“သားတို့သမီးတို့ရဲ့ စိတ်အစဉ်မှာ ဝိဇ္ဇာဆိုတဲ့ ဉာဏ်ပညာတွေသာ ထုံမွမ်းနေပါစေ။ အဝိဇ္ဇာတွေနဲ့တော့ မထုံမွမ်းနေပါစေနဲ့”လို့ ဆုံးမနေတဲ့ သဘောရယ်လို့ ကျွန်တော်မြင်ယောင် ကြားယောင်မိပါတယ်
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်-ငြိမ်း ဦးတင်ဦးလှိုင်နှင့် တွေ့ဆုံခြင်း
ရန်ကုန်တက္ကသိုလ်တွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီး ဦးတင်ဦးလှိုင်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ ဆရာကြီးရဲ့ မွေးဇာတိ၊ အခြေခံ ပညာသင်ကြားအောင်မြင်ခဲ့တဲ့ ကျောင်းများနဲ့ တက္ကသိုလ်ပညာသင်ယူခဲ့တဲ့ အကြောင်းတွေကို ပြောပြပေးစေလိုပါတယ် ဆရာကြီးရှင့်။
ဖြေ ။ ။ ကျွန်တော့် မိဘနှစ်ပါးနာမည် ကတော့ ဦးသာလှိုင်နဲ့ဒေါ်ဥဖြစ် ကြပါတယ် ။ စစ်ကိုင်းတိုင်းဒေသကြီး ရေဦး မြို့နယ်မှာ ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နေ့မှာ ကျွန်တော့်ကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက အစိုးရဝန်ထမ်းဖြစ်ပြီး အနယ်နယ် အရပ်ရပ်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေရသူဖြစ်တဲ့အတွက် ကျွန်တော့်ကို ကျောင်းထားဖို့ အဆင်မပြေလို့ အိမ်မှာပဲ အခြေခံပညာကို သင်ပြပေးခဲ့ပါတယ်။ ကျွန်တော်အသက် (၁၂) နှစ်အရွယ်ရောက်မှ အတန်းကျောင်း စတင်တက်ခဲ့ရပါတယ်။ ကျွန်တော် ပထမဆုံးတက်ခဲ့တဲ့ကျောင်းက တော့ မွန် ပြည်နယ်သထုံမြို့က နိုင်ငံတော် မူလတန်းလွန်ကျောင်း(State Post-Primary School) ဖြစ်ပါတယ်။
၁၉၄၆ ခုနှစ်မှာ ခုနစ်တန်းအောင်ပြီး ၁၉၄၇ ခုနှစ်မှာ ရှစ်တန်းအောင်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ (School -Leaving Certifi-cate Examination) အောင်ပါတယ်။ မြန်မာ လိုအခေါ်ကတော့ ကျောင်းထွက်လက်မှတ်ရ စာမေးပွဲဖြစ်ပါတယ်။ ၁၉၄၈-၄၉ ပညာသင် နှစ်မှာ ပဲခူတိုင်းဒေသကြီး အနောက်ဘက်ခြမ်းက ပြည်မြို့ကို ပြောင်းခဲ့ရပါတယ်။ ပြည်မြို့က နိုင်ငံတော်မူလတန်းလွန် ကျောင်းမှာ တက္ကသိုလ်ဝင်တန်းကို တက်ခဲ့ပါတယ်။ အဲဒီ ပညာသင်နှစ်မှာ ကျွန်တော့်အသက်က ၁၅ နှစ်ပဲရှိပြီး ၁၆ နှစ်မပြည့်သေးတဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နှစ်မဖြေဘဲ နားခဲ့ရပါတယ်။ ၁၉၅၀ ပြည့်နှစ်ရောက်မှ ရန်ကုန် ပြည်လမ်းမှာရှိတဲ့ TTC ကျောင်းသား ဘဝမှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးတဲ့နောက် ၁၉၅၀ ပြည့် နှစ်ကနေ ၁၉၅၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် မှာ ရူပဗေဒ၊ သင်္ချာ၊ ဓာတုဗေဒ ဘာသာတွဲနဲ့ တက်ရောက်ခဲ့ပြီး B.Sc ဘွဲ့ကို ၁၉၅၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
