Skip to main content

နှစ်ပေါင်းတစ်ရာ တက္ကသိုလ်နှင့် ရင်ထဲကမြန်မာစာ

နှစ်ပေါင်းတစ်ရာ

ကြာညောင်းသော်လည်း

ကမ္ဘာတည်သရွေ့

ဘယ်ခါမမေ့ ..... (မောင်ပန်းမွှေး)

ရန်ကုန် တက္ကသိုလ်ကြီးပင် နှစ်တစ်ရာ ပြည့်ခဲ့ပြီ ဖြစ်သည်။ ထိုနှစ်တစ်ရာ တက္ကသိုလ် (သို့မဟုတ်) ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ဘွဲ့ကြို လေးနှစ်၊ ဘွဲ့လွန် နှစ်နှစ်၊ မဟာဝိဇ္ဇာကျမ်းပြု သုံးနှစ်၊ ကျောင်းရက်ရှည် ပိတ်လိုက်သည့်ကာလ အလုပ်ဝင်၍ တစ်နှစ်ကျော်ခန့် နားခဲ့ရသည့် ကာလ အမှုတော်ထမ်းခဲ့သည့်ကာလ ၁၄ နှစ်ကျော်ခန့် အပါအဝင် စုစုပေါင်း ၂၆ နှစ်ခန့် ကျင်လည် ခဲ့ဖူးပါသည်။ ကံကြမ္မာမညီမျှလို့နုတ်ထွက်ခွဲခွာရတာ ယခု ၂၀၂၀ ပြည့်နှစ်ဆိုလျှင် တက္ကသိုလ်နှင့်ဝေးခဲ့ရတာ နှစ်ပေါင်း ၂၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။

တက္ကသိုလ်မှာ အနေကြာခဲ့တာမို့ အဓိပတိလမ်း၊ ဒဂုံလမ်း၊ ဂျပ်ဆင်လမ်း၊ သထုံလမ်း (ပိတောက်လမ်း)၊ ပုဂံလမ်း... မလျှောက် ခဲ့ဖူးသည့်လမ်း မရှိခဲ့ဖူးပါ။ အဓိပတိလမ်းကို ခြင်္သေ့လေးကောင်စောင့်ရာမြေဟု တင်စားတာကြားဖူးပါသည်။ ဟုတ်ပါရဲ့ ။ တက္ကသိုလ်ရိပ်သာလမ်းရဲ့ အဝင် တံခါးဝမှာ ခြင်္သေ့နှစ်ကောင်ကို တွေ့ရသည်။ တည့်တည့်လျှောက်ဝင်သွားလျှင် ဟိုးထိပ်မှာ မားမား ရပ်ပြီး လှမ်းမျှော်ကြည့်နေတတ်သည့် ဘွဲ့နှင်းသဘင်ကြီးရဲ့ရှေ့မှာ ခြင်္သေ့နှစ်ကောင်၊ အင်းလျားကန်နှင့် အင်းလျား လမ်းကို ကျောခိုင်းပြီး မားမားရပ်နေသည့် ဘွဲ့နှင်း သဘင်ရှေ့က ခြင်္သေ့နှစ်ကောင်နှင့် ဝင်းတံခါးက ခြင်္သေ့ နှစ်ကောင်က အဓိပတိလမ်းမကြီးကို ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ပိတ်လို့ စောင့်ရှောက်နေကြသည်။ ခြင်္သေ့ကြီး လေးကောင်ကို သတိမူ မိသူတော့ တော်တော်ရှားပေလိမ့်မည်။ ကျွန်မကတော့ တက္ကသိုလ်အဓိပတိလမ်းနှင့် ခြင်္သေ့ကြီး လေးကောင်ကို အမြဲအမှတ်ရပြီး အသည်းထဲမှာ တွဲပြီး မှတ်ထားခဲ့မိပါသည်။

