အဓိပတိလမ်းမှသည် . . .
“ကံ့ကော်ပွင့်ရာ xx ငုဝါပွင့်ရာ xx စိန်ပန်းပွင့်ရာ xx တက္ကသိုလ်ကျောင်းတော်မှာလေ” ဟု စာဖွဲ့ဆိုခဲ့ကြသည့် ရန်ကုန် တက္ကသိုလ်ကြီးသည် ယခုဆိုလျှင် အနှစ်တစ်ရာပြည့်တော့မည် ဖြစ်ပါသည်။
အနှစ်တစ်ရာအတွင်းတွင် သူ့ရင်ခွင်အတွင်း၌ ချစ်ခြင်းဖွဲ့တေးကဗျာများစွာလည်း သီကျူးခဲ့ကြ လိမ့်သည်။ အလွမ်းဇာတ်တစ်ခန်း ရပ်များလည်း တမေ့တမော ကျန်ရစ်ခဲ့ကြလိမ့်မည်။ ကြည်နူး ပျော်ရွှင် စရာများလည်း အမှတ်တရ ထင်နေပါလိမ့်မည်။ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရသော သမိုင်းမှတ်တမ်းများလည်း ပြောမကုန်အောင် ထင်ကျန်ရစ်နေပါလိမ့်မည်။ အဓိပတိ လမ်းမကြီးကတော့ ကံ့ကော်၊ စိန်ပန်းနှင့် ရေတမာပင်တန်းများ ခြံရံကာ မပြောင်းမလဲ ထာဝရတည်နေမြဲပင်။ အဓိပတိ လမ်းမကြီး၏ ရှေ့တည့်တည့်ရှိ ဘွဲ့နှင်းသဘင်ခန်းမကြီးကား သူ့ရင်ခွင်ကို ခိုလှုံမည့်သူများကို ကမ်းလင့်ကြိုဆိုနေ သယောင်။
ပါရဂူခရီးအစ သူနှင့်စတွေ့စဉ်
မှတ်မှတ်ရရ ပါရဂူအကြိုသင်တန်းတက်မည့် ရန်ကုန်ကိုရောက်ခါစ တောသူကျောင်းသူလေး တစ်ယောက်အဖြစ် သူ့ကိုတွေ့ဆုံခဲ့ရ သည်။ ကြီးမားခန့်ထည်လွန်းသော သူ့အရှိန်အဝါအောက်တွင် ကိုယ်က နုပ်နုပ်ဖွဲဖွဲ၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်များစွာနှင့်။ ရှုမဆုံးဖွယ်၊ အံ့ဩဖွယ်ပတ်ဝန်း ကျင်မြင်ကွင်းများကို မျက်လုံးလေး ကလယ်ကလယ်နှင့် ကြည့်နေမိသည့် ခပ်တုံးတုံး၊ ခပ်အအ၊ တောသူ ကောင်မလေးတစ်ယောက်အဖြစ် မြင်ယောင်ကြည့်နိုင်သည်။ စာအုပ်များထဲမှာ ဖတ်ခဲ့ဖူး သော၊ ရုပ်ပုံများထဲမှာ မြင်ဖူးခဲ့သော မြင်ကွင်းများ၊ ပုံရိပ်များကို မျက်ဝါးထင်ထင်မြင်ရသည့်အခါ ရင်အစုံက အဆမတန် ခုန်လှုပ်လျက်။ ရင်ခုန်စိတ် လှုပ်ရှားခြင်းအပြည့်ဖြင့် မြင်မြင်သမျှ အရာ အားလုံးသည် ကြည့်မဆုံး၊ ရှုမဆုံးသော ပီတိခံစားချက်အပြည့်နှင့်။ ငယ်ငယ်က ကြားခဲ့ဖူးသော၊ ခဏခဏလည်း နှုတ်ဖျားမှ သီကျူးဖူးသော တေးသီချင်းတစ်ပိုင်းတစ်စ ကို ပြေးအမှတ်ရနေမိသည်။
“မြကျွန်းညိုညို xx ကွန်းခိုရာ တက္ကသိုလ်မှာဆို xx စာပေဂီတနဲ့သာ အနုပညာ xx အစစမှာလည်းစုံ xx တေးပစ္စင် ငြိမ့်ငြိမ့်ညောင်း စုပေါင်းပါလို့ xx သီကျူး မကုန် တေးမင်္ဂလာ xx ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန် xxx” တဲ့။
