“သမိုင်းအစဉ်အလာကြီးသည့်ရန်ကုန်တက္ကသိုလ်”
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အနေဖြင့် ကြေးမုံသတင်းစာအထူးကဏ္ဍတွင် ကျောင်းသား ကျောင်းသူ ဟောင်းများက ဆောင်းပါးပေါင်းစုံရေးသားကြရာ အားပါတရ တဝကြီးဖတ်ရသဖြင့် များစွာဝမ်းသာ ကျေးဇူးတင်မိပါသည်။ ရသစုံခံစားရပါသည်။ ရန်ကုန် တက္ကသိုလ်၏ သမိုင်း၊ မြကျွန်းညိုတက္ကသိုလ်၏ အလှ၊ ပျော်ရွှင်ဖွယ်ရာ၊ လွမ်းဆွတ်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်ပြောင်းသတိရမိပါသည်။ ပြန်မရနိုင်သော အချိန်အခါ များဖြစ်သည်မို့ မြတ်နိုးစွာ တန်ဖိုးထားမိပါသည်။
ကျွန်တော်သည် တက္ကသိုလ်ဝင်စာမေးပွဲကို မုံရွာမြို့ရှိ ဖခင်ဆရာကြီး ဦးမောင်မောင် နေရှင်နယ် ကျောင်းမှ ၁၉၄၉ ခုနှစ်တွင် အောင်မြင်ခဲ့ပါသည်။ ဥပစာတန်းကို မန္တလေးကောလိပ်မှ အောင်မြင် ခဲ့ပါသည်။ ဝိဇ္ဇာ(ပညာ) ကို ရန်ကုန်တက္ကသိုလ်မှ ၁၉၅၃ ခုနှစ် မတ်လတွင် အောင်မြင်ခဲ့ပါသည်။ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ရသည်ကို ဂုဏ်ယူမိပါသည်။ အတွေ့အကြုံ ဗဟုသုတပေါင်းစုံလည်း ရရှိခဲ့ပါ သည်။ လူပျိုပေါက်စအနေဖြင့်လည်း အချစ်ရေး စိတ်ကူး ယဉ်မိသည်များလည်း ရှိခဲ့ပါသည်။ ရေးစရာတွေကတော့ တစ်ပုံကြီးပါ။
ကျွန်တော် ပင်းယဆောင် ပထမထပ်မှာ နေပါသည်။ ထို့နောက် တကောင်းဆောင်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ မကြာခဏ ညအခါ အင်းလျားဆောင်ရှေ့သွားပြီး အရှက်မရှိ သံသေး သံကြောင်ဖြင့် သီချင်းဆိုပါသည်။ ရေချိုးခန်းမင်းသားလည်း လုပ်ခဲ့ပါသည်။ Fresher Welcome အခမ်းအနားများတွင် ဆရာကြီးများမလာခင် အတင်းတက် တရားဟောပါသည်။ သမဂ္ဂ အဆောင်မှာ ကျင်းပသည့် အစည်းအဝေးများ တက်ရောက်ပြီး ငြင်းခုံ ဆွေးနွေးပါသည်။ ဒါပေမဲ့ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှ မဝင်ပါ။ တက္ကသိုလ်ကျောင်းသားတစ်ဦးအနေဖြင့် လွတ်လပ်စွာ မိမိယူဆချက်ကို တင်ပြခြင်းသာ ဖြစ်ပါသည်။ ဒီအကျင့် ယနေ့တိုင် ရှင်သန်နေဆဲပါ။
တက္ကသိုလ်များဓမ္မာရုံရှေ့လမ်းတစ်လျှောက်တွင် စားသောက်ဆိုင်ပေါင်းစုံ ရှိပါသည်။ အထူးသဖြင့် အပျိုလေး သုံးဦးရှိသည့် လက်ဖက်ရည်နှင့်အကြော်စုံဆိုင် သို့ ကျွန်တော်တို့ သွားလေ့ရှိပါသည်။ အာလူးကြော်တစ်ပွဲ၊ လက်ဖက်သုပ်တစ်ပွဲမှ ပြား ၅၀ စီသာ ကျပါသည်။ လကုန်ခါနီး ဘိုင်ကျတဲ့အချိန်မှာ သူငယ်ချင်းများနှင့် ပြား ၅၀ ရအောင်စုပြီး သွားစားကြပါသည်။ ဆိုင်ရှင်အဘိုးကြီးနှင့် အပျိုလေး သုံးဦးကလည်း နားလည်သည်းခံကြပါသည်။ ပျော်စရာအချိန် လေးတွေပါ။ ကြုံကြိုက်တုန်း အလွမ်းသယ်မိပါသည်။
အဓိက ကျွန်တော် ရေးသားတင်ပြလိုသည်က ရန်ကုန်တက္ကသိုလ်၏ သမိုင်းအစဉ်အလာ ကြီးမား သည့်အကြောင်း ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် တည်ထောင်သည့် ၁၉၂၀ ပြည့်နှစ် တစ်လျှောက်မှာ ကိုလိုနီသခင် ဗြိတိသျှတို့ကို ဆန့်ကျင်ပြီး လွတ်လပ်ရေး ပြန်လည်ရရှိ အောင် မျိုးချစ်စိတ်ဖြင့် ကြိုးစားနေချိန်နှင့် တိုက်ဆိုင်နေပါသည်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တို့က ဗြိတိသျှ ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။ တက္ကသိုလ်က - ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း စသည့် ခေါင်းဆောင်ကောင်းများမွေးထုတ် ပေးခဲ့ပါသည်။ လွတ်လပ်ရေးရရှိရန် တိုက်ပွဲများတွင် သူတို့ဦးဆောင်ခဲ့ပါသည်။ ထိုမှစ၍ မြန်မာ့သမိုင်း တစ်လျှောက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ သည် နိုင်ငံတော်အတွက် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ဤသို့ မြန်မာ့သမိုင်းတွင် အစဉ်အလာကြီးမားလှသည့် ရန်ကုန်တက္ကသိုလ်ကြီးသည် တစ်ခါက “ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်” ဖြစ်သွားသည်ကို