Skip to main content

စုံတောမြိုင်တက္ကသိုလ်၊ သမိုင်းရှိသောတက္ကသိုလ်

 

 

လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က  ဖြစ်ပါသည်။ အတိအကျဆိုရသော် ၁၉၆၉ ခုနှစ်။   ကျွန်တော် ရန်ကုန်မြို့ သို့ အဖော်မပါ တစ်ယောက်တည်း ခရီးနှင်ခဲ့ သည်။  ပထမဆုံးအကြိမ်   သွားရောက်ခြင်းလည်း ဖြစ်သည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ၄၁-လမ်း ဦးလေးအိမ်၊ ရွှေတိဂုံစေတီ၊ မင်္ဂလာဒုံလေဆိပ်တို့ကိုသွားရန် ရည်ရွယ် ပြီးလာခဲ့ သည်။ ရန်ကုန်ဘူတာကြီးသို့ နံနက်ခင်းရောက် သွားပါသည်။ မြင်ကွင်းများက ထူးဆန်းနေသည်။ ရန်ကုန်ဆိုတာ တို့ရွာက ဘုရားပွဲထက် စည်ပါလားဆို သောကိန်းဖြစ်ပါသည်။ အရွယ်ကလည်းငယ်၊ ရောက်ချင် သွားချင်ဇော ကလည်း ရှိနေသဖြင့် ကြောက်ရလန့်ရမှန်း မသိ။ ယခုခေတ်ကဲ့သို့ လက်ကိုင်ဖုန်းမပါ။ လမ်းဘေး ဖုန်းဆိုင် လည်းမရှိ။ ပါးစပ်ပါ ရွာရောက် တောဓလေ့ဆိုရိုး စကားကို လက်ကိုင်ထားပြီးသွားရ။ ဟိုမေး သည်မေးဖြင့် လိုင်းကားစီး။ ကမာရွတ်လှည်းတန်းရောက်၊ ကားပေါ်က ဆင်း၊ လမ်းလျှောက်။ လမ်းဘေးဆိုင်းဘုတ်ဖတ်၊ နှုတ်က လည်းမေး၊ မကြာခင် ရန်ကုန်တက္ကသိုလ် အင်းဝဆောင် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။

နတ်ဘုံနတ်နန်း

သူငယ်ချင်း အပြင်သွားနေသဖြင့်  ခဏစောင့်ရ သည်။  ဧည့်ခန်းမှာ ဟိုကြည့် သည်ကြည့်။   ရေဒီယိုရှိသည်၊  သတင်းစာ ထားပေးသည်၊  စာအုပ်ဗီရိုတွေ တွေ့ရသည်။  မကြာခင် သူငယ်ချင်းရောက်လာသည်။ သူက အံ့အား သင့်နေပါသည်။ သူ့အခန်းက အောက်ဆုံးထပ်မှာဖြစ် သည်။ နှစ်ယောက်ခန်း ဖြစ်သည်။ စာကြည့်စားပွဲနှင့် အဝတ်ဗီရိုလည်း တွေ့ရသည်။ သူငယ်ချင်းနှင့် တက္ကသိုလ် အတွင်းလှည့်ပတ်ကြည့်ကြသည်။ နယ်ကောလိပ် တစ်ခုမှ ရောက်လာသော ကျွန်တော့်အဖို့ ရန်ကုန်တက္ကသိုလ် ဟူသည် နတ်ဘုံနတ်နန်း ဖြစ်နေပါသည်။   သစ်ပင် ကြီးကြီးမားမားမရှိဘဲ ချုံပုတ်လေးများနှင့်သာ ဝိုင်းရံ နေသော ကျွန်တော်တို့ကောလိပ်နှင့် သစ်ပင်ပေါင်းစုံ ရှိသော ရန်ကုန်တက္ကသိုလ်ပရဝဏ်၏ အနေအထားမှာ သိသာလှပါသည်။

