လွမ်းရပါသော တက္ကသီလာ
မိမိုးအေး(အရှေ့တိုင်းပညာ)
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့က အမိတက္ကသိုလ်ရဲ့ ရာပြည့်မွေးနေ့ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ သမိုင်း၊ ရန်ကုန်တက္ကသိုလ်ရဲ့ ဖြစ်တည်မှု၊ ရန်ကုန်တက္ကသိုလ်ရဲ့ အရေးပါမှုတွေကို ကျွန်မတို့ ဆရာကြီး၊ ဆရာမကြီးများ အမှတ်တရ ရေးသားကြတာတွေကို နေ့တိုင်းပဲ ဖတ်ရပါ တယ်။ တက်ကြွစရာ၊ ပျော်ရွှင်စရာ၊ အောက်မေ့လွမ်းမောစရာတွေလည်း ဖတ်ရသလို ကျွန်မတို့ သက်တမ်းနဲ့ မမီလိုက်ရတဲ့ အကြောင်းအရာတွေ ကိုလည်း တန်ဖိုးရှိစွာ သိရှိရပါတယ်။
ဆရာကြီး၊ ဆရာမကြီးတွေရဲ့ စာတွေကိုဖတ်ပြီး ကျွန်မလည်း လွမ်းစာလေး ရေးချင် လာပါတယ်။ ကျွန်မရဲ့ အမှတ်ရစရာ အများကြီးထဲက နည်းနည်းလေးလောက် ပြောချင်ပါတယ်ရှင်။ တကယ်တော့ ကျွန်မက ရန်ကုန်တက္ကသိုလ်ကို ပထမနှစ် ဂုဏ်ထူးတန်းတက်တဲ့ ၁၉၈၅ ခုနှစ်မှ စရောက်တာပါ။ ပထမနှစ်နဲ့ ဒုတိယနှစ်ကို RC2 မှာ တက်ပါတယ်။ ကျွန်မ ရောက်တဲ့အချိန်က ရန်ကုန်တက္ကသိုလ် ၆၅ နှစ် သက်တမ်းအချိန်ပေါ့။ ၁၉၈၃ ခုနှစ်မှာ တက္ကသိုလ်စတက်ပြီး မဟာဝိဇ္ဇာ ဘွဲ့ရတဲ့အထိ ပညာသင်ယူခဲ့တဲ့ သူတွေ အားလုံးတက္ကသိုလ် ကျောင်းသူသက်တမ်းကို ၁၂ နှစ်တာ နေခဲ့ရတာလည်း ကျွန်မတို့အတွက် အမှတ်တရထဲက အမှတ်တရတစ်ခုပါပဲ။
အမှတ်ရစရာ၊ လွမ်းစရာ
မှတ်မှတ်ရရ နောက်တစ်ခုက ကျွန်မနည်းပြရာထူး ခန့်အပ်ခံရတဲ့ ၁၉၉၅ ခုနှစ်မှာတော့ အမိ တက္ကသိုလ်ရဲ့ (၇၅)နှစ်ပြည့် စိန်ရတုနှစ်ပါ။ ဒါပေမယ့် ကျွန်မ မော်လမြိုင်ကို တာဝန် ကျခဲ့တာ ကြောင့် စိန်ရတုပွဲနဲ့ လွဲခဲ့ရပါတယ်။ အမိတက္ကသိုလ်မှာ ကျောင်းသူဘဝနဲ့ ၁၀ နှစ် တာ ရှိခဲ့ပေမဲ့ တာဝန်ထမ်းခဲ့ရတဲ့ နှစ်ကတော့ နည်းပါးလွန်းပါတယ်။ နယ်တက္ကသိုလ်ကနေ ကျောင်းကိစ္စတွေနဲ့ ရန်ကုန်တက္ကသိုလ်ကို လာရ တဲ့အချိန်ဟာ ကိုယ့်အိမ်ကို ပြန်လာရသလိုပဲ ခံစားရပါတယ်။ ကျောင်းသူဘဝမှာပဲ အကြာကြီး နေခဲ့ရတဲ့ နေရာမှာ ဆုံခဲ့ရတဲ့ဆရာတွေ၊ ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေက ကျွန်မစိတ်ထဲမှာ ဘယ်အချိန်တွေးတွေး အမှတ်ရစရာတွေ၊ လွမ်းစရာတွေ ချည်းပါပဲ။
