ဝင်ငွေတိုး၍ MSME မြှင့်တင်ဖို့ မှိုကို စိုက်ပျိုးကြပါစို့
ဝေနှင်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍက လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အားထားလုပ်ကိုင်နေကြသည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတွင် စိုက်ပျိုးရေးကဏ္ဍကြီးမှ ၃၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေကြောင်း သိရှိရပါသည်။
စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ကြမ်းထုတ်လုပ်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် အဓိကအသက်သွေးကြောလည်းဖြစ်နေပြီး နိုင်ငံ၏ အဓိကစီးပွားရေး မောင်းနှင်အားတစ်ခုလည်း ဖြစ်ပါသည်။ ယခု အခါ စပါး၊ ပြောင်း၊ ဂျုံ၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် စက်မှုကုန်ကြမ်းသီးနှံတို့အပြင်မှိုကို နိုင်ငံတော်ကလည်း တွန်းအားပေး၊ ပြည်သူများလည်း အဓိကအားထားစိုက်ပျိုးလာလျက်ရှိသည်ကို တွေ့ရှိရပါသည်။
စိုက်ပျိုးရေးတွင် အကျိုးရှိသော မှို
နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်မှ စ၍ မှိုကို စတင်စိုက်ပျိုးခဲ့ကြပါသည်။ မှိုစိုက်ပျိုးခြင်းသည် အချိန်တိုအတွင်း ဝင်ငွေရရှိနိုင်ခြင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် လုပ်ငန်းလည်ပတ်နိုင်ခြင်း၊ ကုန်ကြမ်းရရှိနိုင်မှု လွယ်ကူခြင်း၊ စွန့်ပစ်ပစ္စည်းမှတန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်လာခြင်းနှင့် မြေနေရာကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်ပြီး အမှီအခိုကင်းသော တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အမျိုးအစားတွင် ပါဝင်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးကိုအခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာ အလွန်ကောင်းမွန်သော စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။
မှိုစိုက်ပျိုးခြင်းသည် ကျေးလက်နှင့် မြို့ပြစီးပွားရေးအပေါ် သိသာထင်ရှားသော အပြုသဘောဆောင်သည့် သက်ရောက်မှုများကို ရရှိစေပါသည်။ တစ်ပိုင် တစ်နိုင်မှသည် စီးပွားဖြစ် စိုက်ပျိုးလာနိုင်ခြင်းကြောင့် အိမ်ရှင်မများ အပိုဝင်ငွေရရှိစေနိုင်ပါသည်။ ကျေးလက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် တွဲဖက်လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေကို တိုးပွားစေပါသည်။ စိုက်ပျိုးရာတွင်လည်း လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ စပါးခွံ၊ ဝါဂွမ်းစေ့ခွံ၊ ပြောင်းဖူးဖတ်၊ ဖွဲနု၊ နွားချေး၊ ကြက်ချေး၊ သီးနှံအကြွင်းအကျန်နှင့် လွှစာမှုန့်တို့ကို အသုံးပြုနိုင်သဖြင့် ကုန်ကြမ်းစရိတ် သက်သာပါသည်။ စိုက်ပျိုးပြီးသား မှိုပွစာဟောင်းများကို သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်းကြောင့် စိုက်ပျိုးရေးကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်ပါသည်။