ကျွန်မတို့ ၁၉၇၀ ပြည့်နှစ်၊ မတ်လမှာ တက္ကသိုလ်ဝင်တန်းကို ဖြေဆိုအောင်မြင်ပြီး တက္ကသိုလ် ပထမနှစ်ကို စက်တင်ဘာ လဆန်းမှာ တက်ခဲ့ရတာကို အမှတ်ရမိသည်။ အထက်တန်းကျောင်းမှာက ကျောင်းစဖွင့်ချိန်မှာ မေလဆန်းတွင်ဖြစ်ပြီး တက္ကသိုလ်တက်ရက်က စက်တင်ဘာ လဆန်းဖြစ်နေခဲ့သောကြောင့် အမှတ်တရဖြစ်နေမိခြင်းပင်။ မိုးတွင်းဖြစ်လေတော့ တက္ကသိုလ်မြေမှာ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ တရုတ်စကားပွင့်ဖြူတွေ မြိုင်မြိုင်ပွင့်နေကြ ပြီး ရေတမာပင်များနှင့် သစ်ပင်ကြီးများ၏ စိမ်းလန်းသော အလှတရားများ၊ မြက်ခင်းစိမ်းစိမ်းများက ကျွန်မတို့လို တက္ကသိုလ်ရောက်စ Fresher လေးများကို ဆွဲဆောင် လန်းဆန်းစေသည်ဟု မှတ်ယူမိပါသည်။ ။

စက်တင်ဘာလဆန်း ပထမပတ်မှာပင် မောင်မယ် သစ်လွင်ကြိုဆိုပွဲကို ဘွဲ့နှင်းသဘင်မှာ ပြုလုပ်ပါသည်။ ပါမောက္ခချုပ် ဆရာကြီး ဆရာခက ကြိုဆိုနှုတ်ခွန်းဆက်စကား၊ မော်ကွန်းထိန်းဆရာမကြီး ဒေါ်စိန်စိန်က တက္ကသိုလ်စည်းကမ်းချက်များကို ရှင်းလင်းမှာကြားသောစကား၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများက ကြိုဆိုဩဝါဒစကားများ ပြောကြသည်များကို နာကြား ရပါသည်။ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ က မိမိတို့ကို ကြိုဆိုနှုတ်ဆက်သောပွဲမို့ ဂုဏ်ယူစွာ တက်ရောက်ကြသည်။ သေသပ်လှပစွာ ဝတ်စားဆင်ယင်လာကြသည်။ သစ်လွင်လေးများက ဂုဏ်ယူစွာ တက်ရောက်ကြသလို နှစ်ကြီးကျောင်းသား ကျောင်းသူများက လည်း ဘွဲ့နှင်းသဘင်ပြင်ပတွင် အလုအယက် လာရောက် နွှဲပျော်ကြပါသည်။ ကျောင်းသားများက Fresher Queen ကိုလာရှာကြသလို၊ ကျောင်းသူများက Fresher King ကြည့်ရန်လာကြသည်။ ဆွေမျိုးသားချင်း၊ အပေါင်း အသင်းထဲမှ တက္ကသိုလ်ရောက်လာကြသော သစ်လွင်မောင်မယ်များကို နှုတ်ဆက်ရန် လာကြသည်။ မေဂျာ ပေါင်းစုံမှ သစ်လွင် မောင်မယ်များကို တစ်နေရာတည်း တွေ့မြင်နိုင်သောကြောင့် လာကြသည်။ ဘာပဲပြောပြော တကယ်အမှတ်တရရှိခဲ့သော မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့ ဖြစ်ခဲ့တာတော့အမှန်ပါ။

