Skip to main content

၁၉၂၀ပြည့် ပထမကျောင်းသားသပိတ်ခေါင်းဆောင် ၁၁ ဦးမှ ထားဝယ်သားခေါင်းဆောင် တစ်ဦး၏သမိုင်း

မြန်မာသက္ကရာဇ်   ၁၂၈၂    ခုနှစ်၊  ၁၉၂၀ ပြည့်နှစ်   ရန်ကုန်တက္ကသိုလ်   ဥပဒေကို     ကောလိပ်ကျောင်းသား ကြီးများ  သပိတ် မှောက်ခဲ့သည်မှစ၍    မြန်မာအမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာခဲ့သည်မှာ မကြာမီတွင် နှစ်(၁၀၀) ပြည့်တော့မည် ဖြစ်ပါသည်။ ထိုအခါက  ကောလိပ်ကျောင်းသားကြီးတို့ သည်   မြန်မာပြည် နိုင်ငံရေးတွင်   ကိုယ်ထိလက်ရောက် ဝင်ရောက် ဆောင်ရွက်ခြင်းများ မပြုခဲ့သော်လည်း  မြန်မာပြည်နှင့်  မြန်မာ လူမျိုးတို့၏ ကိစ္စဟူသရွေ့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြ၏။ သို့နှင့်  ရန်ကုန်တက္ကသိုလ် ဥပဒေကို အတည်ပြုလိုက်သောအခါ ထိုဥပဒေ သည် မြန်မာလူမျိုးများ အထက်တန်းပညာ တတ်မြောက်ရေးကို  များစွာ ချုပ်ချယ်ထား ကြောင်းနှင့်   ထိုဥပဒေကို   တိုင်းပြည်က ကန့်ကွက်ခဲ့ခြင်းတို့ကို  သိနှင့်ပြီး ဖြစ်ရကား တိုင်းပြည်က  ကန့်ကွက်၍  မရခဲ့သော  ထို ရန်ကုန်တက္ကသိုလ်ဥပဒေကို တစ်နည်းနည်း ဖြင့်    တိုက်ဖျက်ရန်   အောက်ပါ  ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁  ဦးတို့သည် ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ  ၂  ရက်နေ့၌ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ သွားရောက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြ၏။           

ကျောင်းသားကြီး ၁၁ ဦး   

(၁) ကိုဘခင် 

(၂) ကိုဖိုးကွန်း                                                                                                                                    

(၃) ကိုဘဦး

(၄) ကိုအောင်ဒင်                                                         

(၅) ကိုထွန်းဝင်း

(၆) ကိုဖေသိန်း

(၇) ကိုဘရှင်(သံတွဲ)

(၈) ကိုဘရှင် (ထားဝယ်)

(၉) ကေညီပိတ် (ကိုညီပိတ်)

(၁၀) ကိုလှတင်

(၁၁) ကိုဧ

သပိတ်မှောက်ကျောင်းသားကြီးများ

ရွှေတိဂုံစေတီတော်ပေါ်တွင်    သစ္စာဆို လက်မှတ်ရေးထိုးကြသော  သပိတ်မှောက် ကျောင်းသားကြီး  ၁၁  ဦးတွင်  တစ်ဦးအပါ အဝင်ဖြစ်သော   အိုင်အေ အထက်တန်းမှ ကိုထွန်းဝင်းသည် ထားဝယ်သားဖြစ်ပါသည်။ ကိုဘရှင် (ထားဝယ်)နှင့်အတူ သပိတ်မှောက် ရာတွင် ပါဝင်ခေါင်းဆောင်ခဲ့သည့်သူ တစ်ဦး ဖြစ်ပါသည်။ ၁၁ ဦးတွင် အမည် တူ နှစ်ဦး ပါသည့်အတွက်  ကိုဘရှင် (ထားဝယ်) နှင့် ကိုဘရှင်(သံတွဲ)ဟု ခွဲခြားရေးသားထားခြင်း ဖြစ်ပြီး ကျန်ရှိသော သူများမှာ အမည်တူမရှိ၍ မြို့အမည်  ရေးသားဖော်ပြထားခြင်း မရှိပါ။ ထိုအချက်ကြောင့် ကိုထွန်းဝင်းသည် ထားဝယ်သားဖြစ်ကြောင်းကို မကြာခဏဖြေရှင်းရ၍ အမှတ်တမဲ့မှ  အမှတ်တရဖြစ်စေရန်   ဤ ဆောင်းပါးကို ဦးထွန်းဝင်း၏ မျိုးဆက်မြေး ဖြစ်သူအနေဖြင့် လည်းကောင်း၊ ထားဝယ်သူ တစ်ဦးအနေဖြင့် လည်းကောင်း သမိုင်းဖြစ်ရပ် မှန်ကို   ခိုင်လုံသော  သမိုင်းကြောင်းအထောက်  အထားများနှင့် ရေးသားတင်ပြ၍ ဂုဏ်ပြုခြင်း ဖြစ်ပါသည်။

ဦးထွန်းဝင်းကို အဖ ဦးမဲ၊ အမိ ဒေါ်လေး ဆွေတို့မှ  ၁၈၉၅ ခုနှစ်တွင် တလိုင်းမစုရပ်၊ ထားဝယ်မြို့တွင် ဖွားမြင်ခဲ့ပြီး တစ်ဦးတည်း သောသား  ဖြစ်ပါသည်။  ဦးထွန်းဝင်းသည် ပေါ့ပေါ့ပါးပါး   ပျော်ပျော်ရွှင်ရွှင်နေတတ်သူ တစ်ဦး ဖြစ်ပြီး ထားဝယ်မြို့တွင် ငယ်စဉ်က ပညာသင်ယူခဲ့ပါသည်။ ၁၀ တန်း အောင်မြင် ပြီးနောက် ရန်ကုန် ကောလိပ်တွင် တက္ကသိုလ် ပညာများကို   ဆက်လက်သင်ကြားနေရာ အိုင်အေအထက်တန်းသို့ ရောက်ရှိခဲ့ပါသည်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ ရန်ကုန်တက္ကသိုလ်   အက်ဥပဒေကို   သပိတ် မှောက်ရန် ယုဒသန် ကောလိပ်မှ ကောလိပ် ကျောင်းသားများနှင့် ပူးပေါင်း၍ ရွှေတိဂုံစေတီ တော်ပေါ်တွင်  သပိတ်မှောက်ကျောင်းသား ကြီး  ၁၁ ဦးတို့ သစ္စာဆိုလက်မှတ်ရေးထိုးခဲ့ ကြပြီးနောက် ဒီဇင်ဘာလ ၄  ရက် (စနေနေ့) တွင် ဦးအရိယ ကျောင်း၌ ကောလိပ်ကျောင်း နှစ်ကျောင်းမှ ကျောင်းသားပေါင်းစုံ အစည်း အဝေးကျင်းပ၍ ကျောင်းသား ကိုယ်စား လှယ် များပါဝင်သည့်  အဖွဲ့ဝင်    ၂၆   ဦးပါဝင်သော  တက္ကသိုလ် သပိတ်မှောက်ကောင်စီကို ဖွဲ့စည်း သောအခါ   ဦးထွန်းဝင်းသည်   တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင်      ပါဝင်တာဝန်ယူ ခဲ့ပါသည်။ ထို  ၂၆   ဦးကော် မတီသည်  နောက် တစ်နေ့ ဒီဇင်ဘာလ  ၅ ရက်နေ့   အစည်းအဝေး ကျင်းပ၍   ဒီဇင်ဘာလ  ၇    ရက်နေ့ တွင် စတင်သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုနေ့အထိ   စောင့်ဆိုင်းရန်   မဖြစ်နိုင်သော အကြောင်း ကိစ္စ      ပေါ်ပေါက်လာသဖြင့် ဒီဇင်ဘာလ  ၅  ရက်နေ့ တွင်ပင်   ရန်ကုန်ရှိ ကောလိပ်ကျောင်း နှစ်ကျောင်း က   သပိတ် မှောက်လိုက်ကြသည်။

