Skip to main content

နိုင်ငံသားတိုင်းသိထားသင့်သော အခွန်ဆိုင်ရာအခွင့်အရေးနှင့် တာဝန်ဝတ္တရားများ

ခေတ်ဉာဏ်ထွန်း (Keio University)

နံနက်ခင်း ပီတိအပြုံးနှင့် သတင်းကြေညာချက်

နံနက်ခင်းနေရောင်ခြည်က မြို့ငယ်လေး၏ လမ်းမများပေါ်သို့ ရွှေရောင်သန်းလျက်ရှိပြီး လမ်းမပေါ်ရှိ “ရွှေပြည်စိုး” လက်ဖက်ရည်ဆိုင်မှာတော့ ပုံမှန်အတိုင်း လူစည်ကားနေဆဲ ဖြစ်သည်။

ဆိုင်၏ ထောင့်စွန်းစားပွဲတစ်လုံးတွင်တော့ ပွဲရုံလုပ်ငန်းရှင်ဦးဆန်းက သတင်းစာကို စိတ်ဝင်တစားဖတ်ရှုနေသည်။ ဦးဆန်း၏ဘေးတွင် ထိုင်နေသူကတော့ ၎င်း၏မိတ်ဆွေဖြစ်သူ ပါမောက္ခဦးကျော်လွင် ဖြစ်သည်။

ခဏအကြာတွင် ဦးဆန်းသည် သတင်းစာကို စားပွဲပေါ်သို့ အသာချလိုက်ပြီး ကျေနပ်ပီတိဖြင့် ပြုံးလိုက်သည်။ ထိုအပြုံးကို ဦးကျော်လွင်က သတိထားမိလိုက်ပြီး “သတင်းစာဖတ်ရင်း ပြုံးနေတာပဲ။ ဘာသတင်းထူးရှိလို့လည်း ကိုဆန်း”ဟု မေးမြန်းလိုက်သည်။

ဦးဆန်းက သတင်းစာကို ဦးကျော်လွင်ဘက်သို့ လှည့်ပြရင်း-

“ဒီမှာလေဆရာ။ ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့နဲ့ ကျုပ်တို့တောင်သူတွေ အဆင်ပြေစေဖို့အတွက် အစိုးရက အခွန်ကင်းလွတ်ခွင့်တွေ ဆက်ပြီးခွင့်ပြုပေးမယ့်အကြောင်း ကြေညာထားတာဗျ” ဦးကျော်လွင်က သတင်းစာကိုယူဖတ်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်သည်။

“အော်... ဒီသတင်းကိုး။ ဒါကအစိုးရက ပြည်သူ့အကျိုးကို ရှေ့တန်းတင်ပြီး စဉ်းစားဆောင်ရွက်ပေးတာပဲဗျ” ဟု ထောက်ခံစကား ဆိုလိုက်သည်။

စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် နိုင်ငံတော်၏ အခွန်ကင်းလွတ်ခွင့်များ

ဦးကျော်လွင်က သတင်းစာကို အာရုံစိုက်ဖတ်ရင်း ဆက်လက်ရှင်းပြသည်။

“ကိုဆန်း..အစိုးရက စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အဓိက အသုံးပြုနေတဲ့ ဒီဇယ်ဆီ (HSD 500 ppm) အပေါ်မှာ ကျသင့်မယ့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင်ဝင်ငွေခွန်တွေကို ဧပြီလကစပြီး ကင်းလွတ်ခွင့်ပြုခဲ့တာ။ ဇူလိုင်လမှာလည်းဆက်ပြီး ကင်းလွတ်ခွင့်ပြုမယ်လို့ ကြေညာထားတာပဲ”

“ဟုတ်တယ်ဆရာ။ ဒါဆိုရင် ကုန်တင်ကားတွေ၊ ကျုပ်တို့ တောင်သူတွေ သုံးနေတဲ့ ထွန်စက်တွေအတွက် အများကြီးအကျိုးရှိမှာ” ဟု ဦးဆန်းက ပြောလိုက်သည်။

“အမှန်ပေါ့ဗျာ။ စက်သုံးဆီစရိတ်လျော့သွားရင် ကုန်ထုတ်လုပ်မှုစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ် လျော့သွားမယ်။ ကုန်ကျစရိတ်လျော့ရင် ကုန်စည်ဈေးနှုန်းတွေတည်ငြိမ်ဖို့ အထောက်အကူ ဖြစ်မယ်။ နောက်ဆုံးမှာ အကျိုးခံစားရမှာကကျုပ်တို့ ပြည်သူလူထုပါ။”

