ထိပ်တန်းသို့ မြန်မာနိုင်ငံရောက်ဖို့ မြင့်ရန်အရေးဝယ် လူထု၏ နိမ့်မြင့်ပညာ ဉာဏ်ရည်လိုက်လို့ မြင့်နိုင်မယ်
အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းက မန္တလေး ဗဟိုအမျိုးသားကျောင်းထွက် ဖြစ်ခဲ့တယ်။
မန္တလေးက အမျိုးသားကျောင်းတွေ
ပထမကျောင်းသားသပိတ်ကြီးကြောင့် အမျိုးသား ကျောင်းတွေဖွင့်လှစ်ရာမှာ မန္တလေးက ဆရာကြီးဦးရာဇတ် ဦးဆောင်ပြီး တက်ကြွစွာပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေးမှာ (၁) လမ်း၈ဝနဲ့ ၈၁လမ်းကြား၊ လမ်း ၃ဝနဲ့ ၃၁ လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက် အဆောက်အဦကြီးမှာဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊ လမ်း၃ဝနဲ့ ၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာ ဆရာမကြီး ဒေါ်စောအုံကျောင်းအုပ် အဖြစ်ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊
(၃) ဆိုင်းတန်း သင်္ဘောတန်းရပ်မှာ နေရှင်နယ် အလယ် တန်းကျောင်းနဲ့ (၄) ညောင်ပင်ဈေးမှာ ညောင်ပင်ဈေး နေရှင်နယ်ကျောင်းဆိုပြီး လေးကျောင်းဖွင့်လှစ်ခဲ့တယ်။ မန္တလေးက အမျိုးသားကျောင်းတွေဟာ ဆရာကြီး ဦးရာဇတ်ရဲ့ အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး နှစ်ခြမ်းအကွဲ၊ အမျိုးသားကျောင်းများ အထောက်အပံ့ခံရေး၊ မခံရေး သဘောထားကွဲမှုမှာ ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီး တည်တံ့ခဲ့တယ်။ ဒီကနေ့အထိ အမှတ် (၂ )အ.ထ.က အဖြစ်နဲ့အထိပေါ့။ မန္တလေးမြို့မိမြို့ဖ တွေကလည်း ဗဟိုအမျိုးသားကျောင်းကြီးကို အားပေး ထောက်ခံခဲ့ကြရုံမက ကိုယ့်သားသမီးတွေကိုလည်း ဆရာကြီးဦးရာဇတ်ဆီ အပ်နှံကာ ဗဟိုအမျိုးသား ကျောင်းမှာပဲ ကျောင်းအပ်ခဲ့ကြတာပါ။ ဒါကြောင့် မန္တလေး ရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးစတဲ့ မျက်နှာစာက ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေအများစုဟာ အမျိုးသား ကျောင်းထွက်တွေ အများစုဖြစ်ခဲ့တယ်။
ပထမကျောင်းသားသပိတ်ကြီးအပြီး
၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန်တက္ကသိုလ် က တက္ကသိုလ်အက်ဥပဒေကိုမကျေနပ်လို့ သပိတ်မှောက် ကြတယ်။ ကျောင်းသားကိုဘဦးအပါအဝင် (၁၁) ဦးက ဦးဆောင်ပြီး သပိတ်မှောက်ကြတာပါ။ ဒီ ပထမကျောင်းသား သပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာအသိအမြင် တွေကို ပထမဆုံးစတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်းဝင်လှုပ်ရှားမှုကြီးပါပဲ။ ကိုယ့်နိုင်ငံရဲ့ ကြမ္မာကို ကိုယ့်ဘာသာစီမံခန့်ခွဲနိုင်ဖို့ ကိုယ်ပိုင်အတွေးအခေါ် မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်း ဖြစ်ခဲ့တယ်။ ဒါ ကြောင့် ပထမကျောင်းသားသပိတ်ကြီးအပြီး ရန်ကုန်မှာ ဗဟန်း အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများ အပြင် တစ်ပြည်လုံးအတိုင်းအတာအထိ အမျိုးသား ကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ကြတယ်။
အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ဖို့