ထားဝယ်ကျောင်းသားသပိတ်

ထိုသတင်းမှာ တစ်နိုင်ငံလုံးသို့  နေ့ချင်း ညချင်းပြန့်သွားရာ အမြို့မြို့ရှိ အထက်တန်း ကျောင်းများကလည်း    ထောက်ခံ သပိတ်မှောက်ကြလေသည်။   ရန်ကုန်တက္ကသိုလ် သပိတ်မှောက်အမှုဆောင် ၁၁ ဦး ခေါင်းဆောင် အဖွဲ့တွင် ထားဝယ်မှ ကိုဘရှင်(ကညုံရပ်) နှင့် ကိုထွန်းဝင်း(တလိုင်းမရပ်)တို့ ပါဝင်ခဲ့ကြရာ ၎င်းတို့က  ထားဝယ်သို့ ပြန်လာပြီး ထားဝယ် ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့လေသည်။ ထားဝယ်မြို့သူမြို့သားများအတွက်  ဂုဏ်ယူ ရသည်မှာ   ထိုသပိတ်မှောက်ကျောင်းသား ခေါင်းဆောင်   ၁၁   ဦးတွင်  ထားဝယ်သား (၂) ဦး ပါဝင်ခြင်းပင် ဖြစ်တော့သည်။

ထားဝယ်ကျောင်းသား   သပိတ်စခန်းအဖြစ် ထားဝယ်မြို့  ကညုံရပ်ရှိ မြေတိုက် ဘုန်းတော်ကြီးကျောင်းတွင်    ထားရှိပြီး ကျောင်းပြန်မတက်ဘဲ     သပိတ်တိုက်ပွဲ ဆက်လက်   ဆင်နွှဲခဲ့ကြသည်။   ရန်ကုန် သပိတ်မှောက်   ကျောင်း သားများကလည်း  ကျောင်းသားတိုင်း  တောင်းဆိုချက်များကို လိုက်လျောသည်ဖြစ်စေ၊    မလိုက်လျော သည်ဖြစ်စေ     ကာလကတ္တားတက္ကသိုလ်  လက်အောက်ခံ  ကောလိပ်ကျောင်းများသို့    ဘယ်တော့မှ   ပြန်မတက် ဟု   ၁၉၂၁  ခုနှစ်   ဇန်နဝါရီလ   ၁၄  ရက်နေ့တွင်    ဆုံးဖြတ်ချက်ချ ပြီး  ကြေညာလိုက်သည်။  ထားဝယ်သပိတ် မှောက် ကျောင်းသား များသည်     ရေရှည်တွင် ကျောင်းသားများ      စာသင်မပျက်စေရန် အမျိုး သားကျောင်းကို  သပိတ်စခန်း၌ စဖွင့် ခဲ့ပြီးနောက်မှ အခြားနေရာ များသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ကောလိပ် သပိတ်ကြီး ပြီးဆုံး သွားသော်လည်း ကိုဘရှင်နှင့် ကိုထွန်းဝင်း တို့သည် ကောလိပ်သို့ ဆက်မတက်တော့ဘဲ ကိုဘရှင်သည်     ထားဝယ်အမျိုးသား ကျောင်းအုပ်ကြီး ဖြစ်လာပြီး ကိုထွန်းဝင်းသည် အမျိုးသားကျောင်းဆရာ     ဖြစ်လာသည်။ ထိုအချိန်ကကျောင်း၏ တိုးတက် ကြီးပွားရာ ကြီးပွားကြောင်းအတွက် ကိုဘရှင်နှင့်အတူ သပိတ်မှောက်ခေါင်းဆောင် ကျောင်းသားကြီး ဖြစ်သည့် ကိုထွန်းဝင်း၊ ထားဝယ်မြို့မှ အစိုးရ ရှေ့နေ    ဝတ်လုံတော်ရ  ဦးလောက်(ခေါ်) မစ္စတာအယ်လ်စီခူး၊ အမျိုးသား ကျောင်းဆရာ များဖြစ်သော   ဦးမောင်ကြီး၊  ဦးအေးဖေ၊ ဦးကြည်ဝှက်၊  ဦးဖိုးအေး(ဗဟိုစည်) တို့က အားကြိုးမာန်တက် ကူညီကြသည်။