၁၉၈၅ ခုနှစ်မှာ ဂုဏ်ထူးတန်း ပထမနှစ်တက်ဖို့ ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ကို ရောက်လာကြ ပါတယ်။ ပထမနှစ် ဂုဏ်ထူးတန်းနဲ့ တတိယနှစ်ကို အတူပေါင်းတက်ခဲ့ကြပါတယ်။ ကျွန်မတို့ ဘာသာရပ်က အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် နှစ်ခုမှာပဲ ရှိတာပါ။ ဒေသကောလိပ်စနစ် ဖျက်သိမ်းပြီး တက္ကသိုလ်တိုက်ရိုက်တက်ရတဲ့စနစ် စတင်နေပါပြီ။ ကျွန်မတို့ နှစ်မှာ စုစုပေါင်း ၁၁ ယောက်ဝင်ခွင့်ရပါတယ်။ အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေပါပဲ။ ကျွန်မတစ်ယောက်ပဲ ရန်ကုန်ကပါ။ ဇာတိက မော်လမြိုင်ဖြစ်ပေမယ့် ဖခင်က ဝန်ထမ်း ဖြစ်တာကြောင့် ရန်ကုန်ကို ရောက်နေချိန်ပါ။
၁၉၈၅ ခုနှစ်မှာ ပထမနှစ် ဂုဏ်ထူးတန်း တက်ဖို့ ရောက်လာတော့ ရန်ကုန်တက္ကသိုလ်က ကျွန်မတို့ ဌာနမှာ ဆရာကြီး ဒေါ်တင်တင်မြင့်က ဌာနမှူးပါ။ အင်မတန်မှ စည်းစနစ်ကျသူပါ။ ခေါင်းက စလို့ခြေဖျားအထိ သပ်ရပ်လွန်းလှသူပါ။ အချိန်တိကျတဲ့နေရာမှာလည်း ပထမတန်းပါပဲ။ ဆရာမကြီးဆီက အဲဒီအလေ့ အကျင့် ကောင်းကို ကျွန်မ သေချာ သင်ယူကျင့်သုံးခဲ့တာ ခုချိန်ထိ ပါပဲ။ ကျွန်မ ပါရဂူ ကျမ်းရေးတော့ ဆရာမကြီးက ကြီးကြပ်ပေးပါတယ်။ တစ်ရက် ကျွန်မ ဆရာမကြီးအိမ် စာသွားပြပါတယ်။ ချိန်းထားတဲ့ အချိန်ထက် ကျွန်မ နည်းနည်းလေး နောက်ကျ ခဲ့ပါတယ်။ ဆရာမကြီးက ကျွန်မကို "သမီးကို မမ ၁၂ နာရီထဲက အဆင်သင့် စောင့်နေတာ"လို့ ပြောပါတယ်။ ဆရာမကြီး ကျွန်မကို စောင့်ရတာမျိုး နောက်တစ်ကြိမ်ဘယ်တော့မှ မဖြစ်စေ ရတော့ပါဘူး။ အခု ဆရာမကြီးလည်း ဆုံးပါးသွားပါပြီ။ အချိန်တိကျတာ၊ သပ်ရပ်တာတွေကို ဆရာမကြီးဆီက ကျွန်မ ရခဲ့ပါတယ်။
ဆရာမကြီး မန္တလေးကို ရာထူးတိုးနဲ့ ပြောင်းသွားချိန်မှာ ဆရာကြီး ဦးတင်လွင်က မန္တလေး ကနေ ရန်ကုန်ကို ပြန်ပြောင်းလာပါတယ်။ ကျွန်မတို့ အင်မတန် ချစ်ကြောက် ရိုသေရတဲ့ ဆရာကြီးပါ။ အနေအထိုင် ရိုးရှင်းပြီး ရှက်တတ်ပါတယ်။ အောက်ဆင်းတဲ့လှေကား ထစ်မှာ အတွဲထိုင်နေတာ တွေ့ရင် ဆက်မသွားတော့ဘဲ အပေါ် ပြန်တက်လာပါရော။ ကျွန်မတို့ကို စာသင်နေဆဲကာလမှာပဲ ဆရာကြီး အငြိမ်းစားယူပါတယ်။ အငြိမ်းစား ယူပြီး နောက်ပိုင်းမှာလည်း ကျွန်မတို့ကို စာဆက် သင်ပေးနေခဲ့ပါတယ်။ သက်တမ်းအကြာကြီး ပညာ အမွေပေးခဲ့တာဟာ ဆုံးပါးသွားခါနီးအ ထိပါပဲ။
