Skip to main content

ရာပြည့်တက္ကသိုလ်ကြီးနှင့် ဘဝမှတ်တမ်း

ရန်ကုန်တက္ကသိုလ် ရာပြည့်အခါသမယမှာ အမိတက္ကသိုလ်ရဲ့ အမှတ်တရပုံရိပ်များကို ပြန်လည်တွေးမြင်မိတိုင်း အမှတ်ထင်ထင် ဖြစ်ရတဲ့ အကြောင်းတရား များစွာရှိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ကျွန်မဘဝအတွက် မှတ်တိုင်လေးဖြစ်ခဲ့ပါ တယ်။ တက္ကသိုလ်ဆရာမဘဝ နည်းပြမှ ပါမောက္ခဌာနမှူးအထိ နှစ်ပေါင်း ၃၀ ကျော် တက္ကသိုလ်ကောလိပ်အသီးသီးမှာ တာဝန်ထမ်း ဆောင်ခဲ့ရပေမယ့် ရန်ကုန်တက္ကသိုလ်မှာ တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့အချိန်က ပိုများနေလို့ပါ။
မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်ကြီးမှာ လုပ်သက်ရဲ့ တစ်ဝက်ကျော် အေးချမ်းစွာခိုလှုံခွင့်ရခဲ့ပြီး ကိုယ် စိတ်ဝင်စားတဲ့ သုတေသနနဲ့ သင်ကြားရေးကို စိတ်ရောကိုယ်ပါ လုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် လွန်စွာကျေနပ်ရပါတယ်။ ဌာနတွင်းသုတေသန Pet Project ၊ The Asia Research Centre နဲ့ ပူးပေါင်းသုတေသန၊ ပါရဂူ ကျမ်းပြုများရဲ့ ကျမ်းကြီးကြပ်စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ မှတ်တမ်းတင်ခွင့်ရခဲ့ပါတယ်။
ကျောင်းသူဘဝကစလို့ ပြန်ပြောရရင် တက္ကသိုလ် စတက်ရတဲ့အချိန်မှာ ကိုယ်တိုင်နှစ်သက်လို့ အရှေ့တိုင်း ပညာဘာသာရပ်ကို ရွေးချယ်တက်ရောက်ခဲ့တာပါ။ စပြီး တက်တဲ့အချိန်မှာတော့ သူငယ်ချင်းတွေအများကြီးပါ တက်ရင်းနဲ့ ကောင်းနိုးရာရာ ရွေးချယ်ပြောင်းရွှေ့သွား လိုက်ကြတာ နောက်ဆုံး လူနည်းနည်းပဲ ကျန်ပါတော့ တယ်။ ငယ်ရွယ်သူတို့ ဓလေ့အတိုင်း ကျွန်မလည်း ဘယ်ဘာသာရပ်ပြောင်းရမလဲပေါ့ ။ လောကီ၊ လောကုတ္တရာ နှစ်ဖြာ ကောင်းကျိုးပြုတဲ့ဘာသာရပ်ဖြစ်သလို သင်ကြား သင်ယူနေစဉ်မှာလည်း ကုသိုလ်တရားများရနေတဲ့အတွက် ကြောင့် ဘာသာရပ်ရဲ့တန်ဖိုး ပိုနားလည်ပြီး သင်ယူလာ လိုက်တာ B.A (Hons), M.A, Ph.D ရတဲ့အထိ တန်ဖိုးထား သင်ကြားခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဆင့်ဆင့်ရာထူးများ တိုးလာပြီး ပါမောက္ခ/ဌာနမှူးဖြစ်လာပါတယ်။ မြကျွန်း ညိုညိုတက္ကသိုလ်ကြီးမှာ ပါမောက္ခဘဝနဲ့ ဆယ်စုနှစ်ကို ကျော်လွန်သွားခဲ့ပါတယ်။
မှတ်သားနာယူခဲ့
ပါမောက္ခ /ဌာနမှူးတာဝန်ထမ်းဆောင်စဉ်ကာလ မှာ အသက် ၄၀ ကျော်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ ဦးစီးဦးဆောင် ပါမောက္ခချုပ် ဆရာကြီးက ဒေါက်တာစိုးရင်ဖြစ်ပါတယ်။ အင်မတန် လေးစားကြည်ညိုရပါတယ်။ ပါမောက္ခ/ ဌာနမှူးများက တော့ ရူပဗေဒဌာနဆရာကြီး ဒေါက်တာစိန်ထွန်း၊ ဓာတုဗေဒဌာန ဆရာကြီး ဒေါက်တာမောင်မောင်ဌေး၊ သတ္တ ဗေဒဌာန ဆရာမကြီး ဒေါက်တာဒေါ်တင်နွယ်၊ ဘူမိဗေဒ ဌာန ဆရာကြီး ဒေါက်တာတင်သိန်း၊ ဝိဇ္ဇာဘာသာရပ်မှာ မြန်မာစာဌာန ဆရာကြီး ဒေါက်တာဦးခင်အေး၊ အင်္ဂလိပ်စာ ဌာန ဒေါ်ခင်လေးမြင့်၊ ပထဝီဝင်ဌာန ဒေါက်တာမိမိကြည်၊ ဥပဒေဌာန ဒေါက်တာဒေါ်သန်းနွဲ့ အစရှိတဲ့ ဆရာကြီး ဆရာမကြီးများဖြစ်တဲ့အတွက် ဆရာကြီး ဆရာမကြီးများ ကြားမှာ အသက်အရရော ဝါအရပါ အတော်ငယ်နေပါသေးတယ်။ မိဘသဖွယ်ဖြစ်တဲ့ ဆရာကြီး ဆရာမကြီးများ ရဲ့ ပညာများကို အမြဲလေ့လာသင်ယူရပါတယ်။ အပတ် စဉ် တနင်္လာနေ့တိုင်း ဘွဲ့နှင်းသဘင်ရဲ့ အစည်းအဝေး ခန်းမမှာ အစည်းအဝေးတက်ရင်း ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာစိုးရင်ရဲ့ ညွှန်ကြားလမ်းညွှန်မှုများကို တန်ဖိုးရှိစွာ လေ့လာမှတ်သားရပါတယ်။ မိဘသဖွယ် ဖြစ်တဲ့ ပါမောက္ခ/ဌာနမှူး ဆရာကြီး ဆရာမကြီးများရဲ့ ပြောဆို ဆွေးနွေးတင်ပြပုံတွေကို မှတ်သားနည်းနာယူခဲ့ ရပါတယ်။ အားလုံးရဲ့ ကျေးဇူးတရားများကို အောက်မေ့ လျက် ဂါရဝပြုပါတယ်။
ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာစိုးရင် တာဝန် ယူပြီးနောက်မှာတော့ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထွန်းခင်ရဲ့ လမ်းညွှန်မှုအောက်မှာ စည်းလုံးညီညာ ပျော်ပါးစွာနဲ့ တာဝန်များထမ်းဆောင်ခွင့်ရခဲ့ ပြန်ပါတယ်။ အစည်းအဝေးမှာ ဆရာကြီးက ပြောပါတယ်။ “ဆရာကြီး ဆရာမကြီးတို့ ကိုယ်ရထားတဲ့ ပါမောက္ခ/ဌာနမှူးဆိုတဲ့ ရာထူးတာဝန်က အလွန်ကြီးပါတယ်။ တန်ဖိုးထား လေးစားလုပ်ကိုင်ဆောင်ရွက်ကြပါ”လို့ အမြဲပြောလေ့ရှိတာကို ခုချိန်ထိ အမှတ်ရလျက် ဂါရဝပြုပါတယ်။ ဆရာကြီး ဒေါက်တာထွန်းခင်ရဲ့ နွေးထွေးမှုပြီးပြန်တော့ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဖိုးကောင်းနဲ့ မောင်နှမရင်းကဲ့သို့ ပွင့်လင်းစွာ ပြောဆိုဆက်ဆံ လုပ်ကိုင်ခွင့်ရခဲ့ပြန်ပါတယ်။ ခေါင်းဆောင်ကောင်းများရဲ့ လမ်းညွှန်မှုအောက်မှာ တာဝန် ထမ်းဆောင်ခွင့် ရခဲ့တဲ့အတွက် ဝန်ထမ်းဘဝတစ်လျှောက် ကျေနပ်ကြည်နူးစရာများနဲ့ မေ့မရနိုင်တဲ့ဘဝလေးဖြစ်ခဲ့ရ ပါတယ်။
သုတေသနကို အချိန်ပေးဆောင်ရွက်နိုင်ခဲ့