ဦးဆန်းက “ဒါတင်မကသေးဘူးဆရာ။ ဓာတ်မြေဩဇာနဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေမှာသုံးတဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကျသင့်တဲ့ အခွန်အကောက်တွေကိုလည်း ဇူလိုင်လကုန်ထိ ကင်းလွတ်ခွင့်ပြုပေးမယ်လို့ ပါတယ်ဗျ”ဟု ဆက်ပြောလိုက်လေ သည်။

“ဒါဟာ အခွန်စနစ်ရဲ့ နောက်ထပ်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ကို ပြနေတာပဲ။ အခွန်ဆိုတာ ပြည်သူ့အကျိုးပြုဝန်ဆောင်မှု လုပ်ငန်းတွေအတွက် ဘဏ္ဍာငွေရရှိဖို့ ကောက်ခံတာဖြစ်သလို ပြည်သူလူထုစားဝတ်နေရေးအဆင်ပြေဖို့ ထိန်းညှိပေးဖို့ လိုအပ်တဲ့အခါမှာ ကူညီပံ့ပိုးနိုင်ဖို့ အသုံးပြုတဲ့မူဝါဒအစီအမံတစ်ခုလည်း ဖြစ်တယ်” ဟု ဦးကျော်လွင်က ရှင်းပြလေသည်။

အခြားစားပွဲတွင် ထိုင်နေသူများကပါ စိတ်ဝင်တစားနားထောင် နေကြသည်။ အခွန်ကင်းလွတ်ခွင့်ဆိုသည့် သတင်းတစ်ပုဒ်သည် သူတို့၏ နေ့စဉ်ဘဝနှင့် မည်မျှဆက်စပ်နေသည်ကို တွေးတောနေကြပုံရ သည်။

အခွန်ဆိုတာ အစိုးရကို ပေးတဲ့ငွေလား၊ မိမိအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတာလား

ထိုစဉ် လူငယ်စီးပွားရေးသမားဖြစ်သူ ဆိုင်ရှင်ကိုရဲက ဦးဆန်းဘေးတွင် ဝင်ထိုင်ကာ စကားဝိုင်းထဲ ပါဝင်လာသည်။

“ဆရာ... ကျုပ်သိချင်တာတစ်ခု ရှိတယ်ဗျ။ လူတော်တော်များများက အခွန်ဆောင်ပြီး ဘာပြန်ရလဲဆိုပြီး ပြောတတ်ကြလို့ပါ”

“ဦးကျော်လွင်က ကိုရဲကို ခေတ္တစူးစိုက်ကြည့်လိုက်ပြီး ကိုရဲကို ပြုံး၍ လှမ်းမေးလိုက်သည်။

“ကိုရဲဆိုင်ရှေ့က လမ်းကို ကတ္တရာခင်းပြီးတာ အတော်ကြာပြီလား။”

“မကြာသေးပါဘူး ဆရာ။ ပြီးခဲ့တဲ့အပတ်ကမှ ခင်းသွားတာပါ။ အရင်တုန်းက အခုလိုမိုးရွာရင် ဗွက်တွေနဲ့သွားလာရတာ အတော်ခက်တယ်။ နောက်ပြီးဆိုင်မှာ အခုလို လူသိပ်မကျဘူး ဧည့်သည်ပါးတယ်” ဟု ကိုရဲက ဖြေလိုက်သည်။

ထိုအချိန်တွင် ကိုရဲ၏ သမီးလေးက ကျောပိုးအိတ်လေးကို လွယ်ပြီး ကိုရဲအနားသို့ ပြေးဝင်လာသည်။

“ဖေဖေ… သမီး ကျောင်းသွားတော့မယ်နော်”

ကိုရဲက သမီးလေး၏ ကျောပိုးအိတ်ကြိုးကို သေချာပြင်ပေးပြီးနောက် ခေါင်းကိုပွတ်သပ်ကာ…

“စာကြိုးစားနော်သမီး”

“ဟုတ်ကဲ့ ဖေဖေ” ဟု ပြုံးပြုံးရွှင်ရွှင်ဖြေကာ ပြန်ထွက်သွားလေသည်။

သမီးလေးထွက်သွားသည်ကို ဦးကျော်လွင်က ပြုံး၍ လှမ်းကြည့် နေပြီးမှ…..

