Skip to main content

အမိတက္ကသိုလ်မြေမှ မူသစ်ဆောက်တည်ခဲ့ကြသူများ

‌ဒေါက်တာညိမ်းညိမ်း

တကသီလာဆိုတာ လေ့လာသင်ယူ စုဆောင်းကြံစည် တွေးတော၊ ကြံဆတီထွင်ဖြန့်ချိရတဲ့ နေရာပါ။ မျက်မှောက်ခေတ် အလိုအရတော့ သုတေသနရပ်ဝန်းတဲ့။ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင် နေတဲ့ ကျွန်မဟာ သုတေသနရပ်ဝန်းမှာ ဘာတာဝန်တွေထမ်းလို့၊ ဘာတွေများ တီထွင်ကြံဆ တိုးတက်ပြန့်ပွားအောင် လုပ်ခဲ့သလဲလို့ ဆင်ခြင်မိပါတယ်။ သိပံပညာရပ်တွေ လို ဓာတ်ခွဲခန်းရလဒ် တွေနဲ့ သက်သေမပြနိုင်တဲ့ ဝိဇ္ဇာ ဘာသာရပ်တွေက လူတွေရဲ့ လောကအမြင်၊ ဘဝအမြင်တွေ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲအောင် ဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲ၊ သက်သေပြမလဲလို့ မေးစရာ၊ တွေးစရာဖြစ်ပါတယ်။

ဆရာတကသိုလ်ဘုန်းနိုင်ရေးသားခဲ့တဲ့ “တကသိုလ်နန်း” သီချင်းမှာ “ပညာတံခွန် အောင်လံလွှင့်လို့ ကြငှန်းမြင့်တော့လေသည်။ ဝိဇ္ဇာလောက မူသစ်ဆောက်တည် အဝိဇ္ဇာမောဟ မြူညစ်ပျောက်မည်” လို့ တကသိုလ် ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ပညာတွေနဲ့ မသိခြင်း၊ မတတ်ခြင်း၊ နားမလည်ခြင်း၊ ဆင်ခြင်တုံတရား မရှိခြင်း၊ မေ့လျော့ပေါ့ဆခြင်းဆိုတဲ့ အဝိဇ္ဇာမောဟ တွေကို ပယ်ရှားဖို့ လမ်းညွှန်ခဲ့ပါတယ်။

ရန်ကုန်တကသိုလ်ဟာ “ဝိဇ္ဇာလောက မူသစ် ဆောက်တည်ခဲ့တဲ့ တကသိုလ်ကြီး” ပါလို့ ညွှန်းဆို နိုင်မယ့် အချိန်တွေကို မြန်မာစာသမားတစ်ယောက်အနေနဲ့ ပြန်ဆင်ခြင်မိတဲ့အခါ တွေးနေကျ အတွေး၊ မြင်နေကျ အမြင်တွေက လမ်းခွဲထွက်ပြီး အတွေးအမြင်သစ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြ လိုက်တဲ့ ခေတ်စမ်းပုံပြင်တွေကို အမှတ်ရမိပါတယ်။ “ခေတ်စမ်းရနံ့ဖြာ လောကဘုံ ဓမတာ” ဆိုတဲ့အတိုင်း ပုံပြင်တွေ ဒဏ္ဍာရီတွေနဲ့ကွာခြားတဲ့ လောကီထုပတ် လူတို့ဇာတ်ကို အရှုအမြင် တစ်မျိုးနဲ့ ခေတ်စမ်းစာဆိုတွေက ကြည့်ခဲ့ကြတယ်။ ရေးသားခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အဆင်တန်ဆာထက် အရိုးခံသဘာဝကို လက်ခံလာခဲ့တယ်။ ခေတ်စမ်းပုံပြင် ဖန်တီးသူတွေရဲ့ ဦးဆောင်မှုကြောင့် လောကကိုရှုမြင်ပုံ တွေ ပြောင်းလဲခဲ့ပါတယ်။

“မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် အစားထိုးအံ့ ”ဆိုတဲ့ ဂန္ထလောကမဂင်းရဲ့ ကြွေးကြော်သံအတိုင်း ခေတ်စမ်းပုံပြင်မှာ သူတို့ရဲ့အတွေးအခေါ်တွေကို ချပြခဲ့သူတွေကတော့ သိပံမောင်ဝ၊ မောင်ဧမောင်၊ မောင်သိန်းဟန်(ဇော်ဂျီ)၊ မောင်ဝန်(မင်းသုဝဏ်)၊ မောင်တိုးအောင် စတဲ့ ရန်ကုန်တကသိုလ်က ကျောင်းသားတစ်စုပါပဲ။ အတွေးရော အရေးပါဆန်းသစ်အောင် မူသစ် ဆောက်တည်ခဲ့ကြသူတွေလို့ ဆိုနိုင်ပါတယ်။ ဝါကျတိုဖွဲ့ဟန်ထူးထူးခြားခြားနဲ့ ခေတ်စမ်းပုံပြင် များစွာကို ဖန်တီးခဲ့သူကတော့ သိပံမောင်ဝပါ၊ ရှေးအခါက ဝါကျ ရှည်ကြီးတွေနဲ့ လေသံရှည်ရှည် ရေးလေ့ရှိတဲ့ စာဟန်ကို ပြောင်းလို့ စာဖတ်ပရိသတ်ကို ဖမ်းစားလိုက်တဲ့ သိပံမောင်ဝရဲ့ ဝါကျတိုရေးဖွဲ့ဟန်တွေက ရှင်းလင်း လွယ်ကူ ပါတယ်။

“နံနက်ခင်း တဲအနီး မီးလှုံကာ ထန်းမြစ်ဖုတ်စား၊ ပဲပြုတ်နှင့်ထမင်းကြမ်းကို လက်ဖက်ရည်ကြမ်းနှင့် မြည်းဆိမ့်တိမ့်တိမ့် အီတီတီ၊ နတ်သုဒ္ဓါမီပါ့မလား၊” “ညနေခင်းတွင် မြစ်ဆိပ်မှာ အပျိုတစ်သင်း ရေခပ် ဆင်းရှာကြ၊ တစ်ယောက်ကိုတစ်ယောက် ခေါ်သူခေါ် ပျော်လိုက်ကြတဲ့ အပျိုတွေ အတင်း ပြောလိုပြော ရည်းစားအကြောင်း ဆွေးနွေးလိုဆွေးနွေး -- ” “လောကတွင် ကျေနပ်လျှင် စိတ်ချမ်းသာ၊ စိတ်ချမ်းသာလျှင် သုခကြီးပင်တည်း” လို့ ကောက်ချက်ချပြလိုက်တဲ့ သိပံမောင်ဝရဲ့ လောကအမြင်က တွေးစရာဖြစ်ပါတယ်။ ရောင့်ရဲတင်းတိမ်စွာ နေတတ်ခြင်းဟာ ချမ်းသာခြင်း ပါပဲလို့ သတိပြုမိလာစေ ပါတယ်။

“ရွာ့ကျက်သရေ” လို့ဆိုတဲ့ ဆရာစောရဲ့ ရွာကျောင်း ကလေးက ဆရာစောနဲ့ကျောင်းသားတွေကို သိပံမောင်ဝ ကြည့်ပုံရှုပုံက တစ်မျိုးထူးခြားပါတယ်။ “ဆရာစော၏ ပုံပန်းကား အသားနက်နက်၊ မျက်လုံး ကျယ်ကျယ်၊ နှုတ်ခမ်းတွဲတွဲ၊ နှာတံကောက်ကောက် သို့သော် ကြောက်စရာကား မကောင်းပေ။ တစ်ထွာခန့် ရှည်သော ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပဝါဖြင့် ပေါင်းထား၏၊ အကျကားမရှိ၊ လုံကွင်းမှာ လက်နှီးရောင်၊ ဖာထေးရာတွေမှာ အနန၊ အောက်ဘက်အစတွင် အကွဲက နှစ်ကွဲ၊ လက်ထဲတွင်ကား ကြိမ်လုံးတစ်လုံးကိုကိုင်လျက်။”

“သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်” ဆိုသော စကားနှင့်အညီ ကျိုး၍သွားသော သစ်သားရိုး၏ နေရာတွင် ဝါးရိုးကို တပ်၍ထား၏။ ထိုဆေးတံကြီးကို ဖွာကာဖွာကာ ဆယ်အိမ်ခေါင်း ဦးလူမော်နှင့် တွဲရေးခွဲရေးအကြောင်း ဆွေးနွေးနေကြလေသည်”----လို့ ဆရာစောကို ပုံဖော်ပါ တယ်၊ အဲဒီအချိန် သူ့ကျောင်းသားတွေ ဘာလုပ်နေသလဲ ဆိုတာကို ကြည့်ကြပါဦး။

