Skip to main content

ကျွန်တော်၏ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ

လူဆိုသည်မှာ အကောင်းအဆိုး ကြုံတွေ့ရစမြဲပင်ဖြစ်သည်။ ကျွန်တော်သည်လည်း လူထဲက လူတစ်ယောက်ဖြစ်သောကြောင့် အကောင်းအဆိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အဆိုးများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီး အကောင်းများစွာကိုလည်း ပျော်ရွှင်ကြည်နူးဖွယ် ခံစားခဲ့ရသည်။ အကောင်းများစွာထဲ၌ ကျွန်တော့်အတွက် မေ့မရနိုင်သော၊ လွမ်းစရာကောင်းသော၊ အေးချမ်းသော ဘဝတစ်ခုမှာ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် ပညာဆည်းပူးခဲ့ရသော ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝပင် ဖြစ်သည်။

၁၉၈၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ခဲ့သော ကျွန်တော်သည် တက္ကသိုလ်ကျောင်းသားဘဝကို ရန်ကုန် တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၌ စတင် ခဲ့ပါသည်။ ပထမနှစ်ကျောင်းသားဘဝသည် ပျော်စရာကောင်းလှသည်။ သူငယ်ချင်း အသစ်များနှင့်သွားအတူ၊ လာအတူ နေထိုင် ခဲ့ရသည်မှာ မမေ့နိုင်။ ပထမနှစ်စာမေးပွဲ အောင်ပြီး ဒုတိယနှစ်သို့ ရောက်လာသော အခါတွင်လည်း ပျော်ပျော်ပင်။ သို့သော် နည်းနည်းထူးခြားနေသည်ကို သတိထားမိပါ သည်။ တချို့ စာခိုးကျက်ကြသည်။ တချို့ မှတ်စုများ လျှို့ဝှက်ကြသည်။ တချို့ တိုးတိုး တိတ်တိတ် နေကြသည်။ တချို့စားသောက် ဆိုင်များသို့ မလိုက်ကြတော့၊ ပထမနှစ် ကျောင်းသားဘဝကကဲ့သို့ မနွေးထွေးကြ တော့ပေ။ ထိုအခြေအနေကို သတိထားမိ သော ကျွန်တော်သည် သူငယ်ချင်းများကို မေးမိပါတော့သည်။ ဒုတိယနှစ်စာမေးပွဲ အောင်လျှင် ရန်ကုန်တက္ကသိုလ်တွင် ဂုဏ်ထူး တန်း တက်ရောက်လိုသောကြောင့် စာကြိုးစားနေကြခြင်းဖြစ်သည်ကို သိလိုက်ရ ပါသည်။

မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့

ထိုအခါမှ မြန်မာစာကျောင်းသားအဖြစ် မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့သော ကျွန်တော့် အတွက် အငုံစိတ်သည်တိုးထွက်လာခဲ့ရသည်။ စာကြိုးစားသော သူငယ်ချင်း များကဲ့သို့ ကြိုးစားလျှင် ဂုဏ်ထူးတန်းသို့ မလွဲမသွေ တက်ရောက်နိုင်ရမည်ဟူသော မာန်မာနက လည်း ရင်ထဲ၌ ဖြစ်တည်လာခဲ့ပါသည်။ ထို့ကြောင့် ဆရာ ဆရာမများ၏ သင်ကြားမှုကို မပျက်မကွက်သင်ယူသည်။ ဂုဏ်ထူးတန်း တက်ရောက်နေသော သူငယ်ချင်းများ၏ မှတ်စုကို လေ့လာသည်။ မှတ်စုများကို ကိုယ်တိုင်ပြင်ဆင်သည်။ ထိုသို့ ကြိုးစားခဲ့ သောကြောင့် ဒုတိယနှစ် စာမေးပွဲတွင် ဂုဏ်ထူးများ ထွက်ရှိကာ ပထမနှစ်ဂုဏ်ထူး တန်းသို့ တက်ရောက်ခွင့် ရရှိခဲ့ပါသည်။

