ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့
ဗညားဦး
“ရွှေချည်၊ ငွေချည်” ဟု တင်စားသည့် မြန်မာ့ဝါသည် စိုက်ပျိုးတောင်သူများကို အကျိုးပြုလျက်ရှိသည့် ဝင်ငွေရသီးနှံတစ်ခု။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအတွက် ဝါသည် ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် သီးနှံတစ်ခုလည်းဖြစ်သည်။ လက်ရှိကမ္ဘာ့အထည်အလိပ်ဈေးကွက်ရှိ အထည်အလိပ် အမှတ်တံဆိပ်များသည် သဘာဝပတ်ဝန်းကျင်မပျက်စီးစေဘဲ စိုက်ပျိုးထားသည့် အော်ဂဲနစ်ဝါဂွမ်းများကို ပိုမိုတောင်းဆိုကြချိန် ဖြစ်သည့်အတွက် မြန်မာ့ဝါအတွက် အလားအလာကောင်းများစွာရှိနေသည်။ ထို့ကြောင့် ပြည်ပပို့ကုန်သီးနှံမြန်မာ့ဝါဖွံ့ဖြိုးမှုအတွက် ရှေ့တစ်လှမ်းတက်ရမည့်အချိန်အခါ ဖြစ်လာသည်။
လက်ရှိ နိုင်ငံတော်အစိုးရ၏မူဝါဒမှာ ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပြီး ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်ရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မြန်မာ့ဝါကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစိုက်တောင်သူများ အကျိုးအမြတ်ရရှိစေရေး၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အရည်အသွေးကောင်းဝါမျိုးများ အသုံးပြုနိုင်ရေး၊ မျိုးစေ့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်ရေးတို့ကို ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုကဲ့သို့ ပေါင်းစပ်ကူညီ ဖြည့်ဆည်းမှုများအပြင် မြန်မာ့ဝါကဏ္ဍရှေ့တစ်လှမ်းတက်လှမ်းနိုင်ရေးအတွက် ဝါစိုက်ပျိုးမှုများသည့် ဒေသများမှ တောင်သူများ၊ ဝါစိုက်တောင်သူအစုအဖွဲ့၊ ဝါမျိုးစေ့ ထုတ်လုပ်သူအစုအဖွဲ့၊ ဝါစေ့ဆီထုတ်လုပ်သူ အစုအဖွဲ့၊ ဝါဂွမ်းထုတ်လုပ်သူအစုအဖွဲ့၊ ချည်ထုတ်လုပ်သူအစုအဖွဲ့၊ ရက်ကန်းလုပ်ငန်းအစုအဖွဲ့၊ ဂျင်ခုံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့တို့မှ လုပ်ငန်းရှင်များ စုံလင်စွာပါရှိသည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁၊ ၁၂ နှင့် ၁၃ ရက်တို့တွင် အကြိုဆွေးနွေးပွဲအပါ သုံးရက်တာကျင်းပခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို သဘာဝချည်မျှင် လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါဆုံးစက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ရန်၊ ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်ပြီး ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်း ပြည်ပ ဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ်သည့် အရည်အသွေးကောင်းဝါများ ထုတ်လုပ်ရန်၊ ပြည်ပမှတင်သွင်းနေရသည့် ဝါနှင့် ချည်များတင်သွင်းမှုကို လျှော့ချနိုင်ရန် အဓိက ရည်ရွယ်သည်။