“ကိုရဲ… သမီးလေးက ဘယ်နှတန်းတက်နေတာလဲ။”        

“Grade 3 တက်နေပြီ ဆရာ”

ဦးကျော်လွင်က ခေါင်းညိတ်လိုက်သည်။

“ကောင်းတာပေါ့ ကိုရဲရေ။ အခုကိုရဲ ဆိုင်ရှေ့ကလမ်း၊ ကိုရဲသမီးလေးတက်တဲ့ ကျောင်း၊ နောက်ပြီးအစိုးရဆေးရုံတွေ၊ လျှပ်စစ် ဓာတ်အားစနစ်တွေ၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံးစတဲ့ လုံခြုံရေး ဝန်ဆောင်မှုတွေ၊ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာငွေတွေ ရှိနေတယ်လေ။ ဒါကြောင့်အခြားနိုင်ငံတွေမှာ အခွန်ပေးဆောင်ခြင်းကို မိမိတို့ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းလို့ ရှုမြင်ကြတာဖြစ်သလို နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင်ပါဝင်ခြင်းလို့လည်း သတ်မှတ်ကြတယ်”

ကိုရဲက အသစ်စက်စက်ကတ္တရာလမ်းမကြီးကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

“အခုမှပဲ နားလည်တော့တယ် ဆရာ။ အခွန်ဆောင်တာက ကျုပ်တို့ရဲ့ သားသမီးတွေ၊ ကျုပ်တို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ့အနာဂတ် အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံတာပါလား”

ဦးကျော်လွင်က ကျေနပ်စွာ ပြုံးလိုက်သည်။

“ဟုတ်ပါတယ်ကိုရဲ။ အဲဒီအမြင်ကို နားလည်သွားရင် အခွန်ပေးရတာကို နိုင်ငံသားကောင်းတစ်ယောက်ရဲ့ ဂုဏ်ယူစရာ တာဝန် တစ်ရပ်လို့ ခံယူတတ်လာပါလိမ့်မယ်။”

ဝင်ငွေခွန်ဆိုင်ရာ တာဝန်နှင့်အခွင့်အရေး

ဦးဆန်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“ဆရာ... ကျုပ်တို့လို သာမန်ပြည်သူတွေ သိထားသင့်တဲ့အခွန်ဆိုင်ရာ တာဝန်တွေနဲ့ အခွင့်အရေးတွေကိုလည်း နည်းနည်းရှင်းပြပါဦး။”

“ကောင်းတာပေါ့ ကိုဆန်း” ဟုဆိုကာ ဦးကျော်လွင်က မျက်မှန်ကို အနည်းငယ်တည့်မတ်လိုက်ပြီး ဆက်ပြောသည်။

“မြန်မာနိုင်ငံမှာ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ပေးဆောင်ရမယ့် အခွန်အမျိုးအစားတွေ ကွဲပြားတယ်။ ဒါပေမဲ့ကျုပ်တို့ ပြည်သူအများစုနဲ့ အနီးစပ်ဆုံး အခွန်နှစ်မျိုးကတော့ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ပဲ။ ဝင်ငွေခွန်ဆိုတာ လူတစ်ဦးကဖြစ်စေ၊ စီးပွားရေးလုပ်ငန်း တစ်ခုကဖြစ်စေ ရရှိတဲ့ဝင်ငွေ ဒါမှမဟုတ် အမြတ်အစွန်းအပေါ် ကျသင့်တဲ့အခွန်ကို ပြောတာပဲ။ ဝင်ငွေတို့၊ အမြတ်အစွန်းတို့အပေါ်မှာ ကောက်တဲ့အခွန်ဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖြစ်ထွန်းလာ လေလေ နိုင်ငံတော်အတွက် ဝင်ငွေခွန်ရငွေကလည်း တိုးတက်လာ လေလေပဲ ဖြစ်တယ်။

“ဝင်ငွေခွန်နဲ့ပတ်သက်ပြီး လိုက်နာရမယ့် အဓိကတာဝန်နှစ်ခုရှိတယ်။ ပထမတာဝန်က မိမိရဲ့ဝင်ငွေအပေါ် ကျသင့်တဲ့အခွန်ကို သတ်မှတ်ရက်အတွင်း ပေးဆောင်ရမယ်။