“မောင်တင်နှင့်မယ်အေးတို့သည် တစ်ယောက်ကို တစ်ယောက် ဆဲရေးနေကြလေသည်။ ငထွန်းကား စာမအံ၊ ယင်ကောင်တွေဖမ်းမိလျှင် နောက်တိုး၏ နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်းတို့ တစ်ယောက်နှင့် တစ်ယောက် စကားများကြပြီးနောက် တစ်ယောက် တစ်ချက်စီ ထိုးနေကြလေသည်”တဲ့။
ဆရာစောရဲ့ကျောင်းကို ရွာ့ကျက်သရေ၊ ဆရာစော ကျောင်းက ကျောင်းသားတွေဟာ နောင်တစ်ချိန် မှာ မြန်မာပြည်ရဲ့ သမတဖြစ်လာနိုင်တယ်လို့ သိပံမောင်ဝက ကောက်ချက်ချပါတယ်။ လူသားတွေရဲ့ စွမ်းပကားဆိုတာ ဘောင်ခတ်လို့မရနိုင်ကြောင်း ပြသခဲ့တယ်လို့ ဆိုနိုင်ပါ တယ်။

ကြုံရဆုံရ ဘုံဘဝမှာ ကျင်လည်နေသူတွေရဲ့ အပြု အမူတွေကို အာရုံပြုရေးဖွဲ့တတ်တဲ့ ဇော်ဂျီရဲ့ “သော့တွဲ နဲ့နတ်ရုပ်”ဆိုတဲ့ ခေတ်စမ်းပုံပြင်ထဲက ကိုချိပ်နဲ့ မရွှေပွင့် တို့လင်မယား ရန်ဖြစ်တဲ့ အခန်း ဟာ သဘာဝကျလှပါတယ်။ မုဆိုးဖို ကိုချိပ်ဟာ မရွှေပွင့်ရဲ့ သော့တွဲကို မြင်ပြီး ချမ်းသာ တယ်လို့ ယူဆတယ်။ စလုတ်ရဲ့ ဝဲယာ နှစ်ဖက်မှာ ဆေးနီနဲ့ နတ်ရုပ်ထိုးထားတဲ့၊ မနလေးပုဆိုးကို‌ခါးပေါ်က မချတဲ့ မုဆိုးဖိုကိုချိပ်ကို အထင်ကြီးခဲ့တဲ့ မရွှေပွင့်တို့နှစ်ယောက်ဟာ ပတ်ဝန်းကျင်က တိုက်တွန်းမှု တွေကြောင့် ပေါင်းဖက်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်သည်ဘဝကို ရောက်တဲ့အခါ အပေါ်ယံ ဟန်ဆောင်မှုတွေ ကွာကျပြီး အချင်းချင်းရဲ့ တကယ့်ဘဝကို သိမြင်လာတယ်။ အဲဒီအခါမှာ ဘယ်လိုမှ အဆင်မပြေတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် စောင်းချိတ်ပြောဆိုကြပါတော့တယ်။

“ဟဲ့--ခွေး--တိတ်၊ နွားလှည်းက သူ့ဘာသာ သူမြည်တာ နင်နဲ့ဘာဆိုင်လို့လဲ” “အိမ်ဦးခန်း သင်ဖြူး ဖျာချောပေါ်တွင် အစင်းသား အိပ်နေသော ကိုချိပ်သည် ခေါင်းထောင်ကြည့်လိုက်၏။ ထိုအခါ မရွှေပွင့်က -- “နင့်ကို မွေးမိတာ ငါ့မှာ ငါးပါးကြီးမှောက်နေပြီ။ နင်ဟာ အူတတ် ဟောင်တတ်တာပဲ သိတယ်။ နင့်မှာ ဘာအမွေးတစ်ပင်မှ မရှိဘူး။” “မရွှေပွင့်ရယ် ခွေးနဲ့ဖက်ပြီး ရန်ဖြစ်ရသလား။”
“ဖြစ်တယ် ဖြစ်တယ်။ တော်နဲ့ဘာမှ မဆိုင်ဘူး” “တယ် --ဒီမိန်းမ--” “ဘာ---ဘာ--” “မင်းမှာလဲ ဘာအမွေးတစ်ပင် ရှိလို့လဲ။ သော့တွဲပဲရှိတယ် မဟုတ်လား” လင်မယားရန်ဖြစ်ခန်းကို သဘာဝ ကျကျရေးဖွဲ့ ထားတာ ပီပြင်လှပါတယ်။ သော့တွဲကြီးကို ခါးမှာ ချိတ် ထားတတ်တဲ့သူတွေကိုတွေ့ရင် မရွှေပွင့်ကိုအမှတ်ရပြီး ပြုံးမိတတ်လာပါတယ်။ အပေါ်ယံဟန်ဆောင်မှုကို အထင်ကြီးမိရင် လက်တွေ့ ဘဝမှာ ဒုကနဲ့ရင်ဆိုင်ရပါလားလို့လဲ တွေးတတ်လာပါတယ်။ “ဦးသောဘိတနဲ့ကိုခင်” ဆိုတဲ့ ခေတ်စမ်းပုံပြင်မှာ တော့ မိန်းမတွေမကောင်းကြောင်း ရေးတတ်တဲ့ ရှေးစာဆိုတွေရဲ့ အယူအဆကို ဆင်ခြင်သင့်တယ်လို့ ဆရာဇော်ဂျီက အလင်းပြပါတယ်။