မေး ။ ။ ရန်ကုန်တက္ကသိုလ်တက်ရောက် ခဲ့စဉ်က အမှတ်တရများကိုလည်း ပြောပြပေးစေ လိုပါတယ်ရှင့်။
ဖြေ ။ ။ B.Sc ဘွဲ့ရတဲ့အထိ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတုန်းက အမှတ်ရတာတစ်ခုရှိပါတယ်၊ အဲဒီခေတ်က ရန်ကုန်တက္ကသိုလ်ရဲ့ တံဆိပ်ကလေးပါ။ အဲဒီတံဆိပ်ကလေးက အခုခေတ် အခါရှိနေတဲ့ တံဆိပ်ကလေးနဲ့ အနည်းငယ် ကွာခြားပါတယ်။ အဲဒီတုန်းက နတ္တိသမ္မံ ဝိဇ္ဇာမိတ္တံဆိုတဲ့ တံဆိပ်လေးပေါ်က ပါဠိစာတန်းဟာ မြန်မာအက္ခရာနဲ့ရေးထားတာ မဟုတ်ဘဲ Roman Pali နဲ့ရေးထားတာဖြစ်ပါတယ်။
နောက်ကွာခြားမှုတစ်ခုကတော့ အခုခေတ် ရန်ကုန်တက္ကသိုလ်တံဆိပ်မှာပါရှိတဲ့ စပါးနှံလေး နှစ်ခက်ဟာ အရင်တံဆိပ်မှာ မပါရှိပါဘူး။ အရင်တံဆိပ်မှာက အဲဒီစပါးနှံ နှစ်ခက်နေရာမှာ လှလှပပ လိမ်ခွေကောက် ထားတဲ့ ဖဲပြားသဏ္ဌာန် အပြားလေးတစ်ခုရှိပါ တယ်။ အဲဒီအပေါ်မှာ (WITH TRUTH AND LOYALTY )ဆိုတဲ့ အင်္ဂလိပ်လို စာတန်းလေး ထိုးထားပါတယ်။ ပါဠိစာတန်းကို မြန်မာလို ဘာသာပြန်ပြီးပြောရရင် “ဝိဇ္ဇဉာဏ်ပညာနဲ့ သမံတူတဲ့ မိတ္တံ အဆွေခင်ပွန်းသည် နတ္တိမရှိပါ” လို့ အဓိပ္ပာယ်ရပါတယ်။ ဝိဇ္ဇာဆိုတဲ့ စာလုံးက ဆိုလိုတဲ့ ဉာဏ်ပညာဆိုတာက နယ်နယ်ရရ ဉာဏ်ပညာ မဟုတ်ပါဘူး။ နှိုက်နှိုက် ချွတ်ချွတ်သိတဲ့ ဉာဏ်ပညာပါ။ အဲဒီစာတန်းလေးကို သတိရမိတော့ အမိတက္ကသိုလ်ကြီးက “သားတို့ သမီးတို့ရေ သားတို့ သမီးတို့ရဲ့ စိတ်အစဉ်မှာ ဝိဇ္ဇာဆိုတဲ့ ဉာဏ်ပညာတွေသာ ထုံမွမ်းနေပါစေ။ အဝိဇ္ဇာတွေနဲ့တော့ မထုံမွမ်းနေပါစေနဲ့”လို့ ဆုံးမနေ တဲ့ သဘောရယ်လို့ ကျွန်တော်မြင်ယောင် ကြားယောင်မိပါတယ်။
အင်္ဂလိပ်စာတန်းဖြစ်တဲ့ (WITH TRUTH AND LOYALTY ) ကို ကျွန်တော် မြန်မာ ဘာသာပြန်ကြည့်ပါတယ်။ TRUTH က အမှန် တရား၊ LOYALTY က သစ္စာရှိမှုဆိုတော့ အမှန် တရားနဲ့အမှန်တရားအပေါ် သစ္စာရှိစွာဖြင့်လို့ ဆိုရမယ်ထင်ပါတယ်။ မှားသလား၊ မှန် သလားဆိုတာကိုတော့ ကျွန်တော် မဆုံးဖြတ် ပါဘူး။ ဒါပေမယ့် အဲဒီစာတန်းလေးကို သတိရ မိတဲ့အခါ အမိတက္ကသိုလ်ကြီးက “သားတို့ သမီးတို့ရေ တက္ကသိုလ်ဆိုတာဟာ အမှန် တရားကို ရှာဖွေတဲ့နေရာ ဖြစ်တယ်။ အဲဒီ တော့ အမိတက္ကသိုလ်ကြီးက သားတို့ သမီးတို့ ကို အမှန်တရား ရှာဖွေတတ်ဖို့ သင်ပြပေးပါ မယ်၊ သားတို့ သမီးတို့က အမှန်တရားကို ရှာဖွေပြီး အမှန်တရားကို ဆွတ်ခူးပြီးတော့ အမှန်တရားအပေါ် ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့” လို့ ဆုံးမနေတဲ့သဘောရယ်လို့ ကျွန်တော့်စိတ်ထဲမှာ ခံစားမိတာပါပဲ။
