Skip to main content

အမိတက္ကသိုလ်နှင့် ရင်သို့တိုးဝှေ့ဆဲ အမှတ်တရများစွာ ...

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဆောင်းပါးများ နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ရက်ဆက် ပါရှိနေသည်။ အများစု ရေးသားကြသူများမှာ တက္ကသိုလ်အသိုင်းအဝိုင်းတွင် ကျင်လည်ခဲ့သော အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တက္ကသိုလ် ဆရာ၊ ဆရာမကြီးများဖြစ်ကြသည်မို့ အမိတက္ကသိုလ်၏ ရင်ခွင်တွင် အချိန်ကြာမြင့်စွာ နားခိုရခဲ့သူများဖြစ်ကာ ပိုမိုရေးသားနိုင်စွမ်း လည်း ရှိကြပါပေသည်ဟု မုဒိတာပွားမိပါသည်။
အဆိုပါ ဆောင်းပါးများကို ဒိုင်ခံအားပေးဖတ်ရှုသူမှာ အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ကျွန်မ၏မိခင်ကြီးပင် ဖြစ်ပါသည်။ ဟိုတစ်နေ့ဆီကတော့ ဆရာမ ပုညခင် ရေးသားသည့် “အိမ်မက်တက္ကသိုလ်”ဆိုသည့် ဆောင်းပါး လေးကို မိခင်ကြီး၏ ညွှန်းဆိုမှုကြောင့် ဖတ်ရှုမိရာ တက္ကသိုလ်ကျောင်းတော်ကြီးနှင့် ဆရာမ၏ ပညာရှာမှီးခဲ့ရ မှုများအပေါ် ရသဆန်စွာ ရေးသားထားမှုများအား ဖတ်ရှု ရတော့ အမိတက္ကသိုလ်ကို ပြန်လည်လွမ်းဆွတ်လာမိပါ သည်။
မြန်မာ့ရုပ်မြင်သံကြားကလည်း ၁၆-၁၀-၂၀၂၀ ရက်နေ့မှစ၍ ညတိုင်းအပတ်စဉ်တိုင်းလိုလို ဖြေဖျော်နေ သည့် ရန်ကုန် တက္ကသိုလ်နှစ်(၁၀၀)ပြည့်၊ တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် ၁၀၀ ပွဲစဉ်များကိုလည်း ပွဲစဉ်(၁)မှစ၍ အားပေးခဲ့ရာ ဂန္ထဝင်တေးသီချင်းများစွာကို နားဆင်ခဲ့ရ သည်။ “တက္ကသိုလ်နန်း၊ မြကျွန်းညိုညိုတက္ကသိုလ်၊ ပုဂံလမ်းက ခရီးသည်၊ တက္ကသိုလ်မှာ ဝေတဲ့နှင်း၊ တက္ကသိုလ် ကျောင်းက ငွေလမင်း၊ ချစ်ရက်ရှည်ရှည်အင်းလျားမြေ” အစရှိသည့် သီချင်းတွေ တုန်းကလည်း စိတ်အာဟာရ အဖြစ်၊ ပီတိဖြစ်ကာ ကျေနပ်နှစ်သိမ့်ခဲ့ရသည်။
စိတ်ထဲမှာ အလိုလိုပင် ပျော်ရွှင်လန်းဆန်း
ပြီးခဲ့သည့် ပွဲစဉ် (၆)တွင်တော့ တေးသံရှင်ကိုင်ဇာ ဦးဆောင်၍ တေးသံရှင်မေဆွိ၊ မေခလာ၊ ဟေမာနေဝင်းတို့ ပါဝင်သီဆိုဖျော်ဖြေသည့် သီချင်းများက ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ကြီးသို့ တက်ရောက်ခဲ့ရစဉ် မတိမ်း မယိမ်းကာလများတွင် ခေတ်စားခဲ့သည့် (ယခုခေတ် အခေါ် “ပေါက်” ခဲ့သည့်) တေးသီချင်းများဖြစ်ပြီး အဆိုပါ တေးသံရှင်များသည်လည်း ဟေမာနေဝင်းမှလွဲ၍ သက်တမ်းအရ ကိုယ်တွေနှင့် အရွယ်တူပိုင်းတွေပင် ဖြစ်သည်မို့ စိတ်ထဲမှာ အလိုလိုပင် ပျော်ရွှင်လန်းဆန်း လာမိပါသည်။ နောက်တစ်နေ့ ဖေ့စ်ဘွတ်စာမျက်နှာများတွင် ကျွန်မနည်းတူ ကြိုက်နှစ်သက်သူ များပြားခဲ့ကြောင်း မှတ်ချက် ( Comment ) များအရ တွေ့ရှိရပြီး ရင်းနှီးသူ အချင်းချင်းလည်း အဆိုပါပွဲစဉ်အကြောင်း ပြောဆိုမိကြပါ သည်။ မြူးကြွသောတေးသံစဉ်တို့အောက်တွင် ကျွန်မတို့ သည် ပြန်လည်နုပျိုသွားကြရ၍ တေးသံရှင် (ကို)ကိုင်ဇာ နှင့် ပါဝင်သူ Success တေးဂီတအဖွဲ့သားအားလုံးကို ကျေးဇူးတင်မိပါသည်။
ဆရာမ ပုညခင်နှင့် တေးသံရှင်ကိုင်ဇာတို့က ကိုင်လှုပ်ခဲ့သော အနုပညာစွမ်းအားကြောင့်ပင်လားမသိ၊ ကျွန်မ၏ နှလုံးသားများ ပြန်လည်နိုးကြားလာခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော် အမိတက္ကသိုလ်၏ ရင်ခွင်တွင် ခိုနားစဉ်ကာလများဆီသို့ စိတ်အတွေးများက ပျံ့လွင့်လျက် တက္ကသိုလ်ကြီးနှင့်အတူ ယှဉ်တွဲသက်ဝင် ခဲ့သော လှုပ်ရှားမှုအချို့မှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး အချို့မှာ ကိုယ်တိုင်မပါဝင်ခဲ့ရသော်လည်း ဖြတ်သန်းခဲ့ရသော လှုပ်ရှားမှုမြင်ကွင်းများက အတိတ်၏ အရိပ်ပန်းချီကားများ သဖွယ် တရေးရေးပြန်လည်မြင်ယောင်လာစေမိပါ သည်။
၁၉၇၈ ခုနှစ် မတ်လ၏ ပူပြင်းခြောက်သွေ့သော နွေလများကို ကျော်လွန်ပြီးနောက် ဆယ်ကျော်သက်ဘဝ လူငယ်အများစု၏ အကြောက်လန့်ဆုံးသော အခြေခံ ပညာ အထက်တန်း စာမေးပွဲကို သင်္ချာဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုစဉ်က အထက်တန်း စာမေးပွဲ အောင်မြင်သည်နှင့် တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက် ခွင့်ရသည် မဟုတ်သေးဘဲ ဒေသကောလိပ်တွင် နှစ်နှစ် ထပ်မံတက်ရောက်ပြီးမှ သုံးနှစ်ပေါင်းရရှိသည့် အမှတ် စာရင်းပေါ်မူတည်၍ အမှတ်မီသည့် တက္ကသိုလ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပါသည်။ ထို့အပြင် သင်္ချာ ဘာသာတွဲနှင့် ဇီဝဗေဒဘာသာတွဲဟု ပထမနှစ်မှာပင် ခွဲခြားတက်ရောက်စေပြီး သင်္ချာတွဲယူသည့်သူက အမှတ် အမြင့်ဆုံးရပါက စက်မှုတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကာ ဇီဝဗေဒဘာသာတွဲယူသည့်သူက အမှတ်အမြင့်ဆုံးရပါက ဆေးတက္ကသိုလ်သို့ တက်ရောက် ခွင့်ရရှိမည်ဖြစ်ပါသည်။
အမှတ်တရဖြစ်သည့် အချက်များ