ကျွန်မ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းရတဲ့ အချိန်က သင်ကြားရေးအနေနဲ့ မဟာဝိဇ္ဇာနဲ့ ပါရဂူသင်တန်း များသာရှိခဲ့တဲ့ အတွက်ကြောင့် သုတေသနကို အချိန်ပေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပါရဂူသင်တန်းသား ၁၀၀ ကျော် ကို ပါရဂူဘွဲ့အပ်နှင်း နိုင်ခဲ့ပါတယ်။ ပါရဂူသင်တန်းဦးစီး ကော်မတီ ဆရာတော်ကြီးများ၊ ဆရာ ဆရာမကြီးများ ဝန်းရံအားဖြည့်ကြပါတယ်။ ကိုရီးယား ပါရဂူသင်တန်းသား တစ်ဦးကိုလည်း မွေးထုတ်နိုင်ခဲ့ပါတယ်။ လူ့စွမ်းအားအရင်း အမြစ်မှ တာဝန်ယူဖွင့်လှစ်သင်ကြားတဲ့ ဒီပလိုမာသင်တန်း တွေကိုလည်း ၂၀၀၂-၂၀၀၃ ပညာသင်နှစ်မှစ၍ စဉ်ဆက် မပြတ် ဖွင့်လှစ်သင်ကြားပေးပြီး စာပေအမွေကို လက်ဆင့် ကမ်းပေးနိုင်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ တော့ ထူးချွန်ကျောင်းသား ကျောင်းသူ (COB) များကို စတင် လက်ခံသင်ကြားပေးပြီး ရန်ကုန်တက္ကသိုလ်ကြီး လည်း ပြန်လည်စည်ကားလာပါတော့တယ်။
တက်ရောက်ခွင့်ရ
ရန်ကုန်တက္ကသိုလ်ကြီးမှာ ဘာသာရပ်မျိုးစုံ၊ သင်တန်းမျိုးစုံတက်ရောက်ခွင့်တွေ ပေးခဲ့ပါတယ်။ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ Diploma in Tourism Studies and Management သင်တန်းကို ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်တဲ့ အတွက် ကျွန်မအနေနဲ့ စာပေသင်ကြားပို့ချရင်း တက်ရောက်ခွင့်ရခဲ့ပြန်ပါသေးတယ်။ B.A Tourism ဆိုတဲ့ ဘွဲ့လေးတစ်ခု ထပ်တိုးရလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ MeKong Institute Foundation JICA and DTEC မှ စေလွှတ် တဲ့ “Tourism A Regional Approach for Economic Cooperation Strategy Black and East West Corridor Countries” သင်တန်းကို ထိုင်းနိုင်ငံမှာ တက်ရောက် ခွင့်ရခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့သင်တန်းများမှ ဆည်းပူးရရှိခဲ့တဲ့ ပညာရပ်များဖြင့် ၂၀၀၅ ခုနှစ်မှ စတင်ပြီး Tourism ဘာသာရပ်ကို ပြန်လည်သင်ကြား ပို့ချပေးနိုင်ခဲ့ပါတယ်။ အခုလို လေ့လာဆည်းပူး ပြန်လည် သင်ကြားပို့ချပေးရခဲ့မှုများကို တွေးလိုက်တိုင်း ပီတိဖြစ်ရ ပါတယ်။
အမိ တက္ကသိုလ်ကြီး၏ အရိပ်အာဝါသအောက်မှာ သင်ယူမှု သင်ကြားမှုတွေ မျိုးစုံအောင်ပြုလုပ်နိုင်ခဲ့ခြင်း မှာ “ပတိရူပ ဒေသဝါသောစ ၊ ပုဗ္ဗေစ ကတပုညတာ၊
အတ္တသမ္မာ ပဏိဓိစ ၊ ဧတံမင်္ဂလမုတ္တမံ ” ဆိုသည့် ဘုရားရှင်မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ မင်္ဂလသုတ်လာ အတိုင်း မင်္ဂလာရှိတဲ့အကြောင်းတရားများ ပြည့်စုံပြီး မင်္ဂလာတစ်ပါးဖြစ်တဲ့ တက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။ ပညာရည်နို့သောက်စို့ဖို့ဆိုတာ အကြောင်းတရားတွေ ပြည့်စုံဖို့ လိုပြန်ပါတယ်။ ပညာပေးချင်သူရှိနေပေမယ့် ခံယူသူ-ခံယူနိုင်သူရှိဦးမှ၊ ပညာပေးသူ ခံယူမယ့်သူရှိ နေတဲ့တိုင် ပညာသင်ကြားပေးနိုင်မယ့် သင့်လျော်တဲ့ နေရာ၊ ဒေသရှိဦးမှ။ ဒီလိုအကြောင်းတရားတွေပြည့်စုံမှ ပညာအကျိုးတရားရကြမှာ ဖြစ်ပါတယ်။ အခုတော့ ပညာတွေ ဖြန့်ဝေပေးနိုင်တဲ့ ရှေးကတည်းက အမိ တက္ကသိုလ်ကြီး ရှိနေတာရယ်၊ သင်ကြားပေးနိုင်မယ့် ဆရာ ဆရာမ ပြည့်စုံစွာရှိနေတာရယ်၊ သင်ယူလက်ခံ မယ့်သူများရှိနေတာတွေအတွက်ကြောင့် အကြောင်း တရားများ ပေါင်းစုံ၊ အကျိုးတရားများစွာရရှိကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် အမိတက္ကသိုလ်ကြီးရဲ့ ကြီးမားလှ တဲ့ကျေးဇူးတရားများက ပြောမကုန်နိုင်ပါ။
အမိရန်ကုန်တက္ကသိုလ်ကြီးက အသိပညာ အတတ် ပညာများစွာပေးနိုင်တဲ့အပြင် ကုသိုလ်တရားများ ပွားများရာ အစဉ်အလာမပျက် ဘာသာတရားများ ဆောင်ရွက်ရာ တက္ကသိုလ်ကြီးလည်း ဖြစ်ပါတယ်။ ၁၂၉၉ ခုနှစ် တန်ဆောင်မုန်းလပြည့် (၁၇-၁၁-၁၉၃၇) တွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံကြီးကို ခမ်းနားစွာဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်များ ဓမ္မာရုံကြီးအဖြစ် ၁၉၆၅ ခုနှစ်တွင် ပြောင်းလဲသတ်မှတ်လိုက်ကြပါတယ်။
 
တက္ကသိုလ်များ ဓမ္မာရုံကြီး၏ သက်တမ်းပင် နှစ် ၈၀ ကျော်ခဲ့ပါပြီ။ ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပြီး အပတ် စဉ် ဥပုသ်နေ့တိုင်း သီလခံယူဥပုသ်ဆောက်တည်ကြရာ နေရာ၊ တက္ကသိုလ် ပေါင်းစုံ ပဒေသာပင်များနဲ့စဉ်လာမပျက် ကထိန်သင်္ကန်းကပ်ကြရတာ မမေ့နိုင်စရာပါ။ အာဂုံဆောင် ပွဲများ၊ နေ့ထူးနေ့မြတ်များမှာ ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ဖတ်ပူဇော် ကုသိုလ်တရားများကိုလည်း ပွားများစေ နိုင်တဲ့ အမိတက္ကသိုလ်ကြီးဖြစ်ပါတယ်။ ထိုကုသိုလ်တရား များအပြင် အမိတက္ကသိုလ်ကြီးမှာ ဆရာတော်ကြီးများရဲ့ Special Lecture များ၊ ကျောင်းသား ကျောင်းသူတွေ အတွက် လိမ္မာရေးခြားရှိရန် ဟောပြောဆွေးနွေးပွဲများ အလျဉ်းသင့်သလို ပြုလုပ်ပေးခဲ့ရတာတွေ ပြန်တွေးရင်း ပီတိဝေဖြာခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ဖြစ်ရပါ တယ်။
ပညာဗဟုသုတများ ဖလှယ်ရင်း
ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရာပြည့်ပွဲအကြို (၉၆)နှစ် ပြည့်အထိမ်းအမှတ် 1st International Conference ကြီး ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် “Awakening Words Translated: The Pali Tipitaka Translation in Myanmar and Beyond” ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြုအကျော် Oxford