ဂုဏ်ယူမှန်းဆ ... လွမ်းရပါကြောင်း ရေနံချောင်းမြို့က ... အမျိုးသားကျောင်း
ဒေါက်တာနီလာသိန်း (လင်းရောင်သစ်)
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဟာ ထူးခြားလှတဲ့ နှစ်၊ လ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ အမျိုးသားအောင်ပွဲရာပြည့်၊ အမျိုးသားကျောင်းရာပြည့် စတဲ့ နှစ်တစ်ရာပြည့် အမှတ်တရတွေနဲ့ တိုက်ဆိုင်နေတာကြောင့် စာပေ၊ ကဗျာ၊ ဂီတ၊ အငြိမ့်သဘင် အနုပညာတွေနဲ့ ရေးသားဖော်ပြ အောက်မေ့တသကြတာကို တဝကြီး တွေ့မြင်နေရပါတယ်။
ကျွန်မတို့ မသိမမီလိုက်တဲ့ အတိတ် ခေတ်ကာလတွေရဲ့ သမိုင်းပုံရိပ်တွေကို သိရှိ ခွင့်ရတဲ့ အခါ၊ ကြည့်ရှုခွင့်ရတဲ့အခါ ကျွန်မကြီးပြင်းခဲ့ရာ ရေနံချောင်းဆိုတဲ့ မြို့လေးနဲ့အတူ သမိုင်းဝင် နေရှင်နယ်အမျိုးသား အထက်တန်းကျောင်းရဲ့ ရာဇဝင်သမိုင်း ကြောင်းတွေကို ကျောင်းသူဟောင်း တစ်ယောက်အနေနဲ့ ပြန်ပြောင်းတမ်းတ သတိရမိပါတယ်။ ‘ရေနံချောင်း’ ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့တင် ကျွန်မရဲ့ဦးနှောက်က အလုပ်များစွာလုပ်ပြီး နှလုံးသားကပူနွေး လှိုက်လှဲလာ ခဲ့ရပါတယ်။
သမိုင်းခိုင်မာတဲ့မြို့
တကယ်တော့ ရေနံချောင်းမြို့ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသမိုင်းမှာ မပါမဖြစ် အထင်ကရရှိခဲ့တဲ့မြို့၊ သမိုင်းခိုင်မာတဲ့ မြို့ဖြစ်ပါတယ်။ အဘိုးသခင်ကိုယ်တော်မှိုင်း သမိုင်းစခဲ့တဲ့ မြို့၊ တို့ဗမာအစည်းအရုံး ပထမဆုံးကျင်းပရာ နေရာမှန်၊ ‘လည်ပေါ် တန်ဆောင်းနဲ့ သခင်အောင်ဆန်း’ တို့လို မျိုးချစ်သူရဲကောင်းတွေ အောင်မြေနင်းခဲ့တဲ့ မြို့၊ ကိုအောင်ဆန်းရဲ့ ပထမအရွယ် ကျောင်းသားဘဝ နေထိုင်ခဲ့ရာရွှေကြာငုံ ရပ်ကွက်နဲ့ အမျိုးသားနေရှင်နယ်ကျောင်း တည်ရာမြို့၊ နယ်ချဲ့ဆန့်ကျင်ရေး အလုပ်သမားထုကြီးရဲ့ ကျေးဇူးရှင်သခင်ဖိုးလှကြီးရဲ့ အောင်ပွဲ ရင်ပြင်မြို့ စတဲ့နောက်ခံသမိုင်းကြောင်းတွေကို ပြောရရင်ဖြင့် တစ်ထောင့်တစ်ညမက ရှိနေပါလိမ့်မယ်။
ပုဂံ အလောင်းစည်သူမင်း လက်ထက် ရေနံတွေက ချောင်းသဖွယ် စီးဆင်းခဲ့ပြီး သုံးချောင်းငင် လက်ယက်တွင်းမှသည် သံပန်း မျှော်စင်ကြီးတွေတဝေဝေနဲ့ ‘မီးမငြိမ်းမြို့တော်’ ရယ်လို့ ရာဇဝင်တွင်ခဲ့တဲ့ သမိုင်းဝင်မြို့ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ...
ရေနံချောင်းဆိုတာ
ရေနံချောင်းဆိုတာ....
အနိမ့်အမြင့်တောင်တန်းတွေနဲ့
ကျွန်ဘဝရဲ့ကယ်တင်ရှင်အခေါင်နန်း
သခင်အောင်ဆန်းကို...
စင်တင်ပေးခဲ့တဲ့မြို့။ (နန္ဒယနောင်မိုး)
ရေနံချောင်းဆိုတာ...
ဧရာဝတီကမ်းနံဘေး..
ပြုံးပြုံးလေးရပ်နေတဲ့မြို့
ဒုတိယပုဂံလို့တင်စား...
စေတီဘုရားများတဲ့မြို့
ဘိုးဘွားအမွေနဲ့မြို့...
