲကို မိမိတို့နိုင်ငံတွင် ပင် စာစစ်ဌာနဖွင့်လှစ် စစ်ဆေးနိုင်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ပြီး ယခုအချိန်တွင် အမိနိုင်ငံအတွက် MRCP (၇၀၀) ကျော်နှင့် FRCP (၁၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်။ ယူကေတော်ဝင်ကောလိပ် အုပ်စုကြီး(RCP Federation Group) က ကမ္ဘာပေါ်တွင် ပထမဆုံးချီးမြှင့်သည့် MRCP PACES Champion တံဆိပ်ကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ RCP Edinburgh က ချီးမြှင့် သည့် ဂုဏ်ပြုတံဆိပ်(College Medal) ကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း မြန်မာသမား တော် တစ်ဦးအနေဖြင့် နိုင်ငံ့ကိုယ်စားပြု ရယူနိုင်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ချီးမြှင့်သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် “ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဆု” “Best Teacher Award” ကိုလည်း ရရှိထားပါသည်။ “ပါမောက္ခသိန်း” ကလောင်အမည်ဖြင့် သုတ၊ ရသဆိုင်ရာ စာအုပ် လေးအုပ်ရေးသားခဲ့ရာ “ဆရာဝန်တင်ရွှေစာပေဆု”၊ “ထွန်း ဖောင်ဒေးရှင်း စာပေဆု”၊ “သုတစွယ်စုံ စာပေ ဆု” များ ချီးမြှင့်ခံခဲ့ရသည်။ ဆေးတက္ကသိုလ် (၁) ကျောင်းသား ကျောင်းသူဟောင်းများ အသင်းကြီး၏ဥက္ကဋ္ဌ၊ ခေတ်သစ်ဖောင်ဒေးရှင်း ၏ နာယက၊ နာရေးကူညီမှုအသင်းကြီး၏ ကုသိုလ်ဖြစ်သမားတော်နှင့် ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိ ကိုဗစ်-၁၉ အချိန်တွင် “Book Land by Myanmar Book Center” မှ တပည့် သားသမီးများနှင့် ဦးဆောင်ပြီး အလှူရှင်များ နှင့်အတူ ကျန်းမာရေးဝန်ထမ်း Front Liners များအတွက် လိုအပ်သည့် ကာကွယ်ရေး ပစ္စည်းများ၊ နေ့လယ်၊ ညနေ စာများကို ရောဂါ စဖြစ်သည့်အချိန်မှစ၍ ယခု အချိန်အထိ ပံ့ပိုးလှူဒါန်းလျက်ရှိသလို နိုင်ငံတော်မှဖွဲ့စည်းထားသည့် နည်းပညာ ပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့် ဆောင်ရွက်ရေး အဖွဲ့ဝင်အဖြစ်လည်း ထမ်း ဆောင်လျက်ရှိပါသည်။