ကျွန်မတို့ ခေတ်ကာလတုန်းက ပထမနှစ် ဝိဇ္ဇာ ဘာသာရပ်များ က ရာမညဆောင် မှာတက်ရပြီး သိပ္ပံ ဘာသာရပ်များက မန္တလေး ဆောင်မှာ တက်ကြရပါသည်။ ပထမနှစ်မှာ အရောက်အပေါက်အများဆုံးက တောင်ငူ ဆောင်ပဲ ဖြစ်ပါသည်။ တောင်ငူဆောင်က ရာမညနှင့် ကပ်လျက်ရှိပြီးနောက် ကော်ရစ်ဒါလျှောက်လမ်းလည်း ရှိသည်။ Canteen က လည်း တောင်ငူဆောင်နှင့် မန္တလေး ဆောင်လျှောက်လမ်း၏ တောင်ငူဆောင် နောက် ပေါက် မှာရှိသည်။ မြန်မာစာဌာနလည်းရှိသောကြောင့် တောင်ငူ ဆောင်ကို မပျက်မကွက်ရောက်ကြသည်။ ပထမနှစ်၊ မအူ မလည် ကျောင်းသူလေးတွေမို့ ဘယ်မှ မသွားရဲ၊ မလည်ရဲ တာလည်းပါမည်။ ကျောင်းလခသွင်းရန် ငွေစာရင်းဌာန ရှိသော သိပ္ပံဆောင်ဘက် ရောက်သည်။ သိပ္ပံ Canteen ကို တစ်ခါတစ်ခါ ရောက်ဖူးအောင် သွားစားကြသည်။ RC ကို ပို့စကတ်ဝယ်ရန်၊ ပန်းချီပြိုင်ပွဲကြည့်ရန် ရောက်သည်။ ဖြတ်သွားတုန်း ဆိုင်းသံ၊ ပတ္တလားသံ ကြားလျှင် သွားချောင်းကြည့်သည်။ ဦးယမ်းဘီလူး အအေးဆိုင် သွားထိုင်သည်။ ပထမနှစ်မှာ အင်းလျားကန်ပေါင်သို့တောင် မရောက်ခဲ့ဖူးကြပါ။

ကျွန်မတို့ ပထမနှစ်မှာ တက္ကသိုလ်၏ နာမည်ကျော် ဦးချစ် လက်ဖက်ရည်ဆိုင်သည် ရာမညဆောင်နှင့် တောင်ငူဆောင်ထောင့်၊ ဒဂုံလမ်းလေးရဲ့ ပြည်လမ်းဘက်ထိပ် ကလေးမှာရှိပါသည်။ ငှက်ပျောတောပတ်လည်ကာထားသည်။ ရာမညဘက်မှာ တစ်လမ်း၊ တောင်ငူဆောင်ဘက်မှာ တစ်လမ်း ဦးချစ်ဆိုင်သို့ အဝင်အထွက် နှစ်လမ်းရှိခဲ့သည်။ ဦးချစ်ဆိုင်သို့ဝင်လျှင် ငှက်ပျောတောနှင့် တောင်ပိန္နဲပင်ကြီး များကို ဖြတ်ဝင်ကြရပါသည်။ ဒုတိယနှစ်ကျောင်းသူဘဝမှာ ဦးချစ်ဆိုင်က လက်ဖက်ရည်သောက်ချင်လွန်းလို့ ဆရာများ ကျောင်းသားများ အမြဲဝိုင်းဖွဲ့ ထိုင်နေတတ်သော ငှက်ပျောတောကို ဖြတ်မဝင်ရဲဘဲ ဒဂုံလမ်းဘက်ကနေ အုတ်ခုံလေးမှာထိုင်ရင်း ခြံစည်းရိုးကျော် လှမ်းမှာကာ သောက်ခဲ့ရသည့် အတွေ့အကြုံကလည်း အမြဲစွဲနေသည့် အမှတ်တရ များစွာထဲက အမှတ်တရတစ်ခုပါပေ။ မဟာဝိဇ္ဇာတန်းတက်တော့ ဝါရင့်ကျောင်းသူပီပီ သူငယ်ချင်း များနှင့် ဦးချစ်ဆိုင်မှာ ချိန်းကြပြီး ဘယ်သူမှ ရောက်မလာ သေးလျှင်တောင် တစ်ယောက်တည်း ခပ်တည်တည် ထိုင်နေရဲခဲ့ပြီဖြစ်သည်။

ကံ့ကော်တောဆိုတာ ကျွန်မတို့တုန်းကမှ တကယ့် ကံ့ကော်တောကြီးပါ။ ကံ့ကော်ပွင့်ချိန်များမှာ ကံ့ကော်တော က ကံ့ကော် ရနံ့တွေက ရင်ကိုချမ်းမြေ့ ကြည်နူးစေပါသည်။ ကံ့ကော်တောနှင့် ခုံတန်းပြာလေးများသည် ကျွန်မတို့ တက္ကသိုလ် အိပ်မက် ဇာတ်လမ်းများထဲက အဓိကဇာတ်ကောင်များဖြစ်ခဲ့ကြဖူးသည်။ ဘယ်ဆီက လွင့်ပျံလာမှန်း မသိသော ဥဩလေးများ၏ နွေဦးတေးသံများကလည်း တက္ကသိုလ်၏ အချစ်ဇာတ်လမ်း၊ လွမ်းဇာတ်လမ်းများ၏ နောက်ခံတေးသံသာများပင် ဖြစ်ခဲ့ပါသည်။

