လွှမ်းခြုံအောင်မြင် ခရီးစဉ်မှသည် ယုံကြည်လျှောက်လှမ်း အနာဂတ်လမ်းသို့




ကေဇက်ဟိန်း (PPIB)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ထိုင်းနိုင်ငံ (Official Visit) ခရီးစဉ်ဟာ အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ မိဘတွေအပြင်သွားတဲ့အခါ မိသားစုတွေအတွက် တစ်စုံတစ်ခု ဝယ်လာစမြဲဆိုတဲ့သဘာဝအတိုင်း သမ္မတကြီးရဲ့ပြည်ပခရီးစဉ်များနောက်ကွယ်မှာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် မြားမြောင်တဲ့အကျိုးရလဒ်ကောင်းတွေကို ဖော်ဆောင်လာခဲ့တာကိုလည်း အားလုံးတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ကဲ စာဖတ်သူတို့ရေ၊ ခရီးစဉ်ဒုတိယရက်ကို ဆက်ကြပါဦးစို့ဗျာ။
နိုင်ငံတော်အကြီးအကဲအနေနဲ့ ဒုတိယခရီးစဉ်ရက်မှာ ထိုင်းအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ခရီးစဉ်တိုင်းမှာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကဏ္ဍပူးပေါင်းမှုကိုလည်း မဖြစ်မနေ အလေးထားဆောင်ရွက်ပေးနေတာကို တွေ့မြင်ရတယ်။ ပြည်ပခရီးစဉ်တိုင်းကို ပြန်ကြည့်ရင် နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နှစ်နိုင်ငံတပ်မတော်ကဏ္ဍ စတဲ့ပင်မ ဒေါက်တိုင်တွေအတွက် အမြဲမပြတ်ဂရုတစိုက်လေ့လာဆောင်ရွက်ခဲ့သလို အခြားသောစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍစတဲ့ ကဏ္ဍစုံကိုလည်း မဖြစ်မနေလေ့လာ ဖော်ဆောင်လျက်ရှိတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေအပေါ်ထားရှိတဲ့ စိတ်စေတနာနဲ့ ဆန္ဒတွေအဖြစ် တွေ့မြင်ကြရမှာပါ။
ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနဲ့ တွေ့ဆုံစဉ်မှာတော့ လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဖော်ဆောင်မှု၊ ဥပဒေပြုရေးဆိုင်ရာအတွေ့အကြုံများ ဖလှယ်ဆောင်ရွက်သွားမှု၊ လွှတ်တော်အသီးသီးတွင် အမျိုးသမီးများပါဝင်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်သွားမှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုနှင့် မြစ်ရေညစ်ညမ်းမှု ကိစ္စတို့ကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအပေါ် ဆွေးနွေးညှိနှိုင်းအောင်မြင်ခဲ့မှုတွေကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
“ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ပြည့်ဝစွာရရှိစေရေး၊ ဥပဒေနှင့်အညီ အကာအကွယ်ပေးရေးတို့နှင့်ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံလိုကြောင်း”
ဒီတောင်းဆိုမှုကို ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တင်မက ထိုင်းအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနဲ့ တွေ့ဆုံစဉ်မှာလည်း ကြားသိခဲ့ရပါတယ်။ စာရေးသူကိုမင်သက်မိစေခဲ့တဲ့ စကားတစ်ခွန်းလို့ ဆိုရပါမယ်၊ နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စရပ်တွေ ပြည့်နှက်နေတဲ့ကြားကပဲ ထိုင်းရောက်မြန်မာလူမျိုးတွေကို မှတ်မှတ်ရရရှိနေတာဟာ အကြီးအကဲရင်ထဲက လေးနက်မှု၊ သတိတရရှိမှုတွေပါပဲ။ “အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေခြင်း” ဆိုတာဟာ စကားလုံးတစ်လုံးထက် ပိုပြီးနက်ရှိုင်းပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားဆိုရာမှာ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံရေးဝါဒမှိုင်းကြောင့် ရွှေ့ပြောင်းလာခဲ့သူတွေအပါအဝင် မြန်မာအလုပ်သမားများထိ အကျုံးဝင်ပါတယ်။ သူတို့စိတ်ထဲမည်သို့ရှိပါစေ၊ နိုင်ငံအကြီးအကဲကတော့ “ဒါဟာ ကျွန်တော့်သားသမီးလေးတွေပါဗျာ၊ သူတို့လေးတွေကို စောင့်ရှောက်ပေးပါ” ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ မိဘတိုင်းရဲ့ရင်ထဲမှာ အမြဲကိန်းအောင်းနေတတ်တဲ့ မေတ္တာစကား၊ ကရုဏာစကားပါပဲ။ ဒါတွေကို ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာလူမျိုးအားလုံးကြားသိနိုင်ပါစေ။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါဘူး၊ တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတယ်၊ သားသမီးဆိုး ပစ်ရိုးထုံးစံမရှိဆိုတဲ့စကားအတိုင်းပါပဲ။ နိုင်ငံတော်အကြီးအကဲရဲ့ ရင်ဝယ်သားသဖွယ်စိတ်ထားကို အမှတ်မထင်တွေ့မြင်ရပါတယ်။
ပြည်ပခရီးစဉ်တိုင်းမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အမြဲမပြတ်ဖိတ်ခေါ်တယ်။ ပြည်တွင်းမှာ ပညာရည်မြင့်မားရေးကတစ်ဆင့် အတတ်ပညာပြည့်ဝတဲ့ လူသားအရင်းအမြစ်တွေ ဖော်ဆောင် ကြိုးပမ်းနေတယ်။ ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ လိုအပ်တဲ့ပညာတတ်လူသားအရင်းအမြစ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင် ဆောင်ရွက်ပေးမယ်။ နည်းပညာကျွမ်းကျင်သူကတစ်ဆင့် ပြည်တွင်းလုပ်ငန်းရှင်တွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးချင်တယ်။ ပြည်ပထွက်အလုပ်လုပ်သူတွေကြောင့် ဆုံးရှုံးနေတဲ့ နိုင်ငံအတွက်လူသားအရင်းအမြစ်တွေကို နိုင်ငံတော်မှာ ပြန်လည်ပိုင်ဆိုင်စေချင်တယ်။ ဒါကလည်း နိုင်ငံတော်အကြီးအကဲရဲ့ ရေရှည်အတွက်မျှော်မှန်းချက်တစ်ခုသာ ဖြစ်ပါတယ်။ မှန်းဆရင်မြင်နိုင်ပါတယ်။ မှတ်မှတ်ရရ စကားတစ်ခွန်းက စာရေးသူနှလုံးသားကို အမှတ်တရအဖြစ် ငြိတွယ်သွားခဲ့ပြန်ပါတယ်။
နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မြန်မာသံရုံးကို ခရီးဆက်ခဲ့ပါတယ်။ မြန်မာသံရုံးမှာတော့ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ ပညာတော်သင် သင်တန်းသားတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
တွေ့ဆုံစဉ်မှာလည်း တိုးတက်နေတဲ့ ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ၊ အသိပညာတွေကို အမှန်တကယ် သိရှိတတ်ကျွမ်းနားလည်အောင် သင်ယူလေ့လာသွားကြဖို့၊ ဘာသာစကားကိုလည်း မိမိတို့လာရောက်တာဝန်ထမ်းဆောင်ရသည့်ကာလအတွင်း တတ်မြောက်အောင်လေ့လာသင်ယူကြဖို့၊ တာဝန်ထမ်းဆောင်ရင်းနှင့် မိမိဘဝတိုးတက်မှုမှသည် နိုင်ငံတော်တိုးတက်စေဖို့၊ နှစ်နိုင်ငံအတွက် အကျိုးရှိစေမယ့်အခြေအနေကောင်းတွေ ကြိုးစားဆောင်ရွက်ကြဖို့ကို အဓိကထားမှာကြားခဲ့ပါတယ်။
ဒါ့အပြင် သံတမန်ဆက်ဆံရေးရဲ့ အရေးပါမှု၊ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများအနေနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြဖို့ မိသားစုအချင်းချင်းဖေးမပြီး စည်းစည်းလုံးလုံးနဲ့ နေထိုင်သွားကြဖို့ကိုလည်း အလေးထားမှာကြားခဲ့ပါတယ်။
အလျဉ်းသင့်တယ်လို့ ဆိုရမှာပါပဲ။ သံရုံးမှာ စာရွက်စာတမ်းလာရောက်လုပ်နေတဲ့ မြန်မာလူမျိုးများနဲ့လည်း တိုက်တိုက်ဆိုင်ဆိုင်တွေ့ဖြစ်ခဲ့ပါသေးတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို အားပေးစကားပြောပြီး ဘယ်လိုအခက်အခဲရှိရှိ သံရုံး၊ စစ်သံရုံးတွေမှာ အချိန်မရွေးအကူအညီတောင်းဖို့ တခုတ်တရ မှာခဲ့ပါသေးတယ်။ ဘယ်သို့ပင်ရောက်နေပါစေ၊ မြန်မာလူမျိုးအားလုံးအတွက် မြန်မာနိုင်ငံတော်ဟာ အမြဲအရိပ်လိုရှိနေတယ်ဆိုတဲ့အသိကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဝေးရောက် မြန်မာလူမျိုးများအားလုံးအနေနဲ့လည်း နိုင်ငံတော်ရဲ့တန်ဖိုး၊ နိုင်ငံတော်အကြီးအကဲရဲ့စေတနာကို သိဖို့၊ မြင်ဖို့ လိုအပ်ပါတယ်။