ဇာတ်ဆောင်ဟာ မိန်းမ မကောင်းကြောင်းတွေကို ရေးထားတဲ့ စာအုပ်နှစ်အုပ်ကို မနလေးမြို့ စကုတိုက် မှာနေတဲ့ ဦးသောဘိတဆီကို ပို့ပေးရမှာပါ၊ အဲဒီစာအုပ် နှစ်အုပ်လုံးက မိန်းမ မကောင်းကြောင်းတွေကို ရေးထား တယ်တဲ့။ ဒီစာအုပ်တွေကို လှန်လှောဖတ်ရင်း ဇာတ်ဆောင်က ဒီလိုတွေးပါတယ်။
“အော်-- ဒီစာအုပ်ထဲမှာ မိန်းမတွေ မကောင်း ကြောင်းချည်း ရေးထားတာပဲ၊ ရေးတဲ့သူဟာ မိန်းမတွေနဲ့ ခွကျခဲ့ပြီထင်တယ်။ နောက်ပြီးတော့ မိန်းမတွေကို “မရှိမကောင်း ရှိမကောင်းတည့်။ မပေါင်းလဲခက် ပေါင်းလဲခက်၏”တဲ့။ ဆိုလို့ ရွတ်လို့တော့ အကောင်းသား။ နို့ပေတဲ့ ဒီလိုသာဖြစ်ရင် ယောက်ျားတွေ ဘယ်လိုနေကြ ရမလဲ” လို့ ဇာတ်ဆောင်က တွေးနေပါတယ်။

စာပို့တိုက်ကို ရောက်တဲ့အခါမှာတော့ ယောကျ်ားကို အင်မတန် မြတ်နိုးတွယ်တာ ဂရုစိုက်တဲ့ စာပို့တိုက်က စာရေးမကြောင့် ဇာတ်ဆောင်ရဲ့ အတွေးတွေ ပြောင်းလဲ သွားပါတယ်။

“အော်--ကိုခင် မိုးရွာကြီးထဲမှာ ဘာကိစများ ထူးလာပြန်သလဲ။ အိမ်ကိုရောက်ခဲ့ပလား။ ထမင်း စားပြီးပလား။ ကျွန်မပြင်ထားခဲ့တယ်လေ။ (နာရီကိုကြည့်လိုက်) ဒီနေ့မနက် ကိုခင် အလုပ်ဆင်းတာ စောလှချေကလား၊ လုံချည်လဲ မိုးတွေစိုလို့၊ ရှင့်နှယ်ရှင် ထီးလဲအပါသားနဲ့”

“အင်း--အင်း ဘယ်ကလာပြီး ထမင်းစားရဦးမှာလဲ၊ သော့ကို ထားမပစ်ခဲ့ဘဲနဲ့။” “ဟောတော့-- ဒေါ်ဒေါ်ခါကို သော့မပေးခဲ့မိဘူး၊ ကြည့်ပါဦး မေ့တတ်လိုက်တဲ့ဖြစ်ခြင်း” “နောက်ကို မမေ့ပါဘူး တော်”