ကျွန်မတို့ မြန်မာစာကျောင်းသူ ကျောင်းသားများ အတွက်ကတော့ မြန်မာစာ ဒုတိယနှစ်ကနေ ဘွဲ့လွန်တန်း တွေအထိ တောင်ငူ ဆောင်မှာပဲ တက်ရောက်သင်ကြား ခဲ့ကြရတာမို့တောင်ငူဆောင်သည် ကျွန်မတို့ နှလုံးသည်းပွတ် ကဲ့သို့ မြတ်နိုးတွယ်တာ ခဲ့ရသလို တောင်ငူဆောင်ဝန်းကျင် သည်လည်း မွေ့လျော်ကျက်စားတွယ်တာခဲ့ရာ နေရာများ ပါပဲ။ တောင်ငူဆောင် ရှေ့ပေါက်ကထွက်လျှင် ဒဂုံဆောင်၊ ရွှေဘိုဆောင်တွေ ဘေးကနေ ဂျပ်ဆင်သို့သွားရာ လမ်းရှိသည်။ (အချို့က ချစ်သူလမ်းကြားဟု အမည်ပေးကြသည် ဟု သိရပါသည်။) ဂျပ်ဆင်ရောက်လျှင် ဂျပ်ဆင်မှ အဓိပတိ လမ်းသို့သွားရာလမ်း၊ RC ကိုဝင်ရန် လျှောက်လမ်းတွေ ရှိပါသည်။ တောင်ငူဆောင်ကနေ ဂျပ်ဆင်သို့ သွားလျှင် ဖြတ်သွားရသော ရွှေဘိုဆောင် နှင့် ဒဂုံဆောင်မှ ကျောင်းသားများက ကျောင်းသူများ ဖြတ်သွားလျှင် လှမ်းအော်စနောက် တတ်ကြမြဲပါ။ ငယ်နုစဉ်တုန်းက ဖြတ်သွားတုန်းလှမ်းအော် နောက်လျှင် ခြေလှမ်းမှား မတတ် ကြောက်ရွံ့ခဲ့သော်လည်း ဝါရင့်ကျောင်းသူ ဖြစ်လာတော့ ဘယ်လိုပဲ လှမ်းနောက် နောက် ကိုယ့်ကို နောက်တယ်လို့ပင် မထင်မိဘဲ ကိုယ့်အတွေး၊ ကိုယ့် စိတ်ကူးဖြင့် အေးအေးဆေးဆေး ဖြတ်လျှောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ကျွန်မတို့အတွက် တက္ကသိုလ်အထင်ကရ အမှတ်အသား သစ်ပုပ်ပင်ကြီးကတော့ ကျောင်းသား ကျောင်းသူ တိုင်း၊ ဆရာ ဆရာမတိုင်း၊ တက္ကသိုလ်ဝန်ထမ်းတိုင်း၏ဘဝ တန်ဆောင်တစ်ခုဟုပဲ ရှုမြင်မိပါသည်။ ထီးထီးတည်း မားမားစွင့်စွင့်ရှိနေသော သစ်ပုပ်ပင်ကြီးကို မျှော်မော့ကြည့်ရသည့်အရသာက တစ်သက်စာပါ။ သစ်ပုပ်ပင် ကြီးကို မော့ကြည့်လိုက်ရတာကိုက ကိုယ့်ဘဝမှာ မျှော်လင့်တောင့်တသမျှတွေ ပြည့်ဝသွားသလိုမျိုး ခံစားခဲ့ရသည်။ ရောက်တိုင်းလည်း မော့ကြည့်မိသည်မှာ အကျင့်ပင် ဖြစ်ခဲ့ပါသည်။ ထိုအကျင့်ကလည်း ရန်ကုန် တက္ကသိုလ်ကနေ ကြည့်မြင်တိုင်နယ်မြေသို့ ပြောင်းရွှေ့ အမှုထမ်း ရတော့မှ ပျောက်သွားခဲ့သည်ထင်ပါသည်။ မကြာသေးမီနှစ်များက တက္ကသိုလ်နယ်မြေထဲ ရောက်ခဲ့ပြီး အမှတ်တရဓာတ်ပုံ တွေလျှောက်ရိုက်ရင်း သစ်ပုပ်ပင်ကြီးကိုလည်း ရှုထောင့် အမျိုးမျိုးကရိုက်ရင်း ပြန်လည်ငေးမော မော့ကြည့်ခဲ့မိပါ သေးသည်။