ဒါကြောင့် ၁၂၈၃ ခု သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (၁၉၂၁ ခု အောက်တိုဘာ ၂၄ ရက်) နေ့က မန္တလေး မှာကျင်းပတဲ့ နဝမမြောက် ဂျီစီဘီအေအသင်းအစည်း အဝေးကြီးမှာ ပထမကျောင်းသားသပိတ်ကြီး စတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝရက်နေ့ကို အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့တယ်။ ဒါကြောင့် ၁၂၈၃ခု တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် နေ့ကစတင်ပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ အမျိုးသား အောင်ပွဲနေ့တွေ စတင်ကျင်းပခဲ့ကြတယ်။ နောင်တစ်ချိန် မှာ ပထမကျောင်းသားသပိတ်ကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ အမျိုးသားကျောင်းတွေက အမျိုးသားအောင်ပွဲနေ့တွေကို ထူးထူးခြားခြားကျင်းပခဲ့ကြတာလည်း အထင်အရှားပါပဲ။
အမျိုးသားနေ့ ဂုဏ်ပြုသီချင်း
နှစ်စဉ်ကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့တွေမှာ မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းက ပဒေသာ ကပွဲများအထိ ပါဝင်ဆင်နွှဲကြတော့ ဆရာမြို့မငြိမ်းက အမှတ်တရဂုဏ်ပြုသီချင်းတွေ နှစ်တိုင်း ရေးစပ် ပေးခဲ့ပါတယ်။ ပြန်လည်စုဆောင်း၊ ရှာဖွေစုဆောင်းတော့ ဆရာမြို့မငြိမ်းရေးစပ်ခဲ့တဲ့ အမျိုးသားနေ့ဂုဏ်ပြုသီချင်း ငါးပုဒ် တွေ့ရှိခဲ့ပါတယ်။
“ထောင့်နှစ်ရာရှစ်ဆယ့်နှစ်တွင် အတိတ်ခေတ် ကြေးမုံ ပြင်၊ ပြန်လည်သုံးသပ်ကာမြင်၊ ဂုဏ်ယူလောက်ဖွယ်ပင်.....” လို့ အစချီတဲ့ ဆရာမြို့မငြိမ်းရဲ့ သီချင်းမှာ သူ့မိခင် ကျောင်းတော်ကြီးကိုလည်း အခုလို ဂုဏ်ပြုစပ်ဆိုခဲ့ပါ သေးတယ်။
“ကောင်းသော မိုးသောက်ထမှာ ဒို့မြင် x x x ကိုယ့် စိတ်လန်းဆတ်ကြည်လင်၊ ဝမ်းမြောက်ပျော်ရွှင် x x x ကျက်သရေပင် အိမ်တိုင်းစေ့ ရှုမငြီး၊ အလံတော်ကြီးတွေ ဝေဖြာလွင် x x x တခုံတမင် ဗဟိုအမျိုးသားကျောင်း သောင်းသောင်းဖြဖြ x x x အောင်ပွဲသဘင် ဆင်မြဲဝင်နွှဲ အကြိမ်ကြိမ်ပင် x x x” တဲ့။
လွတ်လပ်ရေးရယူစေသော မျိုးစေ့ပင်
အမျိုးသားအောင်ပွဲနေ့အတွက် ဆရာမြို့မငြိမ်းစပ်ဆို ခဲ့တဲ့ နောက်ထပ်သီချင်းတစ်ပုဒ်မှာ “လွတ်လပ်ရေးရယူ စေသော မျိုးစေ့ပင်၊ ဒီနေ့ မျိုးစိုက်သည်တွင်၊ ဒို့အောင်မြင်” ဆိုတဲ့စာသားတစ်ပိုဒ်ပါဝင်တယ်။ အင်မတန် ကျစ်လျစ် အားကောင်းပြီး အဓိပ္ပာယ်လေးနက်ပါတယ်။ ကျွန်ပညာ ရေးကို မလိုလား လက်မခံဘူးဆိုတဲ့ခံယူချက်နဲ့ သပိတ် မှောက်တယ်။ ဒီလုပ်ဆောင်ချက်နဲ့ တစ်ဆက်တည်း အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတယ်။ အမျိုးသား ကျောင်းတွေက လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံတဲ့ သားကောင်းသမီးကောင်းတွေ မွေးထုတ်ပေးတယ်။ ဒီ
သားကောင်းသမီးကောင်းတွေက လွတ်လပ်ရေးတိုက်ပွဲမှာ အဓိကအားအင်တွေဖြစ်ခဲ့တယ်။ ဒါကို ဆရာမြို့မငြိမ်းက အကျစ်လျစ်ဆုံး အားကောင်းတဲ့စကားလုံးတွေနဲ့ ရေးစပ် ခဲ့တာပါ။
ဆရာမြို့မငြိမ်းရဲ့ အမျိုးသားနေ့ဂုဏ်ပြု နောက် ထပ်သီချင်းတစ်ပုဒ်မှာတော့...