စာရေးမဟာ အိမ်သော့ကို ဘေးအိမ်မှာအပ်ထားခဲ့ဖို့မေ့ခဲ့တဲ့အတွက် သူ့ခင်ပွန်းက စာပို့တိုက်ကို လိုက်လာပြီး သော့ယူရပါတယ်၊ ခင်ပွန်းဖြစ်သူ ထမင်းမစားရသေးတာ၊ သော့လိုက်ယူရင်း မိုးစိုလာ တာကိုမြင်လို့ စိတ်မကောင်း ဖြစ်နေပါတယ်။ သူ့အလုပ်ကို သတိမရ၊ ဇာတ်ဆောင်ပေးထားတဲ့ စာအုပ်ထုပ်ကို စာရင်းမသွင်းသေးဘဲ ကရားရေလွှတ် တတွတ်တွတ် ပြောနေတယ်။
ယောက်ျားဖြစ်သူ ကိုခင်က အိမ်သော့ကိုယူပြီး ထွက်သွားချိန်မှာမှ ဇာတ်ဆောင်ရဲ့ စာအုပ်ထုပ်ကို စာရင်းသွင်းပါတယ်။ အဲဒီအခါ လိပ်စာမှာ ဦးသောဘိတလို့ ရေးရမယ့်အစား “ကိုခင်”လို့ ယောင်ပြီး ရေးလိုက်ပြန်တယ်။
စာရေးမရဲ့ မေတ္တာကို ဖော်ပြရင်း မိန်းမမကောင်းကြောင်း ရေးခဲ့တဲ့ စာတွေဟာ မှန်ရဲ့လားလို့ ပြန်သုံးသပ်ဖို့ စာရေးသူက လမ်းပြလိုက်ပါတယ်။ ရှေးအယူအဆတွေ အစွဲအလမ်းအမှားတွေကို ပြောင်းလိုက်ပါလို့ ပြောလိုက် သလိုပါပဲ။ မထင်မှတ်ထားတဲ့ ပြကွက်ကလေး တစ်ခုကြောင့် အယူအဆတွေ ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ညွှန်ပြလိုက်တယ်လို့ ကျွန်မနားလည်ပါတယ်။

တစ်ခါက အမျိုးသမီးရေးရာကိစတွေနဲ့ တွေ့ဆုံ ခန်းတစ်ခုမှာ ကျွန်မကြားလိုက်တာက--
“မိန်းမတွေက သိပ်ကို လေးစားဖို့ ကောင်းပါတယ်။ ခိုင်းလို့လဲ သိပ်ကောင်းပါတယ်။ သူတို့ကို နေရာပေးပြီး ဆက်ဆံဖို့ပဲလိုပါတယ်။ အလုပ်ကအပြန် မောလာသူချင်း အတူတူ ယောကျ်ား လုပ်သူက “ပင်ပန်းလိုက်တာကွာ--မိန်းမရေ”ဆိုပြီး ဂျာနယ်ကောက်ဖတ်နေချိန်မှာ မိန်းမလုပ်သူက ရုံးအဝတ်အစားတောင် မလဲနိုင်ဘဲ သံပုရာရည်ဖျော်ပေးတတ်တဲ့ သူတွေပါ။ ချော့ပြီးတော့ သာ ခိုင်းပါလို့” အမေးခံ အမျိုးသမီးက ရယ်စရာနှောပြီး ပြောသွားတယ်။ သူ့မိသားစုဘဝကို သူ ဘယ်လောက်တောင် ပျော်မွေ့သလဲလို့ ကျွန်မတွေးမိတဲ့အခါမှာ သတိရလိုက်တာက “ဦးသောဘိတနဲ့ ကိုခင်” ထဲက စာရေးမပါပဲ။

မိန်းမမုန်းတရားကိုဖတ်မယ့် ဦးသောဘိတနဲ့ အလုပ်ထဲမှာ အမှားမှားအယွင်းယွင်းဖြစ်သည်အထိ ကိုခင်အတွက် စိတ်ပူနေရှာတဲ့ စာရေးမရဲ့ မေတ္တာကို စာရေးသူက နှိုင်းယှဉ်ကြည့်ပါလို့ ခိုင်းလိုက် သလိုပါပဲ။

ခေတ်စမ်းပုံပြင်တွေကြားထဲမှာ ဖတ်မိတိုင်း ရယ်မောပျော်ရွှင်ရတဲ့ ကျေးရွာဘောလုံးပွဲအကြောင်း ကလည်း ထူးခြားပါတယ်။ စာရေးသူ ကုသရေးတဲ့ “ဝဇီကိုင်” ခေတ်စမ်းပုံပြင်က ‌ကော့ဂလဲ့ရွာ ဘောလုံးပွဲမှာ ဒိုင်လူကြီး လုပ်ခဲ့တဲ့ ရန်ကုန်တကသိုလ်ရဲ့ ကျောင်းသားတစ်ဦး ဘာတွေကြုံတွေ့ခဲ့ ရတယ်ဆိုတာကို ဟာသနှောလို့ ရေးသားထားပါတယ်။