"စာအုပ်ထဲကစာကို သမီးတို့ အချိန်မရွေး ပြန်ဖတ်လို့ရတယ်။ ဆရာက ပြောနိုင်တုန်းမှာ ပြောတာတွေကို မှတ်သားပါ"လို့ ဆရာကြီး ပြောခဲ့တာတွေက ကျွန်မ ဆရာဖြစ်ချိန်မှာ အထောက် အကူ အများကြီးရခဲ့ပါတယ်။ ဆရာကြီးဟာ စာသင်ရာမှာ စေ့စပ်လွန်း၊ အသေးစိတ်လွန်းပါတယ်။ အင်္ဂလိပ်စာကြောင်း တစ်ခုမှာ full stop တစ်လုံးကျန်ခဲ့လို့ full stop ရဲ့ အရေးကြီး ပုံတွေကို ပြောလိုက်တာ စာသင်ချိန်တစ်မနက် ကုန်ပါတယ်။ ဆရာကြီးလောက် မစေ့စပ်အသေးမစိတ်နိုင်ပေမယ့် ကျွန်မလည်း နည်းနည်းစေ့စပ် အသေးစိတ် တတ်လာတာ ဟာ ဆရာကြီး ဆီက သင်ယူခဲ့ တာဖြစ်ပါတယ်။
သက္ကတဘာသာရပ်ကိုတော့ ကျွန်မတို့ ဆရာကြီး ဆရာမကြီး နှစ်ယောက်ဆီက သင်ယူခဲ့ပါ တယ်။ ဆရာကြီး ဒေါက်တာဇော်ထွန်းနဲ့ ဆရာမကြီးဒေါ်ခင်ဝင်းကြည်တို့ပါပဲ။ နှစ်ယောက်လုံး အဲဒီအချိန်က အငြိမ်းစားယူပြီးကြ ပါပြီ။ ဆရာကြီးကိုတော့ ကျွန်မတို့အားလုံးအဘလို့ ခေါ်ကြပါတယ်။ ကျောင်းသူဘဝမှာ စာနည်းနည်းပဲ သင်တာကြိုက်တဲ့ ကျွန်မတို့ အဖို့ အဘစာသင်ချိန်ဟာ အပျော်ဆုံးပဲပေါ့ရှင်။ ဒါပေမယ့် ကျွန်မ ဆရာဖြစ် လာတော့ အဘလို မဟုတ်ခဲ့ဘူးဆိုတာ ကျွန်မတပည့်တွေ ပြော နေမလားပါပဲ။ ဆရာကြီးနောက် ဆရာမကြီး ဆက်သင်ပေးပါတယ်။ နောက်ပိုင်း ဆရာမကြီးရဲ့အစ်မ ကျန်းမာရေး မကောင်းတာကြောင့် မဂိုလမ်းက ဆရာမကြီး တို့အိမ်မှာ စာသွားသင်ကြပါတယ်။ စာသင်ပေးရုံသာ မဟုတ်ခဲ့ပါဘူး။ ကျွန်မတို့ရောက်တာနဲ့ ကော်ဖီတိုက်၊ မုန့်ကျွေးပါတယ်။ ထမင်းစားချိန် ထမင်းကျွေးပါတယ်။ ပြောရင်းတောင် လွမ်းလာပါပြီ။ ကျွန်မ ဆရာမကြီးဆီက ရခဲ့တာကတော့ ထမင်းကျွေးပြီးစာသင်ပေးတဲ့ အကျင့်ပါပဲရှင်။
ကိုယ့်ပုံစံနဲ့ကိုယ်စာသင်
ကျွန်မတို့ကို သူငယ်ချင်းလိုပေါင်းပြီး အလိုလိုက်ပေးခဲ့တဲ့ ကျွန်မတို့ ဆရာကတော့ ဆရာကြီး ဦးလေးမြင့်ပါ ပဲ။ ပါမောက္ခ ဌာနမှူးရာထူးကနေ ရန်ကုန်အဝေးသင်တက္ကသိုလ်ကို ဒုတိယ ပါမောက္ခချုပ် ရာထူးနဲ့ မပြောင်း ရွှေ့ခင်အထိ ကျွန်မတို့ကို စာသင်ပါတယ်။ ကျွန်မတို့ ဆရာကြီး ဆရာမကြီးတွေအားလုံး ကိုယ့်ပုံစံနဲ့ကိုယ် စာသင်ကောင်းကြပါတယ်။ ဆရာ စာသင်ကောင်းတာ ကတော့ ဆရာနဲ့ စာသင်ခဲ့ဖူးသူတိုင်းသိကြမှာပါ။ အကြောင်းအရာတွေကို မပျင်းရအောင် သင်ကြားပေးနိုင်တာကို ကျွန်မအားအကျဆုံးပါပဲ။ ဆရာ့လို သင်ကြားပေးနိုင် အောင်လည်း ကျွန်မ ခုထိကြိုးစားဆဲပါပဲ။ ဆရာ့ရဲ့ ပျော်ပျော်နေတတ်ပြီး တပည့်တွေကို သူငယ်ချင်းလို ဆက်ဆံပေးတာက ဆရာ့ကို တပည့်တွေ အချစ်ပိုစေခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဆရာနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေထဲက တစ်ခုလောက် ပြောပြချင်ပါတယ်။ ဆရာကြီး ဦးတင်လွင် စာသင်ခန်းက ဝိဇ္ဇာခန်းမ ဒုတိယ ထပ်က လှေကားထောင့်ချိုး အခန်းလေးပါ။ တစ်နေ့ ကျွန်မတို့ကို ဆရာကြီး စာသင်နေပါ တယ်။ ဆရာဦးလေးမြင့်က လှေကားက တက် လာရင်း ချစ်ကောင်းရဲ့ "ချစ်ဖူးတယ် အို မလွယ်ဘူး ရူးနိုင်တယ်" ဆိုတဲ့ သီချင်းကို တိုးတိုးလေး ညည်းလာပါတယ်။ အပေါ်ရောက် တော့မှ ဆရာကြီး စာသင်မှန်းလည်းသိရော တိခနဲအသံတိတ်၊ ခြေသံမကြားအောင် ခြေဖျား ထောက်၊ ဆရာကြီးက ဆရာ့ကို မမြင်မှန်း သိပေမယ့် ခန္ဓာကိုယ်ကိုပါရို့ပြီး ဖြတ်သွားပါ တယ်။ ဂါရဝ နိဝါတ တရားကို ဆရာ့ဆီက ကျွန်မ သင်ယူခဲ့ရပြန်ပါတယ်။
ရန်ကုန်တက္ကသိုလ်က ကျွန်မတို့ဌာနရဲ့ သက်တော်ရှည် ဆရာမကြီးကို ပြပါဆိုရင် ဆရာမကြီး ဒေါ်ခင်သိန်းပါပဲ။ ကျန်းကျန်းမာမာနဲ့ ဒီနေ့အထိ တက်ကြွလန်းဆန်းနေဆဲပါပဲ။ ခုချိန်အထိလည်း ပညာတွေ ဖြန့်ဖြူးပေးဝေ နေဆဲပါပဲ။ ပါဠိစာပေကို အသေးစိတ် သင်ကြားပေးပြီး စာလုံး တစ်လုံးချင်းကို သေချာ ခွဲခြမ်းပြပေးပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပါဠိစာလုံးမြင်ရင် ခွဲခြမ်းစိတ်ဖြာ မိတာကလည်း ဆရာမကြီးဆီက ကျွန်မ သင်ယူခဲ့တာပါပဲ။ ဓမ္မပဒဂါထာ ၄၀၀ ကျော်တွေကို အလွတ် ရွတ်ပြနိုင်တာက လည်း ဆရာမကြီးရဲ့ အားသာ ချက်ပါပဲ။ ဒါကိုတော့ ဒီနေ့အထိ ဆရာမကြီး ဆီက ကျွန်မ မသင်ယူ နိုင်ခဲ့ပါဘူးရှင်။