အခုတော့ “ကိုယ်ကိုယ်တိုင် မြကျွန်းညိုညိုကို ရောက်နေပါရောလား၊ မြကျွန်း ညိုညိုမှာ ကွန်းခိုရတဲ့ အခွင့်အရေးရပါ ပကောလား” ဟူသော အတွေးများနှင့် ပီတိတသိမ့် သိမ့်ဖြာမိသည်။ ရေတမာပင် များ တစ်ဖက်တစ်ချက် စီတန်းထားသော အဓိပတိလမ်းမှတစ်ဆင့် ဟိုးခပ်ဝေးဝေးရှိ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးဆီ လှမ်းကြည့်ရင်း လမ်းလျှောက်ဝင်လာရသည့်အခါ မောပန်းသမျှ အားလုံး ပြေပျောက်သွား သယောင်။ ကြောက်ရွံ့စိုးရိမ်စိတ်များအားလုံး ကင်းစင်သွားသယောင်။ လျှောက်ရင်း လျှောက်ရင်း ဘွဲ့နှင်းသဘင်ကြီးနှင့် တဖြည်း ဖြည်းနီးနီးလာသည့် ခံစားချက်မျိုးက ဘာနဲ့မျှ မလဲနိုင်သည့်အရသာတစ်မျိုးပင်။
နေ့စဉ်နေ့တိုင်း တောင်ငူဆောင်ကို လှည်းတန်းမှတစ်ဆင့် ရာမညဆောင်ဘက် အပေါက်မှ ဝင်လျှင် လည်း ရပါလျက်၊ မာလာမှတ်တိုင်မှာဆင်းပြီး ဂျပ်ဆင်ပေါက်မှ တစ်ဆင့်ဝင်လျှင်လည်း ရပါလျက်နှင့် အဓိပတိလမ်းမှ တည့်တည့်ဝင်ရသည့် လမ်းရှည် ရှည်ကိုသာ ရွေးဝင်ဖြစ်သည်။ အဓိပတိ လမ်းမှဝင်ဝင်ချင်း ဘွဲ့နှင်းသဘင်ဆီ လှမ်းငေးမျှော်ကြည့်ပြီးမှ ဘယ်ဘက်ကို ချိုးကာ မန္တလေး ဆောင်ဘက်မှတစ်ဆင့် တောင်ငူဆောင်ကို သွားရလောက်အောင် အဓိပတိလမ်းကို စွဲလမ်းခဲ့ရသည်။ စာကြည့်တိုက်ဆီသွားတိုင်းလည်း ချစ်သူ လမ်းကြားမှတစ်ဆင့် RC မှ ဖြတ်သွားလို့ ရပါလျက် နေပူပူ၊ မိုးရွာရွာ အဓိပတိလမ်း တည့်တည့်ကိုသာ ရွေးချယ်မိတတ်မြဲပင်။
မနက်စောစောအတန်းချိန်မတိုင်ခင် စောစီးစွာ ကျောင်းရောက်သွားတိုင်း တောင်ငူဆောင်ရှေ့ရှိ ဦးချစ်ကန်တင်းမှာ တမေ့တမောထိုင်လို့ ဆရာ၊ ဆရာမများ၊ သူငယ်ချင်း မိတ်ဆွေများအလာကို စောင့်ရ သည့် အရသာကလည်း ဘာနဲ့မှမလဲနိုင်ခဲ့ပေ။ အတန်းပြီးပြန်သော်လည်း အိမ်မပြန်ဘဲ ဦးချစ်ကန်တင်းမှာ လက်ဖက်ရည်ကုန်သွားသည့်တိုင် ရေနွေးကြမ်းအိုးတွေ တစ်အိုးပြီး တစ်အိုး တောင်းကာ ဝေဖန်လေကန် စကားပြောကောင်းခဲ့ကြသည့် ဖြစ်ရပ်များကလည်း ပါရဂူအကြို သင်တန်းတစ်လျှောက် အမှတ်တရများအဖြစ် ထင်ကျန်ရစ်နေဆဲပင်။ တောင်ငူဆောင်၊ စာကြည့်တိုက်၊ RC ထဲမှ မိတ္တူကူးဆိုင်များ၊ သိပ္ပံဆောင်ဘက်မှ မိတ္တူကူးဆိုင်များက တစ်နေ့တစ်နေ့ မသွားဖြစ်၊ မရောက်ဖြစ်သောနေ့မရှိခဲ့။ ပြေးလိုက်လွှားလိုက် စာသင်လိုက်နှင့် သူ့ရင်ခွင်မှာ ခြေရာထပ်ခဲ့ရသည်။ သူ့ရင်ခွင်မှာ ကျင်လည်ခဲ့ရသည်။
သူ့ရင်ခွင်က လောကနိဗ္ဗာန်
စာမေးပွဲကြီးဖြေခါနီး နှစ်လအလိုတွင် ကိုယ်တို့ သူငယ်ချင်းနှစ်ယောက် ရန်ကုန်တက္ကသိုလ်ထဲမှာ နေဖို့ အကြောင်းဖန်လာသည်။ ထိုအချိန်က ကျောင်းတွင်းအဆောင်များ မထားသေးသည့်အချိန် ဖြစ်သည်။ ကျောင်းအသွားအပြန် လိုင်းကားတိုးစီးရ သည့်အချိန် ကို လျှော့ချပြီး ဆရာမ တစ်ယောက်၏ အကူအညီဖြင့် သထုံဆောင်မှာ နေဖြစ်ခဲ့ကြသည်။ သူ့ရင်ခွင်ကို စရောက် သည့်နေ့မှစ၍ မနက်မိုးလင်းသည်နှင့် ကျေးငှက်သံများဖြင့်နိုးထရသော နံနက် ခင်းကို ပိုင်ဆိုင်ခဲ့ကြ သည်။ ထိုအချိန်က ကံ့ကော်များ ဝေနေအောင် ပွင့်နေသော အချိန်၊ မနက်စောစော အခန်းတံခါး ဖွင့်လိုက်သည်နှင့် ကံ့ကော်ပန်းရနံ့များကို ရှူရှိုက်ရသောအဖြစ်ကို ကိုယ်တို့ သူငယ်ချင်း နှစ်ယောက် လုံး နှစ်ခြိုက်ခဲ့ကြသည်။