“ဘောလုံးကွင်းမှာ ဘီ-အေ-အေ ကွင်းလိုမဟုတ်။ ထူးဆန်း မှတ်သားဖွယ် ကောင်းလှ၏။ အလျားအနံ ထပ်တူ ဖြစ်ရကား လေးထောင့်သဏ္ဌာန်ရှိ၏။ စည်းကြောင်း ဟူ၍မရှိ ဘေးနှစ်ဖက် နှစ်ချက်တွင် ရိုးငယ်တစ်ခုသာရှိလေ သည်။ ကြုံမှကြုံတွေ့ရတတ်သည်တကား။”

“ကစားမည့် ဘောလုံးအသင်း နှစ်သင်းအနက် တစ်ဖက် အသင်းမှာ အကျဗလာ၊ ကျန်တစ်ဖက်မှာ ကား နတ္ထိ၊ သို့ရှိဘိလည်း တစ်ဖက်အသင်းသားတိုင်းထုံးကို အရည်ဖျော်၍ ကိုယ်တွင်သုတ် ထားဘိ၏။ အားလုံး ခါးတောင်းကျိုက်နှင့်တည်း။ ဤကားချွေတာရေး အစစ်ပင်တည်း၊၊”

“အပေါက်စောင့်မှာ ဂိုးသမား၊ ၂-တန်းလူမှာ ဖူးလ်ဘက်၊ ၃-တန်းလူမှာ ဟဖ်ဘက်၊ ၅တန်းလူမှာ ဖောဝါဒ်၊ ရမ်းကားမှာ ဖောင်းလ်၊ ရှေ့လွန်မှာ အောက်ဆိုက်၊ ပိန္နဲသီးမှာ ပယ်နယ်လ်တီ တို့နှင့်ညီကြောင်းများကို အံ့ဩဝမ်းမြောက် စွာ သိရ၏။ အံ့ကြခြင်းကား နိုင်ငံခြား အခေါ်အဝေါ်တို့ကို မြန်မာစကားသက်သက်ဖြင့် မှန်ကန်တိကျစွာ ဘာသာပြန် ဆိုနိုင်ကြောင်း ထင်ရှားသိသာသော ကြောင့်တည်း။”လို့ ဆရာကုသက သွက်သွက်လက်လက်ပြောဆိုဟန်နဲ့ ဘောလုံးပွဲကို မိတ်ဆက် ပါတယ်။

အဲဒီမှာ ဒိုင်လူကြီးလုပ်ဖို့သွားတဲ့ တက္ကသိုလ် ကျောင်းသားရဲ့ ဟန်ပန်အမူအရာနဲ့ ဘောလုံးပွဲကို အားပေးကြတဲ့ ရွာသူရွာသားတို့ရဲ့ အော်သံဟစ်သံတွေကြောင့် ဝဇီကိုင်ကိုဖတ်နေရင်း ကိုယ်တိုင် ဘောလုံးကွင်းထဲ ရောက်နေသလို အင်မတန်ပျော်ရွှင်ခဲ့ရပါတယ်။

“မကြာမီပင် တောက်တဲ့သည် မြွေနဂါးသယ်လာသော ဘောလုံးကို ပြေး၍ဖျက်ရာ ပျက်လေသဖြင့် “တောက်တဲ့ ကွဲ့နော်။” ဟူသောချီးမွမ်းသံသည် ဟိန်း၍ သွားလေ၏။ သဘောကျလွန်းသဖြင့် ကွင်းထဲ ဝင်ကသူများလည်း ရှိ၏။

မကြာမကြာလဲ ကျွန်တော့်အား လက်ညှိုးထိုးကာ “ဗျို့ ဆရာကြီးနဲ့မြင်းကျား မတရားတော့ မလုပ်နဲ့နော် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါ့မယ်”ဟု အော်သူတွေမရှား။ “သံသရာဘေးကို ကြောက်ပါနော်”ဟု ဟစ်သူတွေက အဖုံဖုံ၊ အလုံးစုံ တစ်ခဲနက်သော အသံဆိုးကြီးများသည် အထက် မိုးကို ပျံ့နှံ့သွားချေတော့သည်။