ကျွန်မအနေဖြင့် ငယ်စဉ်ကပင် ဗိသုကာပညာရပ်ကို ဝါသနာပါသူမို့ စက်မှုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရန် ရည်မှန်း၍ သင်္ချာဘာသာတွဲကို ယူခဲ့သည်။ သို့ရာတွင် ကံကြမ္မာက ကျွန်မအား ရန်ကုန်တက္ကသိုလ်ကြီးနှင့် ဆုံတွေ့ ခွင့်ကိုပင် ဖန်တီးပေး ခဲ့သည်။ ဒေသကောလိပ် ပထမနှစ်တွင် အတန်းတင်စာမေးပွဲနီးချိန်မှ အူရောင်ငန်းဖျား(တိုက်ဖွိုက်) ဖြစ်ပြီး တစ်လခန့် ကျောင်းပျက်၍ စာမေးပွဲကို အနိုင်နိုင် ဖြေဆိုခဲ့ရသည်။ အမှတ်များလည်း မကောင်းခဲ့ပါ။ ဤ အချက်ကို ကုစားနိုင်ရန် ဒုတိယနှစ်တွင် လုပ်ငန်းဘာသာရပ်များ ယူရသည့်အခါ ချည်မျှင်လုပ်ငန်း ဘာသာရပ်ကို ကြိုးစားသင်ယူခဲ့ပါသည်။ ဒေသကောလိပ်တက်ရောက်ရသည့်နှစ်များတွင် ကျွန်မအတွက် အမှတ်တရဖြစ်သည့် အချက်များကို ပြောပါဟုဆိုလျှင် နိုင်ငံရေးသိပ္ပံဘာသာရပ် ကို စိတ်ဝင်စားဖွယ် ပို့ချခဲ့သည့် ဆရာကြီး ဒေါက်တာ ကျော်သိန်း၊ စာရေးဆရာမ မစန္ဒာ၏အစ်မ ဆရာမ ဒေါ်သီသီတင် (ဆရာမ၏ ကယားပြည်နယ် စာတတ်မြောက် ရေး အတွေ့အကြုံမျှဝေမှုကို ယနေ့တိုင် မမေ့နိုင်ပါ) ပထမ နှစ်တွင် ကျောင်းပျက်၍ မလိုက်နိုင်သည့် ရူပဗေဒ၊ သင်္ချာ ဘာသာရပ်တို့ကို မိခင်အပေါ် ခင်မင်မှုဖြင့် အိမ်သို့ လာရောက် သင်ကြားပေးခဲ့သည့် ဆရာဦးတင့်လွင် (နောင်တွင် ရူပဗေဒဌာနပါမောက္ခ(ငြိမ်း)) တို့သည်လည်း ကောင်း၊ ဒုတိယနှစ်တွင် သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ သို့ လက်တွေ့ကွင်းဆင်းရသည့်အချိန်အချို့နှင့် သော်မဆင် လမ်းထိပ်ရှိ လက်တွေ့ခန်းတွင် ဆေးဆိုးပန်းရိုက်ဘာသာ ရပ်ကို သင်ကြားရသည့် အချိန်များ၊ ကျောင်းပိတ်ခါနီး ဘာသာရပ်အလိုက် ဆရာကန်တော့ပွဲနှင့် နှုတ်ဆက်ပွဲများ ပြုလုပ်ရန် အီဒင်လမ်းနှင့် လမ်း ၅၀ တစ်ဝိုက် Fun Fair ပွဲလက်မှတ်တွေ လိုက်ရောင်းခဲ့ရသည့် အတွေ့အကြုံများကို ပင် ညွှန်းဆိုရမည်ဖြစ်ပါသည်။
ကျွန်မသည် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူမို့ ဒေသကောလိပ် သုံးခုအနက် အမှတ်(၁) ဒေသကောလိပ် (Regional-1) တွင် တက်ရောက်ခဲ့ရသည်။ ကိုင်ဇာက သူတို့တက်ခဲ့ရသည့် (Rc-2) ကို “လိမ္မော်ရောင်တက္ကသိုလ်” ဟု တင်စားသီချင်းစပ်ဆိုမှုကို ကြားရပြန်တော့ ငါတို့ ကျောင်းရဲ့အမှတ်တရ သင်္ကေတရော ဘာပါလိမ့်ဟု ပြန်စဉ်းစားမိပါသည်။ ဗာဒံပင်များ ပတ်လည်ဝိုင်းကာ ကျွန်မတို့၏ဖခင်များခေတ်က သက်ကြီးတက္ကသိုလ် (နောင်သော် လုပ်သားများကောလိပ်)ဟု ခေါ်ဝေါ်ခဲ့သည်။ ကျောင်း အဆောက်အဦ၏ ရှေ့ဘက်မျက်နှာစာတွင် ထိုစဉ် ကာလများက ကျောင်းအုပ်ဆရာကြီး ဦးစံရွှေ၏ ရုပ်တုကို အမှတ်တရ ထုလုပ်ထားရှိသည်ကိုသာ အမှတ်ရမိပါသည်။ ဒုတိယနှစ်တွင် ဂုဏ်ထူးလေးဘာသာရရှိသော်လည်း သုံးနှစ် ပေါင်း ရမှတ်ကား မူလရည်မှန်းခဲ့သည့် စက်မှုတက္ကသိုလ် သို့ တက်ရောက်ရန် အခွင့်မသာခဲ့ပေ။ ဒါကြောင့် အဓိပတိ လမ်းမကို လျှောက်လှမ်း၍ နာမည်ကျော် ရန်ကုန် တက္ကသိုလ်၏ ရင်ခွင်သို့ ခိုလှုံခွင့်ရခဲ့သည်မှာ ကံကောင်းခြင်းတစ်ခုပင်မဟုတ်ပါလားဟု တွေးမိပါသည်။