ထိုစဉ်က ကျွန်တော်သည် ၁၆ နှစ်၊ ၁၇ နှစ်ခန့် အညာကျေးတောသား။ စာပေဗဟုသုတကလည်းနည်း၊ ဒေသန္တရ ဗဟုသုတကလည်း  မကြွယ်သေး။ အောက်ပြည် အောက်ရွာ မြို့တော်ကြီးသို့    ပထမဆုံးရောက်ဖူးခြင်း။ အရှေ့က နေဝန်းထွက်သည့်ပမာ၊  ကောလိပ်ကျောင်းသား စသည့် ဝတ္ထုတို့ကိုလည်း မဖတ်ဖူးသေး။ မြကျွန်းညိုညို၊ ကံ့ကော်မြိုင်တန်း စသည့် သီချင်းစာသားတို့ကိုလည်း မခံစားဖူးသေး။ အင်းလျား၊ သီရိ၊ မာလာ စသော အမည် တို့နှင့် လည်း စိမ်းနေသော အခြေအနေ။ နောက်ခံသမိုင်း မသိဘဲ  ခရီးသွားရသည်မှာလည်း    အတွေ့အကြုံ တစ်မျိုးပင်။

ရောက်ပြီး  နောက်တစ်ရက်တွင်  ကျွန်တော့် သူငယ်ချင်းက အတန်းတက်နေသဖြင့်   ကျွန်တော် တစ်ယောက် တည်း တက္ကသိုလ်တစ်ခွင် လှည့်ဖြစ်သည်။ စာသင်ခန်းများ၊ အဓိပတိလမ်းမ၊ အင်းလျားကန်၊ စားသောက်ဆိုင်များ၊ အမျိုးသားဆောင်များ၊ ဘွဲ့နှင်း သဘင်ခန်းမစသည်တို့ဖြစ်သည်။ နုပျိုခြင်း၊ တက်ကြွခြင်း၊ လန်းဆန်းခြင်း၊ ပျော်ရွှင်ခြင်း၊ အပူအပင်ကင်းခြင်း စသည့် အရိပ်အရောင်များ လွှမ်းနေသည့် လူငယ်တို့ ကျက်စားရာ အဓိပတိ လမ်းပေါ်က တက္ကသိုလ်မြင်ကွင်းသည် ဖမ်းစား နိုင်လွန်းလှပါသည်။  အပန်းဖြေရိပ်သာရှေ့ရောက်သော် ဝင်ကြည့်မိ သည်။ တီးကြ၊ ဆိုကြ  ပျော်စရာမြင်ကွင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ကောလိပ်မှာမရှိ။ ထို့နောက် ဟိုဝင်ဒီကွေ့ဖြင့် ဆက်သွားမိသည်။ လမ်းပေါ်သွားသည့် အုပ်စုတွင် ယောက်ျားလေး နည်းသွားသည်။

ကျောင်းသူ များ သုံးယောက်တွဲ၊ လေးယောက်တွဲ ဝင်သွားလိုက်၊  ထွက်လာလိုက် တွေ့နေရသည်။  တဖြည်းဖြည်း ပတ်ဝန်း ကျင်တွင် ကျောင်းသူအများစုဖြစ်နေသည်။ ယောက်ျား လေးဆို၍ ကျွန်တော်တစ်ယောက်တည်း။ ရင်ထိတ်သွား သည်။ ထိုနေရာမှ ကျွန်တော် လှည့်ပြန်ခဲ့ရသည်။ နောင်မှ ကျွန်တော်သတိထား စဉ်းစားမိသည်။ ကျွန်တော်သည် သီရိဆောင်၊ မာလာဆောင်နှစ်ဆောင်အနက် တစ်ဆောင် ဆောင်၏ ဝင်ပေါက်နားအထိ ရောက်သွားဟန်တူပါသည်။

ရန်ကုန်တက္ကသိုလ်သို့ ရောက်ရပြန်

ပထမအခေါက် ရန်ကုန်တက္ကသိုလ်ခရီးကား ဟိုနား စပ်စပ်၊ သည်နားစပ်စပ်မျှသာ ရောက်ခဲ့သည်။ အမှတ် တရတော့ ဖြစ်ပါသည်။ နောက်ပိုင်း ငါးနှစ်၊ ခြောက်နှစ်ခန့် အကြာတွင်     ဥပဒေဘာသာရပ်  တက်ရောက်မည့် ညီတစ်ဝမ်းကွဲကို ကျောင်းအပ်ရန် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရပြန်ပါသည်။ ထိုစဉ်က ဥပဒေဘာသာရပ်ဌာနက ရန်ကုန်တက္ကသိုလ်မှာပဲရှိသည်။