ပထမနှစ်ကစလို့ ကျွန်မရဲ့ မဟာဝိဇ္ဇာဘွဲ့ ကျမ်းကို ကြီးကြပ်ပေးခဲ့သူကတော့ ဆရာမကြီး ဒေါ်အုန်းမြင့်ပါပဲ။ အင်မတန်ခေတ်မီတဲ့ ကျွန်မ တို့ ဆရာမကြီးပါ။ အဝတ်အစားကို သေသပ် လှပအောင် ဝတ်တတ်တာဟာ ခုချိန်အထိပါပဲ။ ခုချိန်အထိ စာသင်ပေးနေဆဲ၊ ကျမ်းတွေကို ကူညီပေးနေဆဲပါပဲ။ ကျွန်မနဲ့ကတော့ ဆရာတပည့်ဆိုတာထက် မိဘနဲ့ သားသမီးလို ဆက်ဆံရေး ရှိခဲ့တဲ့ ဆရာမကြီးပါ။ မဟာဝိဇ္ဇာ ကျမ်းရေးနေတဲ့ တောက်လျှောက်မှာ ဆရာမ ကြီးအိမ်ကို တစ်ချိန်လုံး သွားနေရတာပါ။ ကျွန်မသွားတိုင်း ဘာမှမပါသွားပေမယ့် ကျွန်မကို မနက်စာ၊ နေ့လယ်စာကျွေးပြီး စာလုပ်ပေးခဲ့တာပါ။ ဆရာမကြီးက သင်ကြားရေးမှာလည်း တီထွင်ဆန်းသစ် တဲ့ အမြင်ရှိတဲ့ သူပါ။ မဟာဝိဇ္ဇာတန်းတက်နေတုန်း ဆရာမ ကြီးရှိတဲ့ RC2 မှာ ကျွန်မတို့ အချိန်ပိုင်းနည်းပြ သွားလုပ်ကြတဲ့ တောက်လျှောက်မှာ လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ဆရာမကြီးဆီ က သင်ယူ ခဲ့ရတာဟာ ကျွန်မအတွက် အများကြီး အကျိုး ရှိခဲ့ပါတယ်။
ကျွန်မ ဆရာမကြီးတွေထဲမှာ လှလှပပနဲ့ အမြဲ ကျော့ရှင်းနေတဲ့သူကတော့ ကျွန်မတို့ က ချစ်စနိုးနဲ့ မာမီချိုလို့ ခေါ်တဲ့ဆရာမကြီး ဒေါ်နုရီပါပဲ။ ဆရာမကြီး ကျွန်မတို့ကို စာသင် တဲ့အချိန်က အရွယ်ငယ်သေးပါတယ်။ သားသမီးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဆရာမ ကြီးကို စောစောပိုင်း စတွေ့ချိန်က ကျွန်မတို့ အပျိုကြီးလို့ ထင်ခဲ့ကြတာပါ။ ဗုဒ္ဓသာသနာ့သမိုင်းကို လေအေးအေးလေးနဲ့ သင်ကြားပေး ပါတယ်။ ဆရာမကြီးဟာ အမြဲပဲ ပြုံးနေတတ် ပါတယ်။ ဒေါသလည်း ထွက်ခဲသူပါ။ ဒေါသ ထွက်တာလည်း မြန်ပြီး ပြုံးခဲလှတဲ့ ကျွန်မက ဆရာမကြီးဆီက ရခဲ့တာကတော့ လှလှပပ လေး နေတတ်တာပါပဲရှင်။
အလွန်သဘောကောင်း၊ အလွန်ရိုးသား ပြီး အလွန်စိတ်ရှည်တဲ့ ကျွန်မတို့ ဆရာကြီး ကတော့ ဆရာကြီး ဦးညီဝင်းပါ။ အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်း ၊ အသားဖြူဖြူနဲ့ ဆရာကြီးဟာ ငယ်ငယ်က အတော် ချောမော မှာပါပဲ။ စာအသင်အပြလည်း ကောင်းလှပါ တယ်။ ကျွန်မ ဆရာနဲ့ တောက်လျှောက် နေခဲ့စဉ်မှာ ဆရာ စိတ်ဆိုးဒေါသထွက်တာ မမြင်ခဲ့ဖူးပါဘူး။ ခုတော့ အေးချမ်းတဲ့ နေရာတစ်ခု မှာ ဆရာ ရောက်နေပါပြီ။