ပုဂံလမ်းဆိုတဲ့ နာမည်လေးကြောင့် နာမည်ကြီးခဲ့တာမို့ လမ်းမကြုံပါဘဲ တကူးတကလျှောက်ဖို့ သွားခဲ့ ကြဖူးသည်။ ကျွန်မတို့ တုန်းက အခုလိုကတ္တရာလမ်း မဟုတ်ဘဲ လမ်းဟု ခေါ်သာသော လူသွားလမ်းသာသာ လေးသာ ဖြစ်ပါသည်။ သွားလျှောက် ခဲ့စဉ်က ဘာမှမခံစားဖူးပေမယ့် ယခုလို တက္ကသိုလ်သီချင်းတစ်ပုဒ် အဖြစ် နာမည်ကြီးလာသော “ပုဂံလမ်းကစောင့်နေမယ်” သီချင်းလေးကို နားထောင်မိတော့ မိုးနဲ့အတူ နှင်းနဲ့အတူ အလွမ်းနဲ့အတူ ပုဂံလမ်းက စောင့်နေသူ ရှိခဲ့လေရော့ သလား... လို့တော့ လွမ်းတခံစား နေမိခဲ့ပါသေးတော့ သည်။

သထုံဆောင်ရှေ့တည့်တည့်ကနေ ဘာသာပြန်ဌာန (နောက်- တက္ကသိုလ်များ ပုံနှိပ်တိုက်၊ နောက်- ဆေး တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်များ ပညာသင်ရာစာသင် ခန်းများ ရှိသောနေရာ) ဘက်သို့ လမ်းလျှောက်သွားလျှင် လမ်းတစ်လျှောက် အေးမြသော ပိတောက်ရိပ်များ မိုးပေး ထားသည့် သထုံလမ်းကို ပိတောက်လမ်းဟု တင်စား ခေါ်ဝေါ်ခဲ့ကြဖူးသည်။ ကျွန်မတို့ ကျောင်းတက်စဉ်ကာလက ယခုလို ကားတွေလူတွေ ရှုပ်မနေဘဲ သထုံလမ်း (သို့မဟုတ်) ပိတောက်လမ်းလေးပေါ် အေးအေး ဆေးဆေး လမ်းလျှောက်ရတာ အရသာသိပ်ရှိပါသည်။ သူငယ်ချင်း တွေ နှစ်ယောက်၊ သုံးယောက်တည်းဆိုလျှင် လူပြတ်လွန်း ၍ ကြောက်တောင် ကြောက်မိကြသေးသည်။ အခုကာလမှာ ကားများ၊ လူများဖြင့် မပြတ်ရှုပ်နေသော သထုံလမ်းကို ရောက်တိုင်း လည်း ကျွန်မတို့ရဲ့ ပိတောက်လမ်းလေးကို ပြန်တွေးလွမ်းမိပါသည်။ ။

တက္ကသိုလ်စာတိုက်ရှေ့က ပုစွန်ခွက်ကြော်ဆိုင်လေး ကိုပါ လွမ်းမိသေးသည်။ ကျောင်းဝင်းထဲမှာ စားသောက် ဆိုင်တွေရှိပေမယ့် ပုစွန်ခွက်ကြော်ကို ကတ်ကြေးဖြင့်ညှပ်၊ သခွားသီးလေးထည့်ပြီး အချဉ်ရည်ဆမ်းပေးသော ထိုဆိုင် လေးရဲ့ ပုစွန်ခွက်ကြော် သုပ်ကိုကြိုက်လို့ အမရာဆောင် ရှေ့မှထွက်၍ သွားစားကြသည်ကလည်း အခါခါ။ တက္ကသိုလ်ဓမ္မာရုံဘက်သို့ ရွှေ့ ရောင်းသည် အထိ သွားစားဖူးခဲ့ကြသည်။ ရသတဏှာကို မဖြတ်နိုင်သေးတဲ့ ငယ်နုချိန် က လွမ်းစရာတစ်ခုပါပဲ။ )