ထို့ကြောင့် ရေရှည်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ သဘာဝဘေးရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့နေချိန် တောင်သူများအနေဖြင့် တွဲဖက်၍ စိုက်ပျိုးသင့်ဆုံး သီးနှံတစ်ခုလည်း ဖြစ်နေပါသည်။ စနစ်တကျနည်းလမ်းကျကျ စီမံဆောင်ရွက်နိုင်လျှင် မြေနေရာမရွေး၊ ရာသီဥတုမရွေးစိုက်ပျိုး နိုင်သည့်အတွက် အချိန်တိုအတွင်း အပိုဝင်ငွေရရှိ စေသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။
မှိုစိုက်ပျိုးမှုနှင့် စိုက်ပျိုးနည်း
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မှိုစိုက်ပျိုးရေးကို အများဆုံး လုပ်ကိုင်ကြပါသည်။ မှိုသည် လူမျိုးဘာသာမရွေး စားသုံးနိုင်သော သီးနှံတစ်ခုဖြစ်ပြီး အခြားဟင်းသီး ဟင်းရွက်များ၊ သီးနှံပင်များစိုက်ပျိုးသကဲ့သို့ အချိန်တိုအတွင်း ဝင်ငွေရရှိစေနိုင်ပါသည်။
စားသုံးမှိုအမျိုးအစားများမှာ သဘာဝမှိုများ၊ ကောက်ရိုးမှိုများရှိသကဲ့သို့ စိုက်ပျိုး၍ရသော ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ငွေမိုးမှို ဟူ၍ အမျိုးအစားများရှိပါသည်။ ကောက်ရိုးမှိုသည် စိုက်ပျိုးပြီး (၁၀-၁၅)ရက်အတွင်း ဝင်ငွေရရှိနိုင်ပြီး ရင်းနှီးငွေအမြန် ပေါ်စေပါသည်။ ငွေနှင်းမှိုနှင့် အခြားမှိုများသည် စိုက်ပျိုးပြီး (၃၀-၃၅)ရက်အတွင်း ဝင်ငွေရရှိစေနိုင်ပါသည်။ သဘာဝမှိုအများစုတွင် စားသုံးသူများအတွက် အဆိပ်အတောက်ဖြစ်စေနိုင်သော မှိုအမျိုးအစားများစွာရှိသော်လည်း စိုက်ပျိုးရေးမှိုအားလုံးမှာ အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါသည်။
မှိုစိုက်ပျိုးရာတွင် မှိုစိုက်တဲအတွင်း သင့်လျော်သော စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း ရှိရပါမည်။ အပူချိန်သည် ၂၀ စင်တီဂရိတ်မှ ၃၀ စင်တီဂရိတ်ဖြစ်ရပါမည်။ ၃၀ စင်တီဂရိတ်ထက် ကျော်ပါက မကြာခဏရေမွှားဖျန်းပေးရန် လိုအပ်ပါသည်။ လေဝင်၊ လေထွက်ဖန်တီးပေးရပါမည်။ မှိုစိုက်တဲတွင် ဝါးဖြင့် စင်များထိုးပေးရပါမည်။ စင်တွင် အဆင့်သုံးဆင့်ပါရှိ၍ တစ်ဆင့်နှင့်တစ်ဆင့် ၁ ဒသမ ၅ ပေ အကွာထားရပါမည်။ အောက်ဆုံးအဆင့်သည် မြေပြင်မှ ခြောက်လက်မအကွာတွင် ရှိရပါမည်။ အခင်းများကို ဝါးခြမ်းများ ခင်းပေးရပါမည်။ စင်များအစား ပုံးအခွံများကိုလည်း အသုံးပြုနိုင်သည့်အပြင် ချိတ်ဖြင့်ချိတ်၍လည်း စိုက်ပျိုးနိုင်ပါသည်။ တစ်နေ့လျှင် ရေနှစ်ကြိမ် ဖျန်းရပါမည်။ အများအားဖြင့် ဓာတုဆေးများ၊ မြေဩဇာများကို အသုံးပြုရန်မလိုအပ်ပါ။ အပင်ငယ်ရွယ်စဉ် အာဟာရဖျော်ရည်အဖြစ် သကြားရည်လောင်းပေးနိုင်ပါသည်။ အပင်များအရွယ်ရောက်လာပါက သန့်ရှင်းသော ရေသာဖျန်းပေးရပါမည်။ ရေကိုရွှဲအောင် လောင်းရန် မလိုအပ်ပါ။ ဖျန်းရုံသာဖျန်းပေးရပါမည်။