မြဘုရားသို့ဆီခရီးဆက်ခဲ့ပြန်ပါပြီ။ မြဘုရားကတော့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ထိုင်းဘုရင့် နန်းတော်ဝင်းအတွင်းမှာ တည်ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲက မြဘုရားဆောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီးတွေ ဆက်ကပ်လှူဒါန်းမှုနဲ့အတူ အလှူငွေနဲ့မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက်ဆင်းတုတော်မြတ်ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။
ဆက်လက်ပြီး နိုင်ငံတော်အကြီးအကဲက ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ Dusit Maha Prasat Throne Hall ၌ ထိုင်းဘုရင်မင်းမြတ်၏ မယ်တော် မိဖုရားကြီး Queen Sirikit အား အောက်မေ့သတိရခြင်းအထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခွေချခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားတဲ့ စကျင်ကျောက်ဆင်းတုတော်မြတ်အားလှူဒါန်းပေးအပ်ခြင်း၊ Piman Rattaya Throne Hall ရှိ ထိုင်းဘုရင်မင်းမြတ်၏သမီးတော် မင်းသမီးကြီး Princess Bajrakitiyabha တို့အား အောက်မေ့ သတိရလွမ်းသူ့ပန်းခွေချခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံစံတူ ထုဆစ်ပူဇော်ထားတဲ့ စကျင်ကျောက်ဆင်းတုတော်မြတ်အား လှူဒါန်းပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ သာသနာတော်ပြန့်ပွားရေးဆောင်ရွက်မှုတစ်ခုပါပဲ။ ရှေးဘုရင်တွေ အဆက်ဆက်ကတည်းက သာသနာတော်ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့တာလည်း မဟုတ်ပါလား။
ထိုင်းနိုင်ငံခရီးစဉ်ကတော့ အောင်မြင်စွာပြီးမြောက်ခဲ့ပါပြီ။ အမိမြန်မာနိုင်ငံတော်ဆီ ပြန်ရပါတော့မယ်။ ကြည်လင်တဲ့ရာသီဥတုနဲ့အတူ လေဆိပ်တစ်ခွင်ဟာ ငြိမ်းချမ်းသာယာလို့ နေပါတယ်။ နှစ်နိုင်ငံအလံတွေ တလူလူလွှင့်ထူထားမှုနဲ့အတူ အပြာရောင်နောက်ခံ ကားချပ်ကြီးပေါ်မှာတော့ နှစ်နိုင်ငံအလံတော်တံဆိပ်နဲ့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုတဲ့ ခံ့ညားထည်ဝါစွာ ကြိုဆိုထားမှုကိုလည်း တွေ့ရပါတယ်။ ကော်ဇောနီရဲ့တစ်ဖက်တစ်ချက်မှာ ထိုင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့ကလည်း အလေးပြုနှုတ်ဆက်လျက်ရှိပါတယ်။
နှစ်နိုင်ငံအကြီးအကဲနှစ်ဦးဟာ ကော်ဇောနီခင်းထားရာ လျှောက်လှမ်းတစ်လျှောက် အပြုံးကိုယ်စီနဲ့ တည်ငြိမ်စွာလျှောက်လှမ်းလာပါတယ်။ အကြီးအကဲတို့ရဲ့ အပြုံးများဟာ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်မှုကိုသာမက ယခုခရီးစဉ်ရဲ့အောင်မြင်မှုရလဒ်များနဲ့ နှစ်ပြည်ထောင်ပြည်သူများရဲ့ အနာဂတ်အကျိုးကို ဖော်ညွှန်းသက်သေပြုလျက်ရှိပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်က လေယာဉ်ပေါ်တက်ခါနီးထိ မိမိတို့နိုင်ငံအကြီးအကဲကို လိုက်ပါပို့ဆောင်ပါတယ်။ လေယာဉ်အတက်လှေကားရင်းမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲလက်ကို ကျစ်လျစ်စွာဆုပ်ကိုင်ပြီး နှုတ်ဆက်တဲ့ဟန်ကလည်း နှစ်နိုင်ငံခေါင်းဆောင်ချင်း၊ နှစ်နိုင်ငံအစိုးရချင်း၊ နှစ်နိုင်ငံပြည်သူချင်း ထာဝရကျစ်လျစ်ခိုင်မာတဲ့ တွဲလက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှုတွေရဲ့ အနာဂတ်စာမျက်နှာများအဖြစ် တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။