“ပညာရေးလောကကြီးပေါက်ဖွားစေ x x x အမျိုးသားနေ့ မမေ့အပ်ပေ ထူးမြတ်သလေ x x x အောင်ပွဲဆင်မြဲ ကျောင်းသားကျောင်းသူ မောင်မယ်ဆွေ x x x အမျိုးစိတ် တွေ မြင့်လျက်တိုးတက်နေ x x x ဒို့မြေဒို့ပြေ၊ ဒို့မြေဒို့ပြေ ဘိုးဘွားများအမွေ x x x ပြည်ထောင်စုကိုမြတ်နိုး အကျိုးဆောင်မယ်လေ” တဲ့။ အမျိုးသားအောင်ပွဲနေ့လို့ သတ်မှတ်လိုက်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့က အမျိုးသားပညာရေးလောကကြီး ပေါ်ပေါက် လာခဲ့ပုံကို မှတ်တမ်းတင်လိုက်ခြင်းပါပဲ။
တိုင်းပြည် ထိပ်တန်းရောက်ဖို့
ဆရာမြို့မငြိမ်းရဲ့ နောက်ထပ်သီချင်းတစ်ပုဒ်ကတော့ တစ်ပုဒ်လုံးမျှ အဓိပ္ပာယ်လေးနက်လှပါတယ်။ ခေတ်အမြင် ခေတ်အတွေးနဲ့ အမြင်ကျယ်လှပါတယ်လို့ ပြောရပါမယ်။ တိုင်းပြည်ဟာ ခေတ်နဲ့အညီ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်ဖို့ ဆိုရင် ပညာရေးက အရေးကြီးကြောင်း၊ တိုင်းသူပြည်သား (လူထု)ရဲ့ ပညာဉာဏ်ရည် အနိမ့်အမြင့်ကိုလိုက်ပြီး တိုင်းပြည်ရဲ့ အဆင့်အတန်း အနိမ့်အမြင့်ရှိနိုင်တယ်။ တိုင်းပြည်ထိပ်တန်းရောက်ဖို့ လူထုရဲ့ ပညာဉာဏ်ရည် အနိမ့်အမြင့်က အရေးပါတယ်လို့ လေးနက်စွာဖွင့်ဆို လိုက်ခြင်းပါ။
၁ - “ထိပ်တန်းသို့ မြန်မာနိုင်ငံရောက်ဖို့ မြင့်ရန်အရေး ဝယ် x x x လူထု၏နိမ့်မြင့်ပညာ ဉာဏ်ရည်လိုက်လို့ မြင့်နိုင် မယ် x x x ထို့ကြောင့် လူငယ်၊ မြန်မာပြည်ဖွား တိုင်းရင်းသား မောင်မယ် x x x သင်ကြားအားထုတ် ကြိုးကုတ်ပညာ မလင့်မီအခါဝယ် x x x ကြီးလာတော့ တိုင်းပြည်အကျိုး ထမ်းပိုးနိုင်မယ် နောက်နောင်ဝယ်”
Cho: “ဆည်းပူးလေ့လာတယ် x x x အလောင်းတော်
ဘုန်းကြွယ် x x x ၆ နှစ်တိုင်တိုင် ဉာဏ်ပညာရေး တွေးကြံ တယ် x x x သွေးသားခန်းစေဖွယ် အကျင့်လွန်ကြီး ကျယ် x x x ဟုတ်မှန်ရာကို ထိုခါတော့မှ တွေ့မြင်
တယ် x x x အို...... တို့လူမျိုး တန်ခိုးထွဋ်ခေါင် ဘုန်းမီး နေရောင် ထွန်းပြောင်တယ် x x x”
၂-“(ပညာသင် ငယ်စဉ်အရွယ် x x x ထူးချွန်အောင် သွေးရမယ် x x x နောင်ခါဝယ် လူထုအလယ် x x x တောင့်တင်း စွာ ရပ်နိုင်မယ် x x x )၂ ။ ဗမာတိုင်းကို ထိပ်ရောက်အောင် မြှင့်ရေးတင့်ရေး ပညာကြွယ် x x x ကမ္ဘာ့ဗိုလ်ပုံ လူတွေအလယ် x x x ၊ အို… တို့လူမျိုး တန်ခိုးမြေဆုံး မိုးလုံးပညာ ဖုန်းရောင်ကြွယ်..။
Cho: (ဆည်းပူးလေ့လာတယ် x x x ………အို...... တို့လူမျိုး တန်ခိုးထွဋ်ခေါင် ဘုန်းမီးနေရောင်ထွန်းပြောင် တယ် x x x )
ဒီသီချင်းကို အမျိုးသားအောင်ပွဲနေ့အတွက်သာမက ၁၉၄၈ ခုနှစ် ဇွန်လမှာမန္တလေး ယူနီဗာစီတီကောလိပ် အဖြစ် ဖွင့်လှစ်နိုင်တဲ့ အထိမ်းအမှတ်ဖွင့်ပွဲမှာလည်း သီဆိုခဲ့ကြသတဲ့။ ဒီနှစ်ဟာ အနှစ် ၁၀၀ ပြည့် အမျိုးသား အောင်ပွဲနေ့ဖြစ်သလို မန္တလေးတက္ကသိုလ်က ၂၀၂၅ ခုနှစ် မှာ နှစ် ၁၀၀ ပြည့်မှာမို့ အခုလို ထူးခြားတဲ့ မင်္ဂလာအခါ သမယအချိန် ဆရာမြို့မငြိမ်းသီချင်းကလည်း အမှတ်တရ ပါပဲ။
ဆူးငှက်