Skip to main content

ကာကွယ်ဆေးရပြီးတဲ့နောက်ပိုင်းပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးမရခင် ကြားထဲမှာပဲဖြစ်ဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ပြည်သူလူထုအနေနဲ့ အရေးကြီးပါတယ်။ ကာကွယ်ဆေးရပြီးတဲ့အချိန်မှာလည်း လိုက်နာဖို့လိုပါတယ်။ မရခင်အချိန်မှာ ပိုပြီးလိုက်နာ ကြရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရပြီဆိုရင်လည်း ပေါ့ဆမနေဖို့ အရေးကြီးပါတယ် (ဒေါက်တာထွန်းမြင့်)

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ်(MNA)၊ ဓာတ်ပုံ - ဇေယျာကျော်ဝင်း

ပြည်တွင်းဈေးကွက်တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် Test Kits များ တရားမဝင် ရောင်းချနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် လစ်ဟာမှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မရမီအချိန်အတွင်း ပြည်သူများလိုက်နာရမည့် အချက်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်-

မေး။ ။ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတဲ့ Test Kits တွေ ပြည်တွင်းဈေးကွက်ထဲ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ စစ်ခဲ့တဲ့ Test တွေ အားလုံးကတော့ WHO အသိအမှတ်ပြုတဲ့ Test တွေနဲ့ စနစ်တကျ စစ်ဆေးဆောင်ရွက်တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဝယ်ပြီးတော့ ကိုယ့်ဟာကိုယ် စစ်ကြ တာတွေ၊ တိုးတိုးတိတ်တိတ် စစ်ကြတာတွေ၊ တချို့ ပုဂ္ဂလိကတွေက ဒီ Test Kits တွေကို ဝယ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ကို ကြော်ငြာပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါ Anti Body Test Kits နဲ့ ယူပြီး စစ်နေတယ်လို့ ကျွန်တော်တို့ အထိုက်အလျောက် သိပါတယ်။
တချို့စက်ရုံတွေမှာဆိုရင်လည်း သွေးဖောက်ပြီး ဒါတွေ စစ်ဆေးဆောင်ရွက်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီကိစ္စတွေကို ကျွန်တော်တို့ဌာနက အသိ အမှတ်ပြုမထားပါဘူး။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း အသိအမှတ်ပြုမထားပါဘူး။ WHO ကလည်း အသိအမှတ်ပြုမထားပါဘူး။ ဒါတွေနဲ့ ဆောင်ရွက်နေကြတဲ့အခါကျတော့ အလွန်အန္တရာယ်ကြီးပါ တယ်။ ဒီကိစ္စက စတင်ယူတဲ့နေရာကနေစပြီးတော့ အန္တရာယ် ရှိပါတယ်။ ကျွန်တော်တို့ကတော့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူတဲ့နေရာကစလို့ သေသေချာချာ လေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေနဲ့ ဆောင်ရွက်ကြပါတယ်။ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူတဲ့နေရာကိုလည်း ပဲ ကူးစက်မှုကင်းအောင် ဆောင်ရွက်ထားပါတယ်။ ပြီးရင် ဒါတွေကို စနစ်တကျ စွန့်ပစ်ကြတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကိုယ့်ဟာနဲ့ကိုယ် လုပ်နေကြတဲ့ အခါကျတော့ နည်းပညာအရ မှားနိုင်ပါတယ်။ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ် ကိုယ့်ဟာနဲ့ကိုယ် ယူမယ်ဆိုရင် ညှာညှာတာတာ လုပ်ကြ မယ်ဆိုရင်ပဲ Negative ထွက်ဖို့ က များတာပေါ့၊ နောက်တစ်ခုက ဒီကိစ္စ စစ်ပြီးသွားလို့ စွန့်ပစ် တော့မယ်ဆိုရင် ဘယ်ကိုစွန့်ပစ်မှာလဲ ဆိုတာက အရေးကြီးပါတယ်။ စွန့်ပစ်တဲ့အခါမှာ စနစ်တကျ မလုပ်ဘူး။ သေသေချာချာ မစွန့်ပစ်ဘူးဆိုရင် တခြားသူကို ကူးစက်မှာပဲ။ အနည်းဆုံး ကူးမှာကတော့ ကိုယ့်အိမ်သား အချင်းချင်းကို ကူးကြတော့မယ်။ တကယ်သာ ရောဂါရှိတဲ့ သူကို ဒီလိုပုံစံနဲ့ ယူမိကြရင် အိမ်သားတွေကူးပြီး သူတို့ စွန့်ပစ်တဲ့နေရာက ကိုင်တွယ်ထိတွေ့မိတဲ့သူကို ကူးမှာပဲ။ မှန်ကန်တိကျမှုကလည်း WHO အတည်ပြုချက် ရမှဖြစ် မှာပါ။ တိုးတိုးတိတ်တိတ်နဲ့ ဈေးထဲကဝယ်ပြီး စစ်တယ်။ ဈေးထဲက သွင်းလာတာတွေက တိုးတိုးတိတ်တိတ် ကျိတ်ပြီး သွင်းလာတာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ FDA အသိအမှတ်ပြုမှု ဘာမှမပါဘူး။