တွင်းစားတစ်တွေနေခဲ့တဲ့မြို့
ကျောက်ကာ၊ ကျောက်တံခါး၊
ဆိပ်သာကွန်းထောက်၊ ရေနံသာ၊
ရေနံချောင်း
စတဲ့ ငါးမည်ရ ငါးဘွဲ့ခံ...
ရာဇဝင်ထဲက မြို့။
(သစ္စာမောင်−ရွှေကျွန်း)
ရယ်လို့ ရေနံသာရဲ့ ကဗျာဆရာကြီးတွေက ရေးဖွဲ့ခဲ့ကြတယ်။
အဲဒီရေနံချောင်းမြို့ ရွှေကြာငုံရပ်ကွက်က အမိန့်တော်ရရှေ့နေကြီး ဦးဘသက်ရဲ့အိမ်မှာ ဗိုလ်ချုပ်တို့ ညီအစ်ကိုတွေ နေထိုင်ခဲ့ကြတယ်။ ကျွန်မတို့က ဘဘသက်လို့ခေါ်တဲ့ ဦးဘသက် အိမ်ကနေ ဆင်းလာပြီး ဘယ်ဘက်ကိုကွေ့၊ လမ်းနှစ်သွယ်ကိုကျော်၊ တောင်ကုန်း ခပ်ပြေပြေကိုတက်၊ ဘယ်ဘက်ကို ချိုးကွေ့ လိုက်ရင် ကုန်းမော့မော့ရဲ့ အဆုံး တောင်ကုန်း ထိပ်မှာ အမျိုးသားအထက်တန်းကျောင်း တည်ရှိပါတယ်။ အဲဒီကျောင်းမှာ ဗိုလ်ချုပ်တို့ ညီအစ်ကို ပညာသင်ကြား ခဲ့ကြတယ်။ ကျွန်မတို့ မောင်နှမလေးယောက်
လည်း အဲဒီကျောင်းမှာပဲ မူလတန်း ပညာသင်ကြားခဲ့ကြတာပါ။ ၁၉၇၀ ပြည့်နှစ်မှာ ကျွန်မဖေဖေက ပညာအုပ်ရာထူးနဲ့ ပခုက္ကူကနေ ရေနံချောင်းကို ပြောင်းရွှေ့လာရတယ်။ ဖေဖေ မေမေတို့က နတ်မောက်သူ နတ်မောက်သားတွေ ဖြစ်လေတော့ ရေနံချောင်းရောက်တဲ့အခါ ကိုယ့်ရဲ့ဇာတိသား ရပ်ဆွေရပ်မျိုးတွေရှိနေတဲ့ ရွှေကြာငုံရပ်ကို ရွေးချယ်ခဲ့ကြပါတယ်။
ကျွန်မတို့အိမ်က ရွှေကြာငုံရပ်ကွက် သစ္စာလမ်းရဲ့တောင်ကုန်းထိပ်မှာရှိတယ်။ ကပ်ရပ်အိမ် က ဒေါ်ကြီးညိုနဲ့ ဦးလေးမောင်မောင် တို့ မောင်နှမရဲ့အိမ်ဖြစ်တယ်။ စာရေးဆရာကြီး နတ်မောက် ဘုန်းကျော်+ ဒေါ်အေးရီ (စာရေးဆရာမကြီးညိုညက်)တို့ရဲ့ မောင်နှမတွေဖြစ်တယ်။ (အဲဒီအိမ်က ဘဘ သခင်ခင်ညွန့်ရဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ကာလ NLD ရုံးစိုက်ရာအိမ်လည်း ဖြစ်ခဲ့တယ်။) မျက်နှာချင်းဆိုင် တစ်အိမ်ကျော်မှာတော့ အမြတ်ခွန် ဝန်ထောက် ဦးဘသန်း ဒေါ်တင်အိ မိသားစု၊ ဦးဘသန်းရဲ့ ကျောချင်းကပ်အိမ် က ဦးဘသက်ရဲ့အိမ် ဖြစ်ပါတယ်။ ဦးဘသက် အိမ်ရဲ့ တစ်အိမ် ကျော်မှာတော့ ရှေ့နေဦးဘဂျမ်းရဲ့အိမ် ရှိပါတယ်။ နတ်မောက်သား တွေဖြစ်သလို ဆွေမျိုးသား ချင်းတွေလည်း ဖြစ်ကြတာကြောင့် တစ်အိမ်နဲ့တစ်အိမ် ကူညီရိုင်းပင်း ကြတယ်။ ကျွန်မတို့မိသားစု ကိုလည်း အထူးစောင့်ရှောက်ခဲ့ကြပါတယ်။
ကျွန်မတို့ ရေနံချောင်းကို ပြောင်းလာတော့ ဘဘသက်က မရှိတော့ပါဘူး။ အဲဒီအိမ်ကြီးမှာ ဘဘသက်ရဲ့ဇနီး ဒေါ်မြသင် (မေမေသင်) နဲ့ ညီမဖြစ်သူ ဒေါ်ခင်စု (မေမေစု) တို့ရဲ့ သားသမီး မိသားစုတစ်တွေပဲ ရှိကြပါ တယ်။ ဘဘသက်ရဲ့ သမီးငယ် ဒေါ်အေးနွဲ့ရီက ဗိုလ်ချုပ်ကျောင်း (ယခင်အမျိုးသား အထက်တန်းကျောင်း) မှာ ဆရာမ ဖြစ်ပါတယ်။ ကျွန်မတို့ မောင်နှမတွေက ကျောင်းဆင်းတာနဲ့ ရေမိုးချိုး၊ စားသောက်ကာ ဘဘသက်တို့ အိမ်ကိုသွားပြီး အန်တီ ဒေါ်အေးနွဲ့ရီထံမှာ စာသင်ကြရပါတယ်။ စာသင်လိုက်၊ မုန့်စားလိုက်၊ကစားလိုက်နဲ့ ဘဘသက်တို့ အိမ်က ကလေးတွေ ပျော်တဲ့အိမ်လည်း ဖြစ်ပါတယ်။ စာသင်တဲ့ ဆရာမ အန်တီနွဲ့ကို ကြောက်ရပေမယ့် ဘဘသက်ရဲ့ဇနီး မေမေသင်နဲ့ မေမေစုတို့ ညီအစ်မက ကလေးတွေရဲ့ ဆိုးမျိုးကို ခံနိုင်တယ်။ ကျွန်မတို့ ဘယ်လောက်ဆော့ဆော့၊ ဆူဆူ ဘယ်တော့မှ မျက်နှာမငြိုဘူး၊ သူတို့ရဲ့ မိသားစုတွေ အားလုံးကလည်း စုစုစည်းစည်း ချစ်ချစ်ခင်ခင်နေကြတယ်။ ကျွန်မငယ်စဉ် ကတည်း ကသူတို့ဆီက ရှေးစကားတွေ ကြားခဲ့ရတယ်။ အရင်ကတော့ သူတို့အိမ်မှာ ဗိုလ်ချုပ်ငယ်စဉ်က ရေးခဲ့တဲ့လေ့ကျင့်ခန်း စာအုပ်အဟောင်းတွေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ ဘဘသက် ဆီကိုရေးပို့တဲ့စာတွေ၊ ဂျပန်ပြည်ကနေ ရေးပို့တဲ့စာတွေ ထင်းရှူးသေတ္တာထဲမှာ သေချာ သိမ်းဆည်း ထားတာပါ။ အဲဒီနောက်တော့ ရေနံချောင်းမှာ မီးက မကြာခဏ လန့်တော့ သိမ်းရင်း ဆည်းရင်း မိသားစုတွေ တစ်ယောက်တစ်နေရာစီ ဖြစ်သွားတဲ့အခါ အားလုံး ပျောက်ပျက် ကုန်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ရဲ့ ပထမအရွယ် စာအုပ်
ဆရာရေနံ့သာဝင်းမောင် ရေးသားတဲ့ ဗိုလ်ချုပ်ရဲ့ ပထမအရွယ် စာအုပ်ထဲမှာ (ဦးဘငြိမ်းရဲ့သား) သခင်ခင်ဇော်က သူငယ်ချင်းကိုအောင်ဆန်းထံ စာကူးရန် သွားရောက်ခဲ့တဲ့အခါ ကိုအောင်ဆန်းက သူ့အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ မြင်းဇောင်းထဲမှာ စာကျက်နေတယ်လို့ ရေးထားပါတယ်။ အမှန်တော့ အဲဒီမြင်းဇောင်းရှိတဲ့အိမ်က ကျွန်မတို့အိမ်ရဲ့ ရှေ့ကအခု ‘ဆရာမ ဒေါ်အေးမြင့်’ရဲ့အိမ် ဖြစ်ပါတယ်။ ကျွန်မ ငယ်ငယ်က အဲဒီအိမ်ထဲမှာ ဆော့ကစားကြတဲ့အခါ အိမ်ရှင်ဖြစ်တဲ့ ဘသာမက်၊ ဘဂျင်မီ၊ ဒေါ်ခင်ညွန့်၊ ဒေါ်ကရေစီနဲ့ ဘိုင်ကြီးတို့ရဲ့ ရှေးစကားတွေကို အကြိမ်ကြိမ်အခါခါ ကြားခဲ့ ရဖူးတယ်။ ယခင်က အဲဒီခြံကြီးထဲမှာ နှစ်ထပ်အိမ် အမြင့်ကြီးရှိပြီး အောက်ထပ်မှာ မြင်းတွေ ထားတယ်။ အိမ်က ဘယ်လောက် မြင့်သလဲဆိုရင် မြင်းစီးပြီးဝင်ရင်ကို မြင်းတစ်ခုန်ထက် မြင့်တယ်လို့ ဆိုပါတယ်။ “ကိုအောင်ဆန်းဟာ မြင်းစီးလည်းကျွမ်းတယ်။ တစ်ခါတလေ ကျောင်းကို မြင်းစီးပြီးသွားတယ်။ အဲဒီမြင်းဇောင်းထဲမှာ စာဖတ်တယ်၊ စာကျက်တယ်”လို့ အဘတို့က ပြောပါတယ်။
အဲဒီအချိန်ကတည်းက ကျွန်မတို့ မောင်နှမတစ်တွေက ဗိုလ်ချုပ်တို့ နေထိုင်ခဲ့ရာ ရပ်ကွက်နဲ့ ပညာသင်ကြားခဲ့ရာ ကျောင်းမှာ နေထိုင်ခွင့်ရခဲ့တာကို ဂုဏ်ယူပြီး စိတ်ကြီးတွေ ဝင်ခဲ့မိရပါတယ်။