အစိုးရ၏ဆောင်ရွက်ချက်
မှိုစိုက်ပျိုးခြင်းလုပ်ငန်းကို MSME လုပ်ငန်းများ မြှင့်တင်ရန်နှင့် ကျေးလက်ဒေသဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက မှိုမျိုးစေ့များ အရည်အသွေးမီစေရန်နှင့် ဒေသတွင်း မှိုစိုက်ပျိုးမှု တိုးတက်စေရန်အတွက် စံချိန်မီ မှိုမျိုးထုတ်လုပ်ရေးအလုပ်ရုံများကို တည်ဆောက်ပေးလျက်ရှိပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မှိုမျိုးစေ့ရွေးချယ်မှု၊ စိုက်ပျိုးနည်းစနစ်များနှင့် ရောဂါကာကွယ်နည်းများကို တောင်သူများအား ပညာပေးသင်တန်းများ ပို့ချပေးလျက်ရှိပါသည်။ မှိုစိုက်ပျိုးရာတွင် အသုံးပြုသော မြေဆီလွှာနှင့် သဘာဝမြေဩဇာဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်ပါသည်။ MSME လုပ်ငန်းများအတွက် မှိုစိုက်ပျိုးမှုကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာမြှင့်တင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် စီးပွားရေးဆိုင်ရာချိတ်ဆက်မှုများ (SMEs Portal)မှတစ်ဆင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာနက မှိုထုတ်ကုန်များ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ဈေးကွက်ရရှိစေရန်အတွက် အရည်အသွေးထိန်းချုပ်ခြင်းနှင့် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မှိုစိုက်ပျိုးထုတ်လုပ်သူများ၊ အရည်အသွေးမြင့်မှိုနှင့် မှိုထုတ်ကုန်များ ပြည်တွင်း/ ပြည်ပသို့ တင်ပို့ရောင်းချသူများ စုပေါင်းဖွဲ့စည်းထားသည့် စားသုံးမှို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအဖွဲ့ (Mushroom Producer and Exporter Association)ကိုလည်း ဖွဲ့စည်းထားပါသည်။ ကရင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရန်ကုန်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အခြေစိုက်ရုံးများ၊ မှိုစိုက်ပျိုးသူများဖွဲ့စည်းကာ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စနစ်တကျစိုက်ပျိုးနိုင်ရန် မှိုစိုက်တောင်သူများအတွက် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များ (GAP) သင်တန်းပေးခြင်းနှင့် မှိုစိုက်ပျိုး နည်းပညာများမျှဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မှိုစိုက်ပျိုးထုတ်လုပ်သူများအား ဈေးကွက်ရရှိစေရန်နှင့် မှိုထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်က မှိုစိုက်ပျိုးခြင်းကို ကျေးလက် စီးပွားရေးမြှင့်တင်ရန်နှင့် စားသုံးသူများအတွက် ဘေးကင်းသော အစားအစာရရှိစေရန်အတွက် မျိုး၊ နည်းပညာနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို အဓိကကူညီပံ့ပိုးပေးလျက်ရှိပါသည်။