ဇူလိုင် ၁၁ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက ဦးဆောင်၍ ဝါစိုက်တောင်သူများ အစုအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းရုံးခန်းမတွင်လည်းကောင်း၊ ဝါမျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့နှင့် ဝါစေ့ကြိတ်ခွဲရောင်းချသူအစုအဖွဲ့၊ ဂျင်ခုံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့၊ ဝါစေ့ဆီထုတ်လုပ်သူအစုအဖွဲ့တို့သည် မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမတွင်လည်းကောင်း၊ ဝါဂွမ်းမှ ဝါချည်ထုတ်လုပ်သူအစုအဖွဲ့၊ ဝါချည်မှ ပိတ်ရက်လုပ်သူအစုအဖွဲ့နှင့် ဝါချည်နှင့် ပိတ်စများ ဆေးဆိုးပန်းရိုက်လုပ်ဆောင်သူ အစုအဖွဲ့တို့သည် မကွေးမြို့ သမဝါယမသင်တန်းကျောင်းတွင်လည်းကောင်း အုပ်စုသုံးဖွဲ့ခွဲပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းပါဝင်ပြီး တစ်ဖွဲ့စီအတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် လက်တွေ့ကြုံတွေ့နေရသော အတွေ့အကြုံများကို လုပ်ငန်းတူအုပ်စုများအကြား အတွေ့အကြုံအချင်းချင်းဖလှယ်ခြင်း၊ အခက်အခဲများကို ဆွေးနွေးခြင်းများပြုလုပ်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများအား အဖြေရှာပြီး အကြံပြုချက်များ ဖော်ထုတ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဝါစိုက်တောင်သူများက အစပြုပြီး ဝါစိုက်ပျိုးခြင်းမှသည် ဝါမှ ဝါဂွမ်း၊ ဝါဂွမ်းမှ ချည်မျှင်၊ ချည်မျှင်မှ အထည်အလိပ်စက်မှုလုပ်ငန်းများဆီအထိ ကွင်းဆက်တစ်လျှောက်ရှိ ဆက်စပ်ပါဝင်သူအားလုံးက သက်ဆိုင်ရာကဏ္ဍအလိုက် စိတ်ဝင်တစားပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များအားလုံးကို အနှစ်ချုပ်ကြည့်သည့်အခါ ပြည်တွင်း ဝါစိုက်ပျိုးမှုဖွံ့ဖြိုးရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်များ တိုးမြှင့်လာရေးအတွက် လုပ်ဆောင်ရမည့် ဖွံ့ဖြိုးမှုအကြံဉာဏ်များ၊ ရလဒ်များ ဖြစ်နေသည်။
ဆွေးနွေးပွဲဆွေးနွေးမှုများအရ နိုင်ငံတော်က ဝါစိုက်ပျိုးခြင်းလုပ်ငန်းစဉ်မှ အထည်အလိပ်စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်အထိ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရ သည်။
တောင်သူများအနေဖြင့် ဝါသီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သောဝါများ စိုက်ပျိုး နိုင်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန် အရည်အသွေးနှင့် အထွက်နှုန်းကောင်းဝါမျိုးများကို စိုက်ပျိုးရေးဦးစီးဌာနက စဉ်ဆက်မပြတ် သုတေသနပြုလုပ်ပြီး ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိသည့်အပြင် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကိုလည်း စဉ်ဆက်မပြတ် သုတေသနပြုလျက်ရှိသည်။
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ် မှ၂၀၂၇-၂၀၂၈ ခုနှစ်အထိ ငါးနှစ်စီမံကိန်းချမှတ်ကာ ဝါစိုက်ဧရိယာဧက ၇ ဒသမ ၄၇ သိန်းနှင့် ပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ ၇၀၀ ထွက်ရှိရေး ရည်မှန်းဆောင်ရွက်နေ သည်။ ဝါအဓိကစိုက်ပျိုးဖြစ်ထွန်းသည့် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဝါစိုက်ဧရိယာ ဧက ၇ ဒသမ ၁၇ သိန်း စိုက်ပျိုးရန်လျာထား၍ တစ်ဧကပျမ်းမျှအထွက်နှုန်း ပိဿာ ၆၃၈ ဒသမ ၃၀ ထွက်ရှိရန် လျာထားဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ဆွေးနွေးပွဲဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံတော်အနေဖြင့် ဝါဖွံ့ဖြိုးမှုကွင်းဆက်တွင် ပါဝင်သည့် ဝါဝယ်ယူသူအစုအဖွဲ့များအတွက် ချေးငွေရရှိရေးဆောင်ရွက်ပေးနေသည့် အခြေအနေ ကို သိရှိခဲ့ရသည်။ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ သက်သာသော အတိုးနှုန်းဖြင့် MSME ချေးငွေ အစီအစဉ်များ၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ချေးငွေအစီအစဉ်များ၊ တိုင်းဒေသကြီးအစိုးရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေမှ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေအစီအစဉ်များ ဆောင်ရွက်ပေးနေသည် ကို သိရှိရသည်။ အပေါင်မဲ့ CGI စနစ်ဖြင့် MSME ချေးငွေမှ ကျပ်သန်း ၂၀ အထိ ရရှိနိုင်ကြောင်း၊ MSME ချေးငွေတွင် အသေးစားလုပ်ငန်းဖြစ်ပါက ချေးငွေပမာဏ ငွေကျပ်သန်း ၅၀၊ အလတ်စား လုပ်ငန်းဖြစ်ပါက ငွေကျပ်သန်း ၁၀၀ အထိ ရရှိနိုင်ကြောင်း ဆွေးနွေးမှုများအရ သိရသည်။ ယင်းအပြင် ဝါစေ့ဆီစက်ချေးငွေတွင် ချေးငွေပမာဏမှာ ငွေကျပ် ၁၀ သန်းမှ ငွေကျပ်သန်း ၅၀၀ အထိ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေတွင် တစ်ဦးချင်းဖြစ်ပါက ငွေကျပ်သန်း ၁၀၀ အထိ၊ အစုအဖွဲ့ဖြစ်ပါက ငွေကျပ် သန်း ၂၀၀ အထိ ရရှိနိုင်ကြောင်း သိရှိခဲ့ရသည်။
MSME ရန်ပုံငွေမှ ထုတ်ချေးသည့် ချေးငွေရရှိလိုသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိလျှောက်ထား မည့်ဘဏ်သို့ လိပ်မူသည့် ချေးငွေအဆိုပြုလွှာပါဝင်သည့် ချေးငွေအမှုတွဲကို တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ ဒေသဆိုင်ရာ MSME အေဂျင်စီများသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။ MSME ရန်ပုံငွေမှ ထုတ်ချေးပေးသည့် ချေးငွေအစီအစဉ်တွင်ပါဝင်သည့် ဘဏ် ၁၈ ခုရှိပြီး ယနေ့အထိ MSME ၅၀၉၁ ခုအတွက် ထုတ်ချေးပြီးငွေ ငွေကျပ် ၇၇၉ ဒသမ ၆၅၄ ဘီလီယံရှိပြီဖြစ်ကြောင်း ဆွေးနွေးပွဲမှသိရှိရသည်။
ဆွေးနွေးပွဲတွင် ဝါဖွံ့ဖြိုးမှုကွင်းဆက်ရှိ အထည်ချုပ်ကဏ္ဍ၏ နည်းပညာများ ပိုမိုတိုးတက်လာရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အထည်ချုပ်ကဏ္ဍ၏ နည်းပညာဖွံ့ဖြိုးရေးအတွက် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) နှင့် တရုတ်နိုင်ငံ (Guangxi Economic and Trade Vocational Institute (GXETVI) ) တို့ပူးပေါင်းကာ အထည်ချုပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် သင်တန်းကျောင်းရှိ သင်တန်းနည်းပြများကို တရုတ်နိုင်ငံသို့ စေလွှတ်၍ ခေတ်မီနည်းပညာများကို သွားရောက်လေ့လာစေခဲ့သည်။ သင်တန်းတွင် Artificial Intelligence (AI) အခြေပြု သင်ကြားရေးစနစ်များ၊ အထည်ချုပ်သင်တန်းများ ပေါ်ပေါက်လာရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း ဆွေးနွေးပွဲမှ သိရှိခဲ့ရသည်။