မိတ်ဆွေစစ်တို့မည်သည် သူ့အကျိုးကိုယ့်အကျိုးအတွက် အတ္တ၊ ပရမျှတအောင် တွေးခေါ်ဆက်ဆံဆောင်ရွက်တတ်ကြစမြဲပါ။ ကြုံတွေ့လာတဲ့ဒေသတွင်း အခက်အခဲ၊ နှစ်နိုင်ငံရဲ့ အဟန့်အတားမှန်သမျှကို နားလည်မှု၊ ဖေးမမှု၊ ခွင့်လွှတ်မှုတွေနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်နိုင်ရပါမယ်။ နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အထူးလေယာဉ်ပေါ်ကို ရောက်ရှိသွားခဲ့ပါပြီ။ မကြာမီဆိုသလိုပဲ လိုက်ပါလာတဲ့ အထူးလေယာဉ်ဟာ အမိမြန်မာနိုင်ငံဆီသို့ ဦးတည်ပျံသန်း လို့နေပါတော့တယ်။
နိုင်ငံတော်အကြီးအကဲရဲ့ သမ္မတတာဝန်ယူပြီးချိန်မှစပြီး စတုတ္ထမြောက် ပြည်ပခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ (Official Visit) ခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါပြီ။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီလျှောက်လှမ်းနေမှု နိုင်ငံရေးခရီး၊ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ လက်တွေ့ကျကျ ဖော်ဆောင်နေမှု၊ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးဆိုင်ရာလုပ်ငန်းများတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် ဆောင်ရွက်နေမှု၊ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်တဲ့ နိုင်ငံ့စီးပွားရေးအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်မှု၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ရဲ့စွမ်းအင်ကဏ္ဍ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ စတဲ့ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုတွေကို ချပြဆွေးနွေးနိုင်ခဲ့ပြီး အောင်မြင်တဲ့ရလဒ်တွေပိုင်ဆိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါပြီ။ ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၊ မြန်မာနိုင်ငံသားများကို စောင့်ရှောက်နိုင်ဖို့အတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အကြီးအကဲရဲ့ပြည်ပခရီးစဉ်တိုင်းဟာ လှမ်းတိုင်းတင့်တဲ့ ခြေလှမ်းများသဖွယ်ပါပဲ။
နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့လိုက်ပါလာတဲ့ အထူးလေယာဉ်ဟာ တိမ်တိုက်များကြားကို ထိုးဖောက်ရင်း အမိမြန်မာနိုင်ငံရဲ့လေဆိပ်ကို ဆင်းသက်ရောက်ရှိခဲ့ပါပြီ။ အကြီးအကဲရဲ့အပြုံးနဲ့ လက်ပြနှုတ်ဆက်မှုတွေ၊ ခရီးဦးကြိုပြုနေတဲ့ ဒုတိယသမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်တပ်မတော်အရာရှိကြီးများရဲ့ ကြိုဆိုနှုတ်ဆက်နေ ဟန်များကလည်း ခရီးစဉ်ရဲ့အောင်မြင်မှုရလဒ်၊ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုတဲ့ စုစည်းညီညွတ်မှုအားတို့ကို ဖော်ညွှန်းနေလျက်ရှိပါတယ်။
ခရီးစဉ်တိုင်းအောင်မြင်မှုများနဲ့အတူ နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ နိုင်ငံတော်အစိုးရအနေနဲ့လည်း ပိုင်ဆိုင်လာတဲ့အောင်မြင်မှုများနဲ့အတူ မိမိနိုင်ငံ့အရေးအတွက် နိုင်ငံ့စာမျက်နှာသစ်မှသည် အာဆီယံဒေသတွင်း၊ ကမ္ဘာ့မျက်နှာစာထိတိုင် ယုံကြည်စွာ ဆက်လက်လျှောက်လှမ်းသွားပေဦးမည်ဟု ရေးသားကာသီစာပန်းချီအဖြစ် ခြယ်မှုန်းလိုက်ရပါတော့သည်။ ။