ကိုယ်ကျိုးစွန့်နိုင်ခဲ့သူ

ဦးထွန်းဝင်းသည် ထိုအချိန်က ကောလိပ် ကျောင်းသား    တစ်ဦးဖြစ်သည့်အတွက် ဗြိတိသျှကိုလိုနီအစိုးရ အုပ်ချုပ် ရေး ယန္တရား တွင်       ရာထူးကြီးများ      ရနိုင်ပါလျက် ကိုယ်ကျိုးစီးပွားကို    စွန့်လွှတ်ကာ   ၁၉၂၀ ပြည့်နှစ် ပထမကောလိပ်သပိတ် ခေါင်းဆောင် ၁၁ ဦးတွင် ပါဝင်ခဲ့ပြီး   မျိုးချစ်စိတ် ကြောင့် ပညာဆုံးခန်းမ တိုင်ရဘဲ ကိုယ်ကျိုးစွန့်နိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ အမျိုးသားအရေးဆိုလျှင် နောက်မတွန့်တတ်သော၊  ရှေ့တန်းကပါဝင် တတ်သော   ထားဝယ်သားခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။  ဦးထွန်းဝင်းသည် ဒေါ်ငွေညွန့်နှင့် လက်ဆက်၍ တစ်ဦးတည်း သောသား ဦးသိန်းကြည်ကို မွေးဖွားခဲ့သည်။ ဦးသိန်းကြည် အသက် ၁၀  နှစ်သားတွင် ဦးထွန်းဝင်းမှာ ထားဝယ်မြို့၌  ကွယ်လွန်ခဲ့ သဖြင့် ဦးသိန်းကြည်မှာ ဆယ်တန်းအောင်မြင် ချိန်တွင် တက္ကသိုလ် ဆက်မတက်နိုင်ဘဲ BCS ဝင်ဖြေဆိုအောင်မြင်၍   နယ်မြေလုံခြုံရေး လုံးဝမရှိသော ကြာအင်းဆိပ်ကြီးမြို့ပိုင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။   ထို့နောက် ကော့ကရိတ်၊ ဘားအံ၊ မောင်တော၊ ခန္တီး စသည့် ဝေးလံခေါင်ဖျား ဒေသများ ၌  တာဝန် ထမ်းဆောင်ပြီးနောက်     တနင်္သာရီတိုင်း အထွေထွေအုပ်ချုပ်ရေးတိုင်းဦးစီးမှူး (တိုင်း မင်းကြီး)   ရာထူးဖြင့်   ထားဝယ်မြို့သို့ ပြန်ရောက်ခဲ့ပြီး   တနင်္သာရီတိုင်း   ပြည်သူ့ ကောင်စီဥက္ကဋ္ဌအဖြစ်  နိုင်ငံ့ တာဝန် များကို ထမ်းဆောင်ခဲ့ပါသည်။   ဦးသိန်းကြည်သည် ဒေါ်သန်းညွန့်နှင့် လက်ဆက်ပြီး ဒေါ်သက်မာကြည် (တနင်္သာရီတိုင်း    ဒေသကောလိပ် အိမ်တွင်းမှုလုပ်ငန်း အတတ်ပညာဌာနမှူး-ငြိမ်း)၊ (ဗိုလ်မှူးဇင်မော်ကြည် (ဒုအထွေထွေ မန်နေဂျာ၊ စီးပွားကူးသန်းဝန်ကြီးဌာန-ငြိမ်း)) နှင့် စာရေးသူ   ဒေါက်တာနေသွယ်ကြည် (ဒုတိယပါမောက္ခချုပ်၊ ဒဂုံတက္ကသိုလ်)တို့ကို မွေးဖွားခဲ့သည်။ ၁၉၇၀ ပြည့်နှစ် အမျိုးသားနေ့ ရွှေရတုသဘင်     ကျင်းပသည့်အချိန်တွင် ဦးသိန်းကြည်သည် ခန္တီးမြို့တွင် အရေးပိုင် အဖြစ် တာဝန် ထမ်းဆောင် နေရာ    ဝေးလံ ခေါင်ဖျားသော  ဒေသဖြစ်၍  ဦးထွန်းဝင်း၏ မျိုးဆက်သားတစ်ဦးအနေနှင့် ရွှေရတုသဘင် သို့  မတက်ရောက်နိုင် ခဲ့ပါ။  ၁၉၇၀  ပြည့်နှစ် ထုတ်‌      အမျိုးသားနေ့    ရွှေရတုသဘင် အထိမ်းအမှတ်စာစောင်တွင်      ဦးဘဦး ကိုယ်တိုင် ရေးသားခဲ့သော ‘‘ကျွန်ုပ်ကိုယ်တိုင်  ခေါင်းဆောင်ခဲ့သော   ၁၉၂၀    ပြည့်နှစ် ကျောင်းသားသပိတ်    ဆောင်းပါးတွင်  ပါဝင်သော   ဦးဘဦး၏    လက်ရေးမူ၌ လည်းကောင်း၊    ၁၅.၁၁.၁၉၇၀   တွင် အိုးဝေဂျာနယ်၌    ဆရာဟိန်ရေးသားခဲ့သော “သပိတ်ခေါင်းဆောင်တို့၏  သစ္စာအဓိဋ္ဌာန် ဆောင်းပါး၌လည်းကောင်း    ဦးထွန်းဝင်း (ကွယ်လွန်)ဟု ဖော်ပြထားရှိပြီးဖြစ်သည်။