ကျွန်မဘဝမှာ စာတွေ ရေးဖြစ်အောင် အမြဲတိုက်တွန်းပေးပြီး ကျွန်မက သိချင်တာ ကိုလည်း တိတိကျကျ၊ သေသေချာချာ ပြောပြ တတ်သူကတော့ ဆရာကြီး ဦးအောင်ထွတ်ပါပဲ။ ကျွန်မက ဆရာ့ကို ကျွန်မရဲ့ ဒစ်ရှင်နရီလို့ ဆိုချင်ပါတယ်။ ဘဝကို ရောင့်ရဲစွာ နေထိုင်တာကလည်း ဆရာ့ရဲ့ ဝိသေသပါပဲ။ စာပေးစာယူ သင်တန်းအတွက် ဆရာရေးသားခဲ့တဲ့ ပို့ချချက်တွေဟာ ရှင်းလင်းလွယ်ကူလွန်းလှ ပါတယ်။ ဒီနေ့အထိလည်း ကျွန်မတို့ ကိုးကား နေရဆဲပါပဲ။ ဆရာ့ဇနီး မမစန်းဟာ အတော် လှပပြီး သဘောထား ပြည့်ဝလွန်းသူပါ။ အသက် ၈၆ နှစ် ရှိနေပြီဖြစ်တဲ့ ဆရာကြီးဟာ ကျန်းမာစွာ မိသားစုနဲ့အတူ နေထိုင်နေပါတယ်။ ဘဝမှာ ရိုးရှင်းရောင့်ရဲစွာ နေထိုင်တတ်ဖို့ ဆရာ့ဆီက ကျွန်မ သင်ယူနိုင်ခဲ့ပါတယ်။
ကျွန်မကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းထွက်တစ်ယောက် ဖြစ်တာကို အမြဲဂုဏ်ယူမိပါ တယ်။ ဒါ့အပြင် ကျွန်မကို ဘွဲ့သုံးခု ရတဲ့အထိ ပညာသင်ကြားပေးခဲ့ပြီး လက်ရှိ ကျွန်မဘဝ ဒီလိုရပ်တည်နိုင်အောင် ပညာတွေ သင်ကြားဖြန့်ဝေပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာ ဌာနက ကျွန်မ ဆရာကြီး၊ ဆရာမကြီးများရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း အစဉ်ပဲ လွမ်းဆွတ် သတိရလျက်ပါ။ ဆရာကြီး၊ ဆရာမကြီးတွေဆီက ရရှိခဲ့တဲ့ ပညာရပ်တွေကို ကျွန်မတို့ကလည်း ပေးဝေသူများအဖြစ် ရှိနေ ကြပါပြီ။ ဒီလိုပဲ ကျွန်မတို့ တပည့်သားမြေး များကလည်း နောက် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း ပေးနိုင်အောင် အားထုတ် ကြိုးစားစေချင်ပါတယ်။
ရပ်တည်မှုနှစ် ၁၀၀ တိုင်ခဲ့ပြီ
အမိတက္ကသိုလ်နဲ့ပတ်သက်ပြီး ကျောင်းသူ ဘဝ အမှတ်ရစရာတွေကတော့ ပြောလို့လည်း မကုန်၊ ရေးလို့လည်းကုန်မှာ မဟုတ်ပါဘူးရှင်။ အမိကျောင်းတော်ကြီးကတော့ ခေတ် စနစ် တွေ ဘယ်လို ပြောင်းပြောင်း မပြောင်းမလဲနဲ့ ရပ်တည်လာတာဟာနှစ် (၁၀၀) တိုင်ခဲ့ပါပြီ။ နှစ် (၁၀၀)အတွင်းမှာ ပျော်စရာတွေ၊ တက်ကြွ စရာတွေနဲ့ ဖြတ်သန်းခဲ့သလို ဝမ်းနည်းစရာ၊ ခါးသီးစရာတွေကိုလည်း ကျော်ဖြတ်နိုင်ခဲ့ ပါတယ်။ အရာအားလုံးကို ကြံ့ကြံ့ခံပြီး ရင်ဆိုင် ခဲ့တဲ့ မိခင်ကျောင်းတော်ကြီး ကျွန်မတို့ မရှိ တော့မယ့် နောင် နှစ်(၂၀၀)ပြည့်၊ နှစ်(၃၀၀) ပြည့်မွေးနေ့တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ် သန်းနိုင်ပါစေကြောင်း ဆုတောင်း စကားဆိုရင်း ကျွန်မရဲ့ လွမ်းစာခွေကို အဆုံးသတ် ပါရစေရှင်။ ။