Skip to main content

အိန္ဒိယနိုင်ငံ၏ အမျိုးသားလူငယ်မူဝါဒနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ (၂)

မောင်လူအေး(လူငယ်ရေးရာ)

အိန္ဒိယလူငယ်များအတွက် ဆောင်ရွက်နေသော အစီအစဉ်များ

လူဦးရေအချိုးအစားအားဖြင့် လူငယ်ထုအများဆုံးရှိသည့် အိန္ဒိယနိုင်ငံအတွက် လူငယ်များ၏စွမ်းရည်ဖွံ့ဖြိုးရေးသည် နိုင်ငံတော်၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ လူငယ်ရေးရာနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်ရေးရာမူဝါဒများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသော အစီအစဉ်တစ်ခုမှာ လူငယ်နှင့်ဆယ်ကျော်သက်များ ဖွံ့ဖြိုးရေးအမျိုးသားအစီအစဉ် (National Program for Youth and Adolescent Development-NPYAD) ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ရေတိုနှင့်ရေရှည်ရည်မှန်းချက်များ ထားရှိကာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၅ နှစ်စီမံကိန်းများဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

အိန္ဒိယအစိုးရ၏ လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး၊ ပညာရေး၊ အလုပ်အကိုင်နှင့် လူမှုစီးပွားရေး အခွင့်အလမ်းများတိုးတက်စေရန် အဓိကကျသော အစီအစဉ်တစ်ခုမှာ လူငယ်စင်တာများ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ လူငယ်စင်တာများသည် လူငယ်များ၏ စွမ်းရည်များကို ပြုစုပျိုးထောင်ပေးရန်နှင့် အားကောင်းလာစေရန်အတွက် အချက်အချာကျသောနေရာအဖြစ် ဆောင်ရွက်ပေးပြီး အိန္ဒိယအစိုးရအနေဖြင့် စင်တာများအတွက် အရင်းအမြစ်များ ပံ့ပိုးကူညီခြင်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

Rashtriya Yuva Sashaktikaran Karyakram (RYSK)။ RYSK သည် လူငယ်များအား နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်နိုင်စေရန်နှင့် ခေါင်းဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အိန္ဒိယနိုင်ငံ လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနက အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လူငယ်များအား ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သောစွမ်းရည်နှင့် အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိရာ အထူးသဖြင့် လူငယ်ဆိုင်ရာလှုပ်ရှားမှုများ၊ လူငယ်ပွဲတော်များနှင့် လူငယ်ဖလှယ်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ နိုင်ငံတကာလူငယ်ဖလှယ်ရေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးကဏ္ဍအတွက် ခေါင်းဆောင်မှု လေ့ကျင့်ပျိုးထောင်ပေးခြင်းအစီအစဉ်များ ပါဝင်ပါသည်။

လူငယ်ဆိုင်ရာ လှုပ်ရှားမှုများတွင် အမျိုးသားစည်းလုံးညီညွတ်ရေးစခန်းများ၊ စွန့်စားရှာဖွေရေး စခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာစခန်းများ၊ စက်ဘီးစီးပြိုင်ပွဲများ၊ တောင်တက်ခြင်းနှင့် စကိတ်စီးခြင်း၊ မြစ်ရေပြင်ဖောင်စီးခြင်း စသည့်လှုပ်ရှားမှုများ ပါဝင်ပါသည်။

ထို့ပြင် လူငယ်များ၏ အမြင်နှင့်အကြံဉာဏ်များကို ထိရောက်စွာဖော်ထုတ်ပေးနိုင်စေရန်နှင့် မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နိုင်စေရန်အတွက် လူငယ်ပွဲတော်များနှင့် ဖလှယ်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယင်းတို့အနက် ထင်ရှားသော အိန္ဒိယနိုင်ငံ၏ လူငယ်ပွဲတော်များမှာ အမျိုးသားလူငယ်နေ့၊ အမျိုးသားလူငယ်ပွဲတော်နှင့် အမျိုးသားလူငယ်လွှတ်တော်ပွဲတော်တို့ ဖြစ်ပါသည်။

အမျိုးသားလူငယ်ပွဲတော်သည် လူငယ်ရေးရာဦးစီးဌာနက အိမ်ရှင်အဖြစ် ပြည်နယ်အစိုးရတစ်ခု နှင့်ပူးပေါင်းကာ နှစ်စဉ်စီစဉ်ကျင်းပသော ပွဲတော်တစ်ခုဖြစ်ပါသည်။ အမျိုးသားလူငယ်လွှတ်တော် ပွဲတော်သည် ပြည်သူ့ရေးရာ မူဝါဒကိစ္စရပ်များအပေါ် လူငယ်များ၏အသံကို နားထောင်ရန်နှင့် ဆွေးနွေးမှုပလက်ဖောင်းများမှတစ်ဆင့် အနာဂတ်လူငယ်ခေါင်းဆောင်များ ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ လူငယ်များ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံတကာအမြင်ရှုထောင့်များ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာလူငယ်ဖလှယ်ရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ G20 အိမ်ရှင်နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံမှတာဝန်ယူသည့် ၂၀၂၃ ခုနှစ်တွင် The Youth 20 Engagement Group အစီအစဉ်ကို G20 Forum ၌ ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပါသည်။