မေး ။ ။ ဆရာကြီး ဘယ်တက္ကသိုလ်တွေ မှာ တာဝန်ထမ်းဆောင်ခဲ့ရပါ သေးသလဲ။ တာဝန်ထမ်းဆောင်ခဲ့စဉ်က အတွေ့အကြုံတွေကိုလည်း သိချင်ပါတယ်ရှင့်။
ဖြေ ။ ။ ၁၉၅၄ ခုနှစ် ကျွန်တော်ဘွဲ့ရပြီးတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနက ပါမောက္ခဆရာကြီး ဦးဘိုးသာက ကျွန်တော်နဲ့အတူ အခြားဘွဲ့ရတဲ့ လေးငါးဆယ်ယောက်ကိုပါ ဓာတုဗေဒဌာနမှာ သရုပ်ပြဆရာအဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။ ဆရာကြီးကိုလည်း ကျေးဇူးတင်မိပါတယ်။ ဆရာကြီးကိုလည်း ဒီနေရာကနေ ကျွန်တော် ကန်တော့လိုက်ပါတယ်။ ကျွန်တော်တို့ သရုပ်ပြဆရာဖြစ်တဲ့ ၁၉၅၄ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က ရန်ကင်းကောလိပ်နဲ့ ထီးတန်း ကောလိပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ရန်ကင်းကောလိပ် စတင်တည်ထောင်ခဲ့ရာမှာ ပါဝင်ခဲ့ရတဲ့အကြောင်းကို အခုသတိရမိတဲ့အခါ အဲဒီအချိန်တုန်းက ရန်ကင်းကောလိပ်ကို တည်ထောင်ခဲ့ကြသူတွေ (Pioneer) ထဲက တစ်ယောက်ဖြစ်ခဲ့ရတဲ့အတွက် ကြည်နူးမိပါ တယ်။ ရန်ကင်းကောလိပ်မှာ ဓာတုဗေဒ ဘာသာရပ်လက်တွေ့သင်တန်းပို့ချပေးရတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။
၁၉၅၅ ခုနှစ်မှာ ကျွန်တော်အမေရိကန် နိုင်ငံကို ပညာသင်ဖို့ သွားရောက်ခဲ့ရပါတယ်။ ၁၉၅၉ ခုနှစ်မှာ(Michigan State University)က ရူပဗေဒမဟာသိပ္ပံဘွဲ့ရရှိခဲ့ပြီး အဲဒီနှစ်မှာပဲ မန္တလေးတက္ကသိုလ် ရူပဗေဒဌာနမှာ လက်ထောက်ကထိက တာဝန်ကို စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ် မှာ ကထိကရာထူးသို့ တိုးမြှင့်ခန့်ထားခြင်း ခံရပါတယ်။ မန္တလေးတက္ကသိုလ်မှာ တာဝန် ထမ်းဆောင်ခဲ့စဉ်က ဆောင်ရွက်ခဲ့တဲ့ အတွေ့ အကြုံအချို့ကိုလည်း ပြောပြချင်ပါသေးတယ်။ အဲဒီအချိန်တုန်းက မန္တလေးတက္ကသိုလ် ရူပဗေဒဌာနက ရူပဗေဒဘာသာရပ်ကို သင်ယူ ပြီး ဘွဲ့ရကျောင်းသားတွေကို မွေးထုတ်ပေး နေတဲ့ အချိန်ကာလဖြစ်တဲ့အတွက် ကျွန်တော် လည်း တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းက ဘွဲ့ရလူငယ် သုံးမျိုး သုံးစားကို မွေးထုတ်နိုင်ခဲ့ပါတယ်။