သတိရကြမည်ထင်ပါသည်။ ကျွန်တော် မော်စကိုနှင့် ယူကေသံရုံးကြီးများတွင် ယဉ်ကျေးမှုရေးရာသံမှူးအဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့စဉ် နိုင်ငံခြားသား မိတ်ဆွေများက တက္ကသိုလ်များတွင် ဝိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်များ သင်ကြားပို့ချလေ့ရှိကြောင်း၊ ဤကဲ့သို့ အမည်ပြောင်းရန် မသင့်ကြောင်း၊ မော်စကိုတက္ကသိုလ်၊ လန်ဒန် တက္ကသိုလ်၊ အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ယေးလ် တက္ကသိုလ်၊ စတင်းဖို့တက္ကသိုလ်တို့တွင် ဘာသာစုံသင်ကြားပို့ချသော်လည်း ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ဟု အမည်မတပ်ကြောင်း ပြောပြကြပါသည်။ ကျွန်တော်ဖြေရသည်မှာ အခက်ကြုံ ခဲ့ရ ပါသည်။
ကျွန်တော် ရန်ကုန်သို့ ၁၉၈၀ ပြည့်နှစ်တွင် ပြန်လည်ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနတွင် ပညာရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ရကာ မြန်မာနိုင်ငံပညာရေး အဆင့်အတန်းကို ကမ္ဘာ့အဆင့်မီရန် စီမံချက်စိစစ်ရေး အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရပါသည်။ ထို့နောက် မြန်မာစာအဖွဲ့ ဦးစီးဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ဖွဲ့စည်းပုံကို ရေးသား တင်ပြရန် တာဝန်ပေးပါသည်။ ထိုအခါ ပညာရေးဝန်ကြီး ဦးကျော်ငြိမ်းနှင့် တွေ့ဆုံရပါတော့ သည်။ သူက DSA ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စိတ်မြန် စိတ်တိုသူဖြစ်၍ အများက ကြောက်ကြပါသည်။ သို့ရာတွင် ထူးထူးဆန်းဆန်း ကျွန်တော်နှင့် အဆင်ပြေနေပါသည်။ သူစိတ်ဆိုးနေစဉ် ကျွန်တော်က သည်းခံစောင့်ပြီး ကျွန်တော်မှန်ကန်သည် ဟု ယူဆသည်များကို ပြေပြေလည်လည် တင်ပြသည်ကို သဘောကျသွားပုံရပါသည်။
တစ်နေ့ အစည်းအဝေးအပြီး ဝန်ကြီးရုံးခန်းတွင် ပညာရေးဝန်ကြီး ဦးကျော်ငြိမ်း၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်အေးနှင့် ကျွန်တော်တို့သုံးဦး အေအေးဆေးဆေး စကားပြောကြပါသည်။ ကျွန်တော်က သမိုင်း အစဉ်အလာကြီးလှသည့် ရန်ကုန်တက္ကသိုလ် အမည်ကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဟု အမည်ပြောင်းခြင်းသည် အမိုင်းအစဉ်အလာကောင်းခြင်းကို ပယ်ဖျက်ရာ ရောက်နေကြောင်း၊ ရန်ကုန်တက္ကသိုလ်ဟု ပြန်လည်ပြောင်းသင့်ကြောင်း၊ အကျိုးအကြောင်းနှင့် တကွ ရှင်းလင်းတင်ပြရာ သူက လေးလေးနက်နက် နားထောင်ပါသည်။
ယင်းနောက် တစ်ပတ်အကြာတွင် “ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်” ကိုမူလအတိုင်း “ရန်ကုန်တက္ကသိုလ်” ဟု ပြန်လည်ခေါ်ဝေါ်ကြောင်း အမိန့်စာပြန်တမ်းထုတ်ပါသည်။ ဤအဖြစ် အပျက်ကို ဝန်ကြီး ဦးကျော်ငြိမ်း၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်အေးနှင့် ကျွန်တော် တို့ သုံးဦးသာ သိကြပါသည်။
ဝန်ကြီး ဦးကျော်ငြိမ်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်အေးတို့ ကွယ်လွန် သွားရှာကြပြီ ဖြစ်၍ ဤအကြောင်းသိထားသူ ကျွန်တော်တစ်ဦးသာ ကျန်ပါတော့သည်။ ဤအဖြစ်အပျက် အမှန်ကို ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ပွဲတွင် တင်ပြရန် တာဝန်ရှိသည်ဟု ယူဆပါသဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
ဤသို့သော ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ မူရင်း “ရန်ကုန်တက္ကသိုလ်” အမည်ပြောင်းလဲ သည့် သမိုင်းဝင်အမိန့်ပြန်တမ်းကို တက္ကသိုလ်ပြတိုက်တွင် အမှတ်တရပြသထားသင့်ကြောင်း အကြံပြုပါသည်။
ကျွန်တော်တို့ ချစ်ခင်မြတ်နိုးသော ရန်ကုန်တက္ကသိုလ်ကြီး ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီး ဖြစ်ကာ နိုင်ငံတော်အတွက် ဆက်လက်အကျိုးပြုနိုင်ပါစေဟု ဆုမွန်တောင်းပါသည်။ ။
အငြိမ်းစားသံအမတ်ကြီးဦးမောင်မောင်စိုးတင့်