တကယ်တော့ ရန်ကုန်တက္ကသိုလ်နယ်မြေသည် ကျွန်မအတွက် အလယ်တန်းပညာသင်အရွယ်ကပင် မစိမ်းခဲ့ပါ။ စာဖတ်ဝါသနာပါသူမိခင်၏ စာပေအမွေကြောင့် ရင်းနှီးဖတ်ရှုခဲ့ရသည့် တက္ကသိုလ်နောက်ခံဝတ္ထုများက ပေးသော စာတွေ့ အသိဖြင့် ငယ်စဉ်အရွယ်ကပင် တက္ကသီ လာမြကျွန်းသာ ဆိုသည်ကို ရောက်ဖူးချင်ခဲ့သည်။ မိခင် ဖြစ်သူက မြန်မာစာဘာသာ သင်ကြားသူမို့ အခြေခံပညာ အထက်တန်းစာမေးပွဲတွင် စာစစ်ဝင်ရောက်သည့်အခါ နွေရာသီရောက်တိုင်း ရန်ကုန်တက္ကသိုလ်သို့ ဖခင်က ကားဖြင့်လိုက်ပို့တတ်သည်။ ကျွန်မတို့ ညီအစ်မများက အပျော် ကားလိုက်စီးကြသည်။ အမေ့ကို တောင်ငူဆောင် တွင် ချပေးပြီးလျှင် တက္ကသိုလ်ပရဝဏ်ကို အဖေက ကားတစ်ပတ်မောင်း၍ လိုက်ပြတတ်သည်။ ထိုစဉ်က တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက် နွေရာသီကျောင်း ပိတ်ရက် လုပ်အားပေး လမ်းစဉ်လူငယ်များအတွက် ပြုလုပ်ပေးသည့် သင်္ကြန်မဏ္ဍပ် မြင်ကွင်းများကို ပြန်လည်အမှတ်ရမိသည်။ တစ်ခါတစ်ရံ မဏ္ဍပ်များရှေ့ ကားတန်းတွင် ဝင်ရောက်စီတန်းလျက် ရေပက်ခံကြသည်။ အမိတက္ကသိုလ် နှင့်သင်္ကြန်မဏ္ဍပ်များ၏ပုံရိပ်က “တည်ငြိမ်ခံ့ညားမှုနှင့် ပျော်ရွှင်လွတ်လပ်မှု ရသနှစ်မျိုးကို ပေါင်းစပ်” ပေးထား သည်မို့ မေ့မရနိုင်ပါ။
နှစ်နှစ်တာ ဖြတ်သန်းမှု
တက္ကသိုလ်နယ်မြေတွင် ရူပဗေဒဘာသာအဓိက နေ့ကျောင်းသူအဖြစ် နှစ်နှစ်တာ ဖြတ်သန်းမှုက အများ သူငါတွေလိုပင် ဖြစ်ပေမယ့် ကိုင်ဇာသီချင်းထဲကလိုပင် သံဆန်ခါခြားထားသည့် လိုင်းကားလည်း စီးခဲ့ဖူးကာ စံရိပ်ငြိမ်ရပ်ကွက်ကို ဖြတ်သန်းလမ်းလျှောက်ပြီးမှ တက္ကသိုလ်ပရဝဏ်ထဲရောက်၊ ထိုမှတစ်ဆင့် ဂျပ်ဆင်၊ အနုပညာခန်းမ၊ အားကစားရုံ၊ RC အပန်းဖြေရိပ်သာ၊ တက္ကသိုလ်စာကြည့်တိုက်တို့ကို တစ်ဆင့်စီကျော်ဖြတ်ပြီးမှ အင်းလျားကန်နှင့် အနီးဆုံး ရူပဗေဒ စာသင်ခန်းမများဆီသို့ ရောက်ရှိတာမို့ ယခုပြန်တွေးကြည့်တော့ သူ့အလိုလိုပင် လမ်းလျှောက်လေ့ကျင့်ခန်း (Walking Exercise) ယူခဲ့ သည့်အလား ထင်မှတ်မိပါသည်။