မျိုးချစ်သူရဲကောင်းပုံပြင်များ

ဖေဖေဦးသိန်းကြည်   ပြောပြခဲ့သည့် ဘိုးဘိုး ဦးထွန်းဝင်း၏  အကြောင်းများမှာ စာရေးသူတို့ မောင်နှမများ အတွက် မရိုးနိုင် သော   ဂုဏ်ယူစရာ   မျိုးချစ်သူရဲကောင်းပုံပြင် များ  ဖြစ်ခဲ့သည်။ စာရေးသူတို့ ငယ်စဉ်ကပင် အမျိုးသားအောင်ပွဲနေ့သို့   ရောက်ရှိတိုင်း ရန်ကုန်၌ရှိနေခဲ့လျှင်  ရွှေတိဂုံစေတီရင်ပြင်   စနေထောင့်ရှိ အထိမ်းအမှတ်ကျောက်တိုင်နှင့် ဦးအရိယကျောင်းတိုက်သို့    မိသားစုသွား ရောက်    ဦးညွှတ်ခဲ့ကြသည်။    ထို့အပြင် အမျိုးသားအောင်ပွဲနေ့ရောက်တိုင်း    နံနက် ပိုင်းတွင်  ဆွမ်းကပ်၍  ညနေတွင်  ဂုဏ်ပြုညစာစားပွဲ ကျင်းပခြင်းကို ဖေဖေဦးသိန်းကြည်    တာဝန်ကျရာ ဒေသများတွင်    အမြဲပြုလုပ်ခဲ့ ပါသည်။                      

၁၉၂၀   ပြည့်နှစ်   ပထမကျောင်းသား သပိတ်ခေါင်းဆောင် ၁၁ ဦးတွင် ပါဝင်သော ဦးထွန်းဝင်းသည် ထားဝယ် သားဖြစ်ကြောင်း ကို ကိုးကားချက်များ ခိုင်လုံစွာနှင့် ရေးသား ဖော်ပြပါမည်။   ၁၅-၁၁-၁၉၇၀   ရက်နေ့ အိုးဝေဂျာနယ် ၌  ဦးဖိုးကျား  (အမျိုးသား ပညာဝန်) ရေးသားခဲ့သော     အမျိုးသားနေ့ ရာဇဝင်အကျဉ်းချုပ် ဆောင်းပါးတွင်   ရွှေတိဂုံ စေတီရင်ပြင်တော်  စနေထောင့်တွင်  သစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြသည့်  ကျောင်းသား ခေါင်းဆောင်ကြီး ၁၁ ယောက်ကို ဖော်ပြခဲ့ရာ ကိုထွန်းဝင်း  (ထားဝယ်အမျိုးသားကျောင်း ဆရာဟောင်း)  ဟူ၍    ဖော်ပြခဲ့သည်။ ဦးဖိုးကျားမှာ   ၂၆ ဦး  ကော်မတီတွင် ပါဝင် ခဲ့သူ    တစ်ဦးဖြစ်ပြီး    ဦးထွန်းဝင်းနှင့်   အတူတကွ      သပိတ်မှောက်ခဲ့သူတစ်ဦး ဖြစ်သည်။

၁၉၇၀ ပြည့်နှစ်  နိုဝင်ဘာလ ၂၀  ရက်နေ့ ထုတ်ဝေသော ပြည်သူ့နေ့စဉ်သတင်းစာတွင် သခင်တင်ဦး ရေးသားခဲ့သော အမျိုးသားနေ့ ရွှေရတုသဘင် အကြိုဆောင်းပါးဖြစ်သည့် တစ်ပြည်လုံးစုရုံးမိသောနေ့တွင်လည်း ၁၁ ဦးတွင် ပါဝင်သည့်    ကိုထွန်းဝင်း (ထားဝယ်) ဟု    ရေးသားဖော်ပြထားသည်။   ထို့အပြင် ဒေသတစ်ခု၏  သမိုင်း မှတ် တမ်းဆိုသည်မှာ အချက်အလက်ခိုင်မာမှုကိုသာ    ရေးသားရ သည့်  သမိုင်းဝင်မှတ်တမ်းဖြစ်သည့် အတွက် ၁၉၂၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့်ထားဝယ် သမဂ္ဂ၏  ၂၆-၁၂-၁၉၈၁   ရက်နေ့တွင် ထုတ်ဝေခဲ့သည့် နှစ်(၆၀)ပြည့်  သမိုင်းဝင် မှတ်တမ်း၊  မောင်လေးတင့်၏   တနင်္သာရီ တိုင်းဒေသကြီး      နောက်ခံသမိုင်းမှတ်စု၊  မောင်သန်းဆွေ(ထားဝယ်)၏ ကျွန်တော်တို့  ထားဝယ်သူ ထားဝယ်သားစာအုပ်၊  ထားဝယ် မြို့ မြေတိုက်ကျောင်း နှစ်(၁၅၀)ပြည့် အထိမ်း အမှတ်မဂ္ဂဇင်းတို့တွင် ထားဝယ်မြို့မှ ထင်ရှား သောသူများကို ဖော်ပြရာ၌ ၁၉၂၀ ပြည့်နှစ် ယူနီဗာစီတီသပိတ်   ခေါင်းဆောင်နှစ်ဦးမှာ      ဦးဘရှင်နှင့် ဦးထွန်းဝင်းဖြစ်သည်ဟု ပူးတွဲ ဖော်ပြထားရှိသည်။   ယခု  သက်ရှိထင်ရှား ရှိနေသော ဦးတင်ထွဋ် (ဦးဘရှင်(ထားဝယ်)၏ စတုတ္ထမြောက်သား)     နှင့်        ဦးဘရှင်၏ မြေး ဦးအောင်သန်းဦး (ဥက္ကဋ္ဌ၊ ထားဝယ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ)တို့က  ၃၀-၁၁- ၂၀၂၀   ရက်နေ့ တွင်  ၁၉၂၀   ပြည့်နှစ် ကျောင်းသား ခေါင်းဆောင် ၁၁  ဦး၌   ပါဝင် သည့်   ဦးထွန်းဝင်းသည်  ထားဝယ်သား ဖြစ်ကြောင်းနှင့်     ဦးဘရှင်နှင့်အတူ   သပိတ် မှောက်ခဲ့သူဖြစ်ကြောင်း  ပြောကြားခဲ့သည်။ နှုတ်တစ်ရာ၊ စာတစ် လုံး  ဆိုသကဲ့သို့   လူ သက်သေ၊ ဆောင်းပါး သက်သေများနှင့်တကွ  သမိုင်းဖြစ်ရပ်မှန်များ ကွဲလွဲမှု မဖြစ်စေရန် ဦးထွန်းဝင်း(ထားဝယ်)  ၏   မျိုးဆက်မြေး၊ ထားဝယ်သူတစ်ဦးအနေဖြင့် လည်းကောင်း၊   မကြာမီ  ရောက်ရှိ တော့မည့်    နှစ်   (၁၀၀) ပြည့်   အမျိုးသားအောင်ပွဲနေ့ကို    ဂုဏ်ပြု ကြိုဆိုသောအားဖြင့်လည်းကောင်း     ဤ ဆောင်းပါးကို  ဂုဏ်ပြုရေးသားတင်ပြလိုက်ပါသည်။         ။