မှိုကို တာရှည်ခံအောင်ပြုလုပ်ခြင်း
မှိုကိုတာရှည်ခံအောင်ပြုလုပ်ရာတွင် အဓိကအားဖြင့် ရေဓာတ်ကို လျှော့ချခြင်း သို့မဟုတ် မှို၏ ပုပ်သိုးစေသော အဏုဇီဝပိုးများကို တားဆီးခြင်းများ ပါဝင်ပါသည်။ လက်ရှိတွင် မိမိတို့နိုင်ငံ၌ သမားရိုးကျ နည်းလမ်းဖြင့်သာ တာရှည်ခံအောင် ဆောင်ရွက်နေရဆဲဖြစ်ပါသည်-
(က) မှိုများကို ရေစင်အောင်ဆေး၍ အနေတော်ပြုလုပ်ကာ နေပူပြင်းပြင်းတွင် လုံးဝခြောက်သွေ့သည့်အထိ လှန်းရပါမည်။ အခြောက်ခံထားသောမှိုကို လေလုံသော ဖန်ပုလင်း သို့မဟုတ် အိတ်ထဲတွင်ထည့်၍ အေးမြခြောက်သွေ့သောနေရာ၌ သိမ်းဆည်းထားပါက တစ်နှစ်မှ နှစ်နှစ်အထိ အထားခံ ပါသည်။
( ခ )မှိုကို ရေနွေးဆူဆူတွင် နှစ်မိနစ်ခန့်ဖြောပြီး နောက် ရေစစ်ကာ အထုပ်ငယ်လေးများ ပြုလုပ်၍ ရေခဲသေတ္တာ၏ အအေးခန်းထဲတွင် သိမ်းဆည်းထားနိုင်ပါသည်။
( ဂ )မှိုကိုဆား၊ အချိုမှုန့်တို့နှင့်သမ၍ ရေဓာတ်ခန်းခြောက်ပြီး နီညိုရောင်သန်းလာသည်အထိ ဆီနှင့်ကြော်ကာ လေလုံသော ဖန်ပုလင်းတွင်ထည့်ပြီး ဆီမြုပ်အောင် သိမ်းဆည်းထားပါက လအနည်းငယ် ကြာရှည်စွာ အထားခံပါသည်။
စိန်ခေါ်မှုများ
မိမိတို့နိုင်ငံတွင် အထိုက်အလျောက် စိုက်ပျိုးထုတ်လုပ်နေကြသော်လည်း ပြည်တွင်းဈေးကွက်အတွက်သာ ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါသည်။ အကြောင်းမှာ ဖော်ပြပါစိန်ခေါ်မှုများကြောင့် ဖြစ်ပါသည်-
(က) မှိုဈေးကွက် ကျယ်ပြန့်ရန် လိုအပ်နေခြင်း၊
( ခ ) တာရှည်ခံမည့် နည်းပညာ လိုအပ်နေခြင်း၊
( ဂ ) ရေရှည်တွင် မှိုကိုသေချာစွာထုပ်ပိုး ပြီး နိုင်ငံခြားတင်ပို့ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိနေပါသည်။
MSME တွင် တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးအဖြစ် ပါဝင်လာသည့်မှို
ယနေ့ခေတ်တွင် မှိုမှတစ်ဆင့် စားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ် လျက်ရှိရာ မိမိတို့နိုင်ငံ၏ လက်ရှိတွန်းအားပေးနေသော MSME လုပ်ငန်းများတွင် မှိုသီးနှံထုတ်ကုန် တစ်မျိုးသည် နေရာတစ်ခုရရှိလာပြီဖြစ်ရာ မှိုစိုက်ပျိုးခြင်းဖြင့် အာဟာရပြည့်ဝသော အစားအစာတစ်မျိုး ထုတ်လုပ်လာနိုင်ရုံမျှမက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ MSME လုပ်ငန်းများတိုးတက်ရေးဆီသို့ပါ အထောက်အကူပြုနိုင်သည့် စိုက်ပျိုးရေးသီးနှံတစ်မျိုး ဖြစ်လာပါသည်။
ခြုံငုံပြောရလျှင် မှိုစိုက်ပျိုးခြင်းသည် မိမိတို့ နိုင်ငံ၏ MSME လုပ်ငန်းများကို အားကောင်းလာ စေခြင်း၊ တောင်သူများအနေဖြင့် အရင်းအနှီးအနည်းငယ်ဖြင့် အပိုဝင်ငွေရရှိစေခြင်းနှင့် ကျေးလက်ဒေသ တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကာ နိုင်ငံတော်၏စီးပွားရေးကို တစ်ထောင့် တစ်နေရာမှ မြှင့်တင်ပေးနိုင်မည့် သီးနှံတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