ထို့အတူ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းရှင်များ၏ အထည်အလိပ်လုပ်ငန်းအတွက် လိုအပ်သည့် ချည်အခင်ဆေးဆိုးစက်နှင့် ချည်ကုံးလုံးဆေးဆိုးစက်များအပါအဝင် စက်ပစ္စည်းများ တင်သွင်းနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရသည်။ စက်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် စက်နှင့် စက်အရန်ပစ္စည်းများကို စစ်ဆေးပေးပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပြည်တွင်းရှိ ဝါချည်မှ အထည်အလိပ်ထုတ်လုပ်သော လုပ်ငန်းရှင်များအတွက် အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) တွင် ချည်ကုံးလုံးဆေးဆိုးစက်များဖြင့် ချည်ဆေးဆိုးလုပ်ငန်း ဆောင်ရွက်ပေးနိုင်သည့်အပြင် အမှတ် (၃) အကြီး စားစက်မှုလုပ်ငန်းရှိ နိုင်ငံပိုင်ချည်မျှင်စက်ရုံများမှ ထုတ်လုပ်သော ချည်မျိုးစုံအား MSME လုပ်ငန်းရှင်များကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါကဏ္ဍကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးစေရန်အတွက် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်သည့်အခါ အွန်လိုင်းဈေးကွက်သည် မေ့ထား၍မရပေ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ “Myanmar Trade Portal” တွင် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပို့ကုန်/သွင်းကုန် လိုင်စင်ကိစ္စများ၊ နိုင်ငံတကာ ဈေးကွက်အတွက် လိုအပ်သည့် အချက်အလက်များကို စုံစုံလင်လင်ဖော်ပြပေးထားသည့်အတွက် လုပ်ငန်းရှင်များ ဝင်ရောက်လေ့လာသင့်သည့် Trade Portal တစ်ခုဖြစ်သည်။
ဆွေးနွေးပွဲမှတစ်ဆင့် အထည်အလိပ် MSME လုပ်ငန်းများအတွက် အထောက်အပံ့ရရှိစေမည့် အချက်တစ်ခုကိုလည်း သိရှိခဲ့ရသည်။ အာဆီယံနိုင်ငံများအကြား အွန်လိုင်းမှ ပါဝင်ရောင်းချနိုင်သည့် “ASEAN Online Sales Day” အစီအစဉ်အကြောင်း ဖြစ်ပါသည်။ ယင်းအစီအစဉ်အပြင် နိုင်ငံတကာ ဈေးကွက်အတွက် “ASEAN Access Platform” အစီအစဉ်များရှိသည်ကိုလည်း လေ့လာသိရှိခဲ့ရသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် ASEAN Access Portal တွင် စာရင်းသွင်းပြီး ပါဝင်နိုင်ရေးအသိပေးနှိုးဆော်အပ်ပါသည်။
ထို့ပြင် ဂျာမနီနိုင်ငံ Frankfurt မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ကမ္ဘာ့အကြီးဆုံးနှင့် အရေးအပါဆုံးအရောင်းပြပွဲ/ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်သည့် အခွင့်အလမ်းများ ရှိနေပါသည်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ရိုးရာလက်မှုပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ တိုက်ရိုက်ရောင်းချနိုင်သည့်အတွက် လက်မလွှတ်သင့်သည့် အခွင့်အလမ်းများဖြစ်သည်။ ထို့အတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ နိုင်ငံတကာ Logistics Partner များနှင့် ချိတ်ဆက်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ဝါကဏ္ဍဖွံ့ဖြိုးရေးကွင်းဆက်တစ်လျှောက်ရှိ ဆက်စပ်ပါဝင်သူအားလုံး ပါဝင်ဆွေးနွေးခဲ့သည့် သုံးရက်တာဆွေးနွေးပွဲသည် ဝါကဏ္ဍမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးမှု ဖော်ဆောင်နိုင်မည့် ရလဒ်များကို ချဉ်းကပ်ဆွေးနွေးနိုင်ခဲ့ကြသည်။ ဆွေးနွေးမှုရလဒ်များကို အားလုံးပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပါက ပို့ကုန်မြန်မာ့ဝါဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။ ။