ပထမတစ်မျိုးကတော့ စနစ်ဟောင်း B.Sc (General ) လို့ခေါ်တဲ့ ဘွဲ့ရလူငယ်တွေပါ။ ဒုတိယအမျိုးအစားကတော့ B.Sc (Hons:) Physics လို့ခေါ်တဲ့ ဘွဲ့ရတဲ့လူငယ်တွေ ဖြစ်ပါတယ်။ တတိယအမျိုးအစားကတော့ ၁၉၆၄ ခုနှစ်မှာစတင်ခဲ့တဲ့ စနစ်သစ်ပညာ ရေးအရ ရူပဗေဒအထူးပြု B.Sc (Physics) ဘွဲ့ရလူငယ်တွေ ဖြစ်ပါတယ်။ အဲဒီဘွဲ့ရ လူငယ်သုံးမျိုးသုံးစားထဲက တချို့က မန္တလေးတက္ကသိုလ် ရူပဗေဒဌာနမှာ ဝင်ရောက်အမှု ထမ်းကြပါတယ်။ အဲဒီသူတွေထဲက တချို့ကို ရွေးချယ်ပြီး ပြည်ပနိုင်ငံတွေကို ပညာသင် စေလွှတ်ခဲ့ပါတယ်။ စေလွှတ်ခဲ့တဲ့သူတွေထဲက တစ်ယောက်မကျန် ပါရဂူဘွဲ့တွေ၊ မဟာ သိပ္ပံဘွဲ့တွေရယူပြီး ပြန်လာခဲ့ကြပါတယ်။ ဒီအကြောင်းကို သတိရမိတော့ ကျွန်တော် တို့ဟာ ဘွဲ့ရလူငယ်တွေကို မွေးထုတ်ခဲ့ရုံ သာမက ဆရာတွေကိုလည်း မွေးထုတ်ပေးခဲ့ ကြတယ်ဆိုတာကို ကြည်နူးစွာ တွေးနေမိပြန်ပါတယ်။
အဲဒီအချိန်တုန်းက ကချင်ပြည်နယ်မှာ အဆင့်မြင့်ပညာမျိုးစေ့ချပေးခဲ့တဲ့ လုပ်ငန်း လေးတစ်ခုမှာ ကျွန်တော်လည်း ပါဝင်ခွင့်ရခဲ့ လို့ အတွေ့အကြုံကို အနည်းငယ်ပြောပြ ချင်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ကချင်ပြည်နယ်
မြစ်ကြီးနားမြို့မှာ သက်ကြီးတက္ကသိုလ် ကျောင်းတစ်ကျောင်း ထူထောင်ခဲ့ပါတယ်။ အဲဒီကျောင်းဟာ အခုလက်ရှိမြစ်ကြီးနား တက္ကသိုလ်ရဲ့ အမြုတေလို့ခေါ်ရမယ့် အမတေ ဖြစ်ပါတယ်။ အဲဒီသက်ကြီးတက္ကသိုလ်ကို မန္တလေးတက္ကသိုလ်က အသိအမှတ်ပြုပါ တယ်။ ဒါကြောင့်မို့ မြစ်ကြီးနားသက်ကြီး တက္ကသိုလ်ကို မန္တလေးတက္ကသိုလ်က ဆရာ တွေ ဆရာမတွေ နှစ်စဉ်နှစ်တိုင်း စေလွှတ်ပြီး စာမေးပွဲစစ်ဆေးတဲ့လုပ်ငန်းတွေ၊ အနီးကပ် သင်တန်းပို့ချတဲ့လုပ်ငန်းတွေကို လုပ်ပေးခဲ့ပါတယ်။ စာမေးပွဲစစ်တာနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူတဲ့ပုဂ္ဂိုလ်က ဒေါက်တာ မောင်ဒီ ဖြစ်ပါတယ်။ စစ်ဆေးတဲ့ စာမေးပွဲတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ မောင်ဒီက မန္တလေး တက္ကသိုလ်ရဲ့ စာစစ်မှူးချုပ်ဖြစ်ပါတယ်၊၊ ကျန်တဲ့ဘာသာပေါင်းစုံ ဆရာတွေ ဆရာမ တွေက ၁၉၅၉ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကြိမ်၊ ၁၉၆၀ ပြည့်နှစ် ဒီဇင်ဘာလမှာ တစ်ကြိမ်၊ ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကြိမ် အနီးကပ်သင်တန်းတွေ မြစ်ကြီးနား သက်ကြီးတက္ကသိုလ်မှာ သွားရောက်ပို့ချခဲ့ရ ပါတယ်။
၁၉၇၁ ခုနှစ်မှာ မကွေးကောလိပ်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရပါတယ်။ မကွေးကောလိပ် ရူပဗေဒဌာနမှာ ကထိက ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။ မကွေးကောလိပ်က ၁၉၆၉ ခုနှစ်မတိုင်ခင် မှာ နှစ်နှစ်သင်ကောလိပ်ဖြစ်ပါတယ်။ ကျောင်း အုပ်ကြီးက ဦးဝင်းမောင်ပါ။ ကျောင်းအုပ်ကြီး ဦးဝင်းမောင်ရဲ့ အပတ်တကုတ် ကြိုးစားမှုကြောင့် ၁၉၆၉ ခုနှစ်မှာ မကွေးကောလိပ်ဟာ ၄ နှစ် သင်ဖြစ်လာပါတယ်။ ဦးဝင်းမောင်ဟာ နောင်တော့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပါတယ်။