ဒေသကောလိပ်(၁)မှ တွဲလာသည့် သူငယ်ချင်းတွေ နှင့် ယူသည့်ဘာသာရပ်တူသူရှိသလို ကွဲပြားသူများ လည်းရှိသည်မို့ ကျွန်မတို့ခေတ်က ပညာရေးစနစ်သည် သူငယ်ချင်း အများအပြားရရှိစေခဲ့သလားဟု စေ့ငုမိပါ သည်။ သို့ရာတွင် လေးနှစ်တာတက်ခဲ့ရသော သူများ လောက် ရင်းနှီးသက်တမ်းရှည်ကြာမှုကို မရခဲ့သည်တော့ အမှန်ပါ။ ရန်ကုန်တက္ကသိုလ် အပါအဝင် ထိုစဉ်ကာလများ က အဆင့်မြင့်ပညာ ဆည်းပူးသူအားလုံးနီးပါး ပါဝင်ခဲ့သော လှုပ်ရှားမှုတစ်ခုမှာတော့ နိုင်ငံတော်အစီစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် “စာတတ်မြောက်ရေး’ လုပ်အားပေး ခရီးစဉ် ဖြစ်ပါသည်။
လိုက်ပါခွင့်ရရှိ
တက္ကသိုလ် နောက်ဆုံးနှစ် ရောက်ချိန်တွင် ကျွန်မ လည်း အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခွင့်ရရန် မိဘများကို ပူဆာရပါသည်။ ပထမတော့ ခွင့်ပြုချက်မရသေးပါ။ ဘယ်သူတွေပါမလဲ၊ ဘယ်ကိုသွားမှာလဲ စသဖြင့် စိုးရိမ် စိတ်ဖြင့် မေးမြန်းနေသော မိဘတို့အား သြဇာညောင်းသူ ဘကြီးဖြစ်သူက “မင်းတို့သမီး တစ်ယောက်တည်း အသက်ပါတာမဟုတ်ဘူး၊ လွှတ်လိုက်’’ ဟု ခွင့်ပြုချက် ရသည့်အခါ စာရင်းသွားပေးတော့ “ရေး” မြို့နယ်သို့ လိုက်ပါခွင့်ရရှိပါသည်။ ရေးမြို့နယ်သည် မွန်ပြည်နယ် အတွင်း မီးရထားလမ်းဆုံး မြို့တစ်မြို့ဖြစ်ကာ ထိုစဉ် ကာလက လုံခြုံရေးအဆင့် (အညိုရောင်နယ်မြေ) ဟု သတ်မှတ်ထားရသေးသည့် အချိန်ဖြစ်ပါသည်။
ကျွန်မတို့ လူငယ်တွေအတွက်တော့ ဒါတွေကိုမသိ၊ မိဘရင်ခွင်မှဝေးရာဒေသသို့ ခွဲခွာကာ စွန့်စားခရီးထွက်ခွင့် ရရှိမှုသည် ထီပေါက်သလို ခံစားမှုဖြစ်ခဲ့သည်။ ရန်ကုန်မှ တစ်ဆင့် မော်လမြိုင်၊ မော်လမြိုင်မှ ရေးသို့ မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်ကြီးများ စီးလျက် ခရီးအဆင့် ဆင့် သွားခဲ့ရသော်လည်း မောပန်းသည်ဟု မထင်၊ လွတ်လပ်ပျော်ရွှင်ခဲ့ရသည်။ ဒေသခံတွေနှင့် ရင်းနှီး ခင်မင်စွာ အလိုက်သင့်နေထိုင်တတ်သည့် အတွေ့အကြုံ ရခဲ့သည်။ သူတို့၏ ပွင့်လင်းသော တုံ့ပြန်မှုများအောက် တွင် တစ်လကြာကာလကို ခဏတာသာ မှတ်ထင်ခဲ့ရ သည်။ မြို့ပေါ်ရပ်ကွက်များတွင် မိန်းကလေးများ နေရာချထား၍ ယောက်ျားလေးများက ရွာလေးများသို့ တာဝန် ကျခဲ့ကြသည်။ သင်္ကြန်ပိတ်ရက်နှင့်တိုက်ဆိုင်သဖြင့် “ထော်လာဂျီကား” ကိုစီး၍ ရွှံ့ရေနောက်နောက်ဖြင့် ရေပက်ခံထွက်ခဲ့ရခြင်းနှင့်အတူ မွန်ရိုးရာ ဖယောင်း တိုင်နံ့သင်းသည့် ရေဆမ်းထမင်းနှင့် ငါးခြောက်ထောင်း၊ စင်ပြွမ်းသီးသုပ်တို့၏ လိုက်ဖက်လှသော အတွဲအဖက်က စားမြိန်လှသည်။ ဇီးဖြူသောင်၊ မော့ကနင် အစရှိသည့် ကျေးရွာများသို့ ဒေသန္တရခရီးထွက်ခြင်းဖြင့်လည်း ဒေသန္တရဗဟုသုတများကိုရရှိစေပြီး စာသင်သား အဒေါ်ကြီး များ၏ “ ဝ၊ ထ၊ က၊ လ၊ သ” ဟူသော စာအံသံနှင့် “ကြိုက်မှ ကြိုက်။ ချမ်းမှချမ်း” အစရှိသည့် မွန်စကားအသုံးအနှုန်း အချို့ကို သင်ကြားပေး၍ ဘာသန္တရဗဟုသုတကိုလည်း ရရှိ စေပါသည်။ ဒူးရင်းသီးပေါသော အရပ်ဒေသမို့ ဧည့်ခံ သည့်အခါ “နင်အောင်စားပါ (ဝအောင်စားပါ)” ဟူသော ဖော်ရွေမှုက ကျွန်မတို့ တက္ကသိုလ်ကျောင်းသူဘဝရရှိခဲ့သည့် ဘဝအတွေ့အကြုံများ ဖြစ်ပါသည်။ စာတတ်မြောက်ရေးလုပ်အားပေးကာလပြီးဆုံးချိန်တွင် ရရှိခဲ့သည့် ဂုဏ်ပြု လက်မှတ်လေးသည်လည်း လူငယ်ဘဝတွင် စတင်ခြေလှမ်း ခဲ့ရသည့် လူမှုရေးအကျိုးပြုလုပ်ငန်း၏ မှတ်ကျောက်သဖွယ် ယခုတိုင်မြတ်နိုးစွာ သိမ်းဆည်း ထားရဆဲဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူတို့ ပါဝင်လှုပ်ရှားခွင့် ရရှိခဲ့သည့် နောက်ထပ် အသင်းအဖွဲ့များမှာ အနုပညာအသင်း၊ ခြေလျင်တောင်တက်အသင်းနှင့် တက္ကသိုလ်အရန်တပ်ရင်းတို့ဖြစ်ပါသည်။ ကျွန်မတို့ကိုယ်တိုင် ပါဝင်လှုပ်ရှားမှုမရှိခဲ့သော်လည်း အစ်ကိုဝမ်းကွဲများက ထိုထိုသောလှုပ်ရှားမှုများတွင် ပါဝင်သည်မို့ သူတို့မှတစ်ဆင့် အားကျ နားဆင်ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်၏ နှစ်စဉ် ထုတ်ဝေသော နှစ်ပတ်လည်မဂ္ဂဇင်းကလည်း တက္ကသီလာကျောင်းတော်သူ ကျောင်းတော်သားတို့၏ အနုပညာအရည်အသွေးကို မြေစမ်းခရမ်းပျိုးခွင့်ရသည့် လေ့ကျင့်ရေးကွင်း ဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ သောနှစ်များတွင် မဂ္ဂဇင်းစာအုပ် မျက်နှာဖုံးသရုပ်ဖော်ပုံများ၏ အနက်အဓိပ္ပာယ်ကို ပဟေဠိ ဆန်ဆန် ဖွင့်ဆိုခဲ့ကြရသည်မှာလည်း ရင်ခုန်စရာ အတွေ့ အကြုံတစ်မျိုးဖြစ်ပါသည်။
လက်တစ်ကမ်းမှာပင် ရှိနေခဲ့
၁၉၈၂ခုနှစ် နှစ်ကုန်ချိန်တွင်တော့ ကျွန်မ၏ တက္ကသိုလ်ကျောင်းသူဘဝ “ပထမအကြိမ်” ပြီးဆုံးခဲ့ပါ သည်။ သို့ရာတွင် ရန်ကုန်တက္ကသိုလ်နယ်မြေနှင့် ဝေးရာဆီကိုတော့ ကံကြမ္မာက ပို့မပစ်သေးပါ။ ၁၉၈၃ ခုနှစ် အလုပ်ရ သည့်အခါ ကမာရွတ်နယ်မြေ ဟံသာဝတီအဝိုင်းတွင် ရုံးတည်ရှိသည့် နိုင်ငံတော်ကောင်စီရုံးတွင် စာရေးဝန်ထမ်း အဖြစ် စတင်ဝင်ရောက် ရ၍ ဖြစ်ပါသည်။ ရုံးခြံဝင်းနှင့် ကပ်လျက်လည်း ပညာရေးတက္ကသိုလ်၊ အဆင့်မြင့် ပညာ ဦးစီးဌာန၊ လိပ်ခုံး ဆေးတက္ကသိုလ်၊ ပြည်၊ တကောင်း အစ ရှိသည့် တက္ကသိုလ်အဆောင်များ၊ တက္ကသိုလ်ဆေးရုံစသဖြင့် မလှမ်းမကမ်းစီတွင် အစီအရီတည်ရှိနေရာ တက္ကသိုလ်၏ အငွေ့ အသက်သည် လက်တစ်ကမ်းမှာပင်ရှိနေခဲ့ပါသည်။