နံနက်တိုင်း လမ်းလျှောက်ရင်း ကံ့ကော် ပန်းများခူးကာ စာကြည့်စားပွဲမှာ ပန်းအိုးဖြင့် ထိုးထား တတ်ကြသည်။ ပန်းပန်တာ မကြိုက်ကြသော်လည်း ရင်ဘတ်မှာ ကံ့ကော်ပန်းကို ရင်ထိုးလို ထိုးကာ ကျောင်း သွားမြဲ။ စာကြည့်တိုက်မှာ တမေ့တမော စာရှာ၊ စာဖတ်ရင်း အချိန်ကုန်မြဲ။ သထုံ ဆောင်မှ တောင်ငူဆောင်သို့ အဓိပတိလမ်းမှ အသွားအပြန် ဖြတ်သန်းမြဲ။ နေ့လယ်ဘက် များတွင် ဂျပ်ဆင်နားရှိ အသုပ်ဆိုင်တွင် သူငယ်ချင်းတစ်သိုက် စကားပြောကြ၊ စာအကြောင်းပေအကြောင်း ကြုံရာ ဆုံရာ ဆွေးနွေးကာ စကားလက်ဆုံပြောကြရသည့် အရသာကလည်း မမေ့နိုင်သော အမှတ်တရ ထဲမှာ ပါသည်သာ။ အဓိပတိလမ်းမှတစ်ဆင့် ပုဂံလမ်းတစ်လျှောက် သူငယ်ချင်း နှစ်ယောက် စကားတပြောပြောနှင့် အညောင်းပြေအညာပြေ လမ်းလျှောက် လေ့ရှိသော ညနေခင်းများကိုလည်း လွမ်းရပါသည်။ ကျေးငှက်အော်မြည်သံများမှလွဲ၍ တိတ်ဆိတ်လွန်းသော ညခင်းများတွင် ညဉ့်နက်သည် အထိ ကလေးများလို စာအော်ကျက်ခဲ့ကြသည့် အဖြစ်ကိုလည်း အမှတ်ရမိဆဲပင်။ အဆောင်သူဘဝကို ယခုမှ ကြုံဖူးသော ကိုယ်တို့ သူငယ်ချင်းနှစ်ယောက် အတွက်တော့ သူ့ရင်ခွင်က လောကနိဗ္ဗာန် သစ်အလားပင်။
ခေတ်သမိုင်း တစ်လျှောက်တွင် လောကဇာတ်ခုံအဖုံဖုံကို ကြုံတွေ့ဖြတ်သန်း ခဲ့သော သူ့အသွင်၊ သူ့ဟန်ပန်က ရင့်ကျက် တည်ငြိမ်ခြင်းအသွင်ကို ဆောင်နေသည်။ စိန်ပန်းတွေ ဝေနေအောင်ပွင့်သော အချိန်မျိုး၊ ကံကော်တွေဝေနေအောင်ပွင့်သော အချိန်မျိုးတွင်လည်း တင့်တယ်လှပနေသော ဟန်အမူအရာက ထူးခြားလျက်ရှိနေသည်သာ။ မိုးရွာရွာ၊ နေပူပူ သူ့ရင်ခွင်ရိပ်ထဲမှာ နေရသမျှ ကာလပတ်လုံးသည် နွေးထွေးမှု၊ အေးမြမှုများဖြင့် ပြည့်နှက်နေသည်ချည်းသာ ဖြစ်သည်။ မွှေးမြသော ကံ့ကော်ပန်းရနံ့ များကို ရှူရှိုက်ရင်း၊ ပုရစ်နုနုစိမ်းစိမ်းတို့ဖြင့် တင့်တယ်နေသော ရေတမာပင်တန်းများ၏ အရိပ်ကို ခိုလှုံရင်း၊ စိန်ပန်းရောင်စုံ၏ အလှကို ရှုမောရင်း၊ ရွက်ကြွေတောများကို ဖြတ်နင်းရင်း အဓိပတိလမ်းကို ဖြတ်သန်း လျှောက်လှမ်းရသော ကာလများကို ဆွဲဆန့် လို့ ထားလိုက်ချင်သော စိတ်အစဉ်က အမြဲ ပေါ်လာတတ်သည်။
သူ့အရှိန်အဝါ၊ သူ့ခံ့ညားလှပမှု၊ ခန့်ထည်တည်ကြည်မှု၊ ကျက်သရေရှိမှုများ အောက်တွင် သိမ်ငယ်ခဲ့ရ သော၊ အားငယ်ခဲ့ ရသော ကိုယ့်ကို နွေးထွေးမှုများစွာပေးခဲ့ သည်။ တန်ဖိုးဖြတ်မရသော အတွေ့အကြုံ များစွာပေးခဲ့သည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်း၏ သင်ကြားပြသမှုများ ကို သူ့ရင်ခွင်ထဲမှတစ်ဆင့် သင်ယူခဲ့ရသည်။ အဓိပတိ လမ်းကား သူ့ရင်ခွင်ကို ရောက်လာ သူမှန်သမျှအား ဘွဲ့နှင်းသဘင်ဆီရောက် အောင် သူ့ကျောကို ခင်းကာ ပါရမီဖြည့်နေ လေသလားဟု မှတ်ယူရမည်ထင်ပါသည်။