Nehru Yuva Kendra Sangathan Centers- NYKS ။ NYKS Center များသည် အဖွဲ့ဝင် ၈ ဒသမ ၅ သန်းဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံး လူငယ်အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယလူငယ်များ၏ ပင်ကိုစရိုက်နှင့် စွမ်းရည်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပါသည်။ အဓိကလုပ်ဆောင်ချက်များမှာ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ အိန္ဒိယနိုင်ငံတစ်ဝန်း တိုင်းရင်းသားလူငယ်များ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ လူငယ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ၊ ဒေသရှိအနုပညာနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးအစီအစဉ်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးစခန်းများ ဖွင့်လှစ်ခြင်းတို့ဖြစ်သည်။

အထူးသဖြင့် ကျေးလက်လူငယ်များ၏ စွမ်းရည်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးခြင်းဖြစ်ပြီး ကိုယ်ပိုင်အရည်အသွေးဖွံ့ဖြိုးတိုးတက်စေရန်၊ ခေါင်းဆောင်မှုအရည်အချင်းမြှင့်တင်ရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်လာစေရန် စည်းရုံးဆောင်ရွက်လျက်ရှိသည်။ ပညာသင်ယူခွင့်မရရှိသော ကျေးလက်လူငယ်များအား လိုအပ်သောဝန်ဆောင်မှုနှင့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းသာမက ပညာသင်ယူမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိပါသည်။ နိုင်ငံနှင့်အဝန်း NYKS Centers ၁,၂၀၀ ကျော်ကို တည်ထောင်ဖွင့်လှစ်ထားရှိပြီး ကျေးလက်လူငယ်အသင်းအဖွဲ့များ (Youth Clubs) ၃ ဒသမ ၆ သိန်းကျော်ရှိကာ လူငယ်အင်အား ၅ သန်းကျော်ကို ကျေးလက်ဒေသ သန့်ရှင်းရေး၊ ကျန်းမာရေးအသိပညာပေးရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးလုပ်ငန်းများတွင် စနစ်တကျစည်းရုံး လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

Rajiv Gandhi National Institute of Youth Development –RGNIYD ။ RGNIYD သည် နိုင်ငံတော်၏ အရေးပါသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူငယ်အဖွဲ့အစည်းများနှင့် လူငယ်များအတွက် လေ့ကျင့်ရေးဗဟိုဌာနအဖြစ် တည်ထောင်ထားခြင်းဖြစ်သည်။ လူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်အသီးသီးရှိ သုတေသနလုပ်ငန်းများနှင့် သင်တန်းပို့ချပေးခြင်းအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်နေသော အရင်းအမြစ်စင်တာတစ်ခုဖြစ်သည်။

လူငယ်ဖွံ့ဖြိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် လူမှုရေးသိပ္ပံဘာသာရပ်များကို သင်ကြားပို့ချပေးခြင်း၊ သင်ရိုးဒီဇိုင်းများရေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူငယ်များအတွက် ခေတ်သစ်အလုပ်အကိုင် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော လက်မှုပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် RGNIYD သည် အားနည်းသည့်လူငယ်များ အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသမှလူငယ်များအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ၊ စွန့်ဦးတီထွင်မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် လူမှုသဟဇာတဖြစ်စေရေး ဘက်စုံကဏ္ဍစုံအစီအစဉ်များကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

အမျိုးသားဝန်ဆောင်မှုအစီအစဉ်(NSS)။ ၁၉၆၉ ခုနှစ်တွင် စတင်ခဲ့သော အမျိုးသားဝန်ဆောင်မှု အစီအစဉ်သည် ပညာရေးအဖွဲ့အစည်းများ (အထက် တန်းကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ) မှတစ်ဆင့်ဆောင်ရွက်ပြီး ကျောင်းသားများအကြား စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းနှင့် စေတနာ့ဝန်ထမ်းများ မွေးထုတ်ပေးခြင်း ကို အဓိက လုပ်ဆောင်ပေးပါသည်။