ပထမနှစ် ဂုဏ်ထူးတန်း မြန်မာစာ ကျောင်းသား ကျောင်းသူများသည် ရန်ကုန် တက္ကသိုလ်၊ တောင်ငူဆောင်တွင်တက်ရောက် ရသည်။ တောင်ငူဆောင်၊ မြန်မာစာဌာနတွင် ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကား နေသည်ကိုကြည့်ရင်း ပျော်ရွှင်ကြည်နူးရ သည်။ ပထမနှစ် ဂုဏ်ထူးတန်း ကျောင်းသား ဘဝတွင် ဆရာကြီး ဆရာမကြီးများ၏ သင်ကြားပို့ချမှုကို ဂရုတစိုက် နားထောင်ရ သည်။ နှစ်ပတ်လျှင်တစ်ကြိမ် စာစီတန်းကို အလွတ်ဖြေဆိုရသည်။ မိမိ၏ အဖြေလွှာတွင် အမှားပါရှိလျှင် နည်းပြတန်း ဆရာ ဆရာမ များက အသေးစိတ်ရှင်းလင်းပြကြသဖြင့် အသိအမြင် တိုးပွားရပါသည်။

ပထမနှစ် မြန်မာစာဂုဏ်ထူးတန်းတွင် ပို့ချခဲ့သော ဆရာကြီး ဆရာမကြီးများကို မေ့မရနိုင်ပါ။ ရာဇကုမာရ် မွန်ကျောက်စာကို ရှင်းရှင်းလင်းလင်း နားလည်အောင်သင်ကြား ပေးသော ဆရာကြီးဦးတိမ်ကြည်၊ ဒေ၀ကုမ္ဘာန် ပြဇာတ်ကို ပိုင်ပိုင်နိုင်နိုင် သင်ကြားပေးသော ဆရာကြီးဦးမြသိန်း၊ဘာသာဗေဒ၊သဗေဒကို နားလည်သဘောပေါက်အောင် သင်ကြား ပေးသော ဆရာကြီးဦးထွန်းမြင့် (တက္ကသိုလ် မင်းမော်)၊ အာသံနိုင်မော်ကွန်းကို တက်တက် ကြွကြွသင်ကြားပေးသော ဆရာမကြီး ဒေါ်သီသီထွဋ်၊ မြန်မာကျောက်စာများကို အသေးစိတ်ရှင်းလင်းပြသပေးသော ဆရာမ ကြီး ဒေါ်တင်ထွေး၊ ရတုကဗျာများကို ချင်ခင် စိတ်ဖြစ်အောင် သင်ကြားပေးသော ဆရာမကြီး ဒေါ်ခင်စောတို့၏သင်ကြားပို့ချမှုများကို ယနေ့တိုင် မြင်ယောင်လျက်ရှိပါသည်။ ပထမ နှစ် ဂုဏ်ထူးတန်းပညာသင်နှစ်တစ်ခုတည်း

သာ ကျောင်းပညာကို အေးအေး ချမ်းချမ်း ဆည်းပူးခဲ့ရသည်။ ဒုတိယနှစ်ဂုဏ်ထူးတန်းနှင့် တတိယနှစ် ဂုဏ်ထူးတန်းတို့တွင် ရှစ်လေး လုံးအရေးအခင်းနှင့် ကြုံတွေ့ခဲ့ရပြီး ကျောင်း ဖွင့်လိုက်၊ ကျောင်းပြန်ပိတ်လိုက်နှင့် ပညာကို ့ပိုင်းထံပိုင်းဆည်းပူးခဲ့ရသည်။ ဆရာ ဆရာ မများသည်လည်း အပြောင်းအရွှေ့အမိန့် ကြောင့် လည်းကောင်း၊ ရာထူးတိုးနယ်မြို့များသို့ ပြောင်းရွှေ့သွားသော ကြောင့်လည်းကောင်း တာဝန်ထမ်းဆောင်ကြသဖြင့် ကွဲကွာ သွားခဲ့ကြသည်။