ဘွဲ့နှင်းသဘင်ဆီ အရောက်ပို့ပြီ
“တက္ကသိုလ်နယ်မြေ၏ ချက်ဗဟိုရ် လယ်ဗွေရှိ အဓိပတိလမ်း”ဟု ဂီတစာဆို မောင်ကျော်ဇောက တင်စားကာ သီချင်းစပ်ဆိုခဲ့ ဖူးသော အဓိပတိလမ်းက ဘယ်အချိန်ကြည့်ကြည့် ကျက်သရေ အပေါင်း ခညောင်းနေမြဲပင်။ ယခုလို ဘွဲ့နှင်းသဘင်ရှိသော ရက်မျိုးတွင်ကား သူ့အသွင်သည် တည်ကြည် ခြင်း၊ လေးနက် ခြင်းအပြင် ကြည်နူးခြင်း၊ ရွှင်ပျခြင်းက ထပ်ပေါင်းပေးလိုက်သည့် သဘောဆောင် နေသည်။
ကြည့်လေရာရာ မျက်စိမလွှဲနိုင်လောက်အောင် အလှအပမျိုးစုံကို တစ်နေရာတည်းတွင် မြင်တွေ့ နိုင်သော မြင်ကွင်းကို မျက်စိတဆုံးကြည့်ရင်း ရင်တို့အဆမတန် လှိုက်ခုန် လာသည်။ ကိုယ်ကိုယ်တိုင်လည်း သူ့ရင်ခွင်တွင် ခိုလှုံကာ ပညာသင်ခဲ့ရသော ငါးနှစ်တာ ခရီးပြီးမြောက်ခဲ့ပြီ။
အဓိပတိလမ်းတစ်လျှောက် ဘွဲ့ဝတ်စုံ ဝတ်ဆင်ထားသော ပျိုပျိုအိုအို ရွယ်ရွယ်လတ်လတ် အားလုံးသောသူအပေါင်းက အပြုံးများစွာနှင့် ကျက်သရေရှိပေစွ။ အဓိ ပတိလမ်းကိုကြည့်မလား၊ ဘွဲ့နှင်းသဘင် ဆီကြည့်မလား၊ ဂျပ်ဆင်ရှေ့မှာကြည့်မလား၊ RC မှာ ကြည့်မလား၊ ဝိဇ္ဇာခန်းမဆီ ကြည့်မလား၊ သစ်ပုပ်ပင်ဆီကြည့်မလား၊ စာကြည့်တိုက်ကို ကြည့်မလား၊ ပုဂံလမ်းကို ကြည့်မလား၊ အလုံးစုံသော နေရာများစွာတွင် ကျက်သရေရှိလှစွာသော အလှပေါင်း များစွာက လက်ညှိုးထိုး မလွဲအောင်ပင်။ လှုပ်ရှားသွားလာနေကြသော ဘွဲ့ဝတ်စုံများ ဆီမှ အပြုံးများ၊ ပီတိများက ဘွဲ့နှင်းသဘင်ဆီ မရောက်မီ ကြုံတွေ့ခဲ့ရသော အခက်အခဲ များစွာကို မေ့လျော့သွားသယောင်။
ကိုယ်တို့လို ပါရဂူခရီးသည်များအတွက်တော့ ငါးနှစ်တာခရီးသည် အခက်များစွာ၊ အတွေ့အကြုံ များစွာ ကြုံခဲ့ကြရသည်သာ။ “ဝေဖန်မှုများစွာ၊ အတိုက်အခိုက်များစွာ ကြားက မရမက ထိုးထွက် ရှင်သန်လာသော ပန်းပွင့်လေးတွေ” ဟု ဆရာတစ်ယောက်က ပြောခဲ့ဖူးသည်ကို သတိရသည်။ ခြေလှမ်းစလှမ်းကတည်းက နောက်ပြန်မလျှောက် ချင်သော စိတ်အစဉ်ဖြင့် ရုန်းကန်ခဲ့ကြရသည့် အဖြစ်များ၏ ကြိုးစားမှု အသီးအပွင့်များကို ခုချိန်မှာ ခံစားနေရပါပကောလားလေ။ ဆူးခင်းလမ်း တို့အလွန်တွင် မလွဲမသွေ ရောက်ကြရမည့် ဘွဲ့နှင်းသဘင်ဆီသို့ ပို့ဆောင်ပေးခဲ့ပါပြီကော။
ဘွဲ့နှင်းသဘင် ခန်းမအတွင်းတွင် ဆိုင်းဝိုင်းသံနှင့်အတူ စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း ဣန္ဒြေရရ လျှောက်လှမ်းသွားရင်း ပါမောက္ခချုပ်က အပ်နှင်းသော ဘွဲ့လက်မှတ်ကို ပြုံးပြုံးကလေး ယူနိုင်ဖို့ အတွက် အဓိပတိလမ်းဆီ အခေါက်ခေါက် အခါခါ ဖြတ်သန်းရင်း အင်အားယူခဲ့ရ၊ သင်ယူခဲ့ရသော အဖြစ်များက မမေ့နိုင်သော အမှတ်တရများ ဖြစ်ခဲ့သည်။