ရုံးအဆင်း ညနေဘက်များတွင် လှည်းတန်း၌ ဖွင့်လှစ်ထားသော ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် မောင်နှံ၏ အင်္ဂလိပ်စာသင်တန်း၊ နောင်တွင် ဆရာ ဦးမြကြိုင်၏ အင်္ဂလိပ်စာသင်တန်းတို့ကို ဆက်လက် ဆည်းပူးခွင့်ရခဲ့သည်။ ထိုစဉ်က ဘွဲ့ရပြီး လူငယ်များသည် ရာထူးဝန်မှ ခေါ်ယူသော အလုပ်စာမေးပွဲများကို ဖြေဆို ခြင်းနှင့် စာရင်းကိုင် ဒီပလိုမာ(DA)၊ မှတ်ပုံတင်ရှေ့နေ(RL)သင်တန်းတို့ကိုလည်း တက်ရောက်လေ့ရှိရာ ပညာရေး တက္ကသိုလ်အဆောင်များတွင် နံနက်ပိုင်းဖွင့်လှစ်သည့် RL သင်တန်းကိုလည်း တက်ရောက်ခဲ့၍ ကျွန်မအတွက် တက္ကသိုလ်နယ်မြေသည် “ဝေးမသွားနဲ့ …. အချစ်ဆုံး” ဆိုသည့် နယ်ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ၁၉၈၈ ခုနှစ် အရေး အခင်းဖြစ်ပွားပြီးနောက် သင်တန်းများ ထပ်မံမဖွင့်လှစ်၍ RL ပညာရေးသည် ပထမနှစ်သာ အောင်မြင်ပြီး တစ်ပိုင်း တစ်စရပ်တန့်ခဲ့ရပြန်ပါသည်။
ကြိုးစားတက်ရောက်ခဲ့
၁၉၉၁ ခုနှစ်တွင် အရာရှိငယ်ဘဝသို့ ရောက်ရှိချိန်မှစ၍ အမိတက္ကသိုလ်နှင့် ခပ်စိမ်းစိမ်းရှိခဲ့ရာမှ ၂၀၀၅ ခုနှစ်ဦးတွင် ဒုတိယအကြိမ်မြောက် ပြန်လည်ခြေချခွင့်ရရှိခဲ့ပါသည်။ ရုံးမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရန်ကုန်တက္ကသိုလ် မာလာ ဆောင်တွင် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော အင်္ဂလိပ် စာဒီပလိုမာသင်တန်းသို့ တက်ရောက်ရန် လျှောက်လွှာ များ ယူလာပြီး အတူတက်ရောက်ရန် စည်းရုံးသောကြောင့် ဖြစ်ပါသည်။ သင်တန်းကာလမှာ Basic မှသည် Advanced အထိ သုံးလစီ ငါးပိုင်းတက်ရောက်ရမည်ဖြစ်ရာ မိမိ၏ အသက်အရွယ်နှင့် တာဝန်အရ သင်တန်းပြီးဆုံးအောင် တက်နိုင်ပါ့မလားဟု စိုးရိမ်မိသော်လည်း စနေ၊ တနင်္ဂနွေ အချိန်ကို ရွေးချယ်ကာ ကြိုးစားတက်ရောက်ခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်နယ်မြေသို့ နှစ်ပေါင်း ၂၀ ကျော် မှ ပြန်လည်ရောက်ရှိသော အရသာကား ဆယ်ကျော် သက်အရွယ်နှင့် ခံစားချက်ချင်း မတူတော့သော်လည်း စိတ်အားဖြင့် နုပျိုဆဲ ဖြစ်ပါသည်။ တက်ရောက်ကြသည့် သင်တန်းသားအများစုမှာ ဝန်ထမ်းများမို့ ဌာနဆိုင်ရာ မိတ်ဆွေအပေါင်းအသင်းများ ထပ်မံရရှိကာ ပေါင်းသင်း ဆက်ဆံရေးလူမှုကွန်ရက် ကျယ်ပြန့်စေပါသည်။ သင်တန်း ကို Pre Intermediate Level တက်ရောက်နေဆဲ နိုင်ငံတော် ၏ အစီအစဉ်အရ အစိုးရရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့ ရုံးဖွင့်လှစ်ကြရသည်။ ကျွန်မဘဝ၌ ဖြစ်တတ်သော သဘော တရားအရ ဒီတစ်ခါလည်း ပညာရေးဆုံးခန်းတိုင် မသင်ယူ နိုင်ဖြစ်ဦးမည်လားဟု အားငယ်ခဲ့ရပါသည်။ သို့သော် ရဟန်းကြီး