၁၉၇၅ ခုနှစ်တွင်ကား ရန်ကုန်တက္ကသိုလ်နှင့် ရေစက် ဆုံရပြန်သည်။ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွင် ဖွင့်လှစ်မည့် လမ်းစဉ်လူငယ်ခေါင်းဆောင်သင်တန်း အမှတ်စဉ်-၅ တက်ရောက်ရန် အကြောင်းဖန်လာပါသည်။ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် (ထိုစဉ်ကအမည်)၊    မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊  စက်မှု၊ ဆေး၊ ပညာရေးစသည့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်အသီးသီးမှ လူငယ်များပါဝင်သည်။ ထူးထူးခြားခြား ကျွန်တော်တို့ ယောက်ျား လေးတွေ သီရိ ဆောင်မှာတည်းရသည်။ သိပ္ပံခန်းမမှာ သင်တန်းတက်ရ သည်။ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် တစ်လတာ ခြေချ ခွင့်ရသည်။

တစ်ကွင်းမက များလှ

နွေရာသီ      ကျောင်းပိတ်ချိန်ကာလဖြစ်သဖြင့် ကျောင်းဝင်းအတွင်း ကျွန်တော်တို့ကလွဲ၍ လူရှင်းနေသည်။ ဥသြသံကလေး တွန်ကျူးနေသော နွေရာသီတက္ကသိုလ် အလှကို ဝိုးတဝါး မြင်ယောင်နေမိပါသည်။ နေ့စဉ်နေ့တိုင်း အဓိပတိလမ်းပေါ်    ဖြတ်ရသည်။   လျှောက်ရသည်။ ဘွဲ့နှင်းသဘင်ခန်းမ၊   သစ်ပုပ်ပင်၊   ဂျပ်ဆင်တို့ကို နေ့စဉ် လိုလိုမြင်တွေ့နေရသည်။ ညနေ၊ ညပိုင်းနှင့် သင်တန်း ပိတ်သောရက်များတွင်   ခြေညောင်းလက်ဆန့်   လမ်း လျှောက်ဖြစ်သည်။    အင်းလျားကန်စောင်း၊ ပုဂံလမ်း၊ ပဲခူးဆောင်၊ သထုံလမ်း၊ ကမာရွတ်လှည်းတန်း စသည်ဖြင့် တစ်ရက် တစ်နေရာ ရောက်ဖြစ်သည်။ လူငယ်ပီပီ ဘောလုံး ကွင်း၊ တင်းနစ်ကွင်းများကို  သဘောကျသည်။ များသော အားဖြင့် တက္ကသိုလ်၊ ကောလိပ်တိုင်းလိုလိုတွင် ဘောလုံး ကွင်းတစ်ကွင်းသာ  ရှိသည်။ ဤမှာက တစ်ကွင်းမက များလှသည်။

တစ်ချိန်က    ရန်ကုန်ယူနီဗာစီတီဘောလုံးအသင်း သည် ဘီအေအေ(အောင်ဆန်းကွင်း) ဖလားကို သုံးနှစ် ဆက် တိုက် အနိုင်ရဖူးသည်။ ထိုအောင်ပွဲညက ရန်ကုန် တစ်မြို့လုံးတွင် အငြိမ့်များကို  ငှားရမ်း၍   တစ်ညလုံး ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံကြကြောင်း ဖတ်ဖူးသည်ကို သတိရနေမိသည်။ ဘောလုံးအားကစားအပြင် လှေလှော်၊ ရေကူး၊ တင်းနစ် စသည့်အားကစားများအတွက် အခြေ အနေကောင်းများရှိသည့်တက္ကသိုလ်ဟု  ဆိုချင်ပါသည်။