သတိရမြင်ယောင်လျက်

ဂုဏ်ထူးဘွဲ့ရရှိပြီးနောက် မဟာဝိဇ္ဇာ ရေးဖြေတန်းကို ဆက်လက်တက်ရောက် ခွင့်ရ ခဲ့သည်။ မဟာဝိဇ္ဇာရေးတန်းတွင် ပို့ချပေးသော ဆရာ ဆရာမကြီးများမှာ ဆရာမကြီး ဒေါ်ပို၊ ဆရာမကြီးဒေါ်မာလေး၊ ဆရာမကြီး ဒေါ်လှမြင့်၊ ဆရာမကြီးဒေါ်မြမြဝင်း၊ ဆရာကြီး ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)၊ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဆရာကြီးဦးလှမြင့်၊ ဆရာကြီးဒေါက်တာ

အောင်ဇော်တို့ဖြစ်သည်။ ဆရာကြီးဆရာမကြီး တို့၏ သင်ကြားပို့ချမှုကို နှစ်လုံးပေါက် သင်ယူ ခဲ့ရသည်။ အထူးသဖြင့် ဆရာမကြီးဒေါ်ပို၍ “ရွှေစက်တော်သွား တောလား” ပို့ချမှုကို ယနေ့တိုင် သတိရမြင်ယောင်လျက်ရှိပါသည်။

မဟာဝိဇ္ဇာ ရေးဖြေအောင်မြင်ပြီးနောက် မဟာဝိဇ္ဇာဘွဲ့ရရန် ကျမ်းပြုရပါသည်။ “နေမိ မစိုးခန်းပျို့ လေ့လာချက်” ခေါင်းစဉ်ဖြင့် ကျမ်းပြုစုခွင့်ရသည်။ ကျမ်းကြီးကြပ်သူမှာ ဆရာမကြီးဒေါ်လှမြင့်ဖြစ်သည်။ ကျမ်းပြု ချိန်မှာ ၂ နှစ်ခန့်ကြာပြီးနောက် ကျမ်းစာမေး ပွဲစစ်သည်။ ပြင်ပစာစစ်မှာ ဆရာမကြီး ဒေါ်မာလေးဖြစ်ပြီး အတွင်းစာစစ်မှာ ဆရာမ ကြီးဒေါ်ခင်သိန်းဖြစ်သည်။ ထို့နောက် မဟာ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မဟာဝိဇ္ဇာ ကျမ်းပြုနေ စဉ်အတွင်း အချိန်ပိုင်းနည်းပြမှ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီး လုပ်သားများကောလိပ် တွင် စတင်တာဝန်ထမ်းဆောင်ရသည်။

မဟာဝိဇ္ဇာဘွဲ့ရပြီးနောက် ရန်ကုန် တက္ကသိုလ်မြန်မာစာဌာနနှင့် ဝေးကွာခဲ့ရ သည်။ အလုပ်တာဝန်များရှိမှသာ တောင်ငူ ဆောင်မြန်မာစာဌာနသို့ ရောက်ရှိခဲ့ပါသည်။ လုပ်သားများ ကောလိပ်စာမေးပွဲများ၏အဖြေ လွှာများကို စစ်ဆေးရန်နှင့် တက္ကသိုလ် ဝင်တန်းအဖြေလွှာများကို စစ်ဆေးရန်အတွက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် လုပ်သား များကောလိပ်မှ တပ်မတော်နည်းပညာ တက္ကသိုလ်သို့ ပြောင်းရွှေ့ရသောအခါတွင် ပို၍ဝေးကွာသွားပါတော့သည်။ သို့သော် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ပညာ ဆည်းပူးရန် အခြေအနေတစ်ရပ် ဖြစ်လာခဲ့ သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဖွင့်လှစ်လျက်ရှိသည့် ပါရဂူသင်တန်းသို့ တက် ရောက်ရန် ရေးဖြေစာမေးပွဲကို အောင်မြင် ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တောင်ငူ ဆောင်ရှိ မြန်မာစာဌာနသို့ မပြည့်သော ပညာ များကို ဆည်းပူးရန်ရောက်ရှိခဲ့ပါတော့သည်။