ဆရာတော် အရှင် ဒေါက်တာဓမ္မသာမိ ဦးဆောင်ပြီး အာရှနိုင်ငံအသီးသီးမှ သုတေသနပညာရှင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ စာတမ်းရှင်များ ဖတ်ကြားပြီး ဆွေးနွေးကြ၊ မေးမြန်းကြဖြင့် ပညာဗဟုသုတများ ဖလှယ် ရင်း များစွာအကျိုးရလဒ်ကောင်းများ ရကြပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဝိဇ္ဇာခန်းမတွင် Truth and Life in Buddhist Philosophy ခေါင်းစဉ်ဖြင့် Oxford ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိက Special Lecture အဖြစ် ဟောပြောပြီး ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသားများက မေးခွန်းများမေး၊ ဆရာတော်က ဆရာ ဆရာမ၊ သားသမီးများ မေးမြန်းသမျှ ဖြေကြားပေး ပြီး ဝိဇ္ဇာခန်းမတစ်ခုလုံး ပြည့်လျှံအောင် နာယူခဲ့ကြသည်မှာ နှစ်ထောင်းအားရဖြစ်ရပါတယ်။ ဆရာတော်ရဲ့ ကျေးဇူးတရားကြီးမား လှပါတယ်။ ပံ့ပိုးကူညီသူအားလုံး ကိုလည်း အမြဲကျေးဇူးတင်အောက်မေ့သာဓုခေါ်နေရပါ တယ်။
၂၀၁၈ ခုနှစ် ဇွန်လမှာလည်း “Buddhist Psychology and EQ Enhancement” ခေါင်းစဉ်ဖြင့် Oxford ဆရာတော် အရှင်ဒေါက်တာဓမ္မသာမိက ဟောပြောခဲ့ပါတယ်။ ပညာတွေ အများကြီးရခဲ့ကြတဲ့ အပြင် တရားထိုင်ကြရပါတယ်။ ဆရာတော်ရဲ့ လမ်းညွှန် သင်ကြားပြသမှုအောက်မှာ ဟောပြောပေးတဲ့အတွက် ပညာများရတဲ့အပြင် ဝိပဿနာတရား အားထုတ်မှုပါ လုပ်ဆောင်ရတဲ့အတွက် ကုသိုလ်ပညာရခဲ့တဲ့နေ့လေး တစ်နေ့ဖြစ်ခဲ့ရပါတယ်။ ဆရာတော်ရဲ့ သီလဂုဏ်၊ သမာဓိ ဂုဏ်၊ ပညာဂုဏ်များကို အထူးအောက်မေ့သတိရလျက် ဦးတင်လိုက်ပါတယ်။
တစ်သက်တာ မေ့မရနိုင်
အမိရန်ကုန်တက္ကသိုလ်ကြီးသည် အသိပညာ အတတ်ပညာများဖြန့်ဝေရာနေရာ၊ လူတော်လူကောင်း များ မွေးထုတ်ပေးရာ တက္ကသိုလ်ဖြစ်သည့်အပြင် လူသား အားလုံးအတွက် လိုအပ်သည့်ပညာ၊ ကုသိုလ်ပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ကျွန်မ အနေနဲ့ ဆယ်စုနှစ်ကျော် ဌာနတစ်ခုရဲ့ ဦးစီးဦးဆောင် တာဝန်များ ထမ်းဆောင်ခဲ့ရတဲ့အပြင် ဂန္ထဝင် အဓိပတိလမ်းမှာ ၁၃ နှစ်တာကာလ နေခွင့်ရခဲ့တဲ့ အတွက် သုတဖုံဖုံ ရသစုံခဲ့တဲ့ အမိတက္ကသိုလ်ကြီးကို ကျွန်မ တစ်သက်တာ မေ့မရနိုင်တဲ့ မှတ်တိုင်လေးအဖြစ် တင်စားရပါတယ်။
ကျွန်မတို့အလွန်တန်ဖိုးထားမြတ်နိုးရသော၊ စံပြုရသော၊ အစဉ်အလာကြီးမားလှသော အမိတက္ကသိုလ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲတိုးတက်စေရန် ကျွန်မတို့အားလုံး အစဉ်ကြိုးစားနေရမည်ဖြစ်ကြောင်း ရာပြည့်ဂုဏ်ပြု ရေးသားတင်ပြလိုက်ရပါတယ်။
26
25
 
ဒေါက်တာနွဲ့နွဲ့ရီ