၁၉၇၁ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနက ဒေါက်တာမောင်ဒီကို မကွေးကောလိပ်ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒေါက်တာ မောင်ဒီက ၄ နှစ်သင် မကွေးကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။ ဒေါက်တာ မောင်ဒီ မကွေးရောက်ပြီး မရှေးမနှောင်းမှာ ကျွန်တော်အပါအဝင် မန္တလေးတက္ကသိုလ် နဲ့ ရန်ကုန်တက္ကသိုလ်က ဆရာ ဆရာမအချို့ မကွေးကောလိပ်ကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဒေါက်တာမောင်ဒီရဲ့တာဝန်က မကွေး ကောလိပ်ကို ၄ နှစ်သင် မကွေးကောလိပ် ပီပီပြင်ပြင်ဖြစ်လာဖို့အတွက် ဆောင်ရွက်ဖို့ပါပဲ။ အဲဒီလိုဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ ကျန်တဲ့ ဆရာ ဆရာမတွေက ဝိုင်းဝန်းပြီးတော့ ကြိုးစားပူးပါင်း ဆောင်ရွက်ခဲ့ကြတာပါ၊၊ ဒါတွေကို စဉ်းစားမိတော့လည်း တစ်ချိန်က မကွေးကောလိပ်ကို ၄ နှစ်သင်ကောလိပ် ပီပီ ပြင်ပြင်ဖြစ်အောင် ဖော်ထုတ်ခဲ့တဲ့နေရာမှာ Pioneer တွေထဲက တစ်ယောက်ဖြစ်ခဲ့ရတဲ့ အတွက် ကြည်နူးမိခဲ့ပြန်ပါတယ်။
အဲဒီလုပ်ငန်းကို ဒေါက်တာမောင်ဒီက ဆောင်ရွက်ပြီးတော့ မော်လမြိုင်ကောလိပ် ကို ပြောင်းသွားခဲ့ပါတယ်။ အဲဒါက ၁၉၇၂ ခုနှစ်ပါ ။ အဲဒီနှစ်မှာ ကျွန်တော်က မကွေး ကောလိပ်ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပါတယ်။ မကွေးကောလိပ်မှာ ကျောင်းအုပ်ကြီး တာဝန် ထမ်းဆောင်နေစဉ်အတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအနက် သတိရမိတာတစ်ခုက တော့ ကျောင်းအုပ်ကြီးတာဝန်များသာကမ ရူပဗေဒ ဌာနမှာ စာသင်ပြပေးခြင်းအလုပ်ကို ဆက်လက်ပြီးတော့ ၇ နှစ်တိုင်တိုင် သင်ပြပို့ချ ပေးခဲ့ခြင်းပါပဲ။ ၁၉၈၁ ခုနှစ်မှာတော့ ပုသိမ် ကောလိပ်ကို ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
မကွေးကောလိပ်နဲ့ ပုသိမ်ကောလိပ်တို့မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ပတ်ဝန်း ကျင်အဖွဲ့အစည်းအချို့နဲ့ ထိတွေ့ဆက်ဆံမှု တွေ များခဲ့ပါတယ်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ သာသနာရေး စသည်တို့မှာ မြို့နယ်အဆင့် ၊ တိုင်းအဆင့်၊ အဖွဲ့အစည်း အသီးသီး နဲ့ တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။ အဲဒီကောလိပ်နှစ်ခုမှာ ကျောင်း အုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း လူရည်ချွန်စခန်းမှူးအဖြစ် ၂ ကြိမ်၊ တွဲဖက်စခန်းမှူးအဖြစ် ၁ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ကိုလည်း ပညာရေးလေ့လာဖို့ ခရီးသွားခွင့်ရခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မော်လမြိုင်တက္ကသိုလ်ကို ပါမောက္ခချုပ်အဖြစ် ပြောင်းရွှေ့ခဲ့ရပါတယ်။ မော်လမြိုင်တက္ကသိုလ်ကို ပါမောက္ခချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်တော့ မော်လမြိုင် တက္ကသိုလ်က အနည်ထိုင်စပြုနေတဲ့ တက္ကသိုလ်အသစ်တစ်ခု ဖြစ်ပါတယ်၊ အဲဒီ ကာလ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာတွေ ဆရာမတွေ၊ ရုံးဝန်ထမ်းတွေက အင်မတန်မှ စည်းလုံးကြ ပါတယ်။ အဲဒီစည်းလုံးမှုကို ပိုပြီး ကျစ်ကျစ် လျစ်လျစ်လုပ်နိုင်အောင် အတတ်နိုင်ဆုံး စည်းရုံးကြိုးပမ်းခဲ့ပါတယ်။
ကျွန်တော် မော်လမြိုင်တက္ကသိုလ်မှာ ရှိတဲ့ကာလအတွင်း သင်ကြားရေးဌာနတွေ ကို တစ်ခုချင်း လေ့လာပါတယ်။ လေ့လာရင်း ဌာနတိုင်း မိမိရဲ့ဌာနကို တိုးတက်စည်ပင် ဖွံ့ဖြိုးအောင်လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်နေခိုက် တစ်ရက်တော့ စက်စဲကမ်းခြေမှာရှိတဲ့ မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန သုတေသနစခန်းကို ရောက် ခဲ့ပါတယ်။ ကျွန်တော်နဲ့ အဏ္ဏဝါသိပ္ပံဌာန ဌာနမှူး ဦးကြည်ဝင်း၊ စီမံခန့်ခွဲရေးဘက်က အရာရှိ ဌာနမှူး ဦးခင်ညိုတို့နဲ့အတူ သွားရောက်ခဲ့တာပါ။ အဏ္ဏဝါသိပ္ပံဌာနဟာ ဒေါက်တာမောင်ဒီ ကျောင်းအုပ်ကြီးဖြစ်စဉ် ကာလမှာ သုညကနေစပြီး ထူထောင်ခဲ့တဲ့ ဌာနဖြစ်ပါတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ဒေါက်တာမောင်ဒီရဲ့ ကြိုးပမ်းမှုကို ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။ အဲဒီမှာ သုတေသနလုပ်ငန်းတွေကို တော်တော်များ များ လုပ်နေနိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။ သုတေသနပညာရှင်တွေအနေနဲ့ သုတေသနလုပ်ငန်းကို ကြိုးစားပြီး ဆက်လက်လုပ် ဆောင်ဖို့ အရည်အသွေးမီပြီး အဆင့်မြှင့်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တိုက်တွန်းခဲ့ပါတယ်၊
မေး ။ ။ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခ ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေလည်း ပြောပြပေးပါဦး ဆရာကြီးရှင့်။