NSS ၏ ဆောင်ပုဒ်ဖြစ်သည့် "Not Me But You" ဆိုသည်မှာ လူမှုအသိုက်အဝန်းကို ဝန်ဆောင်မှုပေးရန် ကတိကဝတ်ကိုအလေးထားဖော်ပြနေခြင်းဖြစ်သည်။ NSS စေတနာ့ဝန်ထမ်းများက အထူးစခန်းများ၊ အရွယ်ရောက်ပြီးသူစာတတ်မြောက်ရေးအတွက် လူထုလှုပ်ရှားမှုအစီအစဉ်များ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအစီအစဉ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ရပ်ရွာကျန်းမာရေး အစီအစဉ်များအပါအဝင် ရပ်ရွာဖွံ့ဖြိုးရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြပါသည်။ ဤအစီအစဉ်များသည် ပညာတတ်လူငယ်များအကြား တာဝန်ယူမှု၊ လူမှုဆက်ဆံရေးနှင့် လူ့အဖွဲ့အစည်းအတွင်းတက်ကြွပြီး တာဝန်သိသော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ပျိုးထောင်ပေးသော အစီအစဉ်တစ်ခုဖြစ်ပါသည်။

လူငယ်ဖွံ့ဖြိုးရေးစင်တာ(Youth Development Center-YDC) ။ လူငယ်ဖွံ့ဖြိုးရေးစင်တာများသည် ကျေးလက်ဒေသလူငယ်များ၏ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်လုပ်ဆောင်နေသော အစီအစဉ်တစ်ခုဖြစ်ပါသည်။ လူငယ်ဖွံ့ဖြိုးရေး စင်တာတစ်ခုသည် ကျေးရွာ ၁၀ ရွာကို လွှမ်းခြုံထားရှိပြီး လူငယ်များအတွက် သတင်းအချက်အလက်၊ လေ့ကျင့်ရေးနှင့် အားကစားမြှင့်တင်ရေး ဗဟိုချက်အဖြစ် လုပ်ဆောင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ကျေးလက်နှင့် မြို့ပြဒေသများ၌ လူငယ်ဖွံ့ဖြိုးရေးစင်တာ ၃၀၀၀ ခန့် ဖွင့်လှစ်ထားရှိ ပြီးဖြစ်သည်။ လူငယ်စွမ်းရည်မြှင့်တင်ရေးအတွက် “လူငယ်လှုပ်ရှားမှုများနှင့် လေ့ကျင့်မှုမြှင့်တင်ရေးအတွက် ငွေကြေးအကူအညီအစီအစဉ်” ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၎င်းအစီအစဉ်တွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ စွန့်ဦးတီထွင်မှုနှင့် ပြပွဲများဟူ၍ အပိုင်းသုံးပိုင်းပါဝင်ကာ ငွေကြေးအကူအညီနှင့် လေ့ကျင့်ရေးကဏ္ဍ နှစ်ရပ်လုံးကို ပံ့ပိုးကူညီပေးနေခြင်းဖြစ်ပါသည်။ လူငယ်စင်တာများသည် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေရန်အတွက် ၎င်းတို့၏ဇာတိဒေသမှ ပြောင်းရွှေ့လာသော ကျေးလက်လုပ်သားများနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကိုလျှော့ချပေးရန်နှင့် မြို့ပြအလုပ်သမားဈေးကွက်နှင့်ကိုက်ညီသော ဝင်ငွေနှင့်လူနေမှုဘဝများ ပိုမိုရရှိစေရန် ဝန်ဆောင်မှုများကို ပံ့ပိုး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ကျေးလက် သတင်းအချက်အလက်နည်းပညာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာများ (Rural Information Technology Youth Development Centers-RITYDC)။ RITYDC များကို အိန္ဒိယနိုင်ငံ လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယင်းမှာ နည်းပညာခေတ်တွင် ကျေးလက်နေလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်သည့် အဓိကအစီအမံများမှတစ်ခုဖြစ်သည်။ ကျေးလက်နေလူငယ်များအား အစိုးရ၏ဝန်ဆောင်မှုများကို လက်လှမ်းမီစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည်။ အစိုးရ၏အမျိုးမျိုးသော လူမှုဖူလုံရေး အစီအစဉ်များနှင့် သတင်းအချက်အလက်များရရှိစေရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာလူမှုဖူလုံရေးနှင့် အပန်းဖြေလှုပ်ရှားမှုများတွင် လူငယ်များစေတနာ့ဝန်ထမ်းစိတ်ဓာတ်ဖြင့် အပြည့်အဝပါဝင်လာနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ကျေးလက်နေလူငယ်များအတွက် အခြေခံအသုံးအဆောင်ပစ္စည်းများ ပံ့ပိုးပေးခြင်းနှင့် နည်းပညာသုံးစွဲနိုင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ ပြုလုပ်လျက်ရှိပါသည်။ ။