ကိုးကားချက်

 ၁။ သားဖြစ်သူ  ဦးသိန်းကြည်၏ ပြောကြားချက်။

 ၂။ ဦးဘရှင်(ထားဝယ်)၏  စတုတ္ထမြောက်သား  ဦးတင်ထွဋ်နှင့်  ဦးဘရှင်၏မြေး ဦးအောင်သန်းဦး(ဥက္ကဋ္ဌ၊ ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီတို့၏ (၃၀-၁၁-၂၀၂၀)နေ့တွင် ပြောကြားချက်။

 ၃။ ထားဝယ်သမဂ္ဂ နှစ်  ၆၀ ပြည့် အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်း (၂၆-၁၂-၁၉၈၁)

 ၄။ တနင်္သာရီတိုင်းဒေသကြီးနောက်ခံသမိုင်းမှတ်စု(၂၀၁၅)၊ မောင်လေးတင့်။

 ၅။ ကျွန်တော်တို့ ထားဝယ်သူ ထားဝယ်သား  (၂၀၁၆)၊  မောင်သန်းဆွေ (ထားဝယ်)။

 ၆။ ထားဝယ်မြို့ ကညုံရပ်၊ မြေတိုက်ကျောင်းနှစ်(၁၅၀)ပြည့် အထိမ်းအမှတ် မဂ္ဂဇင်း (၂၀၁၈)။

 ၇။ အိုးဝေဂျာနယ်   (၁၅-၁၁-၁၉၇၀)၊ အမျိုးသားနေ့ ရာဇဝင်အကျဉ်းချုပ်ဆောင်းပါး၊  ဦးဖိုးကျား (အမျိုးသားပညာဝန်)

 ၈။ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ (၂၀-၁၁-၁၉၇၀)၊ တစ်ပြည်လုံးစုရုံးမိသော နေ့ဆောင်းပါး၊ သခင်တင်ဦး။

 ၉။  အမျိုးသားနေ့ ရွှေရတုသဘင်အထိမ်းအမှတ်စာစောင်  (၁၉၇၀)၊ ကျွန်ုပ်ကိုယ်တိုင်  ခေါင်းဆောင်ခဲ့သော ၁၉၂၀ ပြည့်နှစ် ကျောင်းသား သပိတ်ဆောင်းပါး၊ ဦးဘဦး။