ထိုအတွင်းဝယ် မြွေနဂါး ဘောလုံးယူလာရာ ပေါက်ဆိန်ပေါက်သည် ရုတ်တရက်ပြေး၍ ညိုသကျည်း ကို ကန်သဖြင့် မြွေနဂါး ပစ်လဲတော့၏။ ပရိသတ်အတွင်းမှ “ရမ်းကား” ဟူသော အသံဆိုးကြီးကို ကြားလိုက်ရကား ရမ်းကားကို မြွေနဂါးဘက်သို့ပေးရန် ကုလားတက် ခေါက်လိုက်တော့မှ အသံတိတ်တော့၏။ ပရိသတ်ထဲမှ “ဟေ့--ရှားနှစ်၊ ပုဏ္ဏက ဘာလုပ်နေကြသလဲ၊ ချပါတော့ လား၊ ဆော်လေ၊ တို့ဆီမှာ ဓားမြှောင်ပါတယ်၊ မကြောက်နဲ့၊ ဘာခံနေရသလဲ”စသည်ဖြင့် အော်စပြုလာ တော့၏။”

ဘောလုံးပွဲမှာ လောင်းကြေးထပ်ကြတဲ့ ကျေးရွာသား တို့ရဲ့ ရန်ပွဲကြောင့် နောက်ဆုံးမှာ မြင်းကို ဒုန်းစီးပြီး ပြန်ပြေးခဲ့ရတဲ့ တကသိုလ်ကျောင်းသားရဲ့ အဖြစ်သနစ်ကို ဖတ်ပြီး ဘောလုံးပွဲနဲ့ ပရိသတ်ရဲ့ သဘာဝဟာ ဒီနေ့ဒီအချိန် အထိ မပြောင်းလဲပါလားလို့ မှတ်ချက်ချမိပါတယ်။ “လူတွေ ဆိုတာ ဘယ်ခေတ်ဘယ်အခါမဆို အတူတူပါပဲ” လို့ အတွေးပွားခဲ့မိပါတယ်။

ခေတ်စမ်းစာဆို မင်းသုဝဏ်ဟာ ကျောင်းမသွားရတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်ကို “လောကဓံ”ဆိုတဲ့ အမည်နဲ့ လွမ်းဆွတ်နာကျင်ဖွယ် ပုံဖော်ခဲ့တယ်။ အပြိုင် ဝါကျပုံစံတူသုံးပြီး နာနာကျင်ကျင်ခံစားရေးဖွဲ့ခဲ့တဲ့အတွက် ဖတ်လိုက်တိုင်း ဖတ်လိုက်တိုင်း မြဝတ်ရည်နဲ့ ထပ်တူ ကျွန်မတို့လည်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။

“သီတင်းကျွတ်၊ တန်ဆောင်မုန်းလလောက်ကစ၍ လုပ်ငန်းကို သိမ်းရုပ်ပြီးလျှင် အားလပ်ခွင့်ယူသွား သော မိုးနတ်သားသည် အလုပ်ခွင်သို့ ပျော်ရွှင်စွာ ပြန်လည် ဝင်ရောက်စ ပြုလေပြီ။ မြဝတ်ရည်မှာ ကား ကျောင်းသို့ ပြန်မသွားရတော့ချေ။ ဒလတောကြီးတွင် ရွှေဖီပန်း၊ ပျဉ်းမပန်းတို့သည် တောတန်း ကို ရနံ့ထုံ၍ ငုံပွင့်စ ပြုလေပြီ၊ ကုန်းအထက်က ပုန်းညက်မြိုင်လည်း ကြိုင်လှိုင်စပြုလေပြီ။ မြဝတ်ရည် မှာကား ကျောင်းသို့ ပြန်မသွားရတော့ချေ။

တံစက်ကြောင်းတွင် မိုးပေါက်ကလေးတို့သည် ခုန်ကာပေါက်ကာ တဖြောက်ဖြောက်ကျလျက် ရေအိုင် ငယ်ထွန်းလိုထွန်း၊ ရေကြောင်းငယ် ပေါက်လိုပေါက် အလျောက်အလျောက် ပျော်ပါးစီး ဆင်းကြလေပြီ။ မြဝတ်ရည်မှာကား ကျောင်းသို့ ပြန်မသွားရတော့ချေ။”