မြန်မာစာဌာန၌ ဆရာအဖြစ်တာဝန်ထမ်းဆောင် သောအခါ ရန်ကုန်တက္ကသိုလ်သို့ အနည်းဆုံး တစ်နှစ် တစ်ခေါက်တော့ရောက်ဖြစ်ပါသည်။     အစိုးရကိစ္စဖြင့်  လာသော အခါတွင်ဖြစ်စေ၊ အခြားကိစ္စဖြင့် လာသောအခါ တွင် ဖြစ်စေ ရန်ကုန်တက္ကသိုလ်သို့ ဝင်ဖြစ်ပါသည်။ ၁၉၉၀ ပြည့်လွန်တစ်နှစ်က ဒသမတန်းစာမေးပွဲ စာစစ်ကိစ္စဖြင့် ရန်ကုန်တက္ကသိုလ်သို့  လာရပါသည်။  အင်းဝဆောင် ပထမထပ်တွင် တည်းရသည်။ ထိုစဉ်က တစ်နိုင်ငံလုံးက ဒသမတန်း အဖြေလွှာများကို ရန်ကုန် တက္ကသိုလ်တွင်သာ  စစ်ဆေးရသည်ဟု မှတ်မိနေပါသည်။ စာစစ်ကိစ္စဖြစ်သဖြင့် တာဝန်ကြီးသည်။

လွမ်းမောပျော်ရွှင်ဖွယ် ကြားသိခဲ့ရ

သို့သော် တက္ကသိုလ်ကောလိပ် အသီးသီးက မိတ်ဆွေ များနှင့်တွေ့ခွင့်ရသည်။      ညအခါ  လသာဆောင်တွင် တက္ကသိုလ်နှင့်ပတ်သက်သည့်သီချင်းများ၊   တစ်ခေတ် တစ်ခါက ကျော်ကြားခဲ့သည့် မြန်မာသီချင်းများကို ဆိုကြ၊ တီးကြရင်း အပန်းဖြေကြသည်ကို ကြုံရပါသည်။ ကျွန်တော် တို့၏ ဆရာကြီးများက သူတို့ငယ်စဉ်အခါ နွေရာသီ တွင် ရန်ကုန်တက္ကသိုလ်သို့သွားရောက်၍ ၁၀ တန်းစာမေးပွဲ စစ်သည့် အတွေ့အကြုံကို ပြောပြသည့်အခါ လွမ်းမော ပျော်ရွှင်ဖွယ် ကြားသိခဲ့ရပါသည်။ တွေ့ကြဆုံကြ၊ သွားကြ လာကြ၊ စစ်ကြဆေးကြ။ မောရပန်းရမှန်း မသိဘူးတဲ့။   နှစ်စဉ် လာချင်ကြသတဲ့။ အားလည်းကျမိပါသည်။ 

ရန်ကုန်တက္ကသိုလ်ဟုဆိုလိုက်လျှင် အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ၎င်းတို့ဝန်းကျင်မှ သစ်ပင်အုပ်ကြီး များကို ဦးစွာမြင်ယောင်မိပါသည်။ အဓိပတိလမ်း၏ ဘေးဝဲယာမှ သမဂ္ဂ အဆောက်အုံဟောင်းနေရာ၊ စစ်ကိုင်း၊ အင်းဝ စသည့် အမျိုးသားအဆောင်များ၊ စာကြည့်တိုက်၊ သစ်ပုပ်ပင်၊ တောင်ငူဆောင်၊ အပန်းဖြေရိပ်သာ စသည့် အထင်ကရနေရာဌာနများ တည်ရှိနေသည်မှာလည်း ထူးခြား သော လက္ခဏာဖြစ်သည်။  ထိုသို့သော နေရာဌာန၏  မျက်နှာစာနှင့် ကြားတို့တွင် သစ်ပင်ကြီးများ ရှိနေသဖြင့် အဆောက်အအုံသက်သက်ဖြစ်မနေဘဲ အကွက်ဖော်ထား သကဲ့သို့ ခံစားရသည်။  အလယ်ကလမ်းနှင့် လမ်းဘေး ဝဲယာ လျှောက်လမ်းတို့သည် အနိမ့်အမြင့် ပြေပြေ ပြစ်ပြစ်ဆက်စပ်နေသည်။ အဓိပတိလမ်း အရှည်ကလည်း အကွာအဝေးသင့်ရုံမျှဟု ထင်မိပါသည်။