ဗိုလ်ချုပ်ကျောင်းသားဘဝ
ဗိုလ်ချုပ်ဟာ ၁၉၂၈ ကနေ ၁၉၃၂ ခုနှစ်အထိ ရေနံချောင်းမှာ နေထိုင်ခဲ့တာပါ။ ၁၉၂၂ ခုနှစ် အသက်ခုနစ်နှစ်အရွယ်မှာ ဇာတိ နတ်မောက်မြို့ဆရာတော် ဦးသောဘိတ ကျောင်းမှာ မူလတန်းပညာကို သင်ကြားခဲ့ပါတယ်။ အလယ်တန်းပညာသင်ယူဖို့ ရေနံချောင်းကို သွားချင်ကြောင်း မိဘတွေကို ပူဆာတဲ့အခါ မိခင်ဖြစ်သူ အမေစုက သဘောမတူခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ‘သားငယ်’ရဲ့ ပြင်းပြတဲ့ဆန္ဒကို ခွင့်ပြုခဲ့ရပါ တယ်။ အဲဒီလို ရေနံချောင်းမှာ ကျောင်းတက် ခဲ့ရတာကလည်း ဖခင်ဖြစ်သူ ရှေ့နေကြီး ဦးဖာရဲ့ ရှေ့နေလိုက်ဖော်လိုက်ဖက် မိတ်ဆွေရင်း တွေဖြစ်တဲ့ ဦးဘသက်၊ ဦးဘဂျမ်းတို့နဲ့ ဆက်စပ်မှုကြောင့် လည်း ဖြစ်ပါတယ်။ ဦးဖာနဲ့ ဦးဘသက်က တူအရီးလည်း တော်စပ်တယ်လို့ ဆိုပါတယ်။ ပထမဦးစွာ မိဘများက သားကြီးဖြစ်တဲ့ ‘ဦးဘဝင်း’ ကို အရင်ပို့ပြီးမှ ဦးအောင်သန်းကို ပို့ပါတယ်။ အဲဒီနောက်မှ ကိုအောင်ဆန်းနဲ့ ကိုမေအောင် (ညီဝမ်းကွဲ) ကို ပို့ခဲ့တာ ဖြစ်ပါတယ်။ ဦးဘဝင်းက ၁၉၀၁ ခုနှစ်ဖွားဆိုတော့ ဗိုလ်ချုပ်နဲ့ ၁၄ နှစ် ကွာပါတယ်။ ဦးဘဝင်းက ရေနံချောင်း အမျိုးသား ကျောင်းကနေ ၁၀ တန်းကိုဂုဏ်ထူး သုံးဘာသာနဲ့အောင်မြင်ပြီး တစ်ကျောင်းလုံးမှာ ပထမစွဲခဲ့ပါတယ်။ ကျောင်းပြီးတဲ့အခါ ရေနံချောင်းအမျိုးသားကျောင်းမှာပဲ အထက် တန်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၂၈ ခုနှစ် မေလဦးမှာ ကိုအောင်ဆန်းဟာ ရေနံချောင်းကို စတင်ရောက် ရှိခဲ့ပါတယ်။ ဇွန်လမှာ စတုတ္ထတန်းကို တက်ပါတယ်။ နိုဝင်ဘာလမှာ စာမေးပွဲဖြေဆိုရပြီး ထူးချွန်စွာ အောင်မြင်ခဲ့တဲ့အတွက် ဆဋ္ဌမတန်းကို တန်းကျော် တက်ခွင့်ရခဲ့တယ်။ ၁၉၂၉ ခုနှစ် ဇွန်လမှာ သတ္တမတန်းတက်ရပြီး ၁၉၃၀ ပြည့်နှစ် မတ်လမှာ ကျင်းပတဲ့ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး နဝမစွဲခဲ့တယ်။ အထက်တန်း စကောလား ရှစ်ရခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ အမျိုးသားကျောင်းများအနက် ပထမစွဲခဲ့တာကြောင့် ‘ဦးရွှေခို’ ဆုကို ရခဲ့တယ်။ ဆုတံဆိပ်ဟာ အလယ်မှာ ‘မိုးကြိုး’၊ ဘေးမှာ ငွေပတ်လည်ဝိုင်းထားတဲ့ ‘ညောင်ရွက်ဒိုင်းပုံ’ တံဆိပ် ဖြစ်ပါတယ်။ တံဆိပ်မှာ ‘မောင်အောင်ဆန်း ၇ တန်း၊ အမျိုးသား အထက်တန်းကျောင်း ရေနံချောင်းမြို့’ လို့ စာထွင်းထားပါတယ်။