“အိမ်ခြံမြေငှားရမ်းတာအပါအဝင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတို့၊ ကုမ္ပဏီတို့ဆိုရင် တစ်နှစ်တာဝင်ငွေကို ခန့်မှန်းတွက်ချက်ပြီး သုံးလပတ်ကုန်ဆုံးပြီး ၁၀ ရက်အတွင်း ကြိုတင်ဝင်ငွေခွန်အနေနဲ့ ပေးဆောင်ရတယ်။ လခစားဝန်ထမ်းတွေဆိုရင်တော့ အလုပ်ရှင်က လစာထဲကနေအခွန်ကို ဖြတ်တောက်နုတ်ယူရမှာဖြစ်ပြီး အဲဒီလိုနုတ်ယူတဲ့ရက်ကနေ ၁၅ ရက်အတွင်း ပေးသွင်းရတယ်။

“အိမ်ခြံမြေ၊ မော်တော်ကား၊ အစုရှယ်ယာစတဲ့ အခြေခံပစ္စည်းတွေ လွှဲပြောင်းရောင်းချရာက ရရှိတဲ့ အမြတ်စွန်းငွေတွေဆိုရင် လွှဲပြောင်းရောင်းချပြီး ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင် ရမယ်” ဦးဆန်းက အလေးအနက် နားထောင်နေသည်။

“ဒုတိယတာဝန်ကတော့ ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ဝင်ငွေကြေညာလွှာတင်သွင်းရမယ်။ ဆိုလိုတာက ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာအခွန်ရုံးမှာ တင်သွင်းရမှာ ဖြစ်တယ်။ အလုပ်ရှင်တွေအနေနဲ့လည်း လစာနှစ်ချုပ်စာရင်းကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်တယ်။ တကယ်တော့ ဝင်ငွေကြေညာလွှာတင်သွင်းခြင်းဆိုတာက ဥပဒေပါ တာဝန်တစ်ခုကို လိုက်နာတယ်ဆိုတာထက် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ယူမှုနဲ့ ရိုးသားမှုကို ပြသခြင်းလည်းဖြစ်တယ်”

ဦးကျော်လွင်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ဆက်ပြော သည်။

“အခွန်ဆိုတာ တာဝန်ချည်းပဲ မဟုတ်ဘူးအခွင့်အရေးတွေလည်း ရှိတယ်။ ဥပမာ လစာဝင်ငွေရတဲ့သူတွေဆိုရင် တစ်နှစ်လစာဝင်ငွေ ကျပ် ၄၈ သိန်းထက်မကျော်ရင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရတယ်။

“ဒါ့အပြင် အခြေခံသက်သာခွင့်၊ မိဘစရိတ်၊ အိမ်ထောင်ဖက်စရိတ်၊ သားသမီးစရိတ် စတဲ့သက်သာခွင့်တွေကိုလည်း ခံစားခွင့်ရှိတယ်။ အခြေခံသက်သာခွင့်ဆိုရင် ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်း၊ အတူနေမိဘတစ်ဦး လျှင် ကျပ် ၁၀ သိန်း၊ အိမ်ထောင်ဖက်အတွက် ကျပ် ၁၀ သိန်း၊ သားသမီး တစ်ဦးလျှင် ကျပ် ၅ သိန်းစီ သက်သာခွင့်ရှိတယ်။”

“ဒါဆို အဲဒီသက်သာခွင့်တွေ နုတ်ပြီးရင် အခွန်မဆောင်ရတဲ့သူတွေ လည်း ရှိနိုင်တာပေါ့နော်”ဟု ဦးဆန်းက ရုတ်တရက်မေးလိုက်သည်။

“ဟုတ်တာပေါ့။ သက်သာခွင့်တွေနုတ်ပြီး ကျန်တဲ့ဝင်ငွေက ကျပ်သိန်း ၂၀ မကျော်ဘူးဆိုရင် ဝင်ငွေခွန်ပေးဆောင်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေခွန်နှုန်းထားမှာ ၁ ကျပ်ကနေ ကျပ်သိန်း ၂၀ အထိကို သုညရာခိုင်နှုန်း သတ်မှတ်ထားလို့ပဲ။ ကျပ်သိန်း ၂၀ အထက် ရောက်လာတဲ့အခါမှာတော့ ဝင်ငွေအလွှာအလိုက် ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ အဆင့်လိုက်ပေးဆောင်ရမှာ ဖြစ်တယ်”