ဖြေ ။ ။ မော်လမြိုင် တက္ကသိုလ်ကနေပြီးတော့ ၁၉၈၉ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်ကို ပါမောက္ခချုပ်အဖြစ် ပြောင်းရွှေ့ ရပါတယ်။ အဲဒီကိုရောက်တော့ ရန်ကုန် တက္ကသိုလ်ဟာ နေသားတကျဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ သင်ကြားရေးပိုင်းက ဆရာ ဆရာမတွေ ၊ စီမံခန့်ခွဲရေးပိုင်းက အရာရှိတွေ၊ အရာရှိမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးနီးပါးဟာ မိမိလုပ်ရမယ့် တာဝန်တွေကို ကောင်းစွာသိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကြီးကြပ်ကွပ်ကဲတဲ့နေရာမှာ ပင်ပန်းမူမရှိခဲ့ပါဘူး။ အဲဒီပုဂ္ဂိုလ်တွေဟာ ကျွန်တော်လုပ်သမျှ လုပ်ငန်းတွေမှာ အားတက်သရော ဝိုင်းဝန်း ပူးပေါင်းပြီးတော့ ကူညီခဲ့ကြပါတယ်။ ဒါကြောင့်မို့ ဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောချင်ပါ တယ်။ ရန်ကုန်တက္ကသိုလ်မှာ ကျွန်တော် ၁၉၉၂ ခုနှစ်ထိ တာဝန်ထမ်းဆောင်ပြီးတော့ အငြိမ်းစားယူခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်း ဆောင်စဉ် လုပ်ခဲ့တဲ့ လုပ်ငန်းတချို့ကိုလည်း အနည်းအကျဉ်း တင်ပြလိုပါတယ်။ ပညာရေး ဝန်ကြီးဌာနက တာဝန်ပေးတဲ့ Education In Myanmar ဆိုတဲ့ စာတမ်းပြုစုရတဲ့လုပ်ငန်းမှာ ကျွန်တော်က ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ ဦးဟန်တင်က အတွင်းရေးမှူးပါ။ အဆင့်မြင့် ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနဲ့ စက်မှုစိုက်ပျိုး သက်မွေးပညာဦးစီးဌာနက ကိုယ်စားလှယ်တွေက အဖွဲ့ဝင်တွေဖြစ်ပါ တယ်။ ကျွန်တော်တို့ အချက်အလက်တွေ ရှာဖွေစုဆောင်း ညှိနှိုင်းရေးသားပြီး Educat-ion In Myanmar စာတမ်းကို ပညာရေး ဝန်ကြီးဌာနသို့ တင်သွင်းနိုင်ခဲ့ပါတယ်။
နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စပါ။ အများ သိပြီးတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်က ဝါအရင့်ဆုံး၊ အကြီးဆုံး၊ အထင်ပေါ်ဆုံး တက္ကသိုလ်ဖြစ်တဲ့အတွက် နိုင်ငံခြားက အဖွဲ့အစည်းတချို့နဲ့ တစ်ဦးချင်းပုဂ္ဂိုလ်အချို့လာရောက်လေ့လာကြပါတယ်။ ဥပမာပြောရရင် ထိုင်းနိုင်ငံက ရောက်လာတဲ့ပညာရေး လေ့လာရေးအဖွဲ့ပါ။ တစ်ဦးချင်းလာတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဥပမာပြရရင် ပါကစ္စတန်နိုင်ငံက သံအမတ်ကြီးလို ပုဂ္ဂိုလ်မျိုးပါ။ လာ သမျှပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ကျွန်တော်က ကြိုဆိုဧည့်ခံရပါတယ်။ ပြီးတော့ ပညာရေးကိစ္စရပ်တွေကို အမြင်ချင်း ဖလှယ်ဆွေးနွေးရပါတယ်။ ကျွန်တော်နဲ့အတူ ပါမောက္ခနှစ်ဦးလည်း အမြဲရှိနေပါတယ်။ ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခ ချုပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ကာလ အတွင်းမှာ နိုင်ငံခြားကို နှစ်ကြိမ်သွားရောက် လေ့လာခွင့်ရခဲ့ပါတယ်။ ပထမအကြိမ်ကတော့ မြန်မာစာအဖွဲ့ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးစံလွင်ဦးဆောင်တဲ့ ထိုင်းနိုင်ငံ ပညာရေးလေ့လာရေး ခရီးဖြစ်ပါတယ်။
ဒုတိယအကြိမ်ကတော့ ကျွန်တော် တစ်ယောက်တည်းသွားရတာပါ။ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပတဲ့ ယူနက်စကိုရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ပညာရေးပူးပေါင်း ဆောင်ရွက်မှု အကြံပေးအဖွဲ့ ရဲ့ ပဉ္စမအကြိမ် မြောက်အစည်းအဝေး (စက်တင်ဘာ ၁၉၈၉) Fifth Session of Advisory Committee on Regional Cooperation in Education in Asia and Pacific. (Sept.1989) ကို မြန်မာနိုင်ငံကစေလွှတ်တဲ့ အလှည့်ကျ ကိုယ်စားလှယ်အနေနဲ့ သွားရောက်ခွင့်ရခဲ့ပါ တယ်။ ၁၉၉၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က နေ အငြိမ်းစားယူပါတယ်။
မေး ။ ။ ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့် အချိန်ကာလအတွက် အမှတ်တရစကားလေး ပြောကြားပေးစေလိုပါတယ် ဆရာကြီးရှင့်။
ဖြေ ။ ။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာ ပြည့်သွားပြီဆိုတော့ ဝမ်းသာပါတယ်၊ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။ အဲဒါက အီတလီနိုင်ငံမှာရှိတဲ့ ဘိုလို့ညာ တက္ကသိုလ်ဖြစ်ပါတယ်။ အဲဒီ ဘိုလို့ညာတက္ကသိုလ်ဟာ ၁၀၈၈ ခုနှစ်က တည်ထောင်ခဲ့တာပါ။ အခုတော့ နှစ်ပေါင်း ကိုးရာကျော်ပါပြီ။ အလားတူပဲ ရန်ကုန် တက္ကသိုလ်ကိုလည်းပဲ ဒီနှစ်ရာပြည့်နှစ်ကစပြီး ရာစုပေါင်းများစွာ အသက်ရှည်တည်တံ့နိုင်ပါစေလို့ ဆုတောင်းရင်း မေတ္တာပို့ဆုတောင်းပါတယ်၊ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။
ဆရာကြီး ဦးတင်ဦးလှိုင်သည် ၁၉၉၂ ခုနှစ် အငြိမ်းစားယူပြီးနောက်ပိုင်း သဒ္ဓမ္မရံသီ ရိပ်သာတွင် ရိပ်သာဆရာတော်ဘုရားကြီး၏ ပြည်ပသာသနာပြု ခရီးစဉ်များတွင် ကပ္ပိယ ဘာသာပြန်သူ အဖြစ်နှင့် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး ရေးသား ပြုစုသည့် ဓမ္မစာပေများကို အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုရာမှာလည်း တည်းဖြတ်သူ၊ ကိုယ်တိုင်ဘာသာပြန်သူဖြစ်ပြီး ရိပ်သာ၏ နာယကအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ။
တွေ့ဆုံမေးမြန်း- ရတီ