စိတ်ကူးတတ်၊ တွေးတတ်၊ ရေးတတ်လှတဲ့ မင်းသုဝဏ်ရဲ့ “လောကဓံ” ဆိုတဲ့ စာတစ်ပုဒ်ကြောင့် ကျောင်းကိုပြန်မသွားရတဲ့ မြဝတ်ရည်ရဲ့ခံစားမှုက စာဖတ်သူကျွန်မတို့ကိုလည်း ကူးစက်စေခဲ့ပါ တယ်။

ခေတ်စမ်းပုံပြင်ကို ဖန်တီးတဲ့သူတွေဟာ ဇာတ်လမ်း ဇာတ်ကွက်ကို အခြေမခံဘဲ မြင်မိသမျှ တွေးမိသမျှကို စာဖတ်သူရဲ့ စိတ်အာရုံမှာ ပေါ်လာအောင်ရေးဖွဲ့နိုင်ခြင်း ဆိုတဲ့ ဂုဏ်ရည်တွေနဲ့ ပြည့်စုံပါတယ်။ ကြုံရဆုံရ ဘုံဘဝမှာ ကျင်လည်နေတဲ့သူတွေရဲ့ အပြုအမူတွေကို အသေး အဖွဲရယ် လို့ လျစ်လျူမရှုဘဲ အာရုံပြုပြီး ရေးဖွဲ့တတ်တာ ကိုက သူတို့ရဲ့ထူးခြားမှုပါ။

ခေတ်စမ်းစကားပြေအရေးအဖွဲ့ကို ဝေဖန်ကြတဲ့သူ တွေနဲ့ပတ်သက်ပြီး သိပ္ပံမောင်ဝက “လောကတွင် ချီးမွမ်းခြင်းရှိလျှင် ကဲ့ရဲ့ခြင်းရှိသည်မှာ ဓမ္မတာဖြစ်သောကြောင့် ထိုဝေဖန်စာရေးသား သူတို့၏ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း တို့ကြောင့် ကျွန်ုပ်တို့မှာ တုန်လှုပ်ခြင်း မဖြစ်ခဲ့ပေ။ စိတ်ထား ကောင်းစွာနှင့် မြန်မာစာပေ တိုးတက်ရေးကို ရည်ရွယ်ကာ အကြံဉာဏ်ပေးသူတို့အားလည်း ကျေးဇူး တင်ပါ၏။” ---လို့ ခေတ်စမ်းပုံပြင် ဖန်တီးသူတို့ရဲ့ သဘောထားကို လှစ်ဟပြခဲ့ပါတယ်။

‌ဝေဖန်မှုတွေကို တွေ့ကြုံရင် ဘယ်လိုစိတ်မျိုးထား သင့်သလဲ ဆိုတာကိုပါ ညွှန်ပြခဲ့ပါတယ်။ ခေတ်စမ်း ရနံ့ဖြာခဲ့တဲ့ အမိတကသိုလ်မြေက လောကဘုံဓမတာနဲ့ ကြုံလာတဲ့အခါ လောကီထုပတ် လူတို့ဇာတ်ကို အရှုအမြင် တစ်မျိုးနဲ့ ပြောင်းကြည့်ဖို့လိုကြောင်း သင်ပေးပါတယ်၊ သတိပေးပါတယ်။

လူတွေရဲ့ အမြင်ဆိုတာ အခြေအနေ အချိန်အခါ အလိုက် ပြောင်းလဲနေတတ်တဲ့သဘောကို လက်ခံ လိုက်ရင် လောကအလယ်မှာ မြေဆီကိုနာနာခဲပြီး မြေသားကို ဖက်တွယ်လို့ နေထိုင်နိုင်လာမှာပါ။ ကျွန်မတို့ဟာ အဆင်တန်ဆာကိုဖယ်လို့ အရိုးခံသဘာဝကိုကြည့်ပြီး အရှိတရားအတိုင်း လက်ခံဖို့ လိုတယ်၊ လောကကို ရှုမြင်ပုံ တွေပြောင်းလဲဖို့လိုတယ်လို့ သင်ယူခဲ့ပါတယ်။ အဝိဇ္ဇာ မောဟကို ဖျောက်ပြီး ဝိဇ္ဇာလောကမှာ မူသစ်ဆောက်တည်နိုင်ဖို့ တွေးတောဆင်ခြင်ခြင်းဟာ အခရာ ပါကလား လို့ ခေတ်စမ်းပုံပြင်က သင်ပေးခဲ့တာတွေကို သတိရရင်း အမိတကသိုလ်နန်းကို ဦးညွှတ်ပါတယ်ရှင်။ ။