အခက်အခဲဆုံး သင်တန်းတစ်ခု

ကျွန်တော့်ဘဝတွင် အခက်အခဲဆုံး သင်တန်းတစ်ခုကို ပြောပါဆိုလျှင် ပါရဂူ သင်တန်းကို ပြောရမည် ဖြစ်သည်။ နံနက် ရှစ်နာရီမှစတင်ကာ မွန်းလွဲသုံးနာရီအထိ ဖြစ်သည်။ နံနက်ရှစ်နာရီအတန်းချိန်များကို တာဝန်ကျသော ဆရာ ဆရာမများသည် အတိအကျဝင်ရသည်။ ထို့အတူ သင်တန်း သား သင်တန်းသူများသည်လည်း အချိန်မှန်

ကျောင်းတက်ရသည်။ တချို့ ကတိုက်ကရိုက်၊ တချို့ ဖရိုဖရဲ၊ တချို့အေးအေးဆေးဆေး၊ တချို့လှလှပပ ပြင်ဆင်ပြီး သင်တန်းသို့ အချိန် မှန်မှန် ရောက်လာကြသည်။ သင်တန်းစချိန် တွင် ဆရာဆရာမများ အချိန်အတိအကျဝင် ရောက်ခြင်းရှိမရှိနှင့်သင်တန်းသား သင်တန်း သူများ ပျက်ကွက်မှုရှိ မရှိကို ဆရာကြီး ဒေါက်တာခင်အေးက လိုက်လံစစ်ဆေးလေ့ ရှိသည်။ ထိုအခါစည်းကမ်းရှိသော ပါရဂူ သင်တန်းသားများ ဖြစ်လာကြသည်။ ထို့ပြင် သင်ကြားပို့ချသော ဆရာကြီး ဆရာမကြီး များ၏ စာတမ်းများကို အချိန်မီပြုစုပေးကြ ရသည်။ သင်တန်းပျက်ကွက်မှုများရှိလျှင် ခွင့်တိုင်ကြားရသည်။ ခွင့်တိုင်ကြားခြင်း မရှိလျှင် ပျက်ကွက်အဖြစ် သတ်မှတ်သည်။ စည်းကမ်း စနစ်ကြီးသော သင်တန်းတစ်ခုလည်း ဖြစ်သည်။

ပါရဂူသင်တန်းတွင် ပို့ချပေးသော ကျွန်တော်၏ ကျေးဇူးရှင် ဆရာကြီး ဆရာမ ကြီးများမှာ ဆရာကြီး ဦးတင်မောင်ဌေး၊ ဆရာ ကြီးဒေါက်တာခင်အေး၊ ဆရာကြီး ဦးတင်ရွှေ။ ဆရာကြီးဦးဝင်းမွန်၊ ဆရာကြီးဦးဟုန်ဝမ်၊ ဆရာကြီးဦးသန်းထွန်း၊ ဆရာကြီး ဦးသောင်း ညို။ ဆရာမကြီးဒေါ်ပို၊ ဆရာမကြီးဒေါ်ခင်ဆွေ မြင့်၊ ဆရာမကြီးဒေါ်တင်ထွေးတို့ ဖြစ်ကြ သည်။ ။