ဦးကျည်ပွေ့ထုံးနှလုံးမူကာ နေပြည်တော်မှ ရန်ကုန်မြို့သို့ အပတ်စဉ် သောကြာနေ့တိုင်း မန္တလေးမှ ထွက်ခွာလာသော 6 down အမြန်ရထားကြီးကို စုန်ဆန်စီး၍ ဇွဲမာန်တင်း တက်ရောက်ခဲ့ရာ ၂၀၀၆ ခုနှစ် ကုန်တွင် သင်တန်းအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ထိုစဉ်က အဆိုပါသင်တန်းကို ဒီပလိုမာဘွဲ့ပေးအပ်နိုင် သည်အထိ ဦးဆောင်စီမံပေးခဲ့ပါသော ကျောင်းအုပ်ကြီး ဒေါက်တာဦးမျိုးမြင့် (ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန) (ကွယ်လွန်)ကိုလည်း ဤစာစုရေးသားနေချိန်တွင် သတိရ ကျေးဇူးတင်နေမိပါသည်။
ကျွန်မတို့ အသက်၂၀ ကျော် ပထမအကြိမ် ဘွဲ့ယူစဉ် ကာလက ၁၉၈၄ခုနှစ် နွေနှောင်း မိုးဦးကာလဖြစ်ပါ သည်။ ဘွဲ့နှင်းသဘင်ခန်းမထဲသို့ မဝင်မီ မိုးရိပ်ဆင် သည့် ရာသီဥတုအောက်ဝယ် ဟိုမှသည်သို့ ကူးလူးကာ မိဘမောင်ဘွား၊ သူငယ်ချင်းများနှင့်အတူ ဓာတ်ပုံရိုက်ကြ၊ စကားတွေဖောင်ဖွဲ့ဖြင့် ကျောင်းအပြီး တစ်နှစ်ကျော် ခွဲခွာနေရသောကာလအတွက် အတိုးချကာ အလွမ်းသယ် ခဲ့ကြသည်။ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပါမောက္ခချုပ်၏ မောင်တို့မယ်တို့ အစချီသော ဆုံးမစကားကို နာယူလျက် ဘွဲ့အပ်နှင်းပွဲပြီးချိန်တွင် အားအင်သစ်တို့ဖြင့် လောက အပြင်သို့ ရောက်ရှိခဲ့ကြသည်။ မိုးဦးကာလ ကြဲဖြန့်လိုက် သော မိုးရေစက်တို့သဖွယ် လောကကို ကိုယ်စီနေရာ အသီးသီးမှ အလှဆင်ခဲ့ကြပါသည်။
ယခုထက်တိုင် တိုးဝှေ့နေရာယူဆဲ
နှစ် ၂၀ ကျော် ကြာမြင့်ပြီးချိန် ဒုတိယအကြိမ် အမိတက္ကသိုလ်၏ ရင်ခွင်သို့ ဇွဲမာန်တင်း၍ ဝင်ရောက် ခဲ့ပြီး ထပ်မံဘွဲ့ယူရသည့်ကာလမှာ ဆောင်းရာသီဖြစ်ပါသည်။ ငွေနှင်းမှုန်မှုန်တို့အောက်တွင် ဒီတစ်ခါဘွဲ့ယူချိန်၌ မိဘမောင်ဘွားတို့ အစား ခင်ပွန်း၊ ဇနီး၊ သားသမီးနှင့် ကိုယ်စီရှိခဲ့သူကရှိသလို တွဲဖက်ဓာတ်ပုံရိုက်ကြပြန် သည်။ မိတ်ဆွေ သူငယ်ချင်းများ အချင်းချင်းလည်း အုပ်စုဖွဲ့ကာ ဓာတ်ပုံရိုက်ကြသည်။ ရာသီတွေမည်သို့ပင် ပြောင်းစေကာမူ ရန်ကုန်တက္ကသိုလ် ပရဝဏ် နယ်မြေတွင် ဤသည်သော မြင်ကွင်းတို့ကား ပြောင်းလဲ သွားမည်မဟုတ်ပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းတော် ကြီး၏ သက်တမ်းသည် နှစ်တစ်ရာသို့ တိုင်ခဲ့ပြီဖြစ်ပါ သည်။ ပါဝင်သရုပ်ဆောင်သည့်သူများသာ အလဲလဲ အဖန်ဖန် ပြောင်းလဲသွား သော်လည်း မပြောင်းလဲသော အမိတက္ကသိုလ်၏ အမှတ်တရများကား ကျွန်မ၏ ရင်သို့ ယခုထက်တိုင် တိုးဝှေ့နေရာယူဆဲ ဖြစ်ပါတော့သည်။
22
 
23
ရွှေယဉ်ငြိမ်းချမ်း