၁၉၃၀ ပြည့်နှစ် ဇွန်လမှာ အဋ္ဌမတန်း တက်ရောက်ခဲ့ပါတယ်။ ၁၉၃၁ ခုနှစ် မေလ ၁၈ ရက်မှာ ဖခင်ဖြစ်သူ ရှေ့နေကြီးဦးဖာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ် မတ်လမှာတော့ ၁၀ တန်းဖြေ ဆိုခဲ့ပါတယ်။ ပါဠိဘာသာနဲ့ မြန်မာဘာသာ ဂုဏ်ထူးတို့နဲ့ အောင်မြင်ခဲ့ပြီး ၁၉၃၂ ခုနှစ် ဇွန်လမှာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဘာသာရပ် ကျွမ်းကျင်မှုနဲ့ ပတ်သက်ရင် ဗိုလ်ချုပ်ဟာ ရေနံချောင်း အမျိုးသားကျောင်းမှာ နေစဉ်ကတည်းက အင်္ဂလိပ်စာ အရေးအသား ထူးချွန်လှပါတယ်။ ရေနံချောင်းအမျိုးသားကျောင်းမှာ ဆရာ ကောင်းတွေနဲ့ တွေ့ကြုံခဲ့ရတယ်။ သင်္ချာဆရာ က အစ်ကိုဖြစ်သူ ဦးဘဝင်းဖြစ်ပြီး မြန်မာစာ ဆရာက ဆရာကြီး ဦးဘသန်း (စာရေးဆရာ သျှင်သန်းမေ)၊ အင်္ဂလိပ်စာနဲ့ ပါဠိဆရာက ဆရာကြီး ဦးခင်သန်း ဖြစ်ပါတယ်။
နေ့တိုင်း သတင်းစာဖတ်တဲ့အကျင့်
အစ်ကိုဖြစ်သူ ဦးဘဝင်းဟာ သူတော်သလို သူ့ညီတွေကို တော်စေချင်၊ စည်းကမ်း ရှိစေချင်တယ်။ နေ့တိုင်း သတင်းစာဖတ်တဲ့ အကျင့်လုပ်ပေးတယ်။ ညနေကျောင်းဆင်း ရင်လည်း အပြင်မထွက် ရဘူး။ ကျောင်းကပေးလိုက်တဲ့စာတွေ ပြီးအောင်လုပ်ရ တယ်။ သင်္ချာပြဆရာဆိုပေမယ့် တခြားဘာသာတွေ၊ အင်္ဂလိပ်စာ စာစီစာကုံးတွေကို လေ့ကျင့်ခိုင်းတယ်။ တစ်လကို ရုပ်ရှင်ကြည့်ခွင့် နှစ်ကြိမ် ပေးတယ်။ ရေနံချောင်း စီနီမာရုံမှာ အင်္ဂလိပ် ရုပ်ရှင်ကားတွေ ကြည့်ရတယ်။ ပြန်လာရင် ကြည့်ခဲ့တဲ့ ရုပ်ရှင်ကားကို ချက်ချင်း အင်္ဂလိပ်လိုပြန်ပြီး ရေးပြရတယ်။ ဒါကြောင့် အင်္ဂလိပ်စာမှာ ထူးချွန်လာသလို တခြားသော မကောင်းတဲ့ပတ်ဝန်းကျင်တွေနဲ့ ပေါင်းဖို့ အချိန်မရတော့ဘူးလို့ ဆိုပါတယ်။ ဆရာကြီးဦးခင်သန်းကလည်း ဗိုလ်ချုပ်တို့ရဲ့ အင်္ဂလိပ်စာ အခြေခံကောင်းကို မျိုးစေ့ချ ပေးခဲ့သူဖြစ်တယ်။ ဆရာရေနံ့သာဝင်းမောင်က “ဗိုလ်ချုပ်အောင်ဆန်း၏ ရေနံချောင်း အမျိုးသား ကျောင်းသားဘဝ ပထမအရွယ်” စာအုပ်ကိုရေးတော့ ဆရာကြီး ဦးခင်သန်း အသက် ၉၀ ကျော် ကျန်းမာနေစဉ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အဲဒီ စာအုပ်ထဲမှာ ဗိုလ်ချုပ်ရဲ့ သူငယ်ချင်းဖြစ်သူ သခင်ခင်ဇော်နဲ့ ငယ်ဆရာရင်းဖြစ်တဲ့ ဦးခင်သန်းတို့ရဲ့ ပြောပြချက်တွေက တစ်ဆင့် ကျွန်မ သိလိုရာတွေ သိရှိရပါတယ်။ ဒါ့အပြင် ရေနံချောင်း မြို့နယ်အသင်းက ထုတ်ဝေ တဲ့ ‘ရေနံ့သာမဂ္ဂဇင်း ၁/၂/၃’ မှာလည်း ဗိုလ်ချုပ်ကို သိမီလိုက်သူများ၊ အမျိုးသားကျောင်းဆရာ ဟောင်း၊ ကျောင်းသားဟောင်းကြီးများရဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းအရာတွေကို ရေးသားထား ကြပါတယ်။