ကျွန်မတို့မြန်မာစာအဓိက ကျောင်းသူ ကျောင်းသား များမို့ အနုပညာနှင့် ဆက်စပ်လျက်ရှိသည်ဟုလည်း ဆိုရ မလိုပါ။ ကျွန်မတို့ တက္ကသိုလ်ရောက်စနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီစန္ဒာက တတိယနှစ်ကျောင်းသူ ဖြစ်သည်။ ဒါရိုက်တာ ဦးချစ်စိန်၏ သမီး မမချစ်မြစိန်က အတန်းတူ၊ သူ့အစ်ကိုဖြစ်သူ ကိုမြတ်လှစိန်က ဒုတိယနှစ် ကျောင်းသား။ နောက် မဟာဝိဇ္ဇာ ကျောင်းသူတစ်ဦးဖြစ်သူ မမ ဒေါ်ခင်သန္တာ (မြန်မာ့ရုပ်မြင်သံကြား သတင်း ကြေညာသူ) က သန္တာခင်ဟူသော ရုပ်ရှင်သရုပ်ဆောင်ဖြစ်သွားပါသည်။ စန္ဒရား တင်ဝင်းလှိုင်သည်လည်း ထိုစဉ်က မဟာဝိဇ္ဇာ ကျောင်းသားပါ။ ရေဒီယိုတေးသံရှင် ဆရာ ဦးမြသိန်းက နည်းပြဆရာ။ ကဗျာဆရာ မောင်ပန်းမွှေးဟု နာမည်ကျော်သော ဆရာ ဦးလှမြင့်ကလည်း နည်းပြ ဆရာ။ ဆရာ ဦးအောင်သင်းက လက်ထောက်ကထိကအဖြစ် စစ်တက္ကသိုလ်မှပြောင်းရွှေ့လာသူ၊ တက္ကသိုလ် မင်းမော်ဟု လူသိများ သော ဆရာဦးထွန်းမြင့်ကလည်း လက်ထောက် ကထိကပါ၊ ဆရာမ မမိုးမြေ (မမဒေါ်ခင်သန်းဦး)၊ ခင်နှစ်ခင် (ဒေါ်ခင်စန်း) တို့ကလည်း နည်းပြမှ လက်ထောက် ကထိက အဖြစ် တာဝန်ထမ်းနေခဲ့ကြသူများဖြစ်သည်။ အညာ တမာ၊ မောင်နံ့သာ (အညာ)၊ သံလျင်မောင်ဝင်းဝါ... စသည့် မမှတ်မိတော့သော ကဗျာဆရာတွေ အများကြီးရှိကြသည်။ ကျွန်မတို့ တစ်နှစ်တည်း တက္ကသိုလ် ကျော်ဝင်းမောင်၊ ကိုရွှေသိမ်းမင်း၊ ရွှေဒါး မောင်လေးရည် စသည့်ကဗျာဆရာ များလည်း ဖြစ်သွားကြပါသည်။ ဆရာကြီး ဒေါက်တာ မြင့်ကြည်၊ ဆရာ ဦးသက်လွင်တို့ကတော့ အနှစ်အသား ပါသော တေးကဗျာများ သီကုံးရေးဖွဲ့ခဲ့သော တေးပြု စာဆိုကြီးများ ဖြစ်ကြပါသည်။ သရုပ်ဆောင် စန္ဒာလင်း၊ တေးသံရှင် မေခလာတို့လည်း မြန်မာစာထွက် ကျောင်းသူ များပါပေ။ အမှန်တော့ ကျွန်မတို့ မြန်မာစာ ဆရာဆရာမ များသည် စာပေကလောင် လက်သွေးဖူးသူများပါသည်။ သုတရသ အဖြာဖြာ စာပေများကို ရေးဖွဲ့ခဲ့ကြသူများပါ။ ကျွန်မတို့ ခေတ်နောက်ပိုင်း ပေါ်ပေါက်ဖြစ်ထွန်းလာခဲ့သော မြန်မာစာ အနုပညာရှင်များစွာ၊ စာပေပညာရှင်များစွာ ရှိနေပါသေးသည်။ အသက်အရွယ်အရ မှတ်သားထား နိုင်စွမ်း မရှိတော့သောကြောင့် မတင်ပြနိုင်ခြင်းသာ ဖြစ်ပါ သည်။ (ခွင့်လွှတ်တော်မူကြပါကုန်)။