ပန်းခင်းလမ်းမရောက်မီ ဖြတ်သန်း ကျော်လွှားခဲ့ရသည့် နှစ်များတွင် အဓိပတိ လမ်းကတော့ ကိုယ့်အတွက်အဖော် တစ်ယောက်ပမာ ယှဉ်တွဲလျက်ရှိနေခဲ့သည်။ လုပ်ငန်းခွင်မှတစ်ဆင့် အချိန် လုပြီး သူ့ရင်ခွင်ခိုလှုံရသည့်တိုင် အချိန်မရသည့် ကြားမှ အဓိပတိလမ်းကို လွမ်းတသော စိတ်ဖြင့် အမြဲရောက်ဖြစ်အောင် သွားလေ့ရှိသည်။ အဓိပတိလမ်းတစ်လျှောက် ခပ်သုတ်သုတ် လျှောက်လှမ်းရင်း ဘွဲ့နှင်းသဘင်ဆီ ငေးမျှော်လှမ်းကြည့်ရသော အခိုက်အတန့်ကို သိပ်မက်မော ခဲ့သည်။ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ရသည့်အပြင် လောက၏ အတွေ့အကြုံပေါင်းများစွာ၊ အခက်အခဲ များစွာ၊ အပြောင်းအလဲပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာကို ရင်ဆိုင်တွေ့ကြုံ ခဲ့ရသော သူ့အဖြစ်ကို တွေးလိုက်မိသည်နှင့် ကိုယ့်အခက်အခဲများက မြူမှုန်များပမာ ဖြစ်သွားရတတ်စမြဲ ပင်တည်း။
သူ့မေတ္တာကို ဝေမျှပေးစဉ်
မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲကို အကြောင်းပြုကာ နယ်မှကလေးများကို သူ့ဆီခေါ်လာပြရ သည့်အခါ မတွေ့တာကြာ သည့်တိုင် သူက လှိုက်လှဲနွေးထွေးမှုများ စွာနှင့်ကြိုဆိုနေသည်။
“ဒါက အဓိပတိလမ်းပေါ့”
“ဟိုရှေ့က ဘွဲ့နှင်းသဘင်ကြီးလေ”
“ဒါက တောင်ငူဆောင်၊ ဒါက မန္တလေး ဆောင်၊ ဟိုဘက်က ပဲခူးဆောင်၊ စစ်ကိုင်း ဆောင်၊ သထုံဆောင်၊ ပင်းယဆောင်၊ ဟောဟိုက သစ်ပုပ်ပင်ကြီးပေါ့၊ ဒါက RC လေ၊ ဒါကဝိဇ္ဇာခန်းမ၊ ဒီဘက်မှာ သိပ္ပံခန်းမ၊ ဟိုဟာစာကြည့်တိုက်၊ ဟိုဘက်က ဂျပ်ဆင်၊ ဒါက ပုဂံလမ်း၊ ဒါက စစ်ကိုင်းလမ်း”
ပြောလို့ မပြီးနိုင်၊ ပြလို့မပြီးနိုင်၊ လက်ညှိုးတထိုးထိုးနှင့်၊ ရွှင်ပျမြူးတူးသော အသံတို့က ဖုံးမရဖိမရ၊ သူ့ရင်ခွင်ခိုဝင်လိုက် ရသည်နှင့် နုပျိုလန်းဆန်းသွားသော စိတ်အသွင်နှင့် ကိုယ်အမူအရာတို့က အထင် အရှားမြင်သာနေပြန်သည်။
ကလေးများက ဖုန်းများဖြင့် ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်ရင်း သူ့ပုံရိပ်များကို ဖမ်းယူ မှတ်တမ်းတင် နေကြသည်။ ကိုယ်တို့တုန်းကတော့ ဖုန်းလည်းမကိုင်နိုင်သေးသလို ဓာတ်ပုံ ကင်မရာများနှင့်လည်း မှတ်တမ်း တင်ဖို့ ခက်ခဲခဲ့ကြချိန်ဖြစ်သည်။ သို့သော် ကိုယ်တို့ နှလုံးသားထဲမှာတော့ သူ့ပုံရိပ်၊ သူ့မြင်ကွင်းက ထာဝရအထင်အရှားမြင် နေရဆဲပင်။
နယ်မှာသာ ကြီးပြင်းကျင်လည်နေရသော ကလေးတို့၏ စူးစမ်းလိုစိတ်များ၊ ကြည်နူးအံ့ဩစိတ် များဖြင့် တဖျတ်ဖျတ် လက်နေသော မျက်ဝန်းလေးများကို စာနာ သောစိတ်ဖြင့် အတွေ့အကြုံ တွေကို ဝေမျှဖြစ်သည်။ ကလေးတို့၏ ကြည်နူး ရင်ခုန်ခြင်း အသွင်သည် လွန်ခဲ့သောနှစ် များစွာဆီက သူ့ရင်ခွင်ကို ကိုယ်ရောက်ခါစ ကြုံတွေ့ခံစားရသော ခံစားချက်မျိုးပင် ဖြစ်နိုင်ပါသည်။ ကိုယ်ကိုယ်တိုင်ပင် သူ့ရင်ခွင်ကို ယခုတစ်ဖန် ရောက်ရခြင်း၏ ကြည်နူးခြင်းဓာတ်ခံသည် ကိုယ့်အပြုံး တို့ကိုပါ ဝေဆာနေစေခဲ့သည်ပင်။