ပြည်သူလူထု စိတ်ချလက်ချသုံးဖို့ကို ဒီဥစ္စာသုံးစွဲဖို့ ဆိုတာ လုံးဝမသင့်ပါဘူး။ အကယ်၍များ အဲဒီမှာ Positive ထွက်ခဲ့တယ်လို့ပြောခဲ့ရင် သူတို့က ဘယ်လိုပုံစံတွေနဲ့ ဆက်သွားပြီးတော့ ကျွန်တော်တို့ဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ကြမလဲဆိုတာ အလွန်ရှုပ်ထွေးလာစရာ အကြောင်းတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု အနေနဲ့ မမှန်ကန်တဲ့ Test Kits တွေ ဝယ်ယူသုံးစွဲခြင်းကနေ ရှောင်သင့်ပါတယ်။ ရောင်းချတဲ့သူတွေအနေနဲ့ ဒါတွေ ရောင်းချဖို့ မသင့်ပါဘူး။ ပြည်သူလူထုအနေနဲ့ အကျပ် အတည်းထဲကို တွန်းပို့မယ့် အခြေအနေတစ်ခုမှာ ဒီ Test Kits တွေက ယုံကြည်စိတ်ချရမှု ဘာမှအာမခံချက်မရှိတဲ့ အတွက် ပြည်သူလူထုအနေနဲ့ ဒါတွေကို ရှောင်ရှားပြီးတော့ ရောဂါလက္ခဏာ ပြလို့ရှိရင် ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့မှု ရှိခဲ့တယ်ဆိုရင် ကိုယ့်မြို့နယ်မှာရှိတဲ့ ကျန်းမာရေးဌာနကို ဖုန်းဆက်ပါ။ ဖုန်းဆက်မယ်ဆိုရင် ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဝန်ထမ်းတွေက ဆက်ပြီး ဆောင်ရွက်မှာပါ။ စစ်ဆေးပေးသွားမှာပါ။ ပြီးရင် ကုသမှုရအောင် ဆက်လက်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ ကျန်းမာရေးဝန်ထမ်း တော်တော်များများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံထားရတယ်လို့ သိရပါတယ်။ အဲဒီကျန်းမာရေးဝန်ထမ်း တွေနေရာမှာ ဘယ်လို ဖြည့်ဆည်းဆောင်ရွက်ထားလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ များပါတယ်။ အားလုံးပေါင်း ၅၀၀ ကျော် ကူးစက်ခံထား ရပါတယ်။ အဲဒီထဲမှာ အများစုက ဆေးရုံမှာလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေပါ။ ရန်ကုန်ဆေးရုံကြီးကတော့ အများဆုံး ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာဆိုရင်လည်း ပြည်သူ့ကျန်းမာရေးဌာနမှာ ၈၀ လောက် ကူးစက်ခံထားရ ပါတယ်။ အဲဒီထဲမှာမှ နှစ်ဦးက ဆုံးပါးသွားခဲ့ပါတယ်။ တစ်ဦးက တာမွေမြို့နယ်က ကျန်းမာရေးမှူးဖြစ်ပါတယ်။ သူကတော့ အသည်းရောင်အသားဝါဘီ ရောဂါ အခံရှိတယ်။ နောက်တစ်ယောက်က တိုက်ကြီးက ကျန်းမာရေးကြီးကြပ် (၂) ဖြစ်ပါတယ်။ သူဆိုရင်လည်း ကူးစက်ခံရပြီး သေဆုံးသွား ခဲ့ပါတယ်။ သူကလည်း ရောဂါအခံရှိတယ်။ ကျောက်ကပ် ဆေးနေရတယ်။ ဒါနဲ့ပဲ ဆုံးပါးသွားခဲ့တယ်။ ဒါတွေအတွက် ကူးစက်ခံရတဲ့ အခြေအနေတွေ၊ နောက်တစ်ခုက ဝန်ထမ်း အင်အားအခြေအနေတွေ၊ ကူးစက်မခံရခင် ကတည်းက ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်မှုရှိသလားဆိုတဲ့ မေးခွန်းကလည်း အများသူငါ မေးတဲ့ မေးခွန်းပါပဲ။ ကျန်းမာရေးဝန်ထမ်းလုံလောက်မှု ရှိသလားဆို မလုံလောက် ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးက တစ်နိုင်ငံလုံး ရောဂါ ကူးစက်မှုရဲ့ ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ရောဂါအဖြစ် နည်းတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ကျန်းမာရေး ဝန်ထမ်းတွေက ရန်ကုန်ကို အလှည့်ကျလာပြီး ဝိုင်းကူ ကြတယ်။ တချို့ကျတော့လည်း လုပ်အားပေးအနေနဲ့ စာရင်းပေးသွင်းပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ၊ ကုသရေးစင်တာတွေမှာ လာပြီးဝိုင်းကူ လုပ်ပေးကြတယ်။ ဒီထဲမှာ မေ့ဆေးဆရာဝန်တွေပါတယ်။ အထွေထွေရောဂါ ကုဆရာဝန်တွေ ပါတယ်။ ဆရာဝန်ကြီး၊ ငယ်အားလုံး၊ ဓာတ်ခွဲ ဝန်ထမ်းတွေအားလုံး၊ သူနာပြုတွေအားလုံး ဒါတွေကလည်း ဝိုင်းကူနေကြတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက ကြက်ခြေနီတွေ ကလည်း ပါဝင်ကူညီကြတယ်။ ဆေးကျောင်း တွေကဆိုရင်လည်း ဆေးတက္ကသိုလ်က ဆရာ ဆရာမ တွေ၊ ဆေးကျောင်းသားတွေလည်း ပါဝင်ကူညီကြတယ်။ ကွာရန်တင်းစင်တာတွေမှာ အခြေခံအောက်ခြေသိမ်းအလုပ် တွေကအစ ဆေးကျောင်းသားတွေက ပါဝင်ကူညီ လုပ်ကိုင် ပေးနေကြတယ်။ ဒီဟာတွေနဲ့ပဲ လည်ပတ်ပြီးတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေး လုပ်ငန်း တွေကို အရှိန်မပြတ် ဆောင်ရွက်နေပါတယ်။