“ဒါဆို ဝင်ငွေများတဲ့သူက အခွန်ပိုဆောင်ရပြီး ဝင်ငွေနည်းတဲ့သူ ကတော့ သက်သာသွားတာပေါ့နော် ဆရာ” ဟု ဦးဆန်းက ပြောလိုက် ရာ ဦးကျော်လွင်က-

“ဟုတ်တာပေါ့ကိုဆန်းရေ။ အဲဒီလို ဝင်ငွေများများ ရတဲ့သူက အခွန်ပိုဆောင်ရပြီး ဝင်ငွေနည်းနည်းရတဲ့သူက အခွန်နည်းနည်းပဲ ဆောင်ရတဲ့စနစ်ကို Progressive Tax Rate System လို့ခေါ်တယ်။ ဒီစနစ်ရဲ့ ရည်ရွယ်ချက်က လူမှုရေးမျှတမှုကို ဖော်ဆောင်ဖို့နဲ့ ဆင်းရဲ ချမ်းသာကွာဟမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိပေးဖို့လည်း ဖြစ်တယ်” ဟု ရှင်းပြလေသည်။

ကိုရဲက စိတ်ဝင်စားသွားဟန်ဖြင့် မေးလိုက်သည်။

“ဒါဆို ဝင်ငွေခွန်ကင်းလွတ်ခွင့်ရတဲ့ ဝင်ငွေတွေရောရှိလား ဆရာ”

“ရှိတာပေါ့။ ဒါကလည်း အခွန်ထမ်းပြည်သူတွေအတွက် အရေးကြီးတဲ့ အခွင့်အရေးတစ်ခုပဲ။ ဥပမာအားဖြင့် ပင်စင်ရငွေ၊ သေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုကြောင့် ရရှိတဲ့လျော်ကြေးငွေ၊ အာမခံပေါ်လစီအရ ထုတ်ပေးတဲ့ငွေ၊ နိုင်ငံတော်က ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးများနဲ့အတူ ရရှိတဲ့ ချီးမြှင့်ငွေ စတဲ့ဝင်ငွေတွေကို ဥပဒေအရဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုထားတယ်”

ကိုရဲက သဘောပေါက်သွားသည့်အမူအရာဖြင့် ခေါင်းကိုဖြည်းဖြည်း ချင်း ညိတ်လိုက်သည်။

“အခုမှပဲ နားလည်တော့တယ် ဆရာ။ အခွန်ဥပဒေတွေက အခွန်ကောက်ဖို့အတွက်ပဲ စဉ်းစားထားတာမဟုတ်ဘဲ ပြည်သူတွေရဲ့ လူမှုဘဝ၊ မိသားစုအခြေအနေ၊ လူမှုဖူလုံရေးနဲ့ လူမှုရေးမျှတမှုကိုပါ ထည့်သွင်းစဉ်းစား ရေးဆွဲထားတာပေါ့နော်”

“ဟုတ်တာပေါ့ကိုရဲ။ ဒါတင်မကသေးဘူး။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့အတွက်လည်း အခွန်မူဝါဒတွေ၊ အခွန်ဥပဒေတွေနဲ့ ပံ့ပိုးပေးထားတယ်။ ဥပမာအားဖြင့် အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME)တွေကို လုပ်ငန်း စတင်တဲ့နှစ်ကစပြီး တစ်ဆက်တည်း သုံးနှစ်အထိ အသားတင်အမြတ် ဝင်ငွေကျပ်သိန်း ၂၀၀ အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားတယ်။

“MSME တွေဟာ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အား ဖြစ်တာကြောင့်မို့လို့ နိုင်ငံတော်က အခွန်မူဝါဒပိုင်းကနေလည်း အခုလို ပံ့ပိုးပေးတာ ဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီအခွင့်အရေးကို အမိအရ အသုံးချပြီးလုပ်ငန်းအောင်မြင်ကြီးထွားလာတဲ့ အခါမှာလည်း အခွန်တာဝန်တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်ဖို့ လိုပါတယ်”

(ဆက်လက်ဖော်ပြပါမည်)