ပြောမကုန်သည့် သူ့အကြောင်းတွေကို မိတ်ဆက်ဆိုရင်း “သူ့ရင်ခွင်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ ဇာတ်လမ်းပေါင်း များစွာမှာ သူကတော့ မပါမဖြစ် ဇာတ်လိုက်ကျော်ပါပဲ ကလေး တို့ရေ” လို့ စကားစမိတော့ “တီချယ့် ဇာတ်လမ်းထဲမှာရော သူက ဇာတ်လိုက်ပဲ လားဟင်” ဟု မေးခွန်းထုတ်ကြသည်။ “အမြဲတမ်းပေါ့ကွယ်”ဟု ခပ်ပြုံးပြုံးဖြေရင်း အဓိပတိလမ်းနှင့် ကိုယ့်ရဲ့ ဇာတ်လမ်းကို ပြန်ပြောင်းသတိရမိသေးသည်။
တိုက်တိုက်ဆိုင်ဆိုင် အဓိပတိလမ်းဆီ ဖြတ်သန်းသွားနေရင်း ခပ်ဝေးဝေးမှ ဥဩငှက်၏ တေးသီသံ ကို ကြားလိုက်ရသည့်အခါ ကိုယ်တို့ ဆရာတပည့်တစ်တွေ၏ စကားသံများ ရုတ်ချည်း တိတ်ဆိတ် သွားကြ ပြန်သည်။ ကိုယ့်ခေါင်းထဲမှာလည်း ဂီတ စာဆို မောင်ကျော်ဇော၏ တက္ကသိုလ် နောက်ခံ သီချင်းတစ်ပိုင်းတစ်စက ခေါင်းထဲ ပေါ်လာသည်။
“xx ရာသီတွေ ဘယ်လိုဟောင်း ပြောင်းစေ တစ်နွေပြီးတစ်နွေ xx ဖြေပြီး မပြေတဲ့ မပြေသူတွေအတွက် xx နှလုံးသား မေတ္တာ အရောင်ခံအချစ်ရဲ့ အရှုံးသမား သစ္စာတော်ခံအဖြစ်နဲ့ xx ကံ့ကော်တောက ဥဩကလေးများကတော့ ထာဝရအလွမ်း တေးကို ပန်းမပေးဘဲ သီကြွေးနေလေ မည် . . . xx ”
ဥဩသံကြားလျှင် လွမ်းစရာကြီးဟု ခံစားမိတတ်သလို သူနှင့်တွေ့ကြုံဖူးသူတိုင်း လည်း အမှတ်တရတွေအဖြစ် ကျန်နေရစ် ကာ သူ့အကြောင်းကို တွေးလိုက်တိုင်း သူ့ကို လွမ်းနေမိမည်မှာ သေချာပါသည်။
အမှတ်တရတွေနှင့် အနှစ်တစ်ရာ
အနှစ်တစ်ရာပြည့်ပြီဖြစ်သော သူ့အသွင်က ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိဆဲ။ ဘယ်နေရာ ကြည့်ကြည့် အလှဝေဖြာနေ ဆဲပင်။ နှစ်တစ်ရာပြည့်အတွက် ကြိုတင်ရင်ခုန်နေကြသူတို့၏ ရင်တွင်းခံစားချက်များ၊ ရင်ခုန်သံများက ထပ်တူထပ်မျှ၊ စည်းချက်ညီညီ။ နှစ်တစ်ရာ ပြည့်ပွဲကို မည်သို့နွှဲလိုက်ကြမည်ဟူသော မျှော်လင့်ချက်ရောင်ခြည်များက တဖွားဖွား ယှက်သန်းလျက်။ ကိုဗစ်၏ နှောင့်ယှက်မှုများ ကြားမှပင် နှစ်တစ်ရာပြည့် အခမ်းအနား အတွက် ပြင်ကြဆင်ကြနှင့်၊ မမောနိုင် မပန်းနိုင်။ သောကြာနေ့တိုင်း MRTV မှ တက္ကသိုလ်ရာပြည့်သဘင်အထိမ်းအမှတ် အမှတ်တရတေးသီချင်းများ ထုတ်လွှင့် သော အစီအစဉ်ကို တကူးတက စောင့်မျှော် ကြည့်ကြ၊ ရင်ခုန်ကြ၊ ငယ်မူငယ်သွေးပြန် နေကြသူများကို မြင်ရတော့ ထပ်တူ ကြည်နူးမိရသည်။