အဲဒီဆောင်းပါး မှတ်တမ်းများအရ ဆရာကြီး ဦးခင်သန်းဟာ စာအသင်အပြ ကောင်းရုံတင်မ ကပဲ ဂီတပညာမှာပါ ထူးချွန် လှကြောင်း၊ တယော၊ ပတ္တလားကို ကောင်းစွာ တီးခတ်နိုင်သူ ဖြစ်ကြောင်း သိရပါတယ်။ ရေနံချောင်းအမျိုးသားကျောင်းရဲ့ ထင်ရှားတဲ့ စကားရည်လုပွဲတွေ ဖြစ်တဲ့ (၁)တောက မြို့ထက်သာတယ်၊ (၂) မြန်မာ ရဟန်းတော်များ အင်္ဂလိပ်စာသင်သင့်ကြောင်း၊ (၃) မြန်မာတိုင်း မြန်မာတိုင်း တိုင်းရင်းဖြစ်ကို ဝတ်ဆင်သင့်သည် စတဲ့ခေါင်းစဉ်တွေမှာ အဆိုရှင်ဘက်က ယှဉ်ပြိုင်ပြောဆိုမယ့် ကိုအောင်ဆန်းကို အနီးကပ် သင်ပြပေးခဲ့တဲ့ အဖွဲ့ခေါင်း ဆောင်ဆရာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ ဆရာကြီးဦးခင်သန်း မရှိတော့ပေမယ့် ဆရာကြီးရဲ့ မျိုးဆက်တွေ ရှိနေပါတယ်။ စမ်းချောင်း ဟင်္သာတ လမ်းမှာနေတဲ့ သားဖြစ်သူ အန်ကယ် ဦးခင်မောင်ညွန့်ထံသို့ ရှေးစကားတွေသွားရောက်မေးမြန်းလိုပေမယ့် ကိုဗစ်ကာလဖြစ်တဲ့ အတွက် အားနာတာကြောင့် မမေးဖြစ်ခဲ့ပါဘူး။
ကံအားလျော်စွာပါပဲ ကျွန်မဆီမှာ ကိုးကားစရာ ‘ဆရာမောင်စိမ်းနီ စုစည်းထားတဲ့ စာရေးဆရာ ကိုအောင်ဆန်း (၁၉၁၅-၁၉၄၇) စာအုပ်’က ရှိနေခဲ့ပါတယ်။ အဲဒီစာအုပ်ကို အန်ကယ်ဦးအေးသန့် (ယခင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌဟောင်း)နဲ့ အန်တီ ဒေါ်အေးရီတို့က ၃၁-၅-၂၀၁၁ ရက်စွဲနဲ့ လက်ဆောင်ပေးခဲ့တာပါ။ အခုတော့ အန်ကယ်က မရှိတော့ပါဘူး။ စာအုပ်ရဲ့ ပထမ စာမျက်နှာမှာ ‘ရေနံချောင်းအမျိုးသားကျောင်းရောက် ဗိုလ်ချုပ်ရဲ့ပုံများ၊ အကြောင်းအရာများ၊ သားစဉ် မြေးဆက် လက်ဆင့်ကမ်းရန်’ လို့ ရေးသားထားပါတယ်။ အဲဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်တို့ မိသားစုရဲ့ ရှားပါးဓာတ်ပုံများစွာနဲ့ ဆောင်းပါး ပေါင်း ၅၉ ပုဒ်ပါရှိပါတယ်။ ဆောင်းပါးတွေထဲမှာ ဆောင်းပါးရှင် သုတေသီရေးသားတဲ့ ‘ဆရာကြီး ဦးခင်သန်းနဲ့ တက္ကသိုလ် နေဝင်း’ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက် ရတယ်။ စာပါ အကြောင်းအရာကတော့ ၁၉၉၅ ခုနှစ် မေလထုတ် နွယ်နီမဂ္ဂဇင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲဖြစ်တဲ့ တက္ကသိုလ်နေဝင်းရေးသားတဲ့ ဆောင်းပါးမှာ ‘ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာစာကိုသာ အဓိကအထူးဦးစားပေး သင်ကြားသည့် ရေနံချောင်း နေရှင်နယ် အမျိုးသား ကျောင်းက’ လို့ရေးသားခဲ့ပါတယ်။အဲဒီစာအရ ရေနံချောင်း အမျိုးသားကျောင်းဟာ မြန်မာစာ တစ်ခုတည်းကိုသာ ဦးစားပေးသင်ကြားတယ်လို့ သဘော သက်ရောက်နေတဲ့ အတွက် ဗိုလ်ချုပ်ရဲ့ ငယ်ဆရာလည်းဖြစ်၊ အင်္ဂလိပ်စာဆရာလည်း ဖြစ်တဲ့ ဆရာကြီး ဦးခင်သန်းက စာတစ်စောင် ပြန်လည်ရေးသား ပေးပို့ခဲ့ပါတယ်။ တက္ကသိုလ် နေဝင်းကလည်း