 ၁၀။ အိုးဝေဂျာနယ်  (၁၅-၁၁-၁၉၇၀)၊  သပိတ်ခေါင်းဆောင်တို့၏  သစ္စာအဓိဋ္ဌာန် ဆောင်းပါး၊ ဆရာဟိန်။

 ၁၁။ တနင်္သာရီဂျာနယ်၊ ကောလိပ်သပိတ်မှောက် ကျောင်းသား  နေရှင်နယ် အမျိုးသား ကျောင်းဆရာဟောင်း ဦးထွန်းဝင်း (၂၀၁၅)၊  မွန်း၊ (ဆေး-၁)။

ဆောင်းပါးရှင်၏

ကိုယ်ရေးအကျဉ်း

-----------------

-  အမည် ဒေါက်တာနေသွယ်ကြည်

- အဖ ဦးသိန်းကြည်၊ အမိ ဒေါ်သန်းညွန့် မှ ဘားအံမြို့၌ မွေးဖွားခဲ့ပါသည်။

- ၁၉၇၉   ခုနှစ်၌     ထားဝယ်မြို့မှ တက္ကသိုလ်ဝင်တန်း  ဖြေဆိုအောင် မြင်ပြီး  ၁၉၈၃  ခုနှစ်တွင်  သိပ္ပံဘွဲ့ (ဓာတုဗေဒ)၊ ၁၉၈၄ ခုနှစ်တွင် သိပ္ပံ (ဂုဏ်ထူး)ဘွဲ့၊ ၁၉၉၀ ပြည့်နှစ်တွင် မဟာသိပ္ပံဘွဲ့၊ ၂၀၀၅ ခုနှစ်တွင် ပါရဂူ ဘွဲ့တို့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ ပါသည်။

- ၁၉၈၆   ခုနှစ်တွင်   ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ၌ သရုပ်ပြဆရာမ အဖြစ် စတင်အလုပ် ဝင်ရောက်ခဲ့ပြီး ၁၉၉၃ မှ ၁၉၉၅ ခုနှစ် အထိ  စစ်တွေဒီဂရီကောလိပ်၊ ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ၁၉၉၆ မှ ၂၀၀၀ ပြည့်နှစ်အထိ လှိုင်ကောလိပ် တို့တွင် လ/ထကထိက အဖြစ်လည်း ကောင်း၊ ၂၀၀၀ မှ ၂၀၀၄ ခုနှစ်အထိ ဒဂုံတက္ကသိုလ်၊ ၂၀၀၄ မှ ၂၀၀၆ ခုနှစ် အထိ  စစ်တွေတက္ကသိုလ်၊ ၂၀၀၆  မှ ၂၀၀၈ ခုနှစ်အထိ ရန်ကုန် အ‌ဝေးသင် တက္ကသိုလ်တို့တွင် ကထိကအဖြစ် လည်းကောင်း၊ ၂၀၀၈ မှ ၂၀၀၉ ခုနှစ် အထိ ကျိုင်းတုံတက္ကသိုလ်၊ ၂၀၀၉ မှ ၂၀၁၄ ခုနှစ်အထိ  တောင်ငူတက္ကသိုလ် တို့တွင်     တွဲဖက်ပါမောက္ခအဖြစ် လည်းကောင်း၊ ၂၀၁၄ မှ ၂၀၁၇ ခုနှစ် အထိ မြိတ်တက္ကသိုလ်တွင် ပါမောက္ခ (ဌာနမှူး)  အဖြစ်  လည်းကောင်း၊ ၂၀၁၇ မှ  ယခုအချိန်အထိ   ဒဂုံ တက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ် အဖြစ် နိုင်ငံ့တာဝန်ကို  ထမ်းဆောင် နေဆဲဖြစ်ပါသည်။

ဒေါက်တာနေသွယ်ကြည်၊ ဒုတိယပါမောက္ခချုပ်၊ ဒဂုံတက္ကသိုလ်