ကျွန်မကတော့ မြန်မာစာကျောင်းသူတစ်ယောက် မြန်မာစာဆရာမတစ်ယောက် ဖြစ်ခဲ့ရတာလောက် ဘဝ အတွက် ဂုဏ်ယူစရာ မရှိခဲ့ပါ။ မြန်မာစာဝါသနာပါလို့ မြန်မာစာယူခဲ့ပြီးမှ မြန်မာစာ၏တန်ဖိုး၊ အနှစ်သာရကို ပိုနားလည် ပိုချစ်ခင်ခဲ့ရခြင်းပါ။ မြန်မာစာကြောင့် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု အနုသုခုမတွေ၊ မြန်မာ့သမိုင်း၊ မြန်မာ့ရေမြေပထဝီတွေသာမက မြန်မာ ပြည်ကို ချစ်ခင်တန်ဖိုးထား မြတ်နိုးခဲ့ရတာပါ။ မြန်မာစာ ဆိုတာ သံယောဇဉ်နှောင်ဖွဲ့တတ်သူတွေရဲ့ စုစည်းရာ ဆိုရင်လည်း မမှားပါဘူး။ မြန်မာစာမိသားစု ... လို့ ဆိုရင်ပဲ သိသိ မသိသိ၊ ရင်းနှီးနှီးမနှီးနှီး နွေးထွေးပြီးသား၊ ခင်မင် ပြီးသား၊ အသင့် အနေအထားနဲ့ အားဖြည့်ပြီးသားပါ။ ဒါကြောင့် မြန်မာစာဌာနဆိုတာထက် မြန်မာစာမိသားစု ဆိုတဲ့ အသုံးအနှုန်း၊ အခေါ်အဝေါ်က ပိုလို့ တွင်ကျယ်ခဲ့ သည် ထင်ပါသည်။

ဆရာ ဆရာမတွေက တပည့်တွေအပေါ်ထားတဲ့ စေတနာ၊ မေတ္တာ၊ သံယောဇဉ်။တပည့်တွေက ဆရာများ အပေါ်ထားတဲ့ လေးစားတန်ဖိုးထားမှု၊ ကျေးဇူးတရား သိတတ်မှု၊ တုံ့ပြန်ပေးဆပ်မှုဆိုတာ မြန်မာစာမိသားစုဝင် အချင်းချင်းသာ နားလည် နိုင်သော အတုံ့အလှည့် စိတ်ရင်း စေတနာတွေပါ။ ပညာသင်ကြားပေးရင်း လောကအမြင်၊ ဘဝအမြင်ပါညွှန်လို့၊ ဘာသာတရား ကိုပါနားလည်စေကာ လူလူချင်းထားရှိရမည့် လူ့ကျင့်ဝတ်၊ အချင်းချင်း စာနာ နားလည်စေမယ့် နှလုံးသားကျင့်ဝတ်တွေပါ ကျွန်မတို့ နာယူသင်ကြားခဲ့ကြရတာ အများကြီးပါ။ မြန်မာစာ ကျောင်းသူ တစ်ယောက်၊ မြန်မာစာ ဆရာမတစ်ယောက် ဖြစ်ခဲ့ရလို့လည်း ဘဝနဲ့ လောကဇာတ်ခုံကို ရှုထောင့် ပြောင်းပြီး ကြည့်မြင်တတ်လာခဲ့ပါသည်။ ဗုဒ္ဓစာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး ကိုးကွယ်ရာဘာသာတရားကို ထဲထဲ ဝင်ဝင်လေ့လာနိုင်ခဲ့၍ မိရိုးဖလာဗုဒ္ဓဘာသာထက် ပိုခဲ့ရ ပါသည်။ ထို့ကြောင့်ပင် ရင်ထဲက မြန်မာစာလို့ရည်ညွှန်း တင်စားမိခြင်းပါ။