“xx ပန်းချီကဗျာထက်လှတဲ့ xx သီလာ တက္ကရဲ့ xx ကျွန်းညိုမြဝယ် xx မိုးမြေနိမ့် ယောင် မာယာဆောင်သို့ xx မြူနှင်း တို့ဝေတဲ့ကာလ xx ချမ်းမြမြဟေမာန်ဝယ် xx ” ဟူသော တေးဆို ခင်မောင်ကြီး၏ “တက္ကသိုလ်မှာ ဝေတဲ့နှင်း” သီချင်းကို ရာပြည့်သဘင် အမှတ်တရအစီအစဉ်တွင် ခံစားနားထောင်လိုက်ရသည်။ ဆောင်း နံနက်ခင်း၏အလှကို နောက်ခံထားသော တက္ကသိုလ်၏ ပုံရိပ်ကို စကားလုံးအလှများ ဖြင့် ဆင့်ကာစီကာ တေးဖွဲ့ဆိုထားသော တေးရေးကိုလေးလွင်၏ လက်ရာ၊ တေးဆို ခင်မောင်ကြီး၏ အသံက ငယ်ငယ်ကတည်း က နားမှာစွဲခဲ့သည်။ ယခု ပြန်ကြားရ နားထောင်ရပြန်တော့လည်း ရင်ထဲတသိမ့် သိမ့်နေအောင် ခံစားရသည်။
“ ရေလှိုင်းခတ်သံ xx သစ်ရွက်ကြွေသံ ကြားပြန်တော့လည်း xx မောင့်ကိုပဲ သတိရနေ xx ” ဟု အစချီသော “တက္ကသိုလ် ကျောင်းက ငွေလမင်း” သီချင်းကလည်း တက္ကသိုလ် ပုံရိပ်တွေအကြောင်း ပြောလျှင် မပါမဖြစ်သော သီချင်းတစ်ပုဒ်ဟု ဆိုရမည်။ ကိုယ့်အတွက်ကတော့ နှစ်တစ်ရာ ပြည့် အထိမ်းအမှတ်အဖြစ် ထိုသီချင်းကို စာပေရှုထောင့်မှ လေ့လာသုတေသနပြု ထားသည့် စာတမ်း တစ်စောင်ကို (၁၉) ကြိမ်မြောက် မြန်မာနိုင်ငံဝိဇ္ဇာ/သိပ္ပံစာတမ်းဖတ်ပွဲ တွင် ဖတ်ခွင့်ရခဲ့သည်။ နှစ်တစ်ရာပြည့်ပွဲကို တစ်ထောင့်တစ်နေရာမှ ဆင်နွှဲခွင့်ရခဲ့သည့် အမှတ်တရအဖြစ် မှတ်ယူမိသည်။ သူ့ရင်ခွင် တွင်ခိုလှုံခွင့်ပေးခဲ့သော ကျေးဇူးတရားကို ဆပ်ခွင့်ရခဲ့သည်ဟုလည်း ကျေနပ်နေမိ သည်။ ထို့အပြင် အဓိပတိလမ်းကို ခေါက်တုံ့ခေါက်ပြန် ဖြတ်လျှောက်ရင်း ရရှိခဲ့သော အားအင်များ ကြောင့်ဟုလည်း ဆိုနိုင်ပါသည်။
ကိုယ့်အတွက်တော့ သူ့ရင်ခွင်တွင် ခိုလှုံခွင့်ရချင်သော အိပ်မက်များက တကယ် ဖြစ်လာခဲ့သည့် အတွက်တော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ကျေးဇူးတင်မိသည်။ ထို့အတူ သူ့ရင်ခွင် ကိုရောက်ခါစ ကြုံတွေ့ခံစားရသော သိမ်ငယ်စိတ်၊ အားငယ်စိတ်များကို ဖြေသိမ့် ပေးခဲ့သော အဓိပတိလမ်း၏ ကျေးဇူးတရားကလည်း ရင်မှာထာဝရ အရိပ်ထင်နေဆဲပင်။ သူ့ရင်ခွင်ဆီမှာ ခြေရာချင်းထပ်အောင် သွားခဲ့ဖူးသော်လည်း သွားချင်နေမြဲ၊ ရောက်ချင်နေမြဲ။ ရောက်တိုင်း၊ လျှောက် တိုင်းလည်း ဘယ်အချိန်ဖြစ်ဖြစ် အဓိပတိ လမ်းကို မမောမပန်း ဖြတ်လျှောက်ချင် နေဆဲပင်။ အဓိပတိလမ်းကလည်း သူ့ရင်ခွင် ဆီရောက်လာသူမှန်သမျှကို ကျောခင်းလို့ ကြိုဆိုမြဲပင်။