အခက်အခဲကတော့ ရှိတယ်။ ဒီအခက်အခဲက အခု အချိန်ထိကို ပြေပြေလည်လည်နဲ့ သွားတုန်းပဲ ရှိပါသေးတယ်။ တော်တော်များများ ကျန်းမာရေးဝန်ထမ်းတွေက ပင်ပန်းနေကြပါပြီ။ ပင်ပန်းတာကို အလှည့်ကျစနစ်လေးနဲ့ သွားပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့ လုပ်ငန်းကို အဆက်မပြတ် လည်ပတ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ရှေ့တန်းက ဆောင်ရွက်တယ်ဆိုပေမယ့် ပြည်သူလူထုအနေနဲ့ကတော့ ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကိုတက်လာပြီး တစ်သားတည်းဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်သားတည်းဖြစ်တဲ့အချိန်ကလည်း ကိုဗစ်-၁၉ ကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်မယ့် အချိန်နဲ့ အလွန်နီးကပ်တဲ့အချိန် သို့မဟုတ်ရင်လည်း အောင်မြင်တဲ့အချိန်က အဲဒီအချိန်ဖြစ်ပါတယ်။

မေး။ ။ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကာကွယ် ဆေးရရှိနေပြီဆိုတဲ့သတင်းတွေ တွေ့နေရပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အနေနဲ့လည်း ကာကွယ် ဆေးရရှိဖို့ မျှော်လင့်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေအနေရှိရင်လည်း သိချင်ပါတယ်။

ဖြေ။ ။ ကိုဗစ်-၁၉ ကာကွယ်ဆေးရတာနဲ့ ပြည်သူတွေအနေနဲ့ အားလုံးရရှိကြမှာ ဖြစ်ပါတယ်။ ရရှိကြမယ့်အခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကာကွယ်ဆေးရရှိမှု အခြေအနေအပေါ် မူတည်ပြီးတော့ ညီတူညီမျှဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြတာရှိ ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ရော ကာကွယ် ဆေးရရှိရေး၊ ကာကွယ်ဆေးထိုးနှံရေးအတွက် အဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ သိထားတာ က ကနဦးမှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ ရာခိုင်နှုန်း လောက်ကရမယ်။ ရတဲ့ဟာကို ညီတူညီမျှရအောင် ဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးကလည်း ပြည်သူလူထုအားလုံးရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
ကာကွယ်ဆေးရဖို့က ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ အဲဒီထက် အရေးကြီးတာ ပြောရမယ်ဆိုရင် ကာကွယ်ဆေးရပြီးတဲ့နောက်ပိုင်းပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးမရခင် ကြားထဲမှာပဲဖြစ်ဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ ပြည်သူလူထု အနေနဲ့ အရေးကြီးပါတယ်။ ကာကွယ်ဆေးရပြီးတဲ့အချိန်မှာလည်း လိုက်နာဖို့လိုပါ တယ်။ မရခင်အချိန်မှာ ပိုပြီးလိုက်နာကြရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရပြီဆိုရင်လည်း ပေါ့ဆမနေဖို့ အရေးကြီး ပါတယ်။ ကိုဗစ်-၁၉ ရောဂါကလည်း တစ်ကမ္ဘာလုံးက အခုမှစပြီး ရင်ဆိုင်ကြုံတွေ့ ခဲ့ရတာပါ။ နောက်ဆက်တွဲ အခြေအနေတွေကလည်း သေသေချာချာသိဖို့ ခက်ပါသေး တယ်။ အဲဒီကာလမှာတော့ သိပြီးသားဖြစ်တဲ့ ကာကွယ် ရေးနည်းလမ်းတွေကို ကာကွယ်ဆေးနဲ့အတူ မျှော်လင့်ပြီးတော့ပဲ ဒါတွေကို ပြည်သူလူထုအနေနဲ့ လိုက်နာကြဖို့ လိုပါတယ်။

ယခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။