ဆရာကြီးရဲ့ ရှင်းလင်းချက် ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ရယ်လို့ ဖြစ်လာ မယ့် နတ်မောက်မြို့သား ကိုအောင်ဆန်းဟာ ရေနံချောင်း အမျိုးသားကျောင်းမှာ ပညာသင်ကြားနေစဉ် အခါကပင် အင်္ဂလိပ်စာ ထူးချွန်သူ ဖြစ်ကြောင်း ခိုင်လုံသော အထောက် အထားအဖြစ် သိရတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ရေးသားထားတဲ့ စာနှစ်စောင်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
အမှန်တကယ်လည်း ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းမှာ ကျောင်းသားတွေဟာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ၊ သင်္ချာ၊ ရာဇဝင်နဲ့ ပထဝီစတဲ့ ဘာသာရပ်တွေ သင်ကြားရပါတယ်။ ဗိုလ်ချုပ် ကျောင်းသားဘဝက ကျောင်းအုပ်ကြီး တာဝန်ယူခဲ့သူ ဆရာကြီး ဦးပုဟာဆိုရင် အိန္ဒိယမှာ ဘီအက်စ်စီဘွဲ့၊ လန်ဒန်မှ ဘီအက်စ်စီဘွဲ့တွေ ယူခဲ့ရုံမက သတ္တုပါရဂူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ဟာ ရေနံချောင်းဆိုတဲ့ ဒေသမှာ ဆရာကောင်းသမားကောင်း များရဲ့သွန်သင် ညွှန်ပြမှုအောက်မှာ ပညာသင်ကြားခဲ့ရတယ်။ ပညာရေးသာမက မျိုးချစ်စိတ်ဓာတ် တွေ ရှင်သန်နိုးကြား စေခဲ့တယ်။ နိုင်ငံရေး အမြင်တွေ သန္ဓေတည်ခဲ့ရတာပဲ ဖြစ်ပါတယ်။
အဲဒီလို အခြေခံကောင်းတွေ မျိုးစေ့ချပေးခဲ့တဲ့ ရေနံချောင်း အမျိုးသားကျောင်းကြီးရဲ့ သမိုင်းကြောင်းတွေကလည်း အထင်ကရ ရှိနေခဲ့ပါတယ်။
ရေနံချောင်းအမျိုးသားကျောင်း သမိုင်းအစ
၁၉၂၀ ပြည့်နှစ်မှာ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပြီးနောက် အဲဒီသပိတ်ကို အကြောင်း ပြုပြီး အမျိုးသားကျောင်းတွေ ပေါ်လာခဲ့တယ်။ အင်္ဂလိပ်အစိုးရဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ကြဖို့ မိမိတို့ကိုယ်ပိုင် အမျိုးသားကျောင်းကို ထူထောင်ကြမယ်ဆိုတဲ့ လှုံ့ဆော်မှုတွေနဲ့ အမျိုးသားအထက် တန်းကျောင်းကို ဦးအရိယဝံသကျောင်းမှာ စတင်ခဲ့ပါတယ်။ အဲဒီကနေ အခြားသော မြို့နယ်ဒေသများအနှံ့ ကျောင်းပေါင်း ၉၃ ကျောင်း ပေါ်လာခဲ့ပါတယ်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ မြို့မအမျိုးသားကျောင်းဟာ မြန်မာ နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်ခဲ့ပါ တယ်။