ပါရဂူသင်တန်းကို နှစ်ပေါက်သင်ယူပြီး နောက် ဘွဲ့ယူကျမ်းကို ဆက်လက်ပြုစုရ သည်။ “နဂါးနီစာအုပ် အသင်း၏ စာပေ လှုပ်ရှားမှု” ခေါင်းစဉ်ဖြင့် လေးနှစ်ပြုစုရ သည်။ ကျမ်းကြီးကြပ်သူမှာ ဆရာကြီး ဒေါက်တာအောင်ဇော်ဖြစ်သည်။ နှစ်စဉ် ဌာန တွင်း၌ ပုံမှန်စာတမ်းတစ်ကြိမ်နှင့် နှစ်အလိုက် တင်သွင်းရသော စာတမ်းတစ်ကြိမ် ဖတ်ကြား ရသည်။ စာတမ်းပြုစုရန် အတွက် လည်းကောင်း၊ ကျမ်းအကိုးအကားပြည့်စုံစေ ရန်အတွက်လည်းကောင်း စာကြည့်တိုက် များကို သွားရောက်ရှာဖွေရသည်။ စာအုပ် စာပေစုဆောင်းသူများထံမှ လိုအပ်သော စာအုပ်များကို ငှားရမ်း၍ မိတ္တူဆွဲရသည်။ ကျမ်းနှင့် ပတ်သက်၍ နားလည်တတ်ကျွမ်း သော ပညာရှင်များထံမှ အကြံဉာဏ်များ ယူရသည်။ ထိုအခါ ကျမ်းအဖြစ်ပေါ်ထွက်လာခဲ့ ပါတော့သည်။

ကျမ်းပြုစုပြီးသောအခါ ကျမ်းစာမေးပွဲ စစ်သည်။ ပြင်ပစာစစ်မှာ ဆရာကြီး ဦးဝင်း မွန် (တက္ကသိုလ်ဝင်းမွန်)ဖြစ်ပြီး အတွင်းစာစစ် မှာဒေါက်တာခင်စန်းဖြစ်သည်။ ကျမ်းစာမေးပွဲ စစ်ဆေးပြီးနောက် ပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။

ကျွန်တော်သည် ဂုဏ်ထူးဘွဲ့၊ မဟာဘွဲ့၊ (ပါရဂူဘွဲ့သုံးခုစလုံးကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ဘွဲ့သုံးခုစလုံးအတွက် ပညာ ဆည်းပူးရသောအချိန်မှာ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ခန့် ကြာမြင့်ခဲ့ပါသည်။ ထိုသို့ ကြာမြင့်စွာ ပညာဆည်းပူးခဲ့ရသော ရန်ကုန် တက္ကသိုလ်မြန်မာစာဌာနကို မေ့၍ ရနိုင်မည် မထင်။ ပညာသင်ပေးခဲ့သော ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးတို့၏ ကျေးဇူးကို မေ့၍ ရနိုင်မည်မထင်။ ထို့အတူ မိမိနှင့်အတူ ပညာ ဆည်းပူးခဲ့သော မိတ်ဆွေသူငယ်ချင်းများကို လည်းမေ့၍ ရနိုင်မည်မထင်။ ကျွန်တော်၏ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀သည် ရန်ကုန်တက္ကသိုလ်၏ အရိပ်ကြောင့် ဂုဏ်ယူ စရာ ဖြစ်ခဲ့ရပေသည်။ ။

နန္ဒာမင်းဝေ

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

ဒေါက်တာ မင်းမော်သန့် ကို အဖ ဦးအုံးမြင့်၊ အမိ ဒေါ်အုန်းမြင့်တို့မှ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်တွင် ဖွားမြင်သည်။

မူလတန်းပညာကို အ.မ.က (၃) ဗိုလ်တထောင်တွင်လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းပညာ ကို အ.ထ.က (၁) ဗိုလ်တထောင် တွင်လည်းကောင်း သင်ယူခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင် နယ်မြေ)နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးသည်။ မြန်မာစာ ဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့ များ ရရှိခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် လုပ်သားများကောလိပ်၌ နည်းပြ အဖြစ် စတင်အမှုထမ်းသည်။ ထို့နောက် တပ်မတော် နည်းပညာ တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မြိတ် တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့တွင် လက်ထောက် ကထိက၊ ကထိက။ တွဲဖက်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၆-ခုနှစ်တွင် ထိုင်းနိုင်ငံဖူးခက်မြို့ရှိ Prince of Songlala တွင်ဧည့် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ယခုအခါ စစ်တွေ တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။