“ တက္ကသီလာ xx သူ့ကမ္ဘာမှာ xx ခုအခါဆို ငုဝါဝါနဲ့ စိန်ပန်းအပြာ xx အနီရာသီ ခရမ်းရင့် xx ရင်ခုန်ပွင့်တွေ xx လွင့်လေချီရာ ကတ္တီပါဖြန့် xx သက်တံပန်းခင်း တသင်း သင်းမွှေးကာ xx အတွေးမှာ စွယ်တော် xx အဝေးမှာ ကံ့ကော်တွေဖူး xx လေရူးတွေ နှောက်တဲ့ အချိန်ခါ xx ရေတမာပင်တန်းနဲ့ ရွက်ကြွေတောရေ xx လွမ်းလွမ်းစရာxx အဓိပတိလမ်းမှာ မိုး မိုးတွေရွာ xx ” ဆိုသော သီချင်းစာသားအတိုင်း ကံ့ကော်၊ စိန်ပန်း၊ ရေတမာတန်းများခြံရံကာ ကျက်သရေရှိရှိ လှနေသော အဓိပတိလမ်းကို စိတ်အတွေး တွင် မှန်းဆမျှော်ငေးမိသည်။ ခုချိန်မှာ “မျှော်လေတိုင်းဝေး တွေးလိုက်တိုင်းမြင် မြင်လိုက်တိုင်းလွမ်း လွမ်းတိုင်းမျက်ရည် လည် စရာ. . .” ဖြစ်နေသော အဓိပတိလမ်းမှာ မိုးတွေရွာ၊ မရွာ သေချာမသိနိုင်သော်လည်း ကျောင်းသား၊ ကျောင်းသူများနှင့် ဝေဆာနေမည့် သူ့ပုံရိပ်ကိုတော့ အဓိပတိလမ်းမကြီးက တိတ်တိတ်ဆိတ်ဆိတ် ဖြင့် မျှော်ငေးတမ်းတ နေမည်မှာ သေချာပါသည်။ သူ့ရင်ခွင်ဆီ ခိုလှုံသူမှန်သမျှကို ဘွဲ့နှင်းသဘင်ဆီ ပို့ခွင့်ရ နိုင်မည့် အခွင့်အရေးကိုလည်း စောင့်မျှော် နေမည် ထင်ပါသည်။
ခေတ်အဆက်ဆက် လောကဇာတ်ခုံ အဖုံဖုံတွင် အပြောင်းအလဲများစွာ၊ ဖြစ်ရပ် ပေါင်းများစွာ၊ လောကဓံပေါင်းများစွာကို အနှစ်တစ်ရာတိုင် ဖြတ်သန်းရင်ဆိုင်ခဲ့သူ ပီပီ နောက်နှစ်ပေါင်းများစွာ တိုင်လည်း တည်ကြည်ရင့်ကျက်မှုအပြည့်ဖြင့် ရှင်သန် တည်ရှိ နေဦးမည်ဟု ယုံကြည်နေမိသည်။ သူ့ရင်ခွင်ကို ခိုလှုံသူမှန်သမျှကို သူ့အတွေ့ အကြုံများကို ဝေမျှရင်း၊ သူ့အလှအပများကို ခံစားစေရင်း အားအင်များစွာ ပေးနေ ဦးမည်မှာ သေချာပါသည်။ အထူးသဖြင့် အဓိပတိလမ်းကို ကျောခင်းကာ ဘွဲ့နှင်း သဘင်ဆီ အရောက်ပို့နေဦးမည်မှာ သေချာ ပါသည်။ ။
ဆောင်းပါးရှင်၏
ကိုယ်ရေးအကျဉ်း
----------------------
- အမည်ရင်း ဒေါက်တာအေးစုငြိမ်း
- ရာထူး၊ အလုပ်အကိုင် - ကထိက၊ မြန်မာစာဌာန၊ မအူပင်တက္ကသိုလ်။
- အဖ ဦးခင်ဇော်ဝင်း၊ အမိ ဒေါ်မြင့် မြင့်အေးတို့မှ (၁-၁၁-၁၉၈၇) ရက်နေ့တွင် မအူပင်မြို့၌ မွေးဖွားခဲ့ပါသည်။
- ၂၀၀၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး ၂၀၀၈ ခုနှစ်တွင် ဂုဏ်ထူးတန်းဘွဲ့ (BA.Hons)၊ ၂၀၁၀ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ (MA)၊ ၂၀၁၁ ခုနှစ်တွင် မဟာသုတေသနဘွဲ့ (MRes) တို့ကို မအူပင်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပါရဂူဘွဲ့ (PhD) ကို “တင်မိုး၏ ကဗျာအနုပညာ ဖန်တီးမှု” ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။
- ပန်းသွန်းသွန်းခက် ကလောင်အမည်ဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ကဗျာများ၊ ဆောင်းပါးများ၊ ရသစာတမ်းများ၊ ပုံပြင်များကို ရေးသားလျက်ရှိပါသည်။
- နည်းပြရာထူးဖြင့် ပဲခူးတက္ကသိုလ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိတွင် မအူပင်တက္ကသိုလ်၊ မြန်မာစာဌာန၌ ကထိကရာထူးဖြင့် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
ပန်းသွန်းသွန်းခက်