ရေနံချောင်းအမျိုးသား ကျောင်းကိုတော့ ၁၉၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အင်္ဂလိပ် အစိုးရရဲ့ ‘ ကရက်ဒေါက် စီမံကိန်း’ ကို ကန့်ကွက်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ပေါ်လာတဲ့အခါ ရန်ကုန်တက္ကသိုလ်ရောက် ရေနံချောင်းသား ကျောင်းသားတွေ အိမ်ပြန်လာ ကြရတယ်။ အများစုက (ဖေ၊ ပု၊ ရှိန်)အဖွဲ့မှ ဦးထွန်းရှိန်ရဲ့ တပည့်တွေ ဖြစ်ကြတယ်။ ရေနံချောင်း မှာ မူလက ရှိနှင့်ပြီးဖြစ်တဲ့ ‘ရေနံဝန်’ ဦးစီးတဲ့ ဘုရင်အက်ဒွပ် အထိမ်းအမှတ် (King Edwards) အင်္ဂလိပ်-မြန်မာ ၂ ဘာသာသင် အလယ်တန်းကျောင်းက ကျောင်းသားတွေကို သပိတ် မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့ကြတယ်။ စည်းရုံးရေး အောင်မြင်ပြီး သပိတ် မှောက်ကြတဲ့အခါ ‘ကျောက်စာရုံ သာသနာ့ ဗိမာန်တော်ကြီး ထဲမှာ’ သပိတ်စခန်း ဖွင့်ခဲ့ကြ တယ်။ အဲဒီ အင်္ဂလိပ်- မြန်မာကျောင်းနဲ့အပြိုင် အမျိုးသားအထက်တန်း ကျောင်း ပေါ်ပေါက်ရေး အတွက် ကြိုးစား ခဲ့ကြတယ်။ တကယ်တော့ အုပ်ချုပ်သူ အင်္ဂလိပ်ရဲ့ အလိုတော်ရိ ရေနံဝန်နဲ့ သူ့ရဲ့တပည့် လက်သား တွေရဲ့ သြဇာကို တွန်းလှန်ဖြိုဖျက်ပြီး အမျိုးသားကျောင်းပေါ်လာဖို့ ကြိုးစားရတာ မလွယ်ကူလှပါဘူး။ တစ်ဆက်တည်းမှာပဲ သပိတ်မှောက်ကျောင်းသားတွေ ကျောင်းတက်နိုင်ကြ ဖို့လိုအပ်တဲ့ ကျောင်းနဲ့ အဆောက်အအုံမြေနေရာ၊ လိုအပ်တဲ့ ကျောင်းသုံးပရိဘောဂတွေ၊ သင်ကြားပေးမယ့် ဆရာ ဆရာမတွေနဲ့ လစာငွေကြေးတွေ အဲဒါတွေအတွက် တစ်မြို့လုံး ပါဝင်ရုန်းကန်ခဲ့ကြရတယ်။ ကျောင်းကော်မတီတွေ ဖွဲ့စည်း၊ အစည်းအဝေးတွေ ခေါ်ယူပြီး တာဝန်ခံ ကျောင်းအုပ်နဲ့ဆရာတွေဟာ ပထမဦးဆုံး စေတနာ့ဝန်ထမ်းအနေနဲ့ သင်ကြားပေးခဲ့ကြ တယ်။
(ဆက်လက်ဖော်ပြပါမည်)
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
------------------
အမည် - ဒေါက်တာ နီလာသိန်း
မိဘအမည် - ဦးအောင်သိန်းအေး လက်ထောက်မြို့နယ် ပညာရေးမှူး (ငြိမ်း) ဒေါ်ခင်သန်းမြင့်
ပညာအရည်အချင်း - M.B.B.S, M.Med Sc (Ophthalmology)
ပညာ - မူလတန်း ၁။ ဈေးရပ် သင်ကြားခဲ့ရာ အမက (ပခုက္ကူမြို့) ကျောင်းများ ၂။ ဗိုလ်ချုပ် အထိမ်းအမှတ်ကျောင်း (ရေနံချောင်းမြို့) (၁၉၇၀ မှ ၁၉၇၃ )
- အလယ်တန်း / အထက်တန်း - အထက(၁) ရေနံချောင်း - တက္ကသိုလ် /ကောလိပ်- ရေနံချောင်းဒေသ ကောလိပ် - ဆေးပညာဘွဲ့ - မန္တလေး ဆေးတက္ကသိုလ် - မျက်စိရောဂါ ဆေးပညာဘွဲ့ - ဆေးတက္ကသိုလ် (၁) ရန်ကုန်
လက်ရှိ - တွဲဖက်ပါမောက္ခ
အလုပ်အကိုင် (ဆေးတက္ကသိုလ် - ၁) နှင့် မျက်စိအထူးကု ဆေးရုံကြီး (ရန်ကုန် အနောက်ပိုင်း ဆေးရုံကြီး)
ရရှိခဲ့ပြီးသော သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ -
၁။ သုဓမ္မသိင်္ဂီ သာသနာနုဂ္ဂဟဘွဲ့ (၂၀၀၇)
၂။ သီဟသုဓမ္မသိင်္ဂီ သာသနာနုဂ္ဂဟဘွဲ့ (၂၀၁၃)
အခြားကလောင် အမည် - မြကြာငုံ