ကျွန်မဖြတ်သန်းလာခဲ့ရသော လူ့ဘဝသက်တမ်း ၆၆ နှစ်မှာ အထက်တန်းကျောင်းသူဘဝအထိ ၁၆ နှစ်ကို နုတ်ကြည့်လျှင် နှစ် ၅၀ မှာ တက္ကသိုလ်မြေမှာ ခြေချခဲ့ တာ ၂၆ နှစ်ဆိုတော့ ဘဝရဲ့အချိန်များများတက္ကသိုလ် မြေမှာ ခြေချကျင်လည်ခဲ့ရတာတော့ အမှန်ပါ။ ယခု တွေးလျှင် ယခုပြန်ခံစားမိတဲ့ တက္ကသိုလ်နေ့ရက်များ အကြောင်း တမ်းတစာဖွဲ့ရမည်ဆိုလျှင် နိဂုံးသတ်လို့ပင် ရမည်မထင်မိပါ။ နှစ် ၅၀ ရွှေရတုနှစ်မှာ တက္ကသိုလ် ကျောင်းသူဖြစ်ခွင့်ရခဲ့တာ၊ စိန်ရတုတက္ကသိုလ်ကိုကျော် လို့ နှစ်တစ်ရာ တက္ကသိုလ်သက်တမ်းကို မျှော်မှန်းတမ်း တနိုင်ခွင့်ရှိသေးတာကိုတော့ အထူးဝမ်းသာမိရပါသည်။ ထို့ကြောင့် နှစ်တစ်ရာ တက္ကသိုလ်နှင့် ရင်ထဲကမြန်မာစာဟု တမ်းတလွမ်းမောစွာ ရေးသားတင်ပြခွင့်ရခြင်းကိုပါ ကြည်နူးကျေးဇူးတင်လျက် တက္ကသိုလ်ချစ်သူအပေါင်း ရာပြည့်တက္ကသိုလ် နေ့ရက်များကို ကျန်းမာလန်းဖြာစွာ ဖြတ်သန်းနိုင်ကြပါစေဟု ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ( ဒီအမှတ်တရ ဆောင်းပါးလေးရဲ့ ရှေ့ဆုံး အဖွင့် ကဗျာလေးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ဒုတိယ ပါမောက္ခချုပ် ဆရာတော်ကြီး၏နေ့မီးငြိမ်းတရားစခန်း သုံးရက်ဝင်စဉ်က ဆရာ ဦးလှမြင့် (မောင်ပန်းမွှေး) က မြန်မာစာ တပည့်များစုစည်းရာသို့ လာရောက်တွေ့ဆုံစဉ် နှစ်တစ်ရာပြည့်တက္ကသိုလ်အတွက် တောင်းခံသော ကြောင့် သူငယ်ချင်း ကိုမြင့်သိန်းအား ရေးပေးခဲ့သော ကဗျာလေးဖြစ်ပါသည်။)

သီရိပြည့်စုံမေ (မြန်မာစာ)

17

19

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း -

အမည်ရင်း ဒေါ်ကြူကြူလှ

 အဖ ဦးမောင်မောင်လှ ၊ အမိ ဒေါ်အုန်းလှမှ

ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။

၁၉၇၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီး ၁၉၇၄ ခုနှစ်တွင် ပိဇ္ဇာဘွဲ့၊ ၁၉၈၁ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ တို့ကို ရန်ကုန်တက္ကသိုလ်မှ ရယူခဲ့ပါသည်။

၁၉၈၀ ပြည့်နှစ် စာစဉ်နည်းပြအဖြစ် အလုပ်ဝင်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) သို့ လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် တောင်ကြီး ဒီဂရီကောလိပ်သို့လည်းကောင်း နည်းပြ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) သို့ လက်ထောက်ကထိကအဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလတွင် အမှုထမ်းခြင်းမှ နုတ်ထွက်ခဲ့ပါသည်။