အဓိပတိလမ်းဆုံးတွင် ဘွဲ့နှင်းသဘင်ခန်းမရှိနေ ခြင်းကလည်း တစ်မူထူးခြားနေပါသည်။ လေးနက်သော အဓိပ္ပာယ် လည်း ဆောင်ပါသည်။ အဓိပတိလမ်း ဝင်လိုက် သည်နှင့် ဘွဲ့နှင်းသဘင်ခန်းမတည်းဟူသော ပန်းတိုင် ကို မြင်နေရသည့် သဘောဟု တွေးထင်မိပါသည်။ ဆရာကြီး ဦးသိန်းဖေမြင့်က   ဘွဲ့နှင်းသဘင်ခန်းမကြီးကို   ဇာတ် သေတ္တာကြီး မှောက်ထားသည့်နှယ်ဟု   တင်စားခဲ့ကြောင်း ဖတ်ဖူးပါသည်။ 

ရွှေကြည်လွင်(မြန်မာစာ)ကမူ ရှေးမြန်မာ စစ်စစ် ကြီးဟု တင်စားခေါ်ဝေါ်ပါသည်။ ကျွန်တော့်အနေဖြင့်မူ ကား အဓိဋ္ဌာန်အောင်   ဂူကြီးလိုလို၊  အထိမ်းအမှတ် အဆောက်အအုံ တစ်ခုလိုလို မြင်မိပါသည်။ စုလစ်မွမ်းချွန် တွေ၊ တိုင်လုံး ကြီးတွေ၊ အထပ်မြင့်တွေ၊ မုခ်ဦးဆောင်တွေ မပါဘဲ ရိုးရိုးတည်ဆောက်ထားသည်မှာလည်း ဆန်းနေပါ သည်။ မရိုးနိုင်သောဒီဇိုင်းဟု ဆိုနိုင်ပါသည်။

အောင်မြေဖြစ်

ဘွဲ့နှင်းသဘင်ခန်းမကြီးသည် ကျွန်တော့်အတွက် အောင်မြေဖြစ်ပါသည်။

၁၉၈၃ ခုနှစ်က  ကျွန်တော်သည် ဘွဲ့နှင်းသဘင်ခန်းမကြီးထဲတွင် နည်းပြဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါသည်။ ထိုစာမေးပွဲ အောင်မြင်သဖြင့်  စာစဉ် နည်းပြဘဝမှ နည်းပြဘဝသို့   ရာထူးတိုးမြှင့်ခြင်းခံရ ပါသည်။ ကျွန်တော့် ဘဝအတွက် အမှတ်တရဖြစ်သော ဌာန ဖြစ်ပါသည်။   လွန်ခဲ့သော  နှစ်နှစ်၊ သုံးနှစ်လောက်က ဗဟိုအဆင့်မြန်မာ ဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်ရန် ရန်ကုန်တက္ကသိုလ်သို့ သွားရပါ သည်။ တိုက်တိုက် ဆိုင်ဆိုင် အင်းဝဆောင်အပေါ်ဆုံးထပ် တွင် တည်းရသည်။ မိမိတာဝန်ကျသောနေ့မှသာ ဆောင် ရွက်ရသဖြင့် ပေါ့ပေါ့ပါးပါးရှိသည်။ နံနက်တိုင်း တက္ကသိုလ် ဝင်းအတွင်း လမ်းလျှောက်ဖြစ်သည်။ နံနက်ခင်း လူသူ အသွား အလာနည်းသည့်အချိန်တွင် သန့်ရှင်းလတ်ဆတ် သောလေကို ရှူရှိုက်ရင်း ကိုယ့်အတွေးနှင့်ကိုယ် အေးအေး သက်သာ လမ်းလျှောက်ရသည်မှာ အရသာတစ်မျိုးပင်။ စာကြည့်တိုက်ရှေ့ကဖြတ်ရသည်။ ခဏရပ်ပြီး ဦးခင်ဇော်၊ ဆရာဇော်ဂျီ၊ ဦးသော်ကောင်း စသော ပုဂ္ဂိုလ်တို့ကို ဦးညွှတ် မိသည်။ လက်ဖက်ရည် ကြိုက်တတ်သော ဆရာ ဇော်ဂျီက သူ့တပည့်စာသမား ဆရာငယ်များကိုခေါ်၍ လက်ဖက်ရည် သောက်ကြရင်း စာအကြောင်း ပေအကြောင်း ပြောဆို အမွေ ပေးသည်ဟု ကြားဖူးပါသည်။ ကံထူးကြသောပုဂ္ဂိုလ်များဟု အောက်မေ့မိသည်။ ဤစာကြည့်တိုက်ကြီးတွင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဝင်ရောက်ဖတ်ရှုလေ့လာဖူးပါသည်။ ဤစာကြည့် တိုက်ကြီးနှင့်ပတ်သက်လာလျှင် ဆရာငြိမ်းကျော်ကို သတိရ မိပါသည်။ ငြိမ်းကျော်၏ “ ငွေတောင် - သုဓနု မနော်ဟရီဇာတ် နှင့် သမိုင်းကြောင်းသုတေသန စာအုပ်ပါ အမှာစာကို အလွန်သဘောကျသည်။ ဤစာကြည့် တိုက်တွင် ရှာရဖွေရ သည့် အကြောင်းလေးကို ရသမြောက်အောင် ရေးသား ထားပါသည်။

တွဲဖက်နေသောအမည်များဖြစ်

စာကြည့်တိုက်၊ သစ်ပုပ်ပင်၊ သိပ္ပံဆောင် တို့ကိုကျော်၍ ဘွဲ့နှင်းသဘင်   နောက်ပေါက်မှ   အင်းလျားကန်ဘက်သို့ ရောက်အောင်လျှောက်ဖြစ်သည်။   အင်းလျားကန်ပန်းခြံ အတွင်း ခေတ္တနားသည်။    ကဗျာ၊ သီချင်း၊ ဝတ္ထု၊ ရုပ်ရှင် စသည်တို့ဖြင့်     ခေတ်အဆက်ဆက်   သရုပ်ဖော်ရေးဖွဲ့ ခံခဲ့ရသော အင်းလျားကန်။ ချစ်စရာ၊ လွမ်းစရာ၊ မောစရာ၊ ကြေကွဲ စရာ၊    တမ်းတစရာ ရသမျိုးစုံ  ဖြစ်ပေါ်စေသော အင်းလျားကန်။   အင်းလျားလမ်း၊    အင်းလျားဆောင်၊ အင်းလျား ကန်တို့သည် ရန်ကုန်တက္ကသိုလ်ကြီးနှင့် တွဲဖက် နေသောအမည်များဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ် အတွက် သဘာဝကပေးသော  လက်ဆောင်ဟု    မှတ်ချက်ပြုလိုပါ သည်။ အင်းလျားကန်ပန်းခြံဘက်မှ ဘွဲ့နှင်း သဘင် ဘက်သို့ ပြန်ဝင်သည်။ နံနက်ခင်း လွမ်းမောဖွယ် ဘွဲ့နှင်းသဘင်၏ မြင်ကွင်း။

ဘွဲ့နှင်းသဘင်ခန်းမမှ တက္ကသိုလ်ဝင်ပေါက်အထိ လျှောက်ဖြစ်သည်။ ကြည့်ရင်း တွေးရင်း ဖြည်းဖြည်းမှန်မှန် လျှောက် ရသည်။  တောင်ငူဆောင်ရှေ့ဖြတ်ရပါသည်။ တောင်ငူဆောင်သည် ကျွန်တော်တို့၏ မြန်မာစာဌာန တည်ရှိရာ ဖြစ်ပါသည်။ ဤဌာနသို့ အခေါက်ခေါက် အခါခါ ရောက်ဖူးပါသည်။ ဒေါက်တာအောင်မြင့်ဦး လက်ထက် က ဌာနစာကြည့်တိုက်တွင် ဆရာ ဆရာမကြီးများ၏ မဟာ ဝိဇ္ဇာကျမ်းများ၊ အခြားဆရာ ဆရာမများ၏ ပါရဂူကျမ်း များကို  ကြည့်ရှုလေ့လာခွင့်ရသည်ကို သတိရ ကျေးဇူးတင် နေမိပါသည်။ မြန်မာစာဌာနဟူ၍ ပေါ်ထွန်း လာအောင် ဆရာကြီး ဦးဖေမောင်တင်က    ကြိုးပမ်းဆောင်ရွက်ခဲ့ သည်။

ဦးဧမောင်၊ ဦးဝန်၊  ဦးမောင်မောင်ကြီး စသော ပါမောက္ခများနှင့် မြန်မာစာ ဆရာ  ဆရာမကြီးများသည် မြန်မာစာ၊ မြန်မာမှု တိုးတက်ဖွံ့ဖြိုးရေးအတွက် လက်ဆင့် ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည်။ မြန်မာစာပေ၏ ဘူမိနက် သန် နေရာမှန်ဖြစ်ပါ သည်။ ခေတ်စမ်းစာပေဟူသော ခေတ်တစ်ခေတ်ကိုလည်း    ထူထောင်နိုင် ခဲ့ကြသည်။ ဦးချမ်းမြ၊ ဒေါ်သန်းဆွေ၊ ဒေါ်ခင်စော၊ ဦးတင်မောင်ဌေး စသော ကျွန်တော့်ဆရာများသည်  ဤဌာနတွင် မြန်မာ စာပေသင်ကြားပို့ချရေးအတွက်       အမှုထမ်းခဲ့ကြပါ သည်။

အမှတ်ထင်ထင်

ကျွန်တော်သည်လည်း ဤတက္ကသိုလ်တွင် မဟာဝိဇ္ဇာ တန်းတက်ရန် ရည်မှန်းခဲ့သော်လည်း အကြောင်းမညီညွတ် ၍ မတက်ဖြစ်ခဲ့ပါ။ ဤဌာန၊ ဤတက္ကသိုလ်သည် ကျွန်တော့် အတွက် မိခင်တက္ကသိုလ်ဟု မခေါ်ဆိုနိုင်သော်လည်း အဘွား တက္ကသိုလ်ဟုကား ဆွေမျိုးတော်စပ်နေသည်ဟု မှတ်ယူ ထားပါသည်။ တက္ကသိုလ်ဝင်ပေါက် ရောက်သော် ပြန်လှည့် ပြီး အဆောင်ရောက်မှ အတွေးရပ်၊ အသွားရပ်ပါတော့သည်။ ထိုတစ်ခေါက်က ရန်ကုန်တက္ကသိုလ်တွင် တစ်ခဏတာ ကာလလေးသည် အမှတ်ထင်ထင် ဖြစ်နေပါသည်။

ရန်ကုန်တက္ကသိုလ်သည် အမျိုးသားရေးလှုပ်ရှားမှု သမိုင်း အစပြုရာဖြစ်ပါသည်။ ဝိဇ္ဇာသိပ္ပံ၊ စိုက်ပျိုးရေး၊ ဆေး၊ စီးပွားရေး၊ သစ်တော စသည့် ပညာရပ်အသီးသီး၏ သန္ဓေ တည်ရာ၊ ခေတ်စမ်းစာပေလှုပ်ရှားမှုသမိုင်း     အခြေ တည်ရာ၊ တက္ကသိုလ်သမဂ္ဂ      စတင်ပေါ်ထွန်းရာဌာန၊ တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုသမိုင်း၏  မြစ်ဖျားခံရာ၊ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းကို စတင်မီးမွှေးပေးရာ နေရာ၊ နိုင်ငံရေး၊ စာပေ၊ အနုပညာ၊ စီးပွားရေး စသည့် နယ်ပယ် အသီးသီးတွင် ထင်ရှားသောပုဂ္ဂိုလ်များ  မွေးဖွားပေးရာ ဘူမိနက်သန် ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်သည် အစဉ် အလာကောင်းပြီး သမိုင်းရှိသည့်တက္ကသိုလ် ဖြစ်ပါသည်။ စုံတောမြိုင် တက္ကသိုလ်၊  အဘွားတက္ကသိုလ်၊ သမိုင်း ရှိသောတက္ကသိုလ် စသည့် ဂုဏ်ပုဒ်တို့နှင့်ပြည့်စုံသော ရာပြည့်ရန်ကုန်တက္ကသိုလ်ကို     ဂုဏ်ပြုရေးသားလိုက်ရ ပါသည်။ ။

အောင်